အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Vol. 28 Ch. 3.163
"ဒါ...."
"မှန်တယ်.... ရှေးဟောင်းမြို့ထဲမှာ ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီက ကျယ်ကျယ်ပြန့်ပြန့်ကို ပြန့်နှံ့သွားပြီးပြီ... တစ်ယောက်ယောက်က အဲဒီထဲကို ဝင်ခဲ့လို့ ကောလဟာလတွေလည်း ထွက်လာခဲ့တာ ဖြစ်ရမယ်!"
"အရင်လူတွေ ဝင်သွားခဲ့ဖူးရင်တောင် အခင်းအကျင်း ဖွဲ့စည်းမှုဆိုတာ ရှိနေတုန်းပဲ... ဆိုလိုတာက အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်သွားတာလား!"
"အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်သွားတာ? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
လူတိုင်း တုန်လှုပ်သွားကြသည်။
စိတ်ရှုပ်ထွေးနေသော်လည်း ဘေးမှ ကြည့်နေသော သူများက ရှင်းနေပါပြီ။ လုရွှမ်က သူတို့ကို သတိပေးလာသည်နှင့် တစ်ပြိုင်နက် ဤအရာသည် အမှန်ပင် ဖြစ်ကြောင်း လူတိုင်းက ချက်ချင်း သဘောပေါက် သွားကြသည်။
ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အခင်းအကျင်းတွေကို ဖျက်ဆီးပစ်ရမယ် ဆိုရင် အနှစ်တစ်ရာတိုင်း တစ်ကြိမ် ပွင့်နေတဲ့ ချိုင့်ဝှမ်းကြီးမှာ ရှေးဟောင်းမြို့ ထွက်ပေါ်လာချိန်ဟာ အနည်းငယ်ပဲ ရှိခဲ့ရင်တောင် အရင်ဘိုးဘေးတွေရဲ့ ဖျက်စီးခြင်းကို ခံခဲ့ရလောက်ပြီ။ ဘယ်လိုလုပ် အခုချိန်အထိ ရှိနေမှာလဲ?
"ညီလေး... အခင်းအကျင်းကို မချိုးဖျက်ဘဲ ဝင်နိုင်ရင် အကောင်းဆုံးပဲ... ဘယ်နည်းလမ်းနဲ့ ကမ်းလှမ်းချက် ဘယ်လောက် ပေးရမလဲ မသိဘူး??"
ရှောင်းချင်ထျန်းက တစ်ချက် ကြည့်လိုက်သည်။ ဒါကိုကြားတော့ တခြားသူတွေကလည်း တပြိုင်နက် ခေါင်းညိတ်ကြလျက် အာရုံစိုက်လာကြသည်။
စျေးပေးစရာမလိုဘဲ အားကောင်းလှတဲ့ တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင်ရဲ့ အခင်းအကျင်းကို ချိုးဖျက်ပြီး ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"နည်းလမ်းက အရမ်းရိုးရှင်းပါတယ်... ခင်ဗျား တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပဲ လိုအပ်တယ်!"
လုရွှမ်လည်း တစ်ဖက်လူတွေ တစ်စုံတစ်ခုကို စိတ်ပူနေတယ် ဆိုတာကို သိတာကြောင့် ပြုံးပြီး ဆက်ပြောလိုက်၏။
"ဒါပေမဲ့ စိတ်မပူပါနဲ့ ဈေးနှုန်းက အရမ်းနည်းပါတယ်။ ခင်ဗျားတို့လို ခွန်အားရှိသူအတွက် ဒါက အရမ်းရိုးရှင်းတယ်!"
