← Chapters

ရွှေငါးဝိညာဉ်နှလုံး

Vol. 28 Ch. 3.156

ရွှေငါးဝိညာဉ်နှလုံး

Vol. 28 Ch. 3.156

"မင်းတို့ ဒီမှာစောင့်နေ... ငါဆင်းပြီး တစ်ခုခု ရှာလိုက်ဦးမယ်!"

လုရွှမ် ခေါင်းကို လှည့်ကာ ပြောလိုက်သည်။

"အင်း!"

ရေကန်ရဲ့ အေးစက်​နေတဲ့ လေအေးက ပြင်းထန်လွန်းသည်။ အရင်ကတော့ ထျန်ကျွင့်နမ်မှာ တောင့်ခံထားနိုင်သေးသည်။ အခုတော့ ရေထဲ မဆင်းချင်တော့ပေ။

တောင်ဖောက် နဂါးကြီးကတော့ အကြေးခွံတွေထူပြီး အေးတဲ့လေက သက်ရောက်မှု နည်းနည်း ရှိပေမယ့် နဂါးသွေးပါလို့ ရေအေးဒဏ်ကို ခံနိုင်ရည်များစွာ ရှိသေးသည်။

ဒီအခိုက်အတန့်မှာ သူတို့အားလုံး ဝင်စရာ မလိုဘူးလို့ ကြားတော့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြသည်။

လုရွှမ်သည် သူတို့၏ နှလုံးသားထဲက တွန့်ဆုတ်နေမှုလေးကို ဂရုမစိုက်ဘဲ အေးစက်နေသော ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။

ရေကန်ထဲက အေးစက်တဲ့​ရေက ရိုးတွင်းခြင်ဆီထဲ အထိကို စိမ့်ဝင်သွားပြီး ချက်ချင်းဆိုသလိုပဲ ရေခဲတုံးကြီးကဲ့သို့ အေးခဲသွားစေသည်။

လုရွှမ်၏ မျက်နှာသည် မပြောင်းလဲဘဲ ဖီးနစ်မီးများ ထုတ်လွှတ်လိုက်သည်နှင့်အမျှ အေးစက်သော အအေးဓာတ်က ချက်ချင်း သက်သာသွားကာ ရေကန်ထဲသို့ ကြည့်ရန် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

ရေသည် အလွန်ကြည်လင်လို့ ဆယ်မီတာကျော် အကွာအဝေးကို ဖြတ်၍ ပြတ်သားစွာ ​မြင်​နေရသည်။ လေအေးသည် အလွန်လေးလံပြီး ကူးခတ်နေသည့် ငါးမရှိသောကြောင့် ရေအောက်တွင် အင်မတန် တိတ်ဆိတ်နေ၏။

လုရွှမ်သည် သူ့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိသဖြင့် မဆိုင်းမတွ ရေအောက်သို့ တည့်တည့် ငုပ်ဆင်းသွားခဲ့သည်။

ရွှေအရှိန်၏ အကူအညီဖြင့် ရေထဲတွင် ခံနိုင်ရည် ရှိသည့်အပြင် အမြန်နှုန်းသည်လည်း အလွန်မြန်လှသည်။

သို့သော် ဒီရေကန်ရဲ့ အေးစက်မှုက တကယ့်ကို နက်ရှိုင်းလွန်း၏။ ရေကန်အောက်ခြေကို မြင်တဲ့အထိ အဆက်မပြတ် ကူးခတ်တာတောင် ဆယ်မိနစ်ကျော်လောက် အချိန်ယူခဲ့ရသည်။

ရေကန်၏ အောက်ခြေသည် တောင်ကုန်းတစ်ခုကဲ့သို့ မညီမညာ ဖြစ်နေသည်။ လုရွှမ် ရေအောက် မြေပြင်ပေါ်သို့ ဆင်းကာ ပတ်ပတ်လည်ကို လှည့်ကြည့်ပြီးနောက် မြေမို့မို့လေးပေါ်တွင် ရပ်လိုက်သည်။

