ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ် (၄)
Vol. 70 Ch. 977
“...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ သူ၏ တိုက်ခိုက်မှုက သာမန် တိုက်ခိုက်မှု တစ်ခု မဟုတ်ချေ။ လျှို့ဝှက် စွမ်းအင် ပမာဏ မြောက်များစွာနှင့် တစ်ဝက်တစ်ပျက် လျှို့ဝှက်လောက အဆင့် လက်နက်တို့ ပေါင်းစပ်ထားသည့် တိုက်ခိုက်မှု ဖြစ်သည်။ သို့သော်လည်း... ထူးဆန်းသော မြေကြီး ရှန့်ထိုမှာ လက်ဗလာဖြင့်သာ တားဆီး သွားခဲ့သည်။
ထိုထက် ပို၍ ထိတ်လန့်ဖို့ ကောင်းသည့်အရာက နည်းနည်းလေးမှ နှောင့်နှေးခြင်း မရှိပဲ ပြီးပြည့်စုံစွာ တုန့်ပြန်သွားခြင်း ဖြစ်သည်။ ‘ရောင်စဉ် အလင်း’ လျှို့ဝှက် ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ၏ အကြီးမားဆုံး အားသာချက်က အမြန်နှုန်း ဖြစ်သည်။
တစ်ချိန်တည်း၌ မူလ ဝိညာဉ်အလင်း အပေါ် နားလည်မှုများကိုပါ ထပ်ပေါင်း ထည့်လိုက်ချိန်တွင်တော့... မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အမြန်ဆုံး ကျင့်ကြံသူဟု သူက ဝံ့ကြွားလျှင်ပင် လူတိုင်း လက်ခံကြလိမ့်မည် ဖြစ်သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ဘဝ တစ်လျှောက်လုံး ထိုမာနမှ တစ်ကြိမ်တစ်ခါမျှ မကျိုးပဲ့ခဲ့ပါချေ။ သို့သော်လည်း ယနေ့တွင်တော့...
အံ့အားသင့် နေမိသည့်တိုင် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ နည်းနည်းလေးမှ တွေဝေခြင်း မရှိပါချေ။ သူက လက်များကို လှည့်ကာ ထောင့်ဖြတ် လှုပ်ရှားလိုက်၏။ ဓားက ဂြိုဟ်များကို ဖျက်ဆီး၍ အာကာသကို ပြိုကွဲစေနိုင်သော အရှိန်နှုန်းဖြင့် ပြန်လည် လှုပ်ရှား လာခဲ့သည်။
ကျန့်ကျန့် တည်ငြိမ်စွာပင် ဘယ်ဘက်လက်ကို မြှောက်ကာ လက်မောင်း သံချပ်ကာနှင့် ဒုတိယံပိ တိုက်ခိုက်မှုကို ခုခံလိုက်၏။ သတ္တုချင်း ထိခတ်သည့် ပြင်းထန်သော အသံများ ထွက်ပေါ်လာပြန်သည်။ ကျန့်ကျန့်၏ လှုပ်ရှားမှု တစ်ခုချင်းစီက နူးညံ့သိမ်မွေ့၍ စိတ်ရှည်ကာ တည်ငြိမ်မှု၊ တင့်တယ်မှုတို့ ကိန်းအောင်း နေ၏။
သို့သော်လည်း... သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ပင် မြန်ဆန်လွန်းရကား မြေကြီး ရှန့်ထိုများ ပင်လျှင် မြင်နိုင်စွမ်း မရှိပါချေ။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်း သွား၏။ သူ၏ ပထမ တိုက်ခိုက်မှုကို ခုခံနိုင်သည် ဆိုခြင်းက လက်ခံနိုင်ပေသည်။ မည်သို့ပင် ဆိုစေ... အဝေးမှ လှုပ်ရှားခြင်း ဖြစ်လေရာ ကြိုတင် ခန့်မှန်း၍ ရသည် မဟုတ်ပါလော။ သို့သော်လည်း... ဒုတိယ ဓားချက်ကတော့ အလွန် နီးကပ်သည့် အကွာအဝေး အတွင်း ဖြစ်ပွားသွားခြင်း ဖြစ်သည်။ ၎င်းအား ခုခံရန် တူညီသည့် အမြန်နှုန်းနှင့် တုန့်ပြန်မှုတို့ လိုအပ်ပေသည်။
