မဟာမိတ် တိုက်ပွဲ
Vol. 70 Ch. 980
လွန်ခဲ့သည့် နှစ်မိနစ်က...
ဝှစ်... ဝှစ်...
မြေကြီးရှန့်ထို သုံးယောက် ဖြစ်သည့် ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထို၊ ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုနှင့် လူ့ဘီလူးကြီး ဖြစ်သည့် သိုင်းဝိညာဉ် ရှန့်ထိုတို့မှာ ဝိညာဉ် ရှန့်ထို ဧကရာဇ်ကို ကူညီရန် အမြင့်မားဆုံးသော အမြန်နှုန်းများနှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းကို ဝင်ရောက် လာခဲ့ကြ၏။
သို့သော်လည်း... အံ့အားသင့်ဖို့ ကောင်းစွာပင် လျှို့ဝှက် အာဏာရှင် တစ်ထောင် ပါဝင်သည့် စစ်တပ်က သူတို့ကို ပိတ်ဆို့ ထားခဲ့သည်။ ထိုလျှို့ဝှက် အာဏာရှင် တစ်ထောင်မှာ သူတို့ကို သူတို့ အရေအတွက် သုံးရာကျော် ပါဝင်နေသည့် တပ်ခွဲ သုံးခု အဖြစ် ခွဲခြားထား၏။ တစ်ခုချင်းစီကို သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက်က ဦးဆောင် ထားသည်။
ထိုတပ်ဖွဲ့ သုံးခု အတွင်းရှိ စစ်သည် တစ်ယောက်ချင်းစီမှာ အလွန် ပြင်းထန် သွေးဆာသည့် အော်ရာများကို ထုတ်လွှတ် နေကြ၏
ဝိညာဉ် ဧကရာဇ်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ ထိုအခိုက်တွင်ပင် ကျန့်ကျန့်မှာ လက်သီးကို ဆုပ်လိုက်ကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံး အမှောင်ဖုံး သွားခဲ့ကြ၏။ ဝိညာဉ် ဧကရာဇ် သုံးယောက်မှာ အမြန်ဆုံး လှုပ်ရှားရန် လိုအပ်နေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။ သူတို့က ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် အတူ ချက်ချင်းပင် အာကာသ ဖြတ်ကျော်ခြင်း နည်းလမ်းကို သုံးကာ စစ်တပ် သုံးခုထံ တိုးဝင် သွားခဲ့ကြတော့၏။
“အစွမ်းကုန် တိုက်ကြ...”
သိုင်းဝိညာဉ်ရှန့်ထိုက ကြီးမားသည့် လက်သီးကြီးများကို ဆုပ်ရင်း အော်ဟစ်လိုက်၏။ သူ၏ ခွန်အား သက်ရောက်မှု အောက်တွင် အမှောင် ဟင်းလင်းပြင် ပင်လျှင် တွန့်လိမ်သွားသည်။
အခြားလူ နှစ်ယောက်မှာလည်း သတိပေးစရာပင် မလိုပါချေ။ ပထမဆုံး တိုက်ခိုက်မှုတွင်ပင် သူတို့က မြေကြီး ရှန့်ထို အဆင့်၏ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုများကို သုံးလိုက်ကြ၏။
အာကာက အကျဉ်းထောင်...
သူတို့က စစ်တပ်သုံးခုကို အာကသ အကျဉ်းထောင် အတွင်း ထည့်သွင်းကာ အပြတ်ဖြတ် ပစ်ဖို့ ရည်ရွယ်လိုက်ခြင်းဖြစ်သည်။
ဘုန်း...
သို့သော်လည်း... အံ့အားသင့်ဖို့ ကောင်းစွာပင် သူတို့ ဖွဲ့စည်းလိုက်သည်နှင့် တစ်ပြိုင်နက် အကျဉ်းထောင်များမှာ လဲပြိုကျ သွားကြ၏။ ၎င်းတို့က မရေမတွက်နိုင်သည့် အာကာသ စွမ်းအင် အစိတ်အပိုင်းများ အဖြစ် ကွဲကြေသွားကာ အရပ် မျက်နှာ တစ်ခုကို ဦးတည် ရွေ့လျား သွားကြသည်။
တစ်လောကလုံးရှိ အာကာသ စွမ်းအင်များမှာ ထူးဆန်းစွာပင် အဝေးရှိ ကျန့်ကျန့်ထံ စတင် စီးဆင်း နေခဲ့ပြီ ဖြစ်သည်။ အားလုံးထဲ၌ အလျှင်မြန်ဆုံး ဖြစ်သည့် ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုမှာ အကြီးမားဆုံး သက်ရောက်မှုကို ခံစားလိုက်ရလေ၏။
“ဘာလဲ...”
