← Chapters

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်(၃)

Vol. 70 Ch. 976

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်(၃)

Vol. 70 Ch. 976

ဘုန်း...

ကျန့်ကျန့်မှာ ထိန်းချုပ်ထားခြင်း မရှိတော့ပဲ သူ့လျှို့ဝှက် အော်ရာကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

သူက သာမန် မြေကြီး ရှန့်ထို တစ်ယောက် မဟုတ်သလို သာမန် လျှို့ဝှက် အာဏာရှင် တစ်ယောက်လည်း မဟုတ်ချေ။ ‘ဝိညာဉ်’ အယူအဆကို နားလည်ထားသည့် အဆင့်လွန် ကျင့်ကြံသူကြီးများ ဖန်တီးထားသည့် ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။ လျှို့ဝှက် အော်ရာကို ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်သည့် လျှို့ဝှက် စစ်ဝိညာဉ်နှင့် ဆက်သွယ်လိုက်ရုံမျှပင် သူ၏ အော်ရာက နောက်တစ်ဆင့်ထိ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ အကန့်အသတ်ထိ ရောက်အောင် ကျဉ်းမြောင်း သွား၏။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။

စစ်သူကြီး၏ ခန္ဓာကိုယ်မှ နေ၍ စစ်ပွဲ ဟိန်းဟောက်သံများ၊ သတ်ဖြတ်မှု အာရုံများ၊ သေခြင်းတရား၏ မြည်တမ်းသံများမှာ အဆုံးမဲ့စွာ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က စစ်မြေပြင် တစ်ခုလုံးရှိ လူတိုင်း၏ စိတ်မျက်လုံးများထဲ တိုးဝင် သွားကြကာ ရူးနှမ်းလောက်အောင် လွှမ်းမိုး လာကြသည်။

တစ်ခဏ အတွင်းမှာပင် ကျန့်ကျန့်မှာ စစ်နတ်ဘုရား တစ်ပါး အသွင် ပြောင်းလဲ သွားဟန် ရလေ၏။

စစ်ပွဲလောက ခန္ဓာ...

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ တဖြည်းဖြည်း သွေး‌ရောင်လွှမ်း လာခဲ့၏။ ထူးဆန်း‌သော ရည်ရွယ်ချက်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ စစ်ပွဲ၏ ရူးသွပ်မှု အတွင်း ခုန်ဆင်းရန် ခြိမ်းခြောက်လာသည်။

ဘုန်း... ဘုန်း...

အမှောင်ဟင်းလင်းပြင်၏ အပျက်အစီး မန်နာမှာ စတင်၍ ရိုင်းစိုင်း ခက်ထန်လာ၏။ ၎င်းတို့က များစွာသော စစ်သည် ပုံရိပ်ယောင်များ အဖြစ် ပြောင်းလဲသွားကာ တစ်ယောက်နှင့် တစ်ယောက် လက်နက်များနှင့် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

ဘုန်း... ဘုန်း...

အား... အီး...

စက္ကန့်နှင့် အမျှ စစ်သည်များမှာ ပိုမို၍ များပြားလာကာ ဘီလျံပေါင်းများစွာ အထိ ရောက်ရှိသွား၏။ အော်ဟစ် မာန်သွင်းသံ၊ ငိုငြီးသံများက ပိုမို၍ များပြားလာသည်။ သူတို့တွင် မဟာမိတ်များ မရှိသလို ရန်သူများလည်း မရှိချေ။ သည်အတိုင်း မဲမဲမြင်ရာ တိုက်ခိုက်ကြခြင်းသာ ဖြစ်၏။

တစ်ချိန်တည်း၌ အမျိုးမျိုးသော ရောင်စုံ အလင်းများမှာ အဆင်အခြင် မဲ့စွာ စစ်မြေပြင် တစ်ခုလုံးကို ဖြန့်ကျက် သွား၏။ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်နှင့် နေကြယ်ကိုးစင်း၏ အပူဓာတ်တို့မှာလည်း ပြင်းထန်စွာပင် စတင် တိုက်ခိုက်လာကြသည်။ အာကာသမှာလည်း တွန့်လိမ်လာကာ ကောင်းကင်ခန္ဓာများမှာ မြေဆွဲအား စွမ်းအင်များမှာလည်း ကမောက်ကမ ဖြစ်လာကြ၏။

ချိပ်ပိတ် ကြယ်တာရာ နယ်မြေ၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ အလွန်အမင်း ကြီးမားလှသော အနက်ရောင် တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။

“တိုက်...”

