← Chapters

ရှေးဟောင်းမြို့ထဲဝင်ပြီ

Vol. 28 Ch. 3.165

ရှေးဟောင်းမြို့ထဲဝင်ပြီ

Vol. 28 Ch. 3.165

"အိုးတစ်လုံး ရှာလိုက်ပါ!"

ဤသားရဲများ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ကာ လူတိုင်းကို သူမှာခဲ့သည့်အတိုင်း အတိအကျ ဖမ်းဆီးခဲ့ကြောင်း တွေ့လိုက်ရသဖြင့် လုရွှမ်က ခေါင်းညိတ်ပြီး အမိန့်ပေးလိုက်သည်။

ခဏကြာတော့ မီးဖို အဆင်သင့် ဖြစ်ကာ အောက်မီးတွေက တဟုန်းဟုန်း တောက်​လောင်နေပြီး အိုးထဲက ရေတွေလည်း ခပ်မြန်မြန်ပဲ ဆူပြွတ်လာသည်။

"ဒီဝိညာဥ်သားရဲ တစ်ကောင်ချင်းစီရဲ့ သွေးတွေကို ထုတ်ယူလိုက်... မှတ်ထား လုံးဝ မသတ်မိ​စေနဲ့!"

လုရွှမ်က ထပ်ရှင်းပြသည်။

ခဏအကြာတွင် ရာနှင့်ချီသော ဝိညာဥ်သားရဲများသည် ၎င်းတို့၏ သွေးများကို ထုတ်ယူခံလိုက်ရပြီး ရာနှင့်ချီသော သွေးပန်းကန်လုံးများသည် ပုံးနှစ်ပုံး အပြည့်ဖြစ်သွားသည်။

အိုးထဲကို လောင်းထည့်လိုက်တာနဲ့ အိုးထဲက ပွက်ပွက်ဆူနေတဲ့ ရေတွေဟာ ချက်ချင်း အနီရောင်တောက်တောက် အရောင်အသွေးအဖြစ် ပြောင်းလဲသွားသည်။

ထိုအချိန် လုရွှမ်သည် သူ့ရင်ခွင်မှ ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ အမျိုးမျိုးသော ဆေးဖက်ဝင် အမှုန့် အမျိုးအစားပေါင်း တစ်ဒါဇင်ကျော်ကို ထည့်လိုက်သည်။

အားလုံးကို အမှုန့်ဖြစ်အောင် လုပ်ထားသောကြောင့် ပါဝင်ပစ္စည်းများမှာ မည်ကဲ့သို့ ပါဝင်သည် ဆိုသည်ကို မည်သူမျှ မသိကြပေ။ ထိုဆေးမှုန့်များ အိုးထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အိုးထဲရှိ ပွက်ပွက် ဆူနေသောရေနှင့် ရောထားသော သွေးများသည် စိမ်းမြသွားကာ ထူးဆန်းစွာ စိမ်းလန်းသွား၏။

"ကောင်းပြီ.... ရှေးဟောင်းမြို့ထဲကို ဝင်ချင်သူတွေက တစ်စက်စီ သုံးကြပါ... လေးနာရီကြာအောင် ရှေးဟောင်းမြို့ထဲမှာ နေနိုင်တယ်။ အဲဒီအချိန်ပြီးလို့ ထွက်မလာဘူးဆိုရင် ကိုယ့်ဘာသာ ဆက်သွားရမယ်... မှတ်ထားပါ!"

ခဏကြာမျှ ​ကြာပြီးနောက် လုရွှမ်သည် ပုလင်းအနည်းငယ်ကို အရင်ဖြည့်ပြီးနောက် လှည့်ကာ လူတိုင်းအား ရှင်းပြလိုက်သည်။

"အချိန်ကန့်သတ်ချက် ကျော်သွားရင် ဘယ်လိုဖြစ်မှာလဲ?"

လူလတ်ပိုင်း တစ်ယောက်က ဝင်မေးလိုက်သည်။

"အချိန်​​ ကန့်သတ်ချက်ကို ကျော်သွားလို့ ခင်ဗျားတို့ဒါကို မသုံးထားရင် ရှေး​ဟောင်းမြို့ အခင်းအကျင်းက ခင်ဗျားတို့ကို တိုက်​ရိုက်​ သတ်​ပစ်လိမ့်​မယ်​!"