သူ၏ အမူအရာက ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက်သွားကာ ချက်ချင်းပင် အာကာသ ရွှေ့ပြောင်းမှုကို ပြန်လည် ရုတ်သိမ်းဖို့ ကြိုးပမ်း လိုက်၏။ သို့သော်လည်း ထိတ်လန့်ဖို့ ကောင်းစွာပင် သတိဝင်ချိန်၌... သူ၏ ခန္ဓာကိုယ် တစ်ဝက်က ထိန်းချုပ်နိုင်စွမ်း အပြင်ဘက်သို့ ကျရောက် နေခဲ့ပြီ ဖြစ်သည်။
ကျောင်းတော်သား အိုကြီးက ချက်ချင်းပင် လျှို့ဝှက် စွမ်းအင်ဖြင့် ဖြတ်တောက်ပစ်လိုက်၏။ သူ့ခန္ဓာကိုယ်က ဆွဲငင်အားအောက်မှ ကပ်သီလေးပင် လွတ်မြောက် သွားသည်။
နောက်သို့ အရှိန်အဟုန် ပြင်းစွာဖြင့် ဆုတ်ရင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးက ချွေးစေးများဖြင့် စေးကပ်နေ၏။ အကွာအဝေး တစ်ခုသို့ အရောက်၌ သူက တဖျပ်ဖျပ် လွင့်ပါနေသည့် အင်္ကျီညာဘက် လက်အိုးကို ကြည့်လိုက်၏။ သူ၏ ညာဘက်လက်ကား ပြတ်ထွက် သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... သူ အသက်ရှူရန် အချိန်ပင် မရလိုက်ပါချေ။ လျှို့ဝှက် အာဏာရှင် သုံးရာကျော် ပါဝင်သည့် စစ်တပ်က သူ့ကို ဝန်းရံ လိုက်ကြပြီ ဖြစ်၏။
ဘုန်း...
သူတို့က အလွန်ကြီးမားသည့် ဓားကြီးကို အတူတကွ ဖွဲ့စည်းလိုက်ကာ ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုကို ခုတ်ချပစ်လိုက်တော့သည်။
အခြားတစ်ဖက်၌... ဝိညာဉ် ဧကရာဇ် နှစ်ယောက်မှာလည်း လျှို့ဝှက် အာဏာရှင် အဆင့် တပ်ဖွဲ့ တစ်ခုစီနှင့် ရင်ဆိုင် နေရ၏။
သိုင်းဝိညာဉ် ရှန့်ထိုမှာ အလွန်တရာ ကြီးမားသည့် ရွှေရောင် လက်သီးကြီးနှင့် ရင်ဆိုင် နေရခြင်း ဖြစ်ကာ ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုကတော့ မီးတောက် ဂြိုဟ် တစ်ခုနှင့် တိုက်ခိုက် နေရခြင်း ဖြစ်လေသည်။ ပေါက်ကွဲမှုများက နေရာ အနှံ့ ဖြစ်ပေါ်ကာ သွေးစ သွေးနများမှာ နေရာ အနှံ့ ပြည့်လျှံနေ၏။
ထိုကဲ့သို့ တိုက်ပွဲ သုံးခု ဖြစ်ပေါ်နေချိန်တွင် လူအားလုံး၏ အာရုံကတော့ ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် ကျန့်ကျန့်တို့၏ တိုက်ပွဲ အပေါ်ကိုသာ စူးစိုက် ကျရောက် နေခဲ့လေ၏။
ဘုန်း...
ထိုအခိုက်တွင်ပင် ကျန့်ကျန့်၏ ဒုတိယမြောက် တိုက်ခိုက်မှု ဖြစ်ပေါ်လာကာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများမှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို မင်းမူ သွား၏။
သို့သော်လည်း မြေကြီး ရှန့်ထို သုံးယောက်နှင့် လျှို့ဝှက် အာဏာရှင် တစ်ထောင်၏ လူမသိ၊ သူမသိ တိုက်ပွဲကတော့ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဝိညာဉ်ကျဆင်းခြင်း ရှန့်ထိုက သူ၏ လက်တစ်ဖက်တည်းသော လက်ကို သုံးကာ ဝင်ရောက်လာသည့် ဓားကြီးကို တားဆီးလိုက်၏။
ဘုန်း...