လက်ဖဝါးလှည့်၍ ကျောက်စိမ်းပြားအတွင်း ထည့်ထားသော ရွှေငါးအကြေးများကို ထုတ်လိုက်သည်။

အေးလွန်းတဲ့ ရေကန်ကြီးထဲက ပုန်းကွယ်နေတဲ့ ရွှေငါးကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ထိုအရာကို ဆွဲဆောင်ဖို့ နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းမှာ ရွှေငါးအကြေးခွံပင်။

ရွှေငါး၏ အကြေးခွံကို ထုတ်ယူပြီးနောက် လုရွှမ်သည် ရေကန်အောက်ခြေမှ ရွှံ့နွံအလုံးအခဲများကို တူးဖော်ကာ ငါးပုံသဏ္ဍာန်အဖြစ် ပေါ့ပေါ့ပါးပါး ပုံသွင်း၍ လက်တစ်ချောင်းတည်းဖြင့် မီးလုံးကြီးတစ်ခု ဖန်တီးလိုက်သည်။

ကောင်းကင်ဘုံ ဖီးနစ်မီးသည် ရှားပါးရတနာများကြားတွင် မီးတောက် ရတနာဖြစ်ပြီး ၎င်းမှာ ရေအောက်တွင်လည်း တိုက်ရိုက် လောင်ကျွမ်းနိုင်သည်။

အကြေးခွံများ လောင်ကျွမ်းသွားသည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားစေသော အမွှေးအကြိုင် ရနံ့များ ထွက်လာသည်။ အကြေးခွံများ မလောင်ကျွမ်းမီတွင် လုရွှမ်က ၎င်းတို့ကို လက်ချောင်းများဖြင့် ညင်သာစွာ ညှစ်လိုက်ပါ​သေးသည်။

ဝုန်း!

ရွှေအကြေးခွံသည် ချက်ချင်းပင် ပြာများအဖြစ်သို့ ပြန့်ကျဲသွားကာ ငါးပုံသဏ္ဌာန် ပုံသွင်းထားသော မြေကြီးထဲသို့ ကျသွားသည်။

လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် ချက်ချင်းပင် လက်ဖဝါးတွင် အထူးဆေးဖက်ဝင် ပစ္စည်းတစ်ခု ပေါ်လာခဲ့သည်။ ပေါ့ပေါ့ပါးပါး ညှစ်လိုက်​ရုံဖြင့် အရည်များ စီးဆင်းလာပြီး ငါးပုံသဏ္ဌာန် မြေထဲကို ကျသွားကာ ရွှေငါးကဲ့သို့ ချက်ချင်းပင် ရွှေရောင်တောက်သွားသည်။

"ဟားဟား ဟုတ်ပြီ!"

လုရွှမ် ရယ်လိုက်သည်။

ရွှေငါးသည် ဤအေးခဲလှသော ရေကန်တွင် ထူးခြားသော အသက်ရှိ ဖြစ်သည်။ ရွှေအရှိန် ကဲ့သို့ပင် ၎င်းသည် သဘာဝအားဖြင့် ဉာဏ်​ကောင်း​ပြီး လှည့်စားရန် မလွယ်ကူပေ။

ဂူထဲတွင် သေဆုံးသွားသော စုကွမ်ချန်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉တွင် ရှိသော်လည်း ထိုရတနာကို မဖမ်းမိခဲ့ဘဲ ငါးကြေးခွံ အပိုင်းတစ်ပိုင်းသာ ရရှိခဲ့သည်။

လုရွှမ် ယခုအသုံးပြုနေသည့် နည်းလမ်းသည် ယခင်က ရွှေအရှိန်ကို ဖမ်းဆီးရာတွင် အသုံပြုခဲ့သော နည်းလမ်း ဖြစ်သည်။ ၎င်းကို ဆွဲဆောင်ရန် နည်းလမ်းရှာပြီး ဖမ်းရမည်။

ရွှေငါးသည် ထူးခြားသော ရတနာဖြစ်သောကြောင့် အရေအတွက်မှာလည်း အလွန်နည်းပါးသည်။ တစ်ကြိမ် တွေ့ခဲ့ပါက နောက်တစ်ကောင်ကို တစ်သက်လုံး မြင်ရတော့မည် မဟုတ်ပေ။