ပိုမို၍ ထိတ်လန့်စရာ ကောင်းသည့် အရာက ကျန့်ကျန့် ဝတ်ဆင်ထားသည့် ထူးဆန်းသော သံချပ်ကာ ဖြစ်ပေသည်။ ၎င်း၏ မျက်နှာပြင်ထက်၌ မည်သည့် သင်္ကေတကိုမှ ထွင်းထု မထားသလို မည်သည့် ပြိုင်စံရှား ရောင်စဉ်များကိုမှ ထုတ်လွှတ်နေခြင်း မရှိပါချေ။ ၎င်းက သေမျိုးများ ဝတ်ဆင်ထားသည့် စစ်သံချပ်ကာနှင့်ပင် တူနေသေးသည်။ သို့သော်လည်း... ထိုသံချပ်ကာမှာ သူ၏ ကြယ်ကိုးပွင့် ရောင်စဉ်ဓားကို အသာတကြည် တားဆီးနိုင်ခဲ့သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အမူအရာက ပိုမို၍ လေးနက်သွားကာ ဓားသွားထက်၌ ထက်ရှ မြန်ဆန်သော ရည်ရွယ်ချက် တစ်ခု မွေးဖွားလာ၏။
ဓားရည်ရွယ်ချက်...
နဂါးခေါင်းဆောင်း နောက်မှ မျက်လုံးများမှာ ပထမဆုံး အကြိမ် အဖြစ် ပြောင်းလဲ သွား၏။ ဓားရည်ရွယ်ချက် တစ်ခု ပေါင်းထားသည့် လျှို့လောကတစ်ပိုင်း အဆင့် လက်နက်မှာ သာမန် လျှို့လောကတစ်ပိုင်း အဆင့် လက်နက်ထက် အဆပေါင်းများစွာ ပိုမို ကြောက်ဖို့ ကောင်းသည်။ သူ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ စစ်အမတေမှ တစ်ဆင့် ဖွဲ့စည်းထားသည့် လျှို့ဝှက်လောက အဆင့် အကာအကွယ် ဖြစ်သည့်တိုင် ပေါ့လျော့ပါက ထိုးဖောက် ခံသွားရနိုင်သည်။
သို့သော်လည်း... စစ်ပွဲထဲတွင် ရှင်သန်နေသူ တစ်ယောက် အနေဖြင့် ကျန့်ကျန့်မှာ ထိုအရာကို ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း ရုပ်ခန္ဓာကို ထိတွေ့ကာ စစ်ပွဲ စွမ်းအားကို နှိုးဆော် လိုက်၏။ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ အာကာသ အကာအကွယ် အလွှာပါး တစ်ခု ဖွဲ့စည်းလာခဲ့သည်။ ၎င်း တတိယမြောက် အရေပြားလို သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံသွားခဲ့၏။
‘မင်းကိုယ်မင်းလည်း သိမယ် ရန်သူကိုလည်း သိမယ် ဆိုရင် စစ်ပွဲ တစ်ရာ တိုက်ခိုက်ရလည်း ရလဒ်ကို စိတ်ပူစရာ မလိုဘူး... မင်းကိုယ်မင်း သိပြီး ရန်သူကို မသိဘူး ဆိုရင်တော့ နိုင်ပွဲတိုင်းမှာ ဆုံးရှုံးမှုတွေ ရှိလိမ့်မယ်... မင်းကိုယ်မင်းရော ရန်သူကိုရော မသိဘူး ဆိုရင် စစ်ပွဲတိုင်းကို မင်း အရှုံးပေးရလိမ့်မယ်’
ထိုအရာက စစ်မြေပြင်၌ သူတော်စင်များ ပြောကြားခဲ့သည့် အလွန်အမင်း ကျော်ကြားသော ဆိုရိုး တစ်ခု ဖြစ်သည်။ စစ်တာအိုတွင် မြှုပ်နှံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုစကားလုံးများမှာ ကျန့်ကျန့်၏ ဝိညာဉ်တွင် စွဲထင်နေချေပြီ ဖြစ်သည်။ တိုက်ပွဲ အစတည်းက ကျန့်ကျန့် ကိုယ့်ကိုယ်ကို သိခဲ့ပေသည်။ ယခုတွင်တော့ ရန်သူကိုပါ သူ သိသွားပြီ ဖြစ်သည်။
ဝှစ်...
လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လှံတံ တစ်စင်းမှာ သူ့လက်ထဲတွင် ပေါ်လာခဲ့၏။ ၎င်းက လခြမ်းဓားကွေး သဏ္ဌာန် ထိပ်ဖျားနှင့် အနက်ရောင် အရိုးကို ပိုင်ဆိုင်ထားသည်။ လှံကို ဆုပ်ကိုင် လိုက်သည်နှင့် ကျန့်ကျန့်၏အော်ရာ တစ်ခုလုံးက စတင်ကာ ပြောင်းလဲ သွားတော့၏။
...
“လျှို့ဝှက် သင်္ကေတ ကိုးခု...”
လောက ကွဲပျက်လ၏ လျှို့ဝှက် အဆင့် အကွာအကွယ် အလွှာ အစွန်းနားတွင် ပုံရိပ် သုံးခုမှာ စုစည်းကာ ရပ်နေခဲ့ကြသည်။ သူတို့၏ မျက်လုံးများက တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက်နေကာ ဖြစ်ပေါ်နေသလို ကစဉ့်ကလျား အခြေအနေ အားလုံးကို ငေးမောကြည့် နေခဲ့၏။ သူတို့က ယွီလီရှင်း၊ ယွီစွန်းလီနှင့် စွန်းယွင်ဟိုင်တို့ သားအမိ၊ သားအဖ သုံးယောက်ပင် ဖြစ်သည်။
စောစောက ထိတ်လန့်တကြား ရေရွတ်လိုက်သည့် အသံပိုင်ရှင်မှာ ယွီလီရှင်းမှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။
သူမ၏ အမူအရာ တစ်ခုလုံးက မယုံကြည်နိုင်မှုများနှင့် ထုံမွှမ်း ထား၏။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် လမ်းစဉ် ကိုးခုက မည်သည့် အရာကို ဆိုလိုကြောင်း သူမ သိပေသည်။ အလုံးစုံသော သင်္ကေတများကို နားလည်ခြင်းမှာ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်၏ အကန့်အသတ်ကို ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ ၎င်းက သိုင်းပညာ တာအိုတွင် ကျင့်ကြံသူ တစ်ယောက် အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် တစ်ခုကို နားလည်ခြင်းနှင့် ဆင်တူပေသည်။
တစ်ချိန်တစ်ခါတုန်းက... ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ လမ်းစဉ် ရှစ်ခုကို နားလည်ခဲ့ကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ပြိုင်စံရှား ပါရမီရှင် ဖြစ်လာခဲ့သည်။ ထို့နောက်... သူက ခပ်မြန်မြန်ပင် ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီးရှန့်ထို သုံးယောက် စာရင်းထဲကိုပါ တက်လှမ်းနိုင်ခဲ့ကာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမသခင် အဖြစ် ရွေးကောက် ခံခဲ့ရသည်။
ထို့နည်းတူစွာပင်... ဝူယု လျှို့ဝှက် သင်္ကေတ ရှစ်ခုကို ပိုင်ဆိုင်ထားကြောင်း သတင်း ပျံ့နှံ့သွားချိန်၌ လူတိုင်း အံ့အားသင့် ခဲ့ရသည်။ လူတိုင်းက ဝေ့ဝူယင်ထံတွင် အံ့မခန်း နောက်ခံ ရှိလိမ့်မည်ဟု ပြင်းပြင်းထန်ထန်ပင် ယုံကြည်လာကြသည်။
ထိုအရာများက လမ်းစဉ် ရှစ်ခု၏ ရိုးရှင်းသော သက်ရောက်မှုများသာ ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ ထူးဆန်းသော မြေကြီး ရှန့်ထိုမှာ သင်္ကေတ ကိုးခုကို ထုတ်ဖော် လာခဲ့ပြီ ဖြစ်သည်။
အမှောင် ဟင်းလင်းပြင် တစ်နေရာ၌... ဟန်ယုဟိုင်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေ၏။ သို့သော်လည်း... သူ့ နှလုံးသား အတွင်းရှိ ဝေ့ဝူယင်၏ နောက်ကို လိုက်ရန် ဆုံးဖြတ်ချက်ကတော့ ပိုမို၍ ခိုင်မာလာခဲ့သည်။
လျှို့ဝှက် သင်္ကေတကိုးခု...
