စိတ်ပျက်နေသော ရွှမ်ဟွား
Vol. 90 Ch. 1242
ရွှမ်ဟွားက အတော်လေး စိတ်ပျက်နေမိသည်။ သူက ဝမ်ပေါင်လဲ့၏ တကယ့်စွမ်းအားကို စမ်းသပ်ဖို့ မဟာလက်ဝဲတာအိုနယ်မြေရှိ နေအဖွဲ့အစည်းဆီ စေလွှတ်ခံလိုက်ရကတည်းက အသက်ခြိမ်းခြောက်ဖွယ် ကပ်ဘေးနှင့် ကြုံတွေ့နေရသည်။
ကပ်ဘေးက ကြီးမားလွန်း၍ သူ့အား စိတ်ရောကိုယ်ပါ ပြိုလဲသွားစေသည်။
ဝမ်ပေါင်လဲ့ သစ်သားဓာတ်တာအို၏ လွှမ်းမိုးမှုအောက်တွင် သူ့ခန္ဓာကိုယ်ထဲ စိတ်နတ်ဆိုး ဖြစ်တည်လာ၏။ ထိုစိတ်နတ်ဆိုးက သူ့အား အပိုင်သိမ်းလိုက်လျှင် ဖြေရှင်းဖို့ နည်းလမ်းရှိ၍ အဆင်ပြေသော်လည်း ထိုစိတ်နတ်ဆိုးက သူ့အား အပိုင်မသိမ်းပေ။ ထို့အစား ၎င်းက သူ့စိတ်အပေါ် ဆက်တိုက် အနှောင့်အယှက် ဖြစ်စေပြီး သူ့အကျိုးအကြောင်းဆင်ခြင်စိတ်ကို ဖြည်းဖြည်းချင်း လွှမ်းမိုးကာ ဝမ်ပေါင်လဲ့အပေါ် ကိုးကွယ်လိုစိတ်ကို ဖြစ်ပေါ်လာစေသည်။
ပိုမို အားကောင်းလိုသည့် စိတ်ဆန္ဒတစ်ခု …
ရွှမ်ဟွားက သူသည် အင်အားကုန်သုံး၍ ဖိနှိပ်မထားပါက အမွေးတိုင် တစ်တိုင်လောင်ကျွမ်းပြီးချိန်လောက်တွင် ထိုသူက လက်ရှိ သူ မဟုတ်နိုင်လောက်တော့ကြောင်း သတိပြုမိသွားသည်။
သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြောင်းလဲသွားမည် မဟုတ်သော်လည်း သူ့အတွေးအားလုံးက ပြောင်းပြန် ဖြစ်သွားလိမ့်မည်။ သူက အဆုံးမဲ့မျိုးနွယ်မှ ပြေးထွက်ကာ ဝမ်ပေါင်လဲ့ရှိရာဆီ သွားပြီး ဒူးထောက်ခစားမိလိမ့်မည်။
သူ့အနေနှင့် လိုအပ်သည်ကား တစ်ဖက်လူဆီမှ စကားတစ်ခွန်းသာ ဖြစ်၏။ အကယ်၍ တစ်ဖက်လူက သူ့ကို သေစေလိုလျှင် သူက နည်းနည်းလေးမျှ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူက ချက်ချင်း သတ်သေမိလိမ့်မည်။ အကြောင်းအရင်းမှာ တစ်ဖက်လူ၏ တည်ရှိမှုက သူ့တာအိုဇစ်မြစ် ဖြစ်နေပြီး တစ်ဖက်လူ၏ ပုံရိပ်က သူ့ဘဝအတွက် အရာအားလုံး ဖြစ်နေသည်။
သူက ထိုအရာကို မဖြစ်ပျက်စေလိုပေ။ ထို့ကြောင့် သူက တံခါးပိတ်ကျင့်ကြံခဲ့ပြီး တစ်ဖက်လူကို ဆန့်ကျင်နေခဲ့သည်။ သို့သော် ဝမ်ပေါင်လဲ့’၏ ရေဓာတ်တာအို မျိုးစေ့ ဖွဲ့စည်းနိုင်မှုနှင့် အဆင့်တက်လှမ်းသွားမှုတို့က သူ့အား အာရုံလွှတ်သွားစေသည်။ သူ့ကို ကျိကျားနှင့် ကွမ်းမင်တို့မှ ဖိနှိပ်ပေးထား၍ စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်သော်လည်း သူ့စိတ်နှလုံးသားထဲမှ ဝမ်းနည်းမှုက ပိုမို များပြားလာလေသည်။
