ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Vol. 30 Ch. 3.190
"ပါရမီရှင်တွေက မာနကြီးကြပါတယ်.... အဲ့လိုပဲ ပြောရတော့မှာပဲ"
အကြီးအကဲလုံယွမ်မှာ စိုးရိမ်စိတ် အပြည့်နဲ့ ရေရွတ်လိုက်သည်။
"ကောင်းပြီ... ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။
"အိုယန်ရွှမ်း... ယင်းယန်ရေကန်ကို ဖွင့်ဖို့ မင်းကိုပဲ တာဝန်ပေးလိုက်ပြီ ဒါကို ကောင်းကောင်း ကိုင်တွယ်ပြီး ဒီနှစ်ရဲ့ ပါရမီရှင် ဖြစ်ခွင့်ရအောင် ကြိုးစားနေတဲ့ ကျောင်းသားတွေကို အခွင့်အရေး ပေးလိုက်ပါ... ဒါမှ လေးနှစ်တစ်ကြိမ် ပြိုင်ဆိုင်မှုကြီးကို ရင်ဆိုင်ဖို့ လုံလောက်မှာ!"
"ကျောင်းအုပ်ကြီး စိတ်မပူပါနဲ့.... ဒီကိစ္စကို ကျွန်တော့်လက်ထဲ အပ်ထားလိုက်ပါ!"
အိုးယန်ရွှမ်းသည် သူ၏ အကြံဥာဏ်ကို ကျောင်းအုပ်ကြီးမှ လက်ခံလိုက်သည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ကောင်းပြီ... ဒီနေ့ ဆွေးနွေးပွဲကို ဒီမှာပဲ အဆုံးသတ်ရအောင် အားလုံး ပြန်သွားလို့ရပြီ... လုံယွမ် မင်းစိတ်မကောင်း ဖြစ်သွားမှန်း ငါသိပါတယ်.... ဒါပေမဲ့ ငါတို့ ယင်းယန်ကျောင်းတော် အတွက် ဒါကို လုပ်ရမယ် စည်းကမ်းတွေကို ဖောက်ဖျက်လို့ မရဘူး!"
ကျောင်းအုပ်ကြီးက ပြေရာပြေကြောင်း ပြောပြသည်။
"ကောင်းပါပြီ!"
အကြီးအကဲ လုံယွမ်မှာလည်း အနည်းငယ် မကျေနပ်သော်လည်း သူဘာမျှ မတတ်နိုင်ပါ။
ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် အသက်အကြီးဆုံး ဖြစ်ပြီး သူပြောသည့်စကားကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူနှင့်ယှဉ်လျှင် ထိပ်တန်းဆယ်ဦးထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သော်လည်း နောက်ကျကျန်နေသေးသည်။
"လုရွှမ်ကိုတော့ မင်းဘာသာပဲ သွားစစ်ဆေးကြည့်လိုက်ပါ.... တကယ်လို့ အိုးယန်ရွှမ်း ပြောသလိုပဲ ဆိုရင်တော့ အပြစ်ပေးဖို့ နည်းလမ်းရှာထားလိုက်.... ကျောင်းက နှစ်ပေါင်းများစွာ တည်ထောင်လာတာ ကျောင်းသားကို ဦးစားပေးစရာ မလိုဘူး... ဂုဏ်သိက္ခာက အဓိကပဲ!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ဆက်ပြောလေသည်။
"ဟုတ်ကဲ့!"
အကြီးအကဲလုံယွမ်လည်း ဆက်မပြောတော့ဘဲ လှည့်ပြီး ခန်းမထဲက ထွက်သွားလေသည်။
သူ့အခန်း ပြန်ရောက်တော့ ထိုအကြောင်းကို ပိုတွေးလေ ပိုစိတ်ဆိုးလေ ဖြစ်လာသော်လည်း သူဘာမှ မလုပ်နိုင်ခဲ့ပေ။ ကျောင်းအုပ်ကြီးနဲ့ တခြားအကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် သူ့မှာ ပြောင်းလဲပိုင်ခွင့် မရှိချေ။
"အကြီးအကဲလုံယွမ်... လုရွှမ်နဲ့ တခြားသူတွေ ပြန်ရောက်လာကြပါပြီ"
သူ ဒီကိစ္စကို လုရွှမ်အား ဘယ်လိုပြောပြရမလဲ စဉ်းစားနေတုန်းမှာပဲ ဆရာတစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသည်။
"အင်း!"