“တိုက်...”

“တိုက်...”

စစ်ပွဲခေါ်သံများမှာ ပိုမို၍ ပြင်းထန်လာ၏။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ မှီတင်း နေထိုင်သူများစွာမှာ ထိုအပြောင်းအလဲများကို ရှင်းလင်းစွာပင် တွေ့မြင် နေရ၏။ ဂြိုဟ်များ အပေါ် သက်ရောက်မှု မရှိသေးသည့်တိုင် သူတို့၏ နှလုံးသားများက ကြောက်ရွံ့စွာ တုန်ရီနေကြသည်။ စစ်ပွဲ ဥပဒေသ၏ သက်ရောက်မှုကား ချွင်းချက် မရှိချေ။

ဝိညာဉ်ရှန့်ထို ဧကရာဇ်က မျက်လုံးများကို အတင်းအကြပ် မှိတ်ကာ အသက်ကို ပြင်းထန်စွာ ရှူလိုက်၏။ မူလ ဝိညာဉ်အလင်း စွမ်းအင်များက သူ၏ စိတ်မျက်လုံးနှင့် ပေါင်းစပ် သွားသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကြယ်တာရာ အမြုတေ အဆင့်တွင် ရှိစဉ်က ထူးဆန်းသော ပတ်ဝန်းကျင် တစ်ခုကို ရှာဖွေရင်း အခြေတည် ဝိညာဉ် တစ်ခုကို ရရှိခဲ့သည်။ ထိုအရာကပင် သူ့အား မူလဝိညာဉ် အလင်းကို နားလည်စေခဲ့ကာ လက်ရှိ အဆင့်ထိ ရောက်အောင် ဆွဲတင်ခဲ့ခြင်း ဖြစ်သည်။

ကျန့်ကျန့်က ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို စိုက်ကြည့်လိုက်၏။

‘သေမျိုး ပြောတာ မှန်တယ်... ဒီမြေကြီးရှန့်ထိုက မူလ ဝိညာဉ်အလင်းကို ဆုပ်ကိုင်ထားနိုင်တာပဲ’

သူ၏ တုန့်ပြန်မှုက သာမန်သာ ဖြစ်ကာ အံ့အားသင့်ခြင်း၊ ထိတ်လန့်ခြင်း ကင်းမဲ့နေသည်။ သို့သော်လည်း... သူ ဘယ်တော့မှ ရန်သူကို အထင်မသေးဝံ့တော့ချေ။ လူပုလေး ပစ်ခတ်လိုက်သည့် ကျောက်တုံးကြီး တစ်ခုက လူ့ဘီလူးကြီး တစ်ဦးကိုပင် လဲကျစေနိုင်ကြောင်း ဝေ့ဝူယင်က သူ့ကို ဥပမာ ပြခဲ့ပြီး ဖြစ်သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်က မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သုန်မှုန်သည့် အငွေ့အသက်များက သူ့အစိမ်းရောင် မျက်လုံးများထဲတွင် နေရာယူနေသည်။

ကြယ်တာရာ နယ်မြေ အနှံ့ ဖြစ်ပေါ်နေသည့် ပုံရိပ်ယောင်များက သူ့အာရုံ အတွင်း ပြည့်နှက်နေဆဲ ဖြစ်သည့်တိုင် အများအားဖြင့် အန္တရာယ် မရှိကြောင်း သူ သိရှိလိုက်ပြီ ဖြစ်သည်။ တိုက်ခိုက်နေကြသည့် မန်နာ စစ်သည်များမှာ အင်အား အနည်းငယ်လေးကိုသာ ပိုင်ဆိုင်ထားကာ အာကာသနှင့် အလင်း စွမ်းအင်များမှာလည်း ကြယ်တာရာ အမြုတေ အဆင့်များကိုပင် မသက်ရောက် နိုင်သလောက် ဖြစ်သည်။