ဝေ့ဝူယင်ထံတွင် ကျင့်ကြံခြင်း အခြေခံကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများ ကျိန်းသေ ရှိပေလိမ့်မည်။ အာရုဏ်ဦး စစ်သည် ဝူယုမှာ အထင်ရှားဆုံး ဥပမာ ဖြစ်ခဲ့ကာ ယခုတစ်ဖန် နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုက ထိုအချက်ကို အတည်ပြုပေးခဲ့သည်။
ကျင့်ကြံခြင်း လမ်းစဉ်၌ လျှို့ဝှက် သင်္ကေတ တစ်ခုကို ရရှိရန်မှာ အလွန်အမင်း ခက်ခဲသည်။ ဟန်ယုဟိုင်မှာ လျှို့ဝှက် သင်္ကေတ လေးခုဖြင့် လျှို့ဝှက် ဝိညာဉ် အဆင့်ကို တက်လှမ်းခဲ့သည်။ ထို့နောက်... သင်္ကေတ သုံးခုဖြင့် မြေကြီး ရှန့်ထို အဆင့်ကို ဝင်ရောက်ခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံပြီး နောက်မှသာ သူ မူလ သင်္ကေတ လေးခု အဆင့်ကို ပြန်ရောက်ခဲ့သည်။
သို့သော်လည်း... ငါးခုမြောက် သင်္ကေတကို ပိုင်ဆိုင်ရန် အတွက်တော့ ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်ပါသေးချေ။ သူ အစွမ်းရှိသမျှ ကြိုးစားခဲ့သည့်တိုင် မူလ နေရာတွင်ပင် ကျောက်ချထားသလို ရပ်တန့်နေဆဲ ဖြစ်သည်။ လမ်းစလေး တစ်ခု ပေါ်ကိုပင် ရောက်ရှိခြင်း မရှိခဲ့ပါချေ။
သို့သော်လည်း... လျှို့ဝှက် သင်္ကေတ ခုနစ်ခုကို ပိုင်ဆိုင်ထားသည့် ဝူယုကတော့ သင်္ကေတ ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအရာက မြေကြီးရှန့်ထိုများစွာ ဝေ့ဝူယင် အနားတွင် ယင်ကောင်များလို ပျံဝဲနေသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သူ ကိုယ်တိုင်လည်း ထိုယင်ကောင်များထဲမှ တစ်ကောင်သာ ဖြစ်လေရာ ပေါ်လာသည့် အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ရပေလိမ့်မည်။
...
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အပြင်ဘက်၌...