"အိုး.. ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမှာလဲ"
ကမ်းလှမ်းချက်ကို ကြားပြီးနောက် လူများစွာ စိတ်သက်သာရာ ရသွားကာ ရှောင်းချင်ထျန်းက မအောင့်အီးနိုင်သည့်နှယ် ထပ်မေးလိုက်သည်။
"ရှေးဟောင်းမြို့ရဲ့ ဦးတည်ရာ လေးခုမှာ မတူညီတဲ့ နေရာတွေဖြစ်တဲ့ ကီလိုမီတာ တစ်ရာလောက်ဝေးတဲ့ နေရာတစ်ခုစီမှာ နေထိုင်ကြတဲ့ ဝိညာဥ်သားရဲတွေ အများကြီးရှိတယ်။ အဲဒီဝိညာဥ်သားရဲတွေထဲမှာ ချင်းလုံ၊ ပိုင်ဟူ၊ ကျူးချွဲ့နဲ့ ဝူရွှမ်ဆိုတဲ့ သားရဲကြီးလေးကောင်ရဲ့ သွေးကြော အနွယ်ဝင်တွေ ရှိတယ်။ သူတို့က ပိန်ပါးကြပေမယ့် တကယ့် သားရဲတွေရဲ့ မျိုးဆက်တွေပဲ... ခင်ဗျားတို့ ဖမ်းမိနိုင်မယ်လို့ မျှော်လင့်ပါတယ်... ရှေးဟောင်းမြို့ထဲကို ဝင်ချင်ရင် သူတို့ရဲ့ သွေး ကို အားကိုးရမယ်!"
လုရွှမ်က ဆို၏။
"ရှေးဟောင်းမြို့ရဲ့ နေရာ ၄နေရာ? ငါမှတ်မိပြီ.... ရှေးဟောင်းမြို့ရဲ့ အရှေ့ဘက်မှာ တောင်ကုန်းတစ်ခု ရှိတယ်။ တန်ခိုးအကြီးဆုံး ဝိညာဥ်သားရဲက ငရဲသံချပ်ကာနဂါးပဲ.... ကျုပ်တို့တစ်ဖွဲ့လုံး ရောက်သွားပြီး တစ်ဖက်ကို ရန်စမိသွားတာ သေလုမတတ် လိုက်ဖမ်းခံလိုက်ရတယ်... ပြောရရင် အဲဒီငရဲသံချပ်ကာနဂါးက ချင်းလုံရဲ့သွေး ပါတာဖြစ်ရမယ်!"
"ကျုပ် ရှေးဟောင်းမြို့ရဲ့ အနောက်ဘက်ကနေ ဒီကိုလာတာ.... ကီလိုမီတာတစ်ရာ အကွာမှာ တောအုပ်တစ်ခု ရှိတယ်။ အဲဒီမှာ အရက်စက်ဆုံး ဝိညာဥ်သားရဲက သွားပြာကျားဘုရင်ပဲ... ကျုပ်တောင်မှ အဲဒီကျားဘုရင်နဲ့ မယှဉ်နိုင်ဘူး"
"တောင်ဘက်မှာ ပျံနေတဲ့ ဝိညာဉ်သားရဲတွေ အများကြီး ရှိတယ်... သူတို့က ကျူးချွဲ့ရဲ့ နောက်မျိုးဆက်တွေ ဖြစ်နိုင်တယ်!"
"ကျွန်တော်ကလည်း မြောက်ဘက်ကနေ လာခဲ့တာပါ... ကီလိုမီတာ တစ်ရာလောက် ဝေးတဲ့ ရေကန်ကြီးမှာ ဝိညာဥ်သားရဲတစ်ကောင်မှ မတွေ့ခဲ့ရပါဘူး... ရွှမ်ဝူသွေးပါတဲ့ သားရဲတွေကို ဘယ်လိုရှာရမလဲ?"
