← Chapters

စစ်ပွဲဖြစ်ပွားခြင်း

Vol. 90 Ch. 1244

စစ်ပွဲဖြစ်ပွားခြင်း

Vol. 90 Ch. 1244

ဤမြင်ကွင်းက ဝေ့ယန်ကျစ်အား ပထမဦးဆုံးအနေဖြင့် တုန်လှုပ်သွားစေသည်။ သူ့အစီအစဥ်ကို ပြီးမြောက်ဖို့ရာအတွက် ဝမ်ပေါင်လဲ့ကို ကြီးထွားခွင့်ပြုထားခဲ့သည်။

သူက အမှားလုပ်ခဲ့မိတာလား …

ဤသည်က ကိစ္စမရှိပေ။ သူတို့အားလုံးက ဖြည့်စွက်စာမျှသာဖြစ်၏။ သို့သော် ဝေ့ယန်ကျစ်က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် အာရုံမစိုက်တော့ပေ။ သူက မျက်လုံးကို မှိတ်ကာ သူ့အစီအစဥ်နောက်ဆုံးကိစ္စ ပေါ်ထွက်လာမည်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်၏ တိုက်ပွဲကွင်းပြင်ထဲ ကျိကျားက နောက်ဆုတ်လိုက်၏။ သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်ရင်း အမူအရာ ပျက်ယွင်းနေသည်။ သူ့စိတ်ထဲတွင် အတွေးများစွာ ထွက်ပေါ်လာ၏။ သူက ညာဘက်လက်ကို မြှောက်ကာ စည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်သည်။ ထိုအရာက နတ်ဘုရားစွမ်းရည်များကို ထုတ်လွှင့်လိုက်သလိုမျိုး ဖြစ်၏။

သို့သော်လည်း ဝမ်ပေါင်လဲ့က ပိုမိုမြန်ဆန်နေသည်။ နတ်ဧကရာဇ်ကျိကျားက သူ့နတ်ဘုရား စွမ်းရည်အသစ် ထုတ်လွှင့်တော့မည့်ဆဲဆဲ ဝမ်ပေါင်လဲ့က ကျိကျားဖြင့် ထပ်မံရင်ဆိုင်လိုက်သည်။

လေထုထဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး နှစ်ဦးသားက ရင်ဆိုင်နေကြသည်။ သူတို့က အချိန်တိုအတွင်း အကြိမ်များစွာ တိုက်ခိုက်ခဲ့ကြသည်။ သူတို့က ဖြတ်သန်းသွားရာတိုင်း ကြယ်တာရာကောင်းကင်အထက် အက်ကြောင်းများ ပေါ်ထွက်လာပြီး နေရာများစွာ ပြိုလဲသွား၏။

တိုက်ပွဲ၏ ပြင်းအားက အံ့မခန်း ဖြစ်၏။ သူတို့က ပိုမိုသွားလေလေ ပိုမိုမြန်ဆန်လာလေလေ ဖြစ်သည်။ စောင့်ကြည့်နေသည့်သူများက သေချာသည့် ကျင့်ကြံဆင့် အနေအထားတစ်ခု မရှိသရွေ့ တိုက်ပွဲကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်နိုင်မည် မဟုတ်ပေ။

သူတို့ မြင်ရသည်က ကြယ်တာရာကောင်းကင် အက်ကွဲလာမှုသာဖြစ်၏။

အချိန်တာအိုက တိုက်ပွဲအတွင်း ပေါ်ထွက်လာခဲ့သည်။ နှစ်ဦးသားက ထိုအထဲ ဝင်ရောက်လိုက်ကြ၏။

ထိုအချက်က အဆုံးမဲ့မျိုးနွယ်အပေါ် ကြီးကြီးမားမား သက်ရောက်မှုဖြစ်စေသည်။ ကံကောင်းစွာဖြင့် ကျင့်ကြံဆင့် တစ်စိတ်တစ်ပိုင်း ပြန်လည်ရရိထားသည့် တိရှန်းနှင့် ကွမ်းမင်တို့က ပေါ်ထွက်လာကာ စွမ်းအားကုန်သုံးလျက် ထိုနှစ်ဦး၏ တိုက်ပွဲနောက်ဆက်တွဲကို ဖိနှိပ်ထားလိုက်ကြသည်။