ခေါင်းတညိတ်ညိတ် တုန့်ပြန်လိုက်ပြီး သူထရပ်ကာ အခန်းထဲက ထွက်လာပြီး မကြာခင်မှာပဲ ဖန့်ဝူဆွေ့ နဲ့ တခြားသူတွေ ထွက်ခွာခဲ့ရာ ရင်ပြင်ကို ရောက်လာခဲ့သည်။
သူရောက်လာသည်နှင့် တဖြေးဖြေး ကောင်းကင်ယံတွင် ပျံသန်းနေသော သားရဲများကို သူမြင်လိုက်ရသည်။ လုရွှမ်သည် ထူးထူးခြားခြား လင်းယုန်ငှက် တစ်ကောင်၏ နောက်ကျောတွင် တစ်ယောက်တည်း ရပ်နေ၏။
"အကြီးအကဲလုံယွမ်ကို ဂါဝရပြုပါတယ်!"
ဖန့်ဝူဆွေ့က သူ့ကို နှုတ်ဆက်လာသည်။
"အကြီးအကဲဖန့် ပင်ပန်းသွားပါပြီ!"
ပတ်ပတ်လည်ကို ကြည့်ပြီးနောက် လူအနည်းငယ်သာ ကျန်တော့သော်လည်း အကြီးအကဲ လုံယွမ် မအံ့သြမိချေ။
စမ်းသပ်မှု တစ်ခုစီတိုင်းတွင် တပည့်အများအပြား ဆုံးရှုံးမည်ဖြစ်ပြီး အတော်ဆုံးသည်သာ အသက်ရှင် ကျန်ရစ်မည် ဖြစ်သည်။
"လုရွှမ်"
အကြီးအကဲဖန့်နဲ့ စကား ဆက်မပြောတော့ဘဲ လုရွှမ်ဆီကို တိုက်ရိုက် လျှောက်သွားလိုက်သည်။
"အကြီးအကဲလုံယွမ်!" လုရွှမ် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး
"ယင်းယန်ရေကန် ဖွင့်ပြီးပြီလား? ဘယ်မှာလဲ? ကျုပ်ကို ခေါ်သွားပေးပါ!"
"ဖွင့်ထားပြီးပြီ.... ဒါပေမဲ့"
မမေးလိုက်ရင် အဆင်ပြေပေမယ့် အမေးခံလိုက် ရတဲ့အခါ သူ့မျက်နှာက ပူလာတော့သည်။
"ဘာဖြစ်လို့လဲ?" သူ့ရဲ့ ထူးဆန်းတဲ့ သဘောထားကို မြင်တော့ လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒီ ခွဲတမ်းနေရာကို ငါမရရှိခဲ့ဘူး.... ဒါကြောင့် မင်း ဒီနှစ်ထဲ ဝင်လို့မရဘူး"
အကြီးအကဲ လုံယမ်မှာ မြေပြင်က အက်ကွဲကြောင်းထဲကို ကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်မိတော့သည်။
ယင်းကြောင့် တစ်ဖက်လူက ယင်းယန်ကျောင်းတော်သို့ တက်ရောက်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ အတိအကျပင် ရလဒ်မှာ တစ်ဖက်လူက သူ၏ကတိကို ဖြည့်ဆည်း ပေးခဲ့သော်လည်း ခွဲတမ်းနေရာကို မရနိုင်ခဲ့ပေ။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈တွင် စွမ်းအားကြီးသည့် ဂုဏ်သိက္ခာရှိသော ကျောင်းမှ ထိပ်တန်း အကြီးအကဲ ဆယ်ယောက်သည် သူ၏ ကတိကို ချိုးဖောက်စေခဲ့လို့ အနည်းငယ် ရှက်ရွံ့သွားစေသည်။
"အိုး!" လုရွှမ်ကတော့ သူ့မျက်နှာမှာ အံ့သြမှု တစ်စုံတစ်ရာ မရှိဘဲ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ယင်းယန်ရေကန်ကို ဘယ်တော့ဖွင့်မှာလဲ"
"မကြာခင် ဖွင့်လှစ်တော့မှာပါ.... ဝင်မယ့်လူတွေ ပြင်ဆင်တဲ့နေရာကို ရောက်နေလောက်ပြီ"
သူဘာကြောင့် မေးလာမှန်း မသိပေမယ့် အကြီးအကဲလုံယွမ်ကတော့ ပြန်ဖြေလိုက်သည်။