လုရွှမ်က သိပ်အရေးမစိုက်သလို ​ပေါ့​ပေါ့ပါးပါး​ ပြောလိုက်သည်​။

"အာ"

လူလတ်ပိုင်း အမျိုးသား၏ အမူအရာ ပြောင်းလဲသွားကာ အပို မပြောဝံ့တော့သည့်အတိုင်း တိတ်ဆိတ်သွားသည်။

"ကောင်းပြီ... ဒီဝိညာဥ်သားရဲတွေကို လွှတ်ပေးလိုက်တော့!"

ရှင်းပြပြီးနောက် လူတော်တော်များများလည်း ဆေးရည်များကို လာယူပြီးပြီမို့ လုရွှမ် ခေါင်းကိုလှည့်ကာ အမိန့်ပေးလိုက်သည်။

"လွှတ်လိုက်ရမယ်?? ဒီသားရဲကို ဖမ်းဖို့အတွက် ကျုပ်တို့ ညီအစ်ကို တော်တော်များများကို အသေခံလိုက်ရတာ... သူတို့ကို မသတ်ဘဲ ပြန်လွှတ်လိုက်ရမယ် ဆိုရင် ညီအစ်ကိုတွေ သေသွားတာ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ"

"ဒီဝိညာဉ်သားရဲက အရမ်းအစွမ်းထက်တယ်...ကျုပ်က စီးယာဥ်အဖြစ် ထိန်းသိမ်းဖို့တောင် စီစဉ်ထားတာ"

"ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ မလွှတ်​ပေးချင်ဘူး... ဒါ့အပြင် သွေးပန်းကန် တစ်လုံးလောက် ယူတာက သူတို့ကို လုံးဝမထိခိုက်​စေဘူး။ ဒီလို အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ တစ်ကောင်ကို သိမ်းထားရင် အသုံးဝင်သေးတယ်!"

"ဒီဝိညာဥ်သားရဲရဲ့ အမွေးက အရမ်းကောင်းတယ်... အဝတ်ချုပ်ဝတ်ရင် အဆင်ပြေမှာပဲ"

လုရွှမ် စကားကိုကြားတော့ ဝိညာဥ်သားရဲများကို ဖမ်းမိလာခဲ့သော လူများက အနည်းငယ် မကျေမနပ် ဖြစ်လာ​ကြ​တော့သည်။

ဒီကောင်တွေကို ဖမ်းဖို့ လူအင်အား အများကြီး ဆုံးရှုံးခဲ့ရပြီး သန်မာတဲ့ သူတွေ အများကြီးလည်း သေသွားခဲ့ကြသည်။ သူတို့ရဲ့ သွေးအနည်းငယ်ကို ယူပြီးတာနဲ့ ပြန်လွှတ်ပေးလိုက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။

"မင်းတို့ ရှေးဟောင်းမြို့ထဲကို မဝင်ချင်ရင် လွှတ်ပေးစရာ မလိုဘူး!"

လုရွှမ်၏ မျက်နှာပေါ်က အကြည့်တွေ အေးစက်သွားခဲ့သည်။

"မင်း ဘာကိုဆိုလိုချင်တာလဲ? ဒီဆေးရည် သောက်ရုံနဲ့ လေးနာရီကြာတဲ့အထိ ရှေးဟောင်းမြို့ထဲကို ဝင်လို့ရတယ်လို့ မင်းမပြောခဲ့ဘူးလား? ဘယ်လိုလုပ် ဒီဝိညာဥ်သားရဲနဲ့ ပတ်သက်သွားရတာလဲ!!"