သူက အခြေအနေကို မပြောင်းလဲနိုင်ကြောင်း သဘောပေါက်လိုက်သည်။ ဝမ်ပေါင်လဲ့ မသေသရွေ့ သူ့စိတ်ပြိုလဲဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ သို့သော်လည်း သူက ကိုယ့်ဘာသာ သတ်မသေနိုင်ပေ။ ထို့ကြောင့် သူက မျှော်လင့်ချက်အားလုံးကို အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးဆီ ပုံအောထားလိုက်သည်။ သို့သော် သစ်သားတာအို စိတ်နတ်ဆိုးက ခေါင်းဆောင်ကြီးပင် အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်သည့်အရာမျိုး မဟုတ်ချေ။ အကယ်၍ သူသာ မြန်မြန်ဆန်ဆန် ဖြေရှင်းလိုပါက တန်ကြေးတစ်ခု ပေးဆပ်ရလိမ့်မည်။
အမှောင်ဂိုဏ်းက ပိုအားကောင်းလာ၍ အဆုံးမဲ့မျိုးနွယ်က သတိကြီးကြီးထားနေရသည်။ အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးအတွက် သူ့အား ကူညီဖြေရှင်းပေးဖို့ သိပ်မလွယ်လှပေ။ ရလဒ်အနေနှင့် လက်ရှိအခြေအနေအရ သူသည် အတော်လေး ဆိုးရွားနေ၏။
“ဝမ်ပေါင်လဲ့” လျို့ဝှက်အခန်းအတွင်း ရွှမ်ဟွားက သူ့စိတ်ထဲမှ အတက်အကျလှိုင်းကို ခက်ခက်ခဲခဲ ဖိနှိပ်ထားလိုက်ရသည်။ သူက မောပန်းနေမိပြီး သူ့အဝတ်များက ရှုပ်ပွကာ ဆံပင်များက ဖရိုဖရဲ ဖြစ်နေသည်။ သူက အတော်လေး သနားစဖွယ် ဖြစ်နေ၏။ သူက အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ တောင့်ခံထားနိုင်ရုံမျှ ဖြစ်ပြီး နောက်ထပ် ပြန်လည် တိုက်ခိုက်ခုခံရမည် ဖြစ်ကြောင်း သိထားသည်။
သူ့အတွက် အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းစာအချိန်က ဘဝအတွက် အရုဏ်တက်နှင့် တူသည်။ ထိုအရာကို စိတ်အခြေအနေကို ထောက်ပံ့ပေးသည့် အထောက်အကူတစ်ခုလည်း ဖြစ်၏။ ယခု သူက ဒေါသဖြေဖျောက်ဖို့ ဝမ်ပေါင်လဲ့ကို ကျိန်ဆဲချင်နေမိသည်။
“ဝမ်ပေါင်လဲ့ ငါ မင်းကို သတ်ပစ်ရမယ်။ ငါ မင်းကို သတ်ပစ်ရုံတင် မကဘူး။ မင်းရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မင်းရဲ့ လူမှုအဖွဲ့အစည်းနဲ့ တည်ရှိမှုအထိ အကုန်ဖျောက်ဖျက်ပစ်မယ်” ရွှမ်ဟွားက ပုံမှန်အတိုင်း အော်ဟစ်နေသည်။ သို့သော် ဤတစ်ကြိမ် ကွဲပြားသွား၏။
နေလုံးပေါ်၌ ဝမ်ပေါင်လဲ့က လက်ဟန်စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ပြီး လက်ညိုးထိုးလိုက်သည့်အချိန် ရွှမ်ဟွား၏ အမူအရာက ကျိန်ဆဲလို့မပြီးခင် ပြောင်းလဲသွားခဲ့သည်။ သူ့စိတ်နတ်ဆိုးက တစ်ဖန် ပြန်လည်ပေါ်ထွက်လာ၏။
အချိန်မကျသေးဘူး …
ရွှမ်ဟွားက စိတ်နတ်ဆိုးကို ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း သူက ပင်ပန်းနွမ်းလျနေပြီဖြစ်၍ အနားယူပြီး ပြန်လည်အားဖြည့်ဖို့ အချိန်မရသေးပေ။ သူ့ကို ပိုကြောက်ရွံ့သွားစေသည်ကား ဤတစ်ကြိမ် စိတ်နတ်ဆိုး ပေါ်ထွက်လာမှုသည် ယခင်နှင့် ကွဲပြားနေ၍ ဖြစ်သည်။
ယခင်က သူ့စိတ်နတ်ဆိုး ထွက်ပေါ်လာမှုသည် အလိုအလျောက် ထွက်ပေါ်လာသလိုမျိုး ဖြစ်ပြီး ထိန်းချုပ်ခံထားရခြင်း မရှိပေ။ ဤတစ်ကြိမ်တွင်မူ ထိုအရာက ရွှမ်ဟွားအား စိတ်ဆန္ဒတစ်စုံတစ်ခုက စိတ်နတ်ဆိုးကို လိုက်လံထိန်းချုပ်နေကြောင်း ခံစားချက် ပေးစွမ်း၏။