"ရွှမ်ဝူက တကယ်တော့ လိပ်ကြီး တစ်ကောင်ပဲ.... ရေကန်က အဲဒီနေရာမှာ ရှိနေတယ် ဆိုရင်တော့ မင်းဝင်ပြီးရှာရင် တွေ့နိုင်မှာပါ"
လုရွှမ်သည် ရှေးဟောင်းမြို့၏ ဦးတည်ရာလေးခုကို ပြောလာသည်ကို ကြားသောအခါ အရပ်ရပ်မှ ကျွမ်းကျင်သူများစွာက တစ်ချိန်တည်းတွင် အော်ပြောလာကြသည်။
ကောင်လေး ပြောတာက လုံးဝမဆိုးပါဘူး။ သူတို့ မြင်ခဲ့တာနဲ့ အတူတူပဲ။
"သူပြောတာ မှန်တယ် ထင်တယ်"
ဒီအတွေးက လူတိုင်းရဲ့ စိတ်ထဲကို တစ်ချိန်တည်းမှာ ဝင်ရောက်လာခဲ့သည်။
"ခေါင်းဆောင်ရှောင်း ဒါကို ခင်ဗျားပဲ စီစဥ်လိုက်ပါ.... ဝိညာဥ်သားရဲတွေကို ဖမ်းနိုင်သရွေ့ ကျုပ်တို့အားလုံး ရှေးဟောင်းမြို့ထဲကို ဝင်နိုင်မယ့် နည်းလမ်း ကျုပ်မှာရှိတယ်"
လုရွှမ် ဆိုလိုက်သည်။
"ကောင်းပြီ... ကျုပ်တို့နည်းလမ်းကို သိနေပြီ ဆိုမှတော့ နှောင့်နှေးနေစရာ မလိုတော့ဘူးလေ... အားလုံးကို အခုပဲ စီစဉ်လိုက်မယ်"
ရှောင်းချင်ထျန်းသည် ပြတ်ပြတ်သားသား စီစဥ်တတ်သူ တစ်ဦးဖြစ်ပြီး လူအုပ်အား ၎င်းတို့၏ သက်ဆိုင်ရာ ဝိညာဉ်သားရဲများကို ရှာဖွေရန် လမ်းကြောင်းလေးခုအဖြစ် လျင်မြန်စွာ ပိုင်းခြားပေးခဲ့သည်။
"ကျုပ်မှာ တခြားအရာတွေ ကြိုတင် ပြင်ဆင်ထားစရာရှိလို့ ခင်ဗျားတို့နဲ့ မလိုက်တော့ဘူး"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အင်း... စိတ်မပူပါနဲ့ ကျုပ်တို့ရဲ့ ခွန်အားနဲ့ အပြန်ပြန် အလှန်လှန် လုပ်ရင်လည်း အချိန်အများကြီး ယူရမှာပဲ!"
လုရွှမ် မသွားဖြစ်တာကို တခြားသူတွေက အတင်း မတိုက်တွန်းဘဲ ရှောင်းချင်ထျန်း စီစဥ်ပေးခဲ့တဲ့ အဖွဲ့အတိုင်း တဲထဲကနေ ထွက်သွားပြီး ရှေးဟောင်းမြို့ရဲ့ လေးမျက်နှာဆီ တိုက်ရိုက် ပျံသန်းသွားကြတော့သည်။
အဆိုးဆုံး ဤလူများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၇ ရှိပြီး ၎င်းတို့၏ အမြန်နှုန်းမှာ အလွန်လျင်မြန်သည်။ ချိုင့်ဝှမ်းတွင် စွမ်းအားကြီးသော ဝိညာဉ်သားရဲအနည်းငယ်မျှသာ ရှိသော်လည်း ၎င်းတို့ အာရုံစိုက်ပြီး ပြဿနာ မဖြစ်ပေါ်စေသရွေ့ ကြီးကြီးမားမား ဒုက္ခရောက်မည် မဟုတ်ချေ။
"ညီလေး.... မင်းဘာလိုသေးလဲ? ကျုပ်ကိုတိုက်ရိုက် ပြောလို့ ရပါတယ်!"
ရှောင်းချင်ထျန်း ဒီနေရာတွင် စောင့်ကြည့် စီစဥ်ရန် လိုအပ်တာကြောင့် လိုက်မသွားဘဲ လုရွှမ်ကိုကြည့်ပြီး မေးလိုက်သည်။
"ခဏစောင့်... ကျုပ်ဒီအရာတွေ လိုတယ်!"
လုရွှမ် စုတ်တံနဲ့ စာရွက်ကို ယူပြီး တစ်စုံတစ်ခုကို အမြန်ချရေးလိုက်ပြီး လွှဲပေးလိုက်၏။
"ကောင်းပြီ!"
