စစ်ကူ
Vol. 70 Ch. 978
မာ့ကျန်းနှင့် အင်ပါယာ မျိုးနွယ်ဝင် နှစ်ယောက်မှာ ခေါင်းများလှည့်ကာ ချဉ်းကပ်လာသည့် အလင်းများကို ကြည့်လိုက်ကြသည်။ တစ်စက္ကန့်မျှ မကြာခင် အချိန် အတွင်းမှာပင် သူတို့မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် မိုင်ပေါင်း အနည်းငယ် အကွာသို့ ရောက်ရှိလာခဲ့ကြ၏။
ဝေ့ဝူယင်ကလည်း လှည့်ကြည့်လိုက်သည်။ နေကြယ်ကိုးပွင့် သဏ္ဌာန် ရင်ဘတ် သင်္ကေတများ အရ သူတို့မှာ ဝိညာဉ်ရှန့်ထို ခန်းမ၏ ဝိညာဉ် ဧကရာဇ်များ ဖြစ်ကြကြောင်း ရှင်းလင်းပေသည်။
ပထမ တစ်ယောက်က အနက်ရောင် မုတ်ဆိတ်မွေး ပရပျစ်နှင့် လူသန်ကြီး တစ်ယောက် ဖြစ်သည်။ သူက ကတုံးကိုတော့ ပြောင်နေအောင် တုံးထားသည်။ သို့သော်လည်း သူက အလွန်ပင် ခန့်ညား ချောမောလှ၏။ အထူးသဖြင့် သူ၏မျက်လုံးများက လောကထစ်ချုန်းခြင်း ခွန်အားများနှင့် ပြည့်နှက် နေသည်။ သူက ကိုယ်ကြပ် ဝတ်စုံကို ဝတ်ဆင်ထားကာ ခိုင်မာ တောင့်တင်းလှသော ကြွက်သားများကို ထုတ်ဖော် ပြသထားသည်။ သူက အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။
ဒုတိယ တစ်ယောက်ကတော့ တာအို ဝတ်စုံ ဝတ်ဆင်ထားသည့် ကျောင်းတော်သားအိုကြီး တစ်ယောက် ဖြစ်သည်။ သူက မျက်ခွံများကို ပိတ်ထား၏။ သို့သော်လည်း... တစ်ချိန်တည်း၌ အရာအားလုံးကို သိမြင်နေသည့် အလား ထူးဆန်းသော ခံစားချက် တစ်ရပ်ကို ပေးစွမ်းနေသည်။
နောက်ဆုံးတစ်ယောက်ကတော့ အရပ် သုံးမီတာကျော် မြင့်သည့် လူ့ဘီလူးကြီး တစ်ယောက် ဖြစ်သည်။ သည်အတိုင်း ရပ်နေရုံဖြင့်ပင် သူက အလွန် အထင်ကြီးစရာ ကောင်းလှကာ အသက်ရှူလိုက်တိုင်း အမှောင် ဟင်းလင်းပြင်ပင် လှုပ်ခါသွား၏။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွားခဲ့၏။ ထိုလူ့ဘီလူးကြီးမှာ တိုက်တန် မျိုးနွယ်ဝင်များနှင့် အတော်လေး ဆင်တူပေသည်။ တစ်ခုတည်းသော ကွာခြားချက်က သူက လူထက် ဘီလူးကြီး တစ်ကောင်နှင့် တူနေခြင်းဖြစ်သည်။ တိုက်တန်မျိုးနွယ်ဝင်များမှာ ပိုမို၍ သဘာဝ ကျကာ လူအကြီးစားကြီးများနှင့် ပိုမို၍ တူပေသည်။
ဂျိုးငှက်နီမြို့တော်တွင် သူ့နောက်ကို တစ်ချိန်လုံး လိုက်ခဲ့သည့် အသားခေါင်းလေးကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိ၏။ ထိုပုဂ္ဂိုလ် အကြောင်း တွေးလိုက်မိသော အခိုက်၌ ဝေ့ဝူယင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ဝမ်းနည်းမှုများက သူ့နှလုံးသားကို လွှမ်းခြုံသွားခဲ့၏။
ထိုအသားခေါင်းလေး မည်သည့် နေရာကို ရောက်ရှိနေပြီနည်း။
အခြားတစ်ဖက်၌ အသစ် ရောက်ရှိ လာသည့် ဝိညာဉ် ဧကရာဇ်များမှာ အင်ပါယာ မျိုးနွယ်ဝင်များနှင့် မာ့ကျန်းတို့ကို ကြည့်ရင်း နားမလည်နိုင် ဖြစ်သွားကြပုံ ရ၏။
ဝှစ်...