"ကောင်းပြီ...မုယန်ဖုန်း၊ လျောက်ချင်း၊ မင်းသမီးလော့ရုံ၊ ဟန်ရွှယ်နဲ့ ဟွာချောင် မင်းတို့အားလုံး ယင်းယန်ကျောင်းတော်ရဲ့ အရေးကြီးဆုံး ယင်းယန်ရေကန်ကို ကြည့်ဖို့ ငါနဲ့လိုက်ခဲ့!"
လုရွှမ် လှည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ!"
မုယန်ဖုန်းနဲ့ တခြားသူတွေက သူ့ဦးဆောင်မှု နောက်ကို လိုက်လာခဲ့တာကြောင့် ဒါကိုကြားတော့ အားလုံး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။
"မင်းဘာလုပ်မလို့လဲ?"
လုရွှမ်ဟာ ကျောင်းအုပ်ကြီးနဲ့ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို ပြောပြတဲ့အတွက် ဒေါသထွက်ပြီး သူ့ကို အပြစ်တင်မယ်လို့ တွေးထားပေမယ့် သူ ဘာမှ မပြောဘဲ သွားကြည့်ဖို့သာ ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... သွားကြည့်မလို့လေ ခွဲတမ်းကို စွန့်လွှတ်ချင်တဲ့သူ ရှိရင် သူတို့ကို ဝင်ခွင့်ပေးလို့ရတယ်!"
လုရွှမ်က လေးနက်စွာ ပြောလေသည်။
"ခွဲတမ်းကို ဖယ်ပေးတဲ့သူ?" အကြီးအကဲ လုံယွမ်က ခေါင်းခါလိုက်ပြီး
"ယင်းယန်ရေကန်က ပါရမီရှင်တွေအတွက် အများကြီး အကျိုးရှိပြီး အဲဒီထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေက ကျောင်းမှာ နာမည်ကြီး ပါရမီရှင်တွေ အားလုံးနီးပါးပဲ.... တစ်ယောက်ယောက်က ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ? ဒါက မဖြစ်နိုင်ဘူး"
"ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ သွားကြည့်ရင် သိရမှာပါ"
လုရွှမ်က အပို စကားများကို ပြောရန် အလွန်ပျင်းသောကြောင့် ယင်းယန်ရေကန်ဆီသို့ ဦးစွာလျှောက်သွားလေသည်။
ယင်းယန်ကျောင်းတော်ကို ပထမဆုံး ရောက်တုန်းက ရက်ပေါင်းများစွာ လှည့်လည်သွားလာခဲ့ပြီး ဒီနေရာက မြေနေရာကို ကောင်းကောင်းသိပြီး ရင်ပြင်နဲ့ ယင်ယန်ရေကန်ကြားက အကွာအဝေးက မဝေးဘူးဆိုတာ သိပေ၏။
အချိန် သိပ်မကြာလိုက် သူတို့အားလုံး ယင်းယန်ရေကန်ဆီ ရောက်လာခဲ့ကြသည်။
ယင်းယန်ရေကန်သည် ကြီးမားသော နန်းတော်ဖြင့် ဝန်းရံထားသည်။ ယခုအချိန်တွင် နန်းတော်အပြင်ဘက်တွင် လူများဖြင့် ပြည့်နေပြီး အားလုံးက စိတ်လှုပ်ရှားကာ ဂုဏ်ယူနေကြသည်။
ဒီလူတွေ အားလုံးဟာ အသက်နှစ်ဆယ်ကျော် ဖြစ်ပေမယ့် သူတို့ရဲ့ ကျင့်ကြံမှုဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ရောက်နေပြီ။ သူတို့အားလုံးဟာ အတွင်းစည်းထဲမှာ ထူးချွန်ထက်မြက်သူတွေ ဖြစ်ကြတယ်လို့ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်ပါသည်။
"ဟေး... ငါက ဒါဘယ်သူများလို့ ထင်နေတာ အကြီးအကဲလုံယွမ် မဟုတ်လား? မင်းအချိန်ရတုန်း ဒီကိုလာတာလား?"