သန်မာသောလူက လှမ်းကြည့်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်သည်။

ဒီဝိညာဥ်သားရဲတွေကို ဖမ်းဖို့အတွက် သူတို့လူတွေ ထက်ဝက်ကျော် သေဆုံးသွားခဲ့ပြီး သန်မာတဲ့ လူတွေပဲ ကျန်ရစ်ခဲ့၏။ ဒါကိုကြားပြီး သူ စိတ်ဆိုးလာတာ အံ့သြစရာတော့ မရှိချေ။

"ရှေးဟောင်းမြို့ကို ကာရံထားတာက တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင် အခင်းအကျင်းပဲ... အခင်းအကျင်း အလယ်က ဝိညာဥ်သားရဲ ၄ကောင်ရဲ့ သွေးတွေ။ သူတို့ရဲ့သားမြေးတွေကို သတ်ဖြတ်ထားတဲ့ အငွေ့အသက်တွေကို မင်းတို့ရဲ့ကိုယ်ပေါ်မှာ အနံ့ခံမိရင် မင်းဘယ်လိုထင်လဲ? သားရဲလေးကောင်ရဲ့ အခင်းအကျင်းက သူတို့ရဲ့သားမြေးတွေကို သတ်ခဲ့တဲ့သူတွေကို ဝင်ခွင့်ပေးမယ်လို့ ထင်လား?"

လုရွှမ် မျက်ခုံးပင့်လျက် မေးလိုက်သည်။

"ဒါ...."

ထိုလူရဲ့ မျက်နှာက တမဟုတ်ချင်း ရုပ်ဆိုးသွားတော့သည်။

"ကောင်းပြီ.... ညီငယ်လုရွှမ် ပြောတာကို နားထောင်ကြရအောင်.... အားလုံးက ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အများကြီး အနစ်နာခံထားရတယ် မလား... ဒီနေရာ ပျက်စီးသွားရင် ရတဲ့အမြတ်က အရှုံးထက် ပိုများမှာ မဟုတ်ဘူး!"

ရှောင်းချင်ထျန်း သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

ဒီဝိညာဥ်သားရဲတွေကို ဖမ်းဖို့အတွက် သူတို့တွေ အများကြီး ဆုံးရှုံးခဲ့ရပြီး ရှေးဟောင်းမြို့ကို မဝင်နိုင်ရင် ဆုံးရှုံးမှုက ပိုကြီးသွားလိမ့်မည်။

"ဟုတ်တယ်!"

ရှောင်းချင်ထျန်း ပြောတာကို လူတိုင်းက မ​ငြင်းဝံ့ကြဘဲ သားရဲများစွာကို ချုပ်နှောင်ထားသမျှ အားလုံးကို ရုတ်သိမ်းလိုက်ပါတော့သည်။

ဝိညာဥ်သားရဲများစွာသည် လူတိုင်းကို စူးစူးစိုက်စိုက် ကြည့်၍ တောထဲသို့ ပြန်ပြေး ဝင်သွားကြလေ၏။

"ကောင်းပြီ.... သွားရအောင်!"

အားလုံး အဆင်သင့် ဖြစ်ပြီမို့ လုရွှမ် ရပ်တန့်မနေတော့ဘဲ ဖန့်ဝူဆွေ့၊ မုယန်ဖုန်း နှင့် အခြားသူများကို မြို့တံခါးဆီသို့ ဦးစွာခေါ်သွားခဲ့သည်။

သူတို့တည်ရှိရာ မြို့တံခါးမှာ အနောက်ဖက်တံခါး ပိုင်ဟူဟုခေါ်သည့် ဝိညာဥ်သားရဲ ရှိသည့် နေရာ ဖြစ်သည်။

သူတို့ ရှေ့မရောက်ခင်က လူတွေကို သတ်ပစ်ချင်သည့် အငွေ့အသက်များ အလုံးအရင်း ထွက်ပေါ်လာတော့သည်။ လူတွေကို အချိန်မရွေး အရိုးထဲအထိ ထိုးဖောက်ပစ်ချင် ပုံရပြီး ထောင်နဲ့ချီတဲ့ စစ်​သည်တွေကြား ရောက်သွားသလိုပင်။

"လူတိုင်း.... တစ်စက်စီ သောက်လိုက်ပါ အရမ်း လောဘမကြီးနဲ့ မဟုတ်ရင် ခန္ဓာကိုယ်က မခံနိုင်ဘဲ ရှေးဟောင်းမြို့ထဲကို မဝင်ခင် ဒီမှာပဲ သေသွားလိမ့်မယ်!"