မျက်တောင် တစ်ခပ်စာအတွင်းမှာပင် ကျောင်းတော်သားအိုကြီးမှာ ကြယ်တာရာ နယ်မြေ အဖျားကို ရောက်သွားကာ အတွင်းကို လှမ်းကြည့်လိုက်သည်။
“အင်ပါယာ မျိုးနွယ်က ငါတို့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကို စစ်ကြညာလိုက်တာလား...”
သို့သော်လည်း... ထိုတာအိုဆရာကြီး၏ စကားလုံးများက စစ်ပွဲနှင့် လုံးလုံး မသက်ဆိုင်သည့် အလား တည်ငြိမ်နေ၏။
ထျန်းမူယန်နှင့် ယန်ချောင်ယွီတို့မှာ ပြန်လည် ဖြေရှင်းခြင်း မပြုပဲ တိတ်ဆိတ်နေသည်။ သူတို့က ဝေ့ဝူယင်ကိုသာ လှမ်း၍ အကဲခတ်လိုက်ကြသည်။ ဝိညာဉ် ဧကရာဇ်များကိုသာ ကြယ်တာရာ အတွင်း ဝင်ခွင့်ပြုလိုက်ပါက ဝိညာဉ်ရှန့်ထို ဧကရာဇ် အတွက် စစ်ကူများ ရရှိသွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် အချက်ပြပါက တိုက်ခိုက်ရန် သူတို့ အသင့်ပြင်ဆင်ထား၏။
ထို့အပြင်... ဤသည်က ကြယ်တာရာ နယ်မြေ နယ်နိမိတ်နှင့် ကင်းလွတ်သည့် အများပိုင် အမှောင် ဟင်းလင်းပြင် ဖြစ်သည်။ သူတို့ လွတ်လပ်စွာ တိုက်ခိုက်နိုင်ပေသည်။ မည်သည့် လျှို့ဝှက် ကျိန်စာ၏ သက်ရောက်မှုကိုမှ ခံရလိမ့်မည် မဟုတ်ချေ။
မာ့ကျန်းကလည်း အလားတူပင် ဝေ့ဝူယင်၏ တုန့်ပြန်မှုကို စောင့်နေခဲ့၏။ အခြားလူ တစ်ယောက်၏ အမိန့်ကို နာခံရန် သူ ဘဝ တစ်လျှောက်လုံး စိတ်ကူး မယဉ်ဖူးသည့်တိုင် ဝေ့ဝူယင် ခိုင်းပါက သေဆိုသေ၊ ရှင်ဆိုရှင် လုပ်ဆောင်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူ့ထံတွင် ဝေ့ဝူယင် ပေးသည့် အသက်သာ ရှိတော့သည် မဟုတ်ပါလား။
ဝိညာဉ် ဧကရာဇ်များမှာ မြေကြီး ရှန့်ထို သုံးယောက်၏ ထူးဆန်းသော အမူအရာများကို သတိထားမိသွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူတို့၏ အမူအရာများက တမုဟုတ်ချင်း ပြောင်းလဲ သွားသည်။
“မီးဖီးနစ်...”
သူတို့ ပိုင်လင်၏ ကျောထက်ရှိ ဝေ့ဝူယင်ကို ထူးဆန်းစွာ ကြည့်လိုက်မိကြ၏။ သေမျိုး အော်ရာ... လောကသခင် အဆင့်... ငွေရောင် မျက်လုံး...
သူက ဝေ့ဝူယင်...
ဘုန်း... ဘုန်း...
သူတို့၏ အတွေးများ မဆုံးခင်မှာပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နယ်စပ် တံတိုင်းများမှာ စတုန်၍ တုန်ရီ လာခဲ့ကြ၏။
“ချီးပဲ...”