သူသည် မြစ်အောက်ခြေရှိ ရွှံ့နွံကို အသုံးပြု၍ ရွှေငါးပုံသဏ္ဌာန် ဖြစ်အောင် ပုံသွင်း၍ ရွှေငါး အကြေးခွံ၏ ထူးခြားသော စွမ်းအားကို အငွေ့ပျံ​စေရန် မီးတောက်များကို အသုံးပြုခဲ့သည်။

ဤနည်းဖြင့် ဤအေးသော ရေကန်ထဲတွင် ရွှေငါးအစစ်များ အမှန်တကယ် ရှိနေပါက ၎င်းတို့ကို ဤငါးအတုများက ဆွဲဆောင်နိုင်ပြီး တူညီသော အမျိုးအစားဟု အထင်မှားသွားမည် ဖြစ်သည်။

အရူးအမူး ရောက်လာတာနဲ့ ဖမ်းဖို့ နည်းလမ်း ရှာလို့ရပြီ။ ဒီအချက်နဲ့ ပတ်သက်ရင်တော့ ယုံကြည်မှုတွေ ရှိထားလေသည်။

"သွား!"

အနီရင့်ရောင် သစ်သားကို ငါးအတု၏ ကိုယ်ထဲသို့ ထည့်လိုက်ပြီး ရွှေငါးအတုသည် သူ၏စိတ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် ဖြည်းညင်းစွာ ရှေ့သို့ ကူးခတ်သွားဖို့ နုန်းထဲမှ ထွက်လာသည်။

လုရွှမ် သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍ ရွှံ့ထဲသို့ ချက်ချင်း တိုးဝင်ပုန်းခိုနေလိုက်သည်။

အရင်က ဟန်ရွှယ်နဲ့ ရွှံ့ထဲကို ဝင်တုန်းက တွင်းတစ်တွင်းလောက်သာ တူးနိုင်ခဲ့ပြီး ရှက်စရာကောင်းတဲ့ ပုံစံနဲ့ ပုန်းခဲ့ရသည်။ ယခု သူ့ကိုယ်ပေါ်ကို ရွှံ့တွေနဲ့ဖုံးကာ ရွှေအရှိန်ကို ပေါင်းစပ်ထားတာကြောင့် သိပ်ဒုက္ခ မရောက်တော့ပေ။

မြေပြင်ပေါ် လမ်းလျှောက်တဲ့ ရွှံ့တုံး​ကြီးလိုပဲ ရွှံ့တွေနဲ့ ရောပြီးသွားပြီ။ တစ်စုံတစ်ယောက် ရောက်လာရင်တောင်မှ သူ့ကို ရှာမတွေ့နိုင်ချေ။

ရွှံ့နွံထဲမှာ တိတ်တိတ်လေး ပုန်းနေတဲ့ လုရွှမ်သည် သူ့ခန္ဓာကိုယ်ထဲက ရောင်ဝါအားလုံးကို မျိုသိပ်ထားပြီး ဝိညာဉ်သခင်၏ သစ်သားနီကိုသာ ထိန်းချုပ်၍ ရေထဲမှာ မရပ်မနား ပျံဝဲနေစေသည်။

မကြာခင်မှာပဲ နေ့တစ်ဝက် ကုန်သွားခဲ့သည်။

လုရွှမ်သည် ရွှေငါးနှင့် ရွှေအရှိန်တို့၏ အမြန်နှုန်းသည် သိသောကြောင့် သူသည် အလွန်သတိထား၍ အလျင်မလိုဘဲ ဖြည်းညှင်းစွာ ကူးခတ်ရန် ငါးအတုများကို ဆက်လက် ထိန်းချုပ်ခဲ့သည်။

ဤသို့ဖြင့် တစ်ရက် ပြည့်သွားခဲ့သည်။ ​အေးစက်​​သော​ ရေကူးကန်​ထဲတွင်​ အခြားလူသာ ဆိုလျှင် အစောကတည်းက တောင့်မခံထား ​နိုင်​​​လောက်သော်​လည်း လုရွှမ်သည်​ အချိန်​ကုန်​သည်​ဟု မခံစား​ရဘဲ ရွှံ့ထဲတွင်​ တိတ်​ဆိတ်​စွာ ပုန်း​နေ​ဆဲပင်။