ဓားက ရပ်တန့်သွားသည့်တိုင် သူ့ခန္ဓာကိုယ်ကတော့ နောက်သို့ ပေရာပေါင်းများစွာ လွင့်စဉ် သွားသည်။ သို့သော်လည်း... သူ မကြောက်ပါချေ။ ထို့အား... သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာခဲ့၏။
သေမျိုးတစ်ပိုင်း အရှင် နှစ်ယောက် အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် သုံးရာကျော်၏ ခွန်အားမှာ မသေးလှသည့်တိုင် သူသည်လည်းပဲ မန်နာ၊ ဝိညာဉ်နှင့် အာကာသတို့ကို ပိုင်ဆိုင်ထားသည့် လမ်းစဉ် သုံးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။
သူက ချက်ချင်းပင် ပြန်လည် တိုက်ခိုက်ဖို့ ပြင်လိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ် ပတ်လည်ရှိ လျှို့ဝှက် အကွာအကွယ်က ဖြည်းညင်းစွာ လွင့်ပါးလာကြောင်း သတိထားမိလိုက်သည်။ သူ၏မျက်နှာထက်၌ ထိတ်လန့်သည့် အငွေ့အသက်များ ပေါ်လာကာ ဓားကို လှမ်းကြည့်လိုက်၏။
“အဆိပ်...”
ဓား၏ ပတ်လည်တွင် ဝန်းရံနေသည့် ခရမ်းရောင် အငွေ့အသက်များကို သူ သတိထားမိလိုက်ပြီ ဖြစ်သည်။ စောစောပိုင်းက တိုက်ခိုက်မှုတွင် ထိုခရမ်းရောင် အငွေ့အသက်များမှာ သူ့ခန္ဓာကိုယ်ပေါ် မသိမသာ ကျရောက် သွားခြင်းဖြစ်ပေသည်။ သူ လျှင်မြန်စွာပင် အဆိပ်ကို ဖယ်ထုတ်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံးက လျှင်မြန်စွာ ထုံကျင်လာသလို သူ ခံစားလိုက်ရ၏။
ထိုအရာက မည်ကဲ့သို့သော အဆိပ်နည်း။ ထိုလူများက မည်သည့် နေရာမှ လာသနည်း။
အခြားတစ်ဖက်၌ သိုင်းဝိညာဉ်ရှန့်ထိုကတော့ အနည်းငယ် အခြေအနေ ပိုမို ကောင်းနေဆဲ ဖြစ်သည်။ သုံးကြိမ် ထိပ်တိုက် ရင်ဆိုင်မှု အပြီး၌ သူ့အား တိုက်ခိုက်ခဲ့သည့် ရွှေရောင် လက်သီးကြီးက ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူ၏ လက်သီးများကတော့ သွေးများဖြင့် ဖုံးလွှမ်းနေကာ အရိုးများ ပေါ်သည် အထိ စုတ်ပြတ်သတ် နေခဲ့၏။ အလွန်အမင်း ကြွယ်ဝလှသည့် ယန်စွမ်းအင်များမှာ ထိုသွေးများမှ နေ၍ ထွက်ပေါ်နေသည်။
“အဲဒီ ရွှေရောင် လက်သီးမှာ ထူးဆန်းတဲ့ ရည်ရွယ်ချက်မှာ ထူးဆန်းတဲ့ ရည်ရွယ်ချက် တစ်ခုပါတယ်...”