လူအနည်းငယ် ရောက်လာသည်နှင့် တပြိုင်နက် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ယင်းယန်ရေကန်ကို တာဝန်ယူရန် ကျောင်းအုပ်ကြီးမှ အပ်နှင်းထားသော အကြီးအကဲ အိုးယန်ရွှမ်း ဖြစ်ပြီး စကားပြောပြီးနောက် လုရွှမ်နှင့် အခြားလူများကို တစ်ချက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွား၏။
"ဒါက ရှန့်ခုန်းချိုင့်ဝှမ်းက ပြန်ရောက်လာတဲ့ လုရွှမ် ဖြစ်ရမယ်... နှမြောစရာပဲ ယင်းယန်ရေကန်ထဲကို ဝင်ရမယ့် နေရာအရေအတွက်က ကန့်သတ်ထားတာကြောင့် ဒီတစ်ခါတော့ မင်းဝင်လို့မရဘူး!"
"ဟာဟား.... အပြင်စည်းက ကျောင်းသားတစ်ယောက်က ယင်းယန်ရေကန်ထဲကို ဝင်ချင်နေတာလား?? အိပ်မက်များ ထမက်နေတာလား မသိဘူး"
"သူ့မှာ ကျောင်းအတွက် ဘာကုသိုလ်မှ မရှိဘူးလေ.... ခွင့်မပြုတာက အမှန်တရားပဲ!"
"မင်းကိုယ်မင်း ကြည့်ပြီးမှ ဆုံးဖြတ်စမ်းပါ.... မင်းလိုလူက ယင်းယန်ရေကန်ထဲကို ဘယ်လိုလုပ် ဝင်ရောက်သွားနိုင်မှာလဲ? မင်းအခု ရက်အနည်းငယ်လောက်တော့ ပျော်ထားဦးပေါ့... အစ်ကိုထျန်း ပြန်လာတဲ့အခါ မင်းဘယ်လိုသေရမှန်းတောင် မသိဘူး ဖြစ်သွားမယ်!"
"အစ်ကိုထျန်းက ဒီစမ်းသပ်မှုမှာ အောင်မြင်မှုကြီး တစ်ခုရခဲ့တယ်လို့ ကြားတယ်။ သူဒီတစ်ခေါက် ပြန်လာရင် သေချာပေါက် အဆင့်တိုးလာမှာပဲ ဒီကောင်က သူ့ရဲ့တစ်ဦးတည်းသော ညီကိုတောင် သတ်ပစ်ဖို့ သတ္တိရှိနေတယ် ဆိုတော့ တကယ် သေတော့မှာပဲ!"