ဤအပြောင်းအလဲက စိတ်နတ်ဆိုးအား ပိုမို ခက်ထန်လာစေသည်။ ယခုအခိုက်အတန့်လေးအတွင်း ရွှမ်ဟွား၏ ခန္ဓာကိုယ်အထက် အပြာရောင်သွေးကြောများ ထင်းထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်နေသည်။ ပို၍ ထူးဆန်းသည်ကား သူက ကျယ်လောင်စွာ အော်ဟစ်လေလေ သူ့မျက်ဝန်းအထက် ပိုမို ရိုးသားလာသည်။
“ကယ်ပါဦး” ရွှမ်ဟွား၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြင့် ခက်ခက်ခဲခဲ ရေရွတ်လိုက်ရသည်။ တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်ထဲရှိနေသည့် ကျိကျားနှင့် ကွမ်းမင်တို့က တစ်စုံတစ်ခု မှားယွင်းသွားသည်ကို အာရုံခံမိခဲ့ကြသည်။ သူတို့က ရွှမ်ဟွား၏ ကျင့်ကြံရေးအခန်းအတွင်း ပေါ်ထွက်လာပြီး ရွှမ်ဟွား၏ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာက အလေးအနက် ဖြစ်သွားကြသည်။ သူတို့က အလျှင်အမြန် ပြေးလာကာ ကူညီပေးလိုက်ကြ၏။
ပြင်ပအကူအညီဖြင့် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ကိုယ်ပွားဖြစ်သည့် ကျိကျားသည် ကိုယ်ပိုင်အသိစိတ်ကို ဖွဲ့စည်းထားနိုင်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သေချာသည့်အနေအထားတစ်ခုအထိ သူက အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ဇစ်မြစ်တူလေသည်။ သို့သော်လည်း သူ့ကို ရိုးရိုးရှင်းရှင်း ကိုယ်ပွားတစ်ခုအဖြစ် မမှတ်ယူသင့်ပေ။ သူက ကိုယ်ပိုင်ဉာဏ်ရည်ရှိထားပြီး အစကတည်းက အားကောင်း၏။
ဤသို့ဖြင့် ရွှမ်ဟွား၏ စိတ်နတ်ဆိုး ပေါ်ထွက်လာမှုသည် ဖြည်းဖြည်းချင်း ပြန်လည် ငြိမ်ကျသွားလေပြီ။
သို့သော်လည်း ရွှမ်ဟွား၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင်နေရာမှ စတင် သက်တောင့်သက်သာ ဖြစ်လာပြီး ခက်ထန်ခြင်း မရှိတော့သည့်အချိန် သူက မျက်လုံးဝေ့ကာ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး နဖူးအထက် စုဝေးသွားကာ ထိုနေရာက အသေးစား မျက်နှာလေး တစ်ခု ထွက်ပေါ်လာဟန်ပေါ်သည်။
ထိုမျက်နှာပိုင်ရှင်က ဝမ်ပေါင်လဲ့ ဖြစ်၏။
“ငါ့နောက်လိုက် ပြန်လာတာကို ဘယ်သူက တားဆီးနေတာလဲ” ထိုမျက်နှာ ပုံပေါ်လာသည်နှင့် ဖိအားပြင်းပြင်း ကိန်းအောင်းနေသည့် ဝမ်ပေါင်လဲ့၏ အသံက ထွက်ပေါ်လာသည်။ နတ်ဧကရာဇ်ကွမ်းမင်၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း နောက်ဆုတ်လိုက်၏။ တစ်ဖက်တွင် ကျိကျားက မျက်မှောင်ကြုတ်ကာ အေးစက်စက် သရော်လိုက်သည်။
“မဟာလက်ဝဲတာအိုနယ်မြေရဲ့ တာအိုသခင် … ငါတို့ အဆုံးမဲ့မျိုးနွယ်က တိရှန်းအပေါ် လုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့တောင် မင်းကို လာမရှာရသေးဘူး။ အခု လွန်လွန်းမလာနဲ့ ”