လုရွှမ်က ရပ်လိုက်ပြီး ခုနက ထည့်ထားတဲ့ ကျောက်စိမ်းပုလင်းကို ထုတ်လိုက်ပြီး ဖန့်ဝူဆွေ့ နဲ့ တခြားသူတွေကို ပစ်​ပေးလိုက်သည်။

​ရှောင်းချင်ထျန်း နှင့် သူ့နောက်မှ အခြားလူများက ထိုလူငယ်ပြောသည့် စကားသည် မှန်သလား မှားသလား မသိသောကြောင့် ရှေ့သို့ မတိုးဝံ့ဘဲ ဆုံးဖြတ်ချက် မချမီ ၎င်းတို့အားလုံး မှန်ကန်မှုရှိမရှိကို စောင့်ကြည့်ချင်ကြသည်။

ထိုလူတွေကို ဂရုမစိုက်တဲ့ ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်မှာရှိတဲ့ လူတိုင်းက ဆေးအရည် တစ်စက်ကို အမြန် မော့သောက်လိုက်ကြ၏။

"အထဲဝင်ကြမယ်!"

လုရွှမ် ရှေ့သို့ ဦးစွာ ချီတက်သွားသည်။

"ခဏလေး!"

သူတို့ ခပ်ဝေးဝေးကို မရောက်ခင်မှာ ရှောင်းချင်ထျန်းရဲ့ ကျယ်လောင်တဲ့ အော်သံကို ကြားလိုက်ရသည်။

"ဘာဖြစ်လို့လဲ ခေါင်းဆောင်ရှောင်း"

လုရွှမ် တစ်ချက် ပြန်ကြည့်လိုက်သည်။

"မင်းတစ်ယောက်တည်း အရင်သွားကြည့်.... မင်း အဆင်ပြေရင် ငါတို့အားလုံး အတူတူ ဝင်လာခဲ့မယ်...ဒါပေမဲ့ သူတို့ကတော့ ဒီမှာနေခဲ့ရမယ်"

ရှောင်းချင်ထျန်း ယင်းယန်ကျောင်းတော်မှ လူများကို လက်ညှိုးထိုးလျက် ဆိုလိုက်သည်။

"ဟုတ်​တယ်​ မင်း တစ်ယောက်တည်း အရင်​သွားကြည့်.... မင်း အဆင်​​ပြေ​တယ် ဆိုရင် ​ဆေးအတူတူ​သောက်​ပြီး တစ်​ချိန်​တည်း ဝင်​လာခဲ့မယ်"

"အစောကြီး ဝင်သွားတဲ့ လူတွေများရင် ငါတို့မြို့ထဲ မဝင်ခင်မှာ ကောင်းတဲ့ပစ္စည်းတွေ လုယက်ခံရမှာကို ကြောက်ရတယ်"

"ခေါင်းဆောင်ရှောင်းရဲ့ အတွေးက မှန်တယ်... သူတို့တွေလည်း ငါတို့နဲ့အတူ စောင့်​သင့်တယ်လို့ ထင်တယ်!"

ရှောင်းချင်ထျန်းရဲ့ စကားကို ကြားတော့ လူတိုင်းက ဘာကိုဆိုလိုမှန်းကို သိကြလေရာ တစ်ချိန်တည်းမှာ အော်ဟစ်လာကြတော့သည်။

"ဟမ့်!"

ထိုသဘောထားများကို မြင်တော့ လုရွှမ်သည် အေးစက်စက်သာ ပြုံးပြီး ဂရုမစိုက်ပေ။

ဤလူများသည် ဆေးရည်၏ အာနိသင်ကို သေချာမသိကြသလို သောက်ပြီးနောက် ထိခိုက်မှု တစ်စုံတစ်ရာ ရှိမရှိကိုလည်း သေချာမသိကြသဖြင့် ၎င်းတို့အားလုံးသည် မည်သည့်နေရာတွင် ရှိနေသည်ကို စောင့်မျှော်ကြည့်ရှုကြပြီး လုရွှမ် ဘာမှမ​ဖြစ်သည်ကို တွေ့သည်နှင့် စတင်သောက်ကြမှာ ဖြစ်သည်။

သို့သော် ဒီလိုလုပ်လိုက်တာနဲ့ ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ အရမ်းနောက်ကျ သွားမှာကို ကြောက်ပြီး ကောင်းတဲ့ ရတနာတွေ အားလုံးကို တခြားသူတွေ လုယူသွားတော့မှာမို့လို့ စိတ်လည်း လောနေကြသေးသည်။