သို့သော်လည်း... အော်ရာကို ထုတ်ဖော်လိုက်ရုံမျှဖြင့် လောက အတွင်းရှိ စွမ်းအင်များပါ ပြောင်းလဲရအောင် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာမျိုးကို သူ တစ်ကြိမ် တစ်ခါမှ မတွေ့မြင်ခဲ့ဖူးချေ။

ကျန့်ကျန့်မှာ သာမန်ကာလျှံကာဖြင့် စစ်သူကြီး တစ်ယောက် ဖြစ်လာခဲ့တာ မဟုတ်ပါချေ။ သူ၏ ရုပ်ခန္ဓာကို မြေကြီး အထွတ်အထိပ် ကျင့်စဉ် တစ်ခု ဖြစ်သည့် စစ်ဝိညာဉ် လောက ကျင့်စဉ်အား အခြေခံကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းက ပြိုင်စံရှား ကြယ်တာရာ အင်အားကို အသုံးပြုကာ အထွတ်အထိပ် အဆင့် စစ် လောကခန္ဓာတစ်ခု ဖွဲ့စည်းသည့် ကျင့်စဉ် တစ်ခု ဖြစ်သည်။

သို့သော်လည်း... ရုပ်ခန္ဓာက ကျန့်ကျန့်၏ အကန့်အသတ် မဟုတ်ချေ။ သူက လျှို့ဝှက် အာဏာရှင် အဆင့်လေး မြေကြီး ရှန့်ထို အဆင့်၏ ကျင့်ကြံခြင်း အခြေခံကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ သူလာခဲ့သည့် နေရာတွင် မြေကြီးရှန့်ထို အဆင့်ကို လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်း ခရီးလမ်း၏ အစစ်အမှန် စမှတ် အဆင့် အဖြစ် ရည်ညွှန်းထားပေသည်။

ဘုန်း...

ပြိုင်ဘက်ကင်း ရုပ်ခန္ဓာနှင့် အတူ မြေကြီး ရှန့်ထို အဆင့်၏ အော်ရာမှာ ကျန့်ကျန့်ကို ဝန်းရံကာ ထွက်ပေါ်လာခဲ့၏။ ထိုအော်ရာထဲ၌ ပါဝင်နေသည့် လျှို့ဝှက် သင်္ကေတများကို တွေ့လိုက်ရသော အခိုက်တွင်တော့ အားလုံး၏ မျက်လုံးများက ပြူးကျယ် သွားကြတော့သည်။

တစ်...

သုံး...

...

ကိုးခု...

ဟူး... ဟူး...

လျှို့ဝှက် သင်္ကေတ ကိုးခုမှာ ကျန့်ကျန့်၏ ခန္ဓာကိုယ်ကို ထူးဆန်းသော ဝန်းရံနေကြ၏။

တစ်ချိန်တည်း၌ လျှို့ဝှက် သင်္ကေတ တစ်ခု၊ နှစ်ခုမှာ တစ်ခုနှင့် တစ်ခု တိုက်မိ၍ ပြိုကွဲသွားကြကာ အပိုင်းအစလေးများ ရောယှက်၍ မတူကွဲပြားသော သင်္ကေတများ အဖြစ် ပြန်လည် မွေးဖွား လာနေကြသည်။ ၎င်းတို့မှာ တမူထူးခြားကာ တစ်နည်းနည်းဖြင့် ပိုမို လှပသလို ထင်ရ၏။ ထို့နောက် ၎င်းတို့က တိုက်မိ၍ ပြိုကွဲကာ ထပ်မံ ပြောင်းလဲ သွားကြပြန်သည်။

ထိုအရာက ပြိုင်စံရှား ကျင့်စဉ် တစ်ခု၏ အကျိုးသက်ရောက်မှု ဖြစ်ကြောင်း ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အကဲခတ် လိုက်နိုင်၏။ ၎င်းက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် ကျင့်စဉ် တစ်ခု ဖြစ်ရပေမည်။ သူ့ဘဝ တစ်လျှောက်လုံး လျှို့ဝှက် သင်္ကေတများကို ဘယ်တုန်းကမှ ရည်ရွယ်ချက် ရှိရှိ မဖြိုခွဲ ရဲခဲ့ချေ။ ဖြိုခွဲပြီးပါကလည်း ပြန်လည် ပေါင်းစည်းရန် သူ ယုံကြည်ချက် မရှိပါချေ။

ထိုအကြောင်းအရာများကို ဖော်ပြရသည်မှာ ကြာမြင့်သည့်တိုင် ကျန့်ကျန့် ရုပ်ခန္ဓာ ခွန်အားနှင့် လျှို့ဝှက် အော်ရာ ထုတ်ဖော်လိုက်သည်မှ စ၍ တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့ပေသည်။

ရွှမ်း...