ကြည့်လိုက်ပြီးနောက် ရှောင်းချင်ထျန်း၏ မျက်နှာမှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း အလျင်အမြန် သဘောတူလိုက်သည်။
စာရွက်ပေါ်တွင် ရေးထားသည့် အရာများသည် အလွန်တန်ဖိုးရှိပြီး ဈေးကြီးသော်လည်း ရှေးဟောင်းမြို့ကို ဖွင့်ရန်အတွက် ဤအရာများကို စတေးရန်မှာ ကြီးမားသော ကိစ္စမဟုတ်ပေ။
"ကျုပ် သီးသန့်တဲတစ်ခု လိုနေသေးတယ်!"
တစ်ဖက်လူက သူလိုချင်တဲ့ အရာအားလုံးကို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်တာကို တွေ့ရတဲ့အခါ လုရွှမ်က ဆက်ပြောလိုက်လေသည်။
"ဒါက ရိုးရှင်းပါတယ်!"
ရှောင်းချင်ထျန်း တစ်ယောက်အတွက် တဲတစ်လုံး ရှာဖို့က ပိုလွယ်လှသည်။ သိပ်မကြာခင်မှာပဲ လုရွှမ်အတွက် အသစ်စက်စက် တဲတစ်ခု ပေါ်လာ၏။
"မင်းငါ့ကိုစောင့်နေ... ဘယ်သူမှ ဝင်ခွင့်မပေးနဲ့!"
တဲထဲသို့မဝင်မီ လုရွှမ်သည် တောင်ဖောက်နဂါးကို သူ့တဲအား သေချာစောင့်ကြည့်ပေးရန် မှာကြားခဲ့သည်။
ဝူး!
တောင်ဖောက်နဂါးသည် သူ့စကားကို နာခံသည့် အနေဖြင့် အခြားသူများကို စိုက်ကြည့်ကာ တဲရှေ့တွင် ချက်ချင်း အိပ်ချလိုက်တော့သည်။
လုရွှမ် ပြင်ဆင်နေသည့် အရာကို အတိအကျကို မြင်ချင်သူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ၎င်းတို့၏ အစီအစဉ်များကို စွန့်လွှတ်လိုက်ရပေသည်။
တောင်ဖောက်နဂါးသည် အင်ပါယာ၏ ထိပ်သီးစာရင်းတွင် အဆင့်မသတ်မှတ် ထားခြင်း မခံသော်လည်း ၎င်း၏ စွမ်းအားသည် သာမန်လူများနှင့် ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပေ။ အရေးကြီးဆုံး အချက်မှာ ရှေးဟောင်းမြို့ကို ဖွင့်လှစ်ရန်သာ ဖြစ်ပြီး အခြားမလိုအပ်သော အရာများကို ရွှေ့ဆိုင်းနိုင်သည်။
တဲထဲသို့ ဝင်ပြီးနောက် လုရွှမ်သည် အကြာကြီးမနေဘဲ ကျောက်စိမ်းထဲသို့ ချက်ချင်း ခုန်ဝင်လိုက်သည်။
"မင်းက တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင်ရဲ့ အခင်းအကျင်းကို ချိုးဖျက်ဖို့ မစဥ်းစားဘဲ.... သူတို့ရဲ့ နောက်မျိုးဆက်တွေ အဖြစ် ဟန်ဆောင်ပြီး ဝင်မယ်ပေါ့??"