အကြီးအကဲ အိုးယန်ရွှမ်း၏ စကားကို ကြားတော့ ကျောင်းသားများစွာသည် ဖြစ်ပျက်နေသည်ကို နားလည်သွားကြပြီး တစ်ယောက်ပြီး တစ်ယောက် လှောင်ပြောင်ကြတော့သည်။
အပြင်စည်းနှင့် အတွင်းစည်းကြားတွင် ဆက်သွယ်မှု သိပ်မရှိသော်လည်း လုရွှမ်က ကျန်းရှောက်ချန်၊ လုံယိဖျင်နှင့် အခြားသူများ သတ်ဖြတ်ခဲ့သည့် သတင်းသည် အတွင်းစည်း တစ်ဝန်းလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
သူစတင် ဝင်ရောက်စဉ်ကပင် ဤမျှ မောက်မာပြီး မိုက်မဲသော ကျောင်းသားအကြောင်း တပည့်များစွာ ကြားသိလိုက်ပြီ ဖြစ်သည်။
သူတို့အားလုံးကို လွှမ်းခြုံထားချင်တဲ့ ကျောင်းသား တစ်ယောက် ရောက်လာတာကို ဘယ်လိုလုပ် လက်ခံနိုင်မလဲ။ ဒါကြောင့် လုရွှမ်ကိုမြင်တော့ စိတ်လှုပ်ရှားစွာနဲ့ ချက်ချင်း ထအော်လိုက်ကြသည်။
သူတို့ပါးစပ်ထဲက "အစ်ကိုထျန်း" က သဘာဝအတိုင်း ကျန်းရှောက်ချန်ရဲ့ အစ်ကို ကျန်းရှောက်ထျန်းဖြစ်ပြီး အတွင်းစည်းထဲက ကျောင်းသား တစ်ယောက် ဖြစ်သည်။
"ညီအစ်ကိုလုရွှမ်.... စိတ်ဓာတ်မကျပါနဲ့... ကျောင်းမှာ သူ့စည်းမျဉ်းတွေနဲ့သူ ရှိတယ်။ မင်းက ကျောင်းကို အခုမှ ရောက်တာဆိုတော့ မင်း အပြင်းအထန် လေ့ကျင့်ပြီး ကျောင်းအတွက် ကောင်းမှုတွေ ထပ်ထည့်ရဦးမယ်လေ နောက်နှစ်မှာ မင်း အခွင့်အရေး ရလိမ့်မယ်!"
အားလုံးရဲ့ ဆွေးနွေးမှု မပြီးခင်မှာ ကျေနပ်အားရမှု အပြည့်ရှိတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်နဲ့ တခြားလူတို့ နောက်ကနေ ထွက်လာခဲ့၏။ ထိုသူမှာ သူတို့နဲ့အတူ ချိုင့်ဝှမ်းကနေ ပြန်လာခဲ့တဲ့ ရှောင်းယွင့်ထျန်းပဲ ဖြစ်သည်။
ယခုအချိန်တွင် ရှောင်းယွင့်ထျန်းသည် မျက်နှာဖြူ ကျောင်းသားလေး၏ အမူအရာကို ပြန်လည်ရရှိထားပြီး လုရွှမ်အား အပြုံးဖြင့် ကြည့်ကာ ဝတ်ရုံလက်များကို ဝေ့ယမ်းရင်း အိုးယန်ရွှမ်းထံသို့ လျှောက်သွားလိုက်သည်။
"ဆရာ!"
မြေကြီးပေါ်သို့ ဒူးထောက်လျက် ရိုရိုသေသေ ဂါဝရပြုလိုက်သည်။ တကယ်တော့ သူသည် အကြီးအကဲ အိုးယန်ရွှမ်း၏ တိုက်ရိုက် တပည့်ဖြစ်ပေသည်။
"ထပါ!"
အိုးယန်ရွှမ်းက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
"မင်းကို ဆရာတစ်ယောက်အနေနဲ့ ခွဲတမ်းနေရာ ယူထားပေးတယ်.... ခဏနေရင် ယင်းယန်ရေကန်ထဲကို ဝင်သွားပြီး ကောင်းကောင်း လေ့ကျင့်လာခဲ့!"