ဝိညာဉ် ကျဆင်းခြင်း ရှန့်ထို၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားသည်။ သူက ဆက်လက် နှောင့်နှေးခြင်း မပြုတော့ပဲ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီ အလွန် မြင့်မားသည့် အမြန်နှုန်းဖြင့် တိုးဝင် သွားတော့၏။
အခြား နှစ်ယောက်ကလည်း ဝေ့ဝူယင်ကို တစ်ချက် ကြည့်ကာ ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုနောက် လိုက်ပါ သွားခဲ့တော့သည်။
ဝေ့ဝူယင် မတုန့်ပြန် ရသေးခင်မှာပင် သူတို့မှာ ကြယ်တာရာ နယ်မြေ အတွင်းကို ဝင်ရောက် သွားခဲ့ကြပြီ ဖြစ်လေသည်။ မာ့ကျန်းတို့ သုံးယောက်မှာ ဝေ့ဝူယင်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ ဂရုစိုက်ဟန် မရချေ။
အဓိက ပြပွဲသို့ ပြန်သွားရပါက...
ဘုန်း... ဘုန်း...
ပြင်းထန်သော ပေါက်ကွဲမှုများနှင့် အတူ ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်တို့မှာ ပြန်လည် ကွဲကွာ သွားကြ၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အမူအရာက မည်းမှောင်နေကာ အစိမ်းရောင် မျက်လုံးများမှာ သုန်မှုန်နေ၏။ သူ လျှို့ဝှက် စွမ်းအင် ပမာဏ မြောက်များစွာကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး ဖြစ်သော်လည်း ပြိုင်ဘက်ကတော့ တိုက်ခိုက်မှုတိုင်းကို ကိုင်တွယ် နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။
“အိုး...”
ရုတ်တရက် ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားခဲ့၏။
“...”
ကျန့်ကျန့်မှလည်း ရန်သူ့ဘက်မှ စစ်ကူ အဖြစ် မြေကြီး ရှန့်ထို သုံးယောက် ရောက်ရှိလာသည်ကို သတိထားမိလိုက်သည်။ သူ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ၎င်းက အခြား မြေကြီး ရှန့်ထိုများ အပေါ် ကြီးမားသော ဖိအားများ ဖြစ်ပေါ်စေနိုင်သည့်တိုင် ထိုအထဲတွင် သူ မပါချေ။ သူသည်လည်းပဲ တစ်ယောက်တည်း မဟုတ်ချေ။
“စစ်သည်တို့...”
သူ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် မန်နာ စစ်သည် ပုံရိပ်ယောင်များမှာ ပိုမို ကြမ်းတမ်း ခက်ထန်စွာ တိုက်ခိုက် လာကြ၏။
“အမိန့်ရှိပါ...”
လျှို့ဝှက် အာဏာရှင် စစ်သည် တစ်ထောင်းကလည်း ပြိုင်တူ အော်ဟစ်သံများဖြင့် တုန့်ပြန် လာကြသည်။ စစ်ပွဲအတွက် ရည်ရွယ်၍ ဖြစ်တည်လာသည့် တည်ရှိမှုများ အနေဖြင့် သူတို့က တိုက်ခိုက်ရန် အချိန် မရွေး အဆင်သင့် ရှိနေပေသည်။
သူတို့ရှေ့၌ နတ်ဘုရားများ၊ နတ်ဆိုများနှင့် သရဲတစ္ဆေများ ကာဆီးနေလျှင်ပင် တုန့်ဆိုင်းခြင်း မရှိ တိုက်ခိုက်မည် ဖြစ်သည်။
ဝိညာဉ် ရှန့်ထို ဧကရာဇ်က အထင်သေးဟန်ဖြင့် ပြုံးလိုက်၏။ ထိုထူးဆန်းသော စစ်သည်များက သူ့မဟာမိတ်များကို ရပ်တန့်နိုင်လိမ့်မည်ဟု ထင်နေသည်လား။ ၎င်းကို စကားလုံး တစ်လုံးဖြင့် တင်စားရပါက “အဓိပ္ပာယ်မဲ့ စတေးခြင်း” ပင် ဖြစ်သည်။ သို့သော်လည်း စစ်သူကြီးက ညာဘက် လက်သီးကို ဆုပ်လိုက်သော အခါတွင်တော့ သူ၏ စကားလုံးများမှာ လမ်းခုလတ်တွင်ပင် ရပ်တန့် သွားခဲ့ရတော့၏။
ဘုန်း...
ရုန်ချည်းပင် တစ်လောကလုံးမှာ စတင် တုန်ရီလာခဲ့၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိခင်မှာပင် အမှောင်ထုမှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့တော့သည်။
***