သူသည် ကျောက်စိမ်းပြားထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် အတွင်းဘက်တွင် ကျီးကန်းတစ်ကောင် ပေါ်လာပြီး သံသယအပြည့်နှင့် မေးလာ၏။
ကျီးကန်းသည် ကျောက်စိမ်းထဲမှ အပြင်သို့ ထွက်နိုင်သလို သဘာဝအတိုင်း ပြန်ဝင်လာနိုင်သည်။ ၎င်းကို မင်းသမီးလော့ရုံ နှင့် အခြားသူများက အိမ်မွေးတိရိစ္ဆာန်အဖြစ် အမြဲဆက်ဆံလေ့ ရှိသည်။
ရွှေကျီးကန်လို မာနကြီးသော လူက မည်သို့ သည်းခံနိုင်မည်နည်း။ ထို့ကြောင့် လုရွှမ် အစည်းအဝေး တက်ပြီးသည်နှင့် ဝမ်းသာအားရ ပြန်ဝင်လာခဲ့လေသည်။
"ဝိညာဥ်သားရဲလေးကောင်ရဲ့ အမျိုးအနွယ်လို့ မဟန်ဆောင်ဘဲ ဘယ်လိုဝင်မှာလဲ? မင်းမှာ အဲဒီအခင်းအကျင်းကို ဖြတ်ကျော်နိုင်တဲ့ အရည်အချင်း ရှိလား"
လုရွှမ်ကလည်း ပြန်ကြည့်လိုက်သည်။
"အ အ အရင်တုန်းက ငါသာဆိုရင် အမွေးအတောင်ကို ဖြစ်သလို ပစ်ပေါက်လိုက်တာနဲ့ ကျိုးပဲ့သွားမှာ... အဟမ်း အဟမ်း အခုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ကျီးကန်းက စကားပြောနေရင်း သူ့ရဲ့အနက်ရောင် မျက်လုံးတွေက အနည်းငယ် ရှက်ကိုးရှက်ကန်းလည်း ဖြစ်နေသေးသည်။ ရုတ်တရက် ချက်ချင်း လေသံပြောင်းသွားကာ။
"ငါပြောမယ်... ရှောင်ရွှမ် (ရွှမ်လေး) မင်း ယွမ်ယန်ကျင့်စဥ်ကို မြန်မြန်လေ့ကျင့်လို့ မရဘူးလား? အခုထိ ဒုတိယအဆင့်ရဲ့ တံခါးဖွင့်အဆင့်ပဲ ရှိသေးတယ် မင်းလေ့ကျင့်နေတဲ့ အရှိန်နဲ့ ဘယ်အချိန်မှ ဖြတ်ကျော်နိုင်မှာလဲ"
"ငါအခု ပစ္စည်းတွေ အများကြီး ပြင်ဆင်လာတာ ကျင့်ကြံဖို့ပဲ မဟုတ်ဘူးလား?"
တစ်ဖက်လူ၏ ဖိအားပေးသံကို ကြားသော် လုရွှမ်သည် ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းကာ ပေါ့ပါးစွာ ရှောင်းချင်ထျန်း ပြင်ဆင်ထားသမျှကို ထုတ်ယူလိုက်သည်။
ဝိညာဥ်သားရဲမှ ရရှိသော အဂ္ဂိရတ်ဆေး၊ ဝိညာဥ်ဆေးပင် အမျိုးမျိုးနှင့် ရှားပါးသတ္တုရိုင်းများ၊ ဤပစ္စည်းများ၏ တန်ဖိုးသည် ဝိညာဥ်ကျောက်တုံး အနည်းဆုံး ဆယ်သန်းဂဏန်းကျော် ရှိလေသည်။
"မင်း ဒီအရာတွေကို ဝိညာဥ်သားရဲ လေးပါးရဲ့ သားရဲမျိုးနွယ်တွေလို ဟန်ဆောင်ချင်လို့ သုံးမှာ မဟုတ်ဘူးလား? ဘာလို့ ကျင့်ကြံဖို့ ဖြစ်သွားတာလဲ?"
ကျီးကန်းသည် လုရွှမ်၏ ထူးဆန်းသော အပြုအမူများကို ကြည့်ကာ နားမလည်နိုင်သည့် အမူအရာများနှင့် ပြည့်သွားသည်။
လုရွှမ် ရှောင်းချင်ထျန်းထံမှ တစ်စုံတစ်ခုကို တောင်းနေသော အခါတွင် သူသည် ကျောက်စိမ်းပြားထဲ ပြန်ရောက်နေပြီမို့ အပြင်ဘက်က အခြေအနေကို သဘာဝကျကျ သိလေသည်။