လုရွှမ်ကတော့ သူ့ဆေးရည်မှာ အမှားအယွင်း မရှိသဖြင့် လူတိုင်း၏ သံသယကို မကြောက်ဘဲ သဘာဝကျကျ ရှေးဟောင်းမြို့ဆီသို့ ဦးစွာလျှောက်သွားကာ မကြာမီ ရှေးဟောင်းမြို့၏ အနောက်တံခါးဆီသို့ ရောက်လာခဲ့သည်။

အနောက်တံခါးသည် မီတာရာနှင့်ချီမြင့်ပြီး မီတာရာနှင့်ချီ ကျယ်ဝန်းသည်။ ရှေ့သို့ရောက်သောအခါ လူတို့အား ပြင်းထန်သော ဖိအားကို ပေးစွမ်းနိုင်သော ဘီလူးကြီးများ၏ နိုင်ငံထဲသို့ ဝင်ရသကဲ့သို့ပင် တုန်လှုပ်လာစေသည်။

တံခါးဝသို့ လျှောက်သွားသည်နှင့် ချက်ချင်းပင် အဖြူရောင် အလင်းတန်းများက မြို့တံခါးကို ဖုံးလွှမ်းသွား၏။

ဟူး!

အားလုံးက စိတ်ပူနေတဲ့ အတွေးတွေ ပေါ်လာချိန်မှတော့ ကောင်လေးရဲ့ ပုံသဏ္ဌာန်က တဖျပ်ဖျပ်လတ်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"သူ မြို့ထဲကို ဝင်သွားပြီ.... သူ ရှေးဟောင်းမြို့ထဲကို ဝင်သွားပြီ!"

"မြန်မြန်လုပ်.... အားလုံး မြန်မြန်လုပ်ကြ!"

"ရှေးဟောင်းမြို့က ရတနာတွေနဲ့ ပြည့်နေတာ မြန်မြန် ​​သွားရအောင်!"

လုရွှမ် ရှန့်ခုန်း ရှေးဟောင်းမြို့ထဲကို တိုက်ရိုက် ဝင်သွားနိုင်တာကို တွေ့လိုက်ရတော့ နောက်ကွယ်က လူတွေက သည်းမခံနိုင်တော့ဘဲ ရူးသွပ်တဲ့ ဟောက်သံတွေကြားမှာ အသီးသီး ပြင်ဆင်ထားတဲ့ ဆေးရည်တွေကို မျိုချလိုက်ပြီး အလျင်အမြန် ရှေ့ကို ပြေးသွားကြလေ၏။

ဖန့်ဝူဆွေ့လည်း ယင်းယန်ကျောင်းတော်မှ လူတိုင်းကို ဦးဆောင်ခဲ့ပြီး တောင်ဖောက်နဂါးကလည်း ဂိတ်ပေါက်ဆီသို့ အမြန် ပြေးသွားလေသည်။

ဟူး ဟူး ဟူး!

တံခါးဝသို့ လူတိုင်း ရောက်ရှိလာ သောအခါတွင် အဖြူရောင် အလင်းတန်းများ လင်းထိန်သွားကာ နောက်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။

အချိန်နှောင်းသွားလျှင် ရတနာများကို အခြားသူများ လုယူသွားတော့မည်ကို သိလျက်နှင့် ကျန်လူများက တုံ့ဆိုင်းမနေတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ ပြေးသွားကြသည်။ ရုတ်တရက် မရေမတွက်နိုင်သော လူများက မိုးရွာချလာသလို ရှေးဟောင်းမြို့ဆီသို့ အပြေးအလွှား ဝင်သွားကြတော့သည်။

ချိုင့်ဝှမ်းထဲသို့ ယနေ့ခေတ်တွင် သက်ရှိထင်ရှား ရှိနေသည့် အင်အားစု အားလုံးနီးပါး ရောက်ရှိလာပြီး သန်းနှင့်ချီသော လူများရှိရာ နေရာတိုင်းတွင် မီးခိုးမြူမှုန်များ၊ တိမ်တိုက်များကဲ့သို့ ပြင်းထန်စွာ တိုးဝှေ့နေကြ၏။

All Chapters