“နတ်ဧကရာဇ်ကျိကျားလား။ ခင်ဗျားက ကျုပ်နောက်လိုက် ပြန်လာတာကို တားဆီးနေတဲ့လူလား” ရွှမ်ဟွားက ကျိကျားကို ကြည့်လိုက်ရင်း မျက်လုံး ဖြတ်ခနဲ လင်းလက်သွားသည်။ သူ့အကြည့်နှင့် တွေ့ဆုံပြီးသည်နှင့် ကျိကျား၏ အရှိန်အဝါက ပျောက်ကွယ်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ရွှမ်ဟွားက ငါတို့အဆုံးမဲ့မျိုးနွယ်ရဲ့ နတ်ဧကရာဇ်ပဲ။ မင်းရဲ့ နောက်လိုက် မဟုတ်ဘူး ”
အသက်ရှိုက်စာအနည်းငယ်ခန့် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရွှမ်ဟွား၏ မျက်ခုံးကြားရှိ မျက်နှာအသေးလေးက ရုတ်တရက် ထပြုံးလိုက်သည်။ တုန်လှုပ်ဖွယ် အပြုအမူမျိုးဖြင့် ထွက်ပေါ်လာသည့် စကားပင် ပါလာသည်။
“မင်း” ဤသည်က စကားတစ်ခွန်း၏ ပထမစကားလုံး ဖြစ်၏။ ထိုအရာသည် ရွှမ်ဟွား၏ မျက်ခုံးကြားရှိ မျက်နှာအသေးလေးမှ ထွက်လာခြင်း ဖြစ်၏။ ထိုအရာသည် အဝေးရှိ မဟာလက်ဝဲတာအိုနယ်မြေထဲမှ ထွက်လာသလို ဖြစ်နေသည်။
ပြောလိုက်သည့်လူက မဟာလက်ဝဲတာအိုနယ်မြေထဲ … နေအဖွဲ့အစည်းအပြင်ဘက်တွင် ဝမ်ပေါင်လဲ့၏’ ဧရာမဓမ္မပုံရိပ်ဆီမှ ဖြစ်နေ၏။
“ပြော…” ဤသည်က ဒုတိယမြောက် စကားလုံး ဖြစ်၏။ ထိုအသံ ထွက်ပေါ်လာသည်နှင့် ကြယ်တာရာကောင်းကင်အထက်ရှိ အသံက ပိုမို နီးကပ်လာဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်က ထရပ်ကာ ရှေ့တိုးလိုက်ပြီး မဟာလက်ဝဲတာအိုနယ်မြေ အစွန်းသို့ ရောက်လာသည်။
“မရ … ” တတိယမြောက်နှင့် စတုတ္ထမြောက် စကားလုံးတို့ ပဲ့တင်ထွက်လာသည်။ ဤသည်က မဟာလက်ဝဲတာအိုနယ်မြေထဲမှ ထွက်လာခြင်း မဟုတ်တော့ပေ။ ထိုအရာက အလယ်ပိုင်း အဆုံးမဲ့တာအိုနယ်မြေမှ ပဲ့တင်ထွက်လာခြင်း ဖြစ်၍ ကျိကျား၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ပေါ် ထွက်လာသည်။
“မဟုတ်ဘူးလား” ထိုစကားလေးလုံးက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လှသည်။ သူတို့က အဆုံးမဲ့မျိုးနွယ်ထဲ ထွက်လာပြီး အဘက်ဘက်သို့ အသံကျယ်ကြီးကို ဖန်တီးလာသည်။ အဆုံးမဲ့မျိုးနွယ်တစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
ကျိကျား၏ ခန္ဓာကိုယ်က မှုန်ဝါးသွားကာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်ထွက်လာသည့်အခါ သူက အဆုံးမဲ့မျိုးနွယ်၏ ကောင်းကင်အထက် ရောက်ရှိနေပြီ ဖြစ်၏။ သူက ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်ကြီးသည် အဝေးတစ်နေရာမှ သူ့ဆီ လျှောက်လှမ်းလာနေသည်ကို မြင်လိုက်ရသည်။
“ဝမ်ပေါင်လဲ့”