အင်ပါယာ ဧကရာဇ် ထျန်းမူယန်၊ ကောင်းကင် ဧကရာဇ် ယန်ချောင်ယွီနှင်ပ့ မာ့ကျန်းတို့မှာ တိုက်ပွဲကို မတူကွဲပြားသော အမူအရာများဖြင့် လေ့လာနေခဲ့ကြ၏။ မာ့ကျန်း၏ အကာအကွယ် အောက်၌ ရှိနေသည့် ဝေ့ဝူယင်ကတော့ အမြင်အာရုံကို ပိုင်လင်နှင့် ချိတ်ဆက်ကာ တွက်ချက်မှုများ ပြုလုပ် နေခဲ့လေသည်။
အင်ပါယာ မျိုးနွယ်၏မြေကြီး ရှန့်ထို နှစ်ယောက်မှာ ဝေ့ဝူယင်ကို မသိမသာ လှည့်ကြည့်ရင်း ရင်တဒိတ်ဒိတ် တုန်ရီ နေခဲ့ကြ၏။
ထိုလူငယ်လေး၏ မထင်မရှား နောက်လိုက် တစ်ယောက်မှာ လမ်းစဉ် ကိုးခုကို ပိုင်ဆိုင်ထားကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့်ပင် တန်းတူ ယှဉ်တိုက်နိုင်သည် အထိ သန်မာသည်လား။
ဝေ့ဝူယင်မှာ သေမျိုးတစ်ယောက်သာ ဖြစ်သည်။ သူက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ပင်လျှင် မဖြစ်သေးချေ။ သို့တိုင်အောင်.. ဝူယုနှင့် ကျန့်ကျန့်တို့ ကဲ့သို့ အစွမ်းထက် နောက်လိုက်များကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း မီးဖီးနစ်နှင့် လျှို့ဝှက် အာဏာရှင် တစ်ထောင်တို့ကိုပါ ထည့်တွက်ပါက သူက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ တန်ခိုးရှင် အင်အားစု အများစုထက် ပိုမို၍ ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင်... သူက အစစ်အမှန် မွေးဖွားခြင်းလို လျှို့ဝှက် ဆန်းကြယ်သည့် အင်အားစုကြီးကို တိုက်ခိုက်ခဲ့သည်။ များစွာသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ သူ စုဆောင်းထားသည့် စစ်တပ်ထဲတွင် သူတို့လို အင်ပါယာ ကလန်သားများ၊ ရွှေရောင် အသက်နန်းတော် ခေါင်းဆောင်များ အပြင် ကြယ်တာရာ နယ်မြေ တစ်ခု၏ ခေါင်းဆောင် တစ်ယောက်ပင် ပါဝင်ခဲ့သည်။
ဝေ့ဝူယင်နှင့် ပတ်သက်သည့် မေးခွန်းများမှာ သူ့တို့ ခေါင်းထဲတွင် ပိုမို၍ ပြည့်လျှံ လာခဲ့၏။
သို့သော်လည်း... လူငယ်ကတော့ သူတို့၏ အတွေးများကို သတိမူမိခြင်း မရှိချေ။ သူက မျက်မှောင်ကြုတ်ကာ အမျိုးမျိုးသော တွက်ချက်မှုများကိုသာ ပြုလုပ်နေဆဲ ဖြစ်သည်။ စစ်ဝိညာဉ် ၈၀၀၀ အား အသုံးပြု၍ သန့်စင်ခဲ့ပြီး နောက်တွင် ဆက်စပ်မှု စစ်အလံ အတွင်းရှိ စစ်သည် အချို့မှာ အဆင့်မြင့် သွားခဲ့ကြသည်။ ထိုအထဲ၌ ကျန့်ကျန့်လည်း အပါအဝင်ပင် ဖြစ်သည်။
သို့သော်လည်း... လက်ရှိ ကျန့်ကျန့် အသုံးပြုနေသည့် ခွန်အားမှာ စစ်ဝိညာဉ် ရှစ်ထောင်ကို အသုံးပြု၍ မြှင့်တင်ထားသည့် အင်အား မဟုတ်ပါချေ။ ဆက်စပ်မှု စစ်အလံထဲ၌ ပါလာသည့် အခြေခံ စွမ်းအားမျှသာ ဖြစ်ပေသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက လျှို့ဝှက် အာဏာရှင် တစ်ထောင်ကို ပိုမို အားကောင်းသည့် ကျင့်ကြံသူများ အဖြစ် ပြောင်းလဲနိုင်ပေသည်။ ထိုကဲ့သို့ လုပ်သင့်၊ မလုပ်သင့် ချင့်ချိန် နေခြင်းသာ ဖြစ်၏။
ဝှစ်... ဝှစ်...
ထိုအခိုက်တွင်ပင် အလင်းတန်း သုံးခုမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီ အလွန် မြင့်မားသော အမြန်နှုန်းများဖြင့် ချဉ်းကပ်လာခဲ့ကြလေ၏။
***