ထိုအရာက မည်ကဲ့သို့ ရည်ရွယ်ချက်မျိုး ဖြစ်ကြောင်းကိုတော့ သူ စဉ်းစား၍ မရပါချေ။ သို့သော်လည်း... ၎င်းက အလွန်ပင် ကြောက်စရာ ကောင်းကြောင်း သူ သိပေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... အရေးအကြီးဆုံးက သူ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်ဝိညာဉ် သုံးရာကျော်မှာ အားအင် ကုန်ခမ်း သွားကြဟန် ရသည်။ သို့သော်လည်း သူတို့က လက်နက်များကို ဆုပ်ကိုင်ကာ အတူတကွ ရပ်နေကြဆဲ ဖြစ်သည်။ သူတို့၏ မျက်လုံးများက အနိုင်မခံ အရှုံးမပေးလိုသော ဆန္ဒများဖြင့် သိုင်းဝိညာဉ်ရှန့်ထိုကို စိုက်ကြည့် နေခဲ့ကြ၏။
သူတို့ ပြီးဆုံး မသွားသေးချေ။ အသက်ဝိညာဉ် တည်ရှိနေသရွေ့ သူတို့ တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
သိုင်းဝိညာဉ် ရှန့်ထိုမှာ မျက်မှောင်ကြုတ် လိုက်မိ၏။ သူ့နှလုံးသား အတွင်း၌ အမျိုးမျိုးသော ခံစားချက်များ မြင့်တက်လာသည်။ သေသည် အထိ တိုက်ခိုက်ရန် ဆန္ဒ ပြင်းပြခြင်းမျိုးကား အလွန်ပင် ရှားပါးလှပေသည်။ ထိုစစ်သည်များကို မည်သူက လေ့ကျင့်ပေးထားသနည်း။
သူ နောက်တစ်ကြိမ် လက်သီးကို ဆုပ်လိုက်၏။ မန်နာ၊ သမုဒ္ဒရာ၊ အာကာသနှင့် ဆက်သွယ်ခြင်း သင်္ကတေ လေးခုကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူ၏ ကျင့်ကြံမှု အဆင့်အတန်းက သာမန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင်ကို ကိုင်တွယ်နိုင်သည်ထက် ပိုပေသည်။
သိုင်းဝိညာဉ်ရှန့်ထိုက မဟာမိတ် နှစ်ယောက်၏ အခြေအနေကို အကဲခတ်လိုက်၏။ ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုမှာ မီးတောက်များ အတွင်း နစ်မြုပ်နေဆဲ ဖြစ်သည်။ သူ၏ တည်ရှိမှု အကြောင်း အရိပ်အယောင်မျှပင် မမြင်ရလေရာ ကံကြမ္မာကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။ သို့သော်လည်း သူ မစိုးရိမ်ပါချေ။
ရန်သူ သေမျိုးတစ်ပိုင်း အရှင်များမှာ အလွန် အရည်အသွေး ပြည့်ဝသည့်တိုင် သူတို့က သေမျိုးတစ်ပိုင်း အဆင့်များသာ ဖြစ်နေကြဆဲ ဖြစ်သည်။ အခြား လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အကူအညီဖြင့်ပင် သူတို့က မြေကြီး ရှန့်ထို တစ်ယောက်ကို ထိန်းထားနိုင်ရုံမျှသာ အလွန်ဆုံး တတ်နိုင်ပေလိမ့်မည်။
သိုင်းဝိညာဉ် ရှန့်ထို အဝေးရှိ ရောင်စဉ်များကို သုန်မှုန်စွာ လှမ်းကြည့်လိုက်၏။ ထိုအလင်းများ ဖြစ်ပေါ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စိုးရိမ်စိတ်များက သူ့နှလုံးသား အတွင်း နေရာယူ လာခဲ့၏။ သူ မီးတောက်များဘက်ကို ပြန်လှည့်လိုက်၏။
ပထမ၌ သူ သွားရောက် ကူညီရန် ပြင်လိုက်သေးသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ကို ပြောင်းလဲ လိုက်သည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အရှေ့ရှိ လျှို့ဝှက် အာဏာရှင်များကို ဖယ်ရှား ပစ်လိုက်၏။ အားလုံးမှာ အထိန်းအချုပ် ကင်းမဲ့စွာဖြင့် အမှောင် ဟင်းလင်းပြင် အတွင်း လွင့်စဉ်သွားကြသည်။
ထို့နောက် သူက မတုန့်မဆိုင်းပင် အလင်းတန်းများ စတင်လာနေရာ ရင်းမြစ်ဆီသို့ အဆုံးစွန်သော အမြန်နှုန်းဖြင့် ပျံသန်း သွားလေတော့၏။
ဟီး... ဟီး...
ထိုအခိုက်တွင်ပင် မြင်းဟီသံ တစ်ခုကို သူ ကြားလိုက်ရ၏။ မျက်စိကျိန်းလောက်သည့် အလင်းများ ကြားထဲမှ ပုံရိပ်တစ်ခုမှာ ကြောက်မက်ဖယ် အမြန်နှုန်းဖြင့် သူ့ထံ တိုးဝင် လာခဲ့၏။
၎င်းက အရိုးစု စစ်မြင်း တစ်ခု ဖြစ်ကြောင်း သိုင်းဝိညာဉ် ရှန့်ထို ချက်ချင်းပင် သတိထားမိလိုက်သည်။
ဘုန်း...
သူ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် စစ်မြင်းမှာ ၎င်း၏ အရိုးစု ဦးခေါင်းဖြင့် သူ့ ရင်ဘတ်ကို ဝင်တိုက်လိုက်တော့၏။
***