ဝိညာဉ်ရှန့်ထို ဧကရာဇ်က လက်ထဲရှိ ဓားရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ကောင်းကင်ရှိ နေကြယ် ကိုးစင်းက တုန့်ပြန်လာပုံ ရကာ ဓားသွားထက်ရှိ ငွေရောင်ကြယ် ကိုးစင်း အနက် သုံးစင်းမှာ လှပသော ရွှေရောင် ရောင်စဉ်တန်းများကို ထုတ်လွှတ် လာကြသည်။

ကျန့်ကျန့်က လျှို့ဝှက် သင်္ကေတ ကိုးခုနှင့် အစွမ်းထက် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတော့ရော ဘာအရေးနည်း။ သူက ငကြောက်တစ်ယောက် မဟုတ်ချေ။ လက်ထဲတွင် ဓားတစ်လက် ရှိပါက တစ်လောကလုံးကို သူ ရင်ဆိုင်ရဲပေသည်။

သူ၏ လျှို့ဝှက် အော်ရာမှာလည်း အကန့်အသတ်ထိ ရောက်အောင် ထိုးတက် သွား၏ ရောင်စဉ် အလင်း လျှို့ဝှက် ဝိညာဉ်၏ ဆက်သွယ်မှုနှင့် အတူ သူ၏ စွမ်းအင်တိုင်းက အလင်း အဖြစ် ပြောင်းလဲ သွားသည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်က မဆိုင်းမတွပင် အလင်း အခြေခံ လှုပ်ရှားမှု ကျင့်စဉ်ကို အသုံးပြုလိုက်၏။

ဝှစ်...

တမုဟုတ်ချင်းပင် သူ၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားကာ ကျန့်ကျန့်၏ ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

ရွှမ်း...

ထို့နောက်... စက္ကန့်မခြားပင် သူ၏ လက်ထဲရှိ ဓားက အရှိန်အဟုန် ပြင်းစွာဖြင့် ကျန့်ကျန့် အပေါ်သို့ ကျဆင်း သွားခဲ့တော့၏။

သို့သော်လည်း စစ်သူကြီးမှာ မတုန်မလှုပ်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူက ငြိမ်သက်စွာပင် ဘယ်ဘက်ခြေထောက်ကို နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ၏ ခြေဖဝါး ‌အောက်ရှိ အမှောင် ဟင်းလင်းပြင်က မိုင်ပေါင်းထောင်ချီ ထူထပ်သည့် သံမဏိ နံရံ တစ်ခုလိုမျိုး ထူထပ်သွားသည်။

ကျန့်ကျန့်မှာ ထိုခြေလှမ်းကို ထွက်ပြေးရန် ဆုတ်လိုက်ခြင်း မဟုတ်ချေ။ ရင်ဆိုင်ရန် အတွက် လုံလောက်သည့် နေရာတစ်ခု ယူလိုက်ခြင်းသာ ဖြစ်သည်။ တစ်ချိန်တည်း၌ သူ၏ ညာဘက်လက်က အပေါ်သို့ မြောက်တက်သွားကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။

ဘုန်း...

သတ္တုချင်း ထိခတ်သည့် အသံကြီး တစ်ခု ထွက်ပေါ်လာကာ ဓားမှာ ရပ်တန့် သွား၏။

ဆက်စပ်မှု စစ်မြေပြင်မှ စစ်သူကြီးမှာ တစ်ဝက်တစ်ပျက် လျှို့ဝှက်လောက အဆင့် လက်နက်ကို လက်ဖြင့် တားဆီးလိုက်ပြီ ဖြစ်လေသည်။

***

All Chapters