၂ရက်မြောက်နေ့။ လုရွှမ် သည်းမခံတော့ဘဲ ခုန်ထွက်တော့မယ့် အခိုက်မှာ ​ရေစီး​ကြောင်းတစ်​ခုမှ ​ရွှေငါးတစ်​​ကောင်​ ဖြည်းညှင်းစွာ ကူးခတ်​လာနေတာကို တွေ့လိုက်ရသည်။

ထိုရွှေငါးသည် လုရွှမ် နုန်းနဲ့လုပ်ထားတဲ့ ငါးအတိုင်း အတိအကျ တူညီပြီး ကွာခြားမှုကလည်း မရှိသလောက်ပင်။ နောက်တစ်ခုက အတုရှိတယ် ဆိုတာသာ မသိထားရင် ဒီငါးနှစ်ကောင်က မျိုးစိတ်တစ်ခုတည်းဟု လွဲမှားစွာ ကောက်ချက်ချမိသွားနိုင်သည်။

ရွှေငါးသည် ဖြည်းညှင်းစွာ ကူးခတ်လာကာ ၎င်း၏အမြီးသည် လျင်မြန်စွာ လှုပ်ခါကာ ချစ်သူရည်စားကို တွေ့လိုက်ရသည့် ပုံနှင့် ဆင်တူသည့် အသံတစ်ခု ထွက်ပေါ်နေ၏။

လုရွှမ်သည် ငါးအတုကို ထိန်းချုပ်ရင်း ပြိုင်ဘက်ကို လျစ်လျူရှုကာ ငါးအတုကို သူ့ရှေ့သို့ ဖြည်းညှင်းစွာ ကူးခတ်လာ​စေသည်။

ငါးအတု ထွက်သွားတာကို မြင်တော့ ရွှေငါးက နည်းနည်းတော့ စိုးရိမ်သွားပုံပေါက်၏။ ရှေ့ကို အမြန်ပြေးပြီး နီးစပ်ချင်ပေမယ့် ဆယ်မိနစ်ကျော် ကြာအောင် တုံ့ဆိုင်းသွားခဲ့ကာ နောက်ဆုံးမှ ရှေ့ကို ခုန်ပြီး ကူးခတ်လာသည်။

ရွှေငါးများ ချဉ်းကပ်လာသည်ကို မြင်တော့ လုရွှမ်သည် အလျင်စလို မလှုပ်ရှားသေးဘဲ ငါးအတုကို ထိန်းချုပ်ကာ ရှေ့သို့ ဆက်လက်ကူးခတ်သွားခဲ့သည်။

ရွှေငါးသည် စိတ်လှုပ်ရှားစွာ အမြီးကို လှန်လိုက်ကာ ၎င်း၏ချစ်ခြင်းမေတ္တာကို ဖော်ပြလိုသကဲ့သို့ ပါးစပ်ဖွင့်ကာ ငါးအတု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

"ဒီအချိန်ပဲ!"

လုရွှမ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ့စိတ်ဝိညာဉ်က ရုတ်တရက် အလင်းကို ထုတ်လွှတ်လိုက်ပြီး ငါးအတုတွင် ဝှက်ထားသော အနီရောင် သစ်သားသည် ချက်ချင်း ရှေ့သို့ ပြေးတက်လာ၏။

ဝုန်း!

ရုတ်တရက် ပေါ်လာတဲ့ အဖော်ဟာ လျှို့ဝှက် လူသတ်သမား ဖြစ်​နေမယ်လို့ မမျှော်လင့်ထားတဲ့ ရွှေငါးသည် တုံ့ပြန်ချိန် မရလိုက်ဘဲ သစ်သားနီက သူ့ပါးစပ်ထဲ ပြေးဝင်သွားတော့သည်။

"အူး!"

သစ်သားနီသည် ရွှေငါးကို ဖောက်ထွင်းသွားပြီမို့ လုရွှမ်သည် နောက်ထပ် မဖုံးကွယ်တော့ဘဲ သူ့ခန္ဓာကိုယ်ကို ဒေါင်လိုက်အနေအထား လှုပ်ရှား၍ ရေထဲတွင် ပေါ်လာခဲ့သည်။ ရေထဲတွင် ရုန်းကန်နေသော ရွှေငါးကို လျင်မြန်စွာ ဖမ်းဆုပ်ထားလိုက်သည်။

ဝူး!