“ဒါက အဆုံးမဲ့မျိုးနွယ်ပဲ။ မင်းက ဘယ်နှစ်ကြိမ် ကျူးကျော်နေဦးမှာလဲ။ ဒါ မင်းပြောတဲ့ ကြားနေဆိုတာလား” ကျိကျားက ဒေါသပေါက်ထွက်လာသည်။ သူက အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ကိုယ်ပွား ဖြစ်သော်လည်း သူ့ကိုယ်ပိုင် စိတ်ဆန္ဒရှိ၏။ သူ့ဒေါသပေါက်ထွက်လာသည့်အခါ သူ့သတ်ဖြတ်လိုစိတ်က လိုက်ပါလာသည်။
ဝမ်ပေါင်လဲ့က နှစ်ဝက်အတွင်း ထပ်ကာ ရောက်ရှိလာပြန်သည်။ ဤသည်က အဆုံးမဲ့မျိုးနွယ်၏ သတ်ဖြတ်လိုစိတ်ကို မြင့်တက်မှုကို ဖြစ်စေသည်။
“ကျုပ်နောက်လိုက်ကို ပြန်ခေါ်ဖို့ ရောက်လာရုံပဲ” ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်က လျှောက်လှမ်းလာပြီး သူ့အသံက မိုးခြိမ်းသံလို ကျယ်လောင်နေသည်။
“ကျုပ်ရဲ့ ကြားနေကိစ္စအတွက်ကို အဆုံးမဲ့မျိုးနွယ်က ကျုပ်နောက်လိုက်တွေကို တားဆီးမယ်ဆိုရင် ကျုပ်က ကြားနေမဟုတ်တော့လည်း ဘာဖြစ်လဲ။ အဆုံးမဲ့မျိုးနွယ်နဲ့ စစ်ပွဲ စတင်တော့ ဘာဖြစ်လဲ ”
ဝမ်ပေါင်လဲ့၏ စကားကို ကြားကာ ကျိကျား၏ အမူအရာက ပျက်ယွင်းသွားသည်။ သူက ပင်မခန္ဓာ၏ စဉ်းစားပုံကို နားမလည်နိုင်ပေ။ သူက ထိုပင်မခန္ဓာသည် စစ်ပွဲကို အဘယ်ကြောင့်နှောင့်နှေးလိုမှန်း နားမလည်ပေ။ ထိုအရာက ဝမ်ပေါင်လဲ့ကို ကြီးထွားခွင့်ပေးထားပြီး ပင်မခန္ဓာကို အကြိမ်များစွာ ရန်စခဲ့သည်။ သူက အဆုံးမဲ့မျိုးနွယ်ကို မျက်နှာပျက်စေခဲ့၏။ သူက ယနေ့တွင် စစ်ပွဲအကြောင်း ကြေညာလာသေးသည်။ အားလုံးက ကြားနေအခြေအနေသည် မဖြစ်နိုင်ကြောင်း သိထားကြ၏။
ထိုအရာအားလုံးက အဆုံးမဲ့မျိုးနွယ်အတွက် အင်မတန် အရေးပါသည်။ သို့သော်လည်း ပင်မခန္ဓာက အဆုံးမဲံမျိုးနွယ်၏ အခြေအနေကို နည်းနည်းလေးမှ ဂရုစိုက်ဟန် မပေါ်သလို အဆုံးမဲ့မျိုးနွယ်၏ ဂုဏ်သတင်း ပျက်ပြားသွားပါက နောက်ဆက်တွဲ အကျိုးဆက်ကိုလည်း ထည့်စဉ်းစားထားဟန်မပေါ်ပေ။
“ပင်မခန္ဓာက ရူးမိုက်တယ်” ကျိကျား၏ သတ်ဖြတ်ငွေ့က ပိုမိုအားကောင်းလာသည်။ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်သွားသည်။
“ဝမ်ပေါင်လဲ့ မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ် ”
တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်၏ လူသူကင်းမဲ့ရာ ဂြိုဟ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက မျက်လုံးဖွင့်ကြည့်ကာ ဝမ်ပေါင်လဲ့နှင့် သူ့ကိုယ်ပွားကို တည်ငြိမ်စွာ ကြည့်လာသည်။ သို့သော်လည်း သူက ထိုအရာကို နည်းနည်းလေးမှ အာရုံမရှိပေ။ သူ့ကမ္ဘာထဲတွင် ဝမ်ပေါင်လဲ့နှင့် သူ့ကိုယ်ပွားတို့က အရေးမပါသကဲ့သို့ ဖြစ်၏။ သူ့အကြည့်က ခပ်ဝေးဝေးဆီ ကျရောက်လာသည်။
“ ငါလည်း ဟန်ဆောင်နေတာ ရပ်သင့်ပြီ။ ငါ မင်းအတွက် အခွင့်အရေးအများကြီး ဖန်တီးပေးပြီးသွားပြီ။ ချန်ရှင်း မင်း အဆင့်သင့်ဖြစ်ပြီလား။ ဘာလို့ မလှုပ်ရှားသေးတာလဲ ”
“ငါ … စိတ်မရှည်တော့ဘူး ”