နောက်အခိုက်အတန့်တွင် လူတစ်ဦးနှင့် ငါးတစ်ကောင်သည် ကျောက်စိမ်းပြားထဲက နေရာသို့ ဝင်ရောက်လာခဲ့သည်။

ကျောက်စိမ်းပြားထဲက နေရာလွတ်မှာ ရပ်နေတဲ့ လုရွှမ်ဟာ သူ့လက်ချောင်းထိပ်ကနေ ဝိညာဥ်စွမ်းအင် လှိုင်းတွေကို ထုတ်လွှတ်လိုက်သည်။

ဘိ!

ရွှေငါးကြီး၏ တစ်ကိုယ်လုံး အေးခဲသွားကာ ကြာကြာ ထိန်းထားနိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် တစ်ခဏမျှ တအိအိ ကျုံ့သွားကာ နွေးထွေးသော အလင်းရောင်ကို ထုတ်လွှတ်သော နှလုံးပုံသဏ္ဌာန် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ရွှေငါးဝိညာဉ်ရဲ့ နှလုံး!"

ရတနာကို မြင်လိုက်ရသော် လုရွှမ် ကျေနပ်စွာ ရယ်လိုက်သည်။ ဤသည်မှာ သူစိတ်ထဲမှ အကြွင်းမဲ့ လိုချင်နေသော ရွှေငါး၏ ဝိညာဉ်ဖြစ်သည်။

တကယ်တော့ ရွှေငါးဝိညာဉ် နှလုံးသားဟာ ခြေလေးချောင်း ကြေးနီကြက်နဲ့ အတူတူပင်။ သဘာဝ ဝိညာဉ်သတ္တဝါ ဖြစ်ပြီး အေးတဲ့ရေကန်မှာ ရှင်သန်ဖို့အတွက် ငါးအဖြစ် ပြောင်းလဲထားခြင်း ဖြစ်၏။ လျှို့ဝှက်နည်းလမ်း တစ်ခုကို မသိရင် ဝိညာဉ်နှလုံးသားကို မပြောနှင့် ငါးကိုပင် ဖမ်းမိဖို့ လွယ်မည် မဟုတ်ပေ။

ရွှေငါးကို စိတ်ဝိညာဉ် အသွင်သဏ္ဌာန်သို့ ပြန်ပြောင်းပေးမှသာ ဝိညာဉ်စွမ်းအားကို တိုးမြှင့်အောက် ကူညီပေးနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ရွှေငါးကို အရှင်လတ်လတ် မျိုချလိုက်လျှင်ပင် ၎င်းသည် ဖြုန်းတီးရာကျပြီး အကျိုးသက်ရောက်မှု များစွာ ရှိလာမည် မဟုတ်ပေ။

"သန့်စင်လိုက်ရအောင်!"

ရွှေငါးဝိညာဉ်နှလုံးသား ပေါ်လာပြီမို့ လုရွှမ် တုံ့ဆိုင်းမ​နေဘဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ဝန်းရံထားသည့် ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားလိုက်သည်။

ဝူး!

ဝိညာဉ်စွမ်းအားနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ဝိညာဉ်နှလုံးသည် အန္တရာယ်ကို သတိပြုမိပုံရပြီး လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားလာလေကာ ပြိုးပြိုးပြက်ပြက် ရှိသော အလင်းရောင်များ ချက်ချင်း လင်းလက်သွားသည်။

လုရွှမ်သည် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ကြီးမားသော လှောင်အိမ်ကြီး တစ်ခုကို ဖွဲ့စည်းလိုက်သကဲ့သို့ ရွှေငါး၏ စိတ်ဝိညာဉ်နှလုံးကို မျိုချလိုက်သည်။ ဝိညာဥ်စွမ်းအင်များ လုံးလုံးလျားလျား ဖုံးအုပ်ထားသကဲ့သို့ သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအားကို လည်ပတ်​နေသည်။

All Chapters