သူက ဘယ်တုန်းက ဒီလောက်အားကောင်းလာတာလဲ …

ကွမ်းမင်က တုန်လှုပ်နေမိသည်။ သူက ကြယ်တာရာကောင်းကင်ကို ကြည့်ရင်း တုန်လှုပ်မှုများ ပြည့်နှက်နေ၏။ သူ့ဘေးတွင် ရှိနေသည့် တိရှန်းက တိတ်ဆိတ်နေသည်။ ထိုသူက ပိုမိုအားကောင်းလာသလို ခံစားမိနေသည်။ နှစ်တစ်ဝက်အချိန်အတွင်း ဝမ်ပေါင်လဲ့၏ တိုက်ခိုက်စွမ်းရည်က ယခင်ကထက် ပိုမိုအားကောင်းလာသည်။

အမွှေးတိုင် တစ်တိုင်စာခန့် ကြာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့နှင့် ကျိကျားတို့က ကြယ်တာရာကောင်းကင်အထက် ထပ်မံပေါ်ထွက်လာ၏။ ဤတစ်ကြိမ် နှစ်ဦးသားက ဒဏ်ရာရရှိထားကြသည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ သူ့ခန္ဓာကိုယ်က တောက်ပလာ၏။

ထို့နောက် ချန်ယဲ့ပညာရပ်စွမ်းအားက သူ့ဆီမှ ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့် ကြယ်တာရာကောင်းကင်ကြီးက မဲမှောင်သွားကာ ကျိကျားပင် အမှောင်ထုဖြင့် ပေါင်းစည်းသွားဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ တောက်ပမှုက ပိုမိုအားကောင်းလာပြီး ပထမဦးဆုံး နေလုံးထွက်ပေါ်လာသည်။ ထိုအရာထွက်ပေါ်လာသည်နှင့် တောက်ပမှုက အမှောင်ထုကို ထိုးခွင်းသွားသလိုမျိုးဖြစ်ကာ အဖက်ဖက်သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုစွမ်းရည်ထွက်ပေါ်လာသည်နှင့် ကြယ်တာရာကောင်းကင်ကြီးက တုန်ခါသွားကာ ကျိကျား၏ အမူအရာပင် ပြောင်းလဲသွားခဲ့သည်။ သို့သော် သူ့မျက်ဝန်းအထက် ရက်စက်မှုများဖြင့် ပြည့်နှက်နေ၏။ လက်တစ်ချက်အဝှေ့တွင် ကြေးမုံတစ်ချပ် ပေါ်ထွက်လာသည်။

ကြေးမုံက ရိုးရှင်းကာ ရှေးကျသည့် အငွေ့အသက်မျိုး ထုတ်လွှင့်နေ၏။ ထိုအရာ ထွက်ပေါ်လာသည်နှင့် ကျိကျားကို တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းဆိုသလို ကြေးမုံက ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် နေလုံးကို ရောင်ပြန်ဟပ်စေလိုက်သည်။

ကြေးမုံက ကြီးမားသည့် သမိုင်းကြောင်း ရှိဟန်ပေါ်၏။ ထိုအရာက အထွတ်အထိပ် ရတနာတစ်ခု ဖြစ်ရမည်။ မဟုတ်ပါက ချန်ယဲ့ပညာရပ်ကို ရောင်ပြန်ဟပ်နိုင်မည် မဟုတ်ပေ။ ရောင်ပြန်ဟပ်သည့် ဖြစ်စဥ်ဖြစ်နေသော်လည်း ကြေးမုံက တုန်ယင်သွားပြီး ကြေးမုံမျက်နှာပြင်အထက် အက်ကြောင်းများ ပေါ်ထွက်လာသည်။ အဆုံးသတ်တွင် ထိုအရာက ကြေးမုံထဲ ပေါ်ထွက်လာပြီး ပေါက်ကွဲထွက်သွား၏။

ထိုအရာ ပေါက်ကွဲထွက်သွားသည့်အခါ ​ကြယ်တာရာကောင်းကင်အထက် နေ ၂စင်း ထွက်ပေါ်လာသည်။ နေ ၂စင်းက ဂုဏ်ကျက်သရေအတွက် ယှဥ်ပြိုင်နေသည့်အလား ကြယ်တာရာကောင်းကင်ရှိ အမှောင်ထုအားလုံးက ပျောက်ကွယ်သွား၏။ ထို့နောက် နေ ၂လုံးဆီမှ အလင်းရောင်က တစ်ခုနှင့်တစ်ခု စတင်ဝါးမျိုလာသည်။

ဝမ်ပေါင်လဲ့က ဤသို့သော နည်းလမ်းမျိုးဖြင့် ထိပ်တိုက်ရင်ဆိုင်ခံရဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ သူ့အမူအရာက ပျက်ယွင်းသွားခဲ့သည်။ သူက ကြေးမုံဆီမှ အလင်းတန်းသည် သူပြသခဲ့သည့်အရာနှင့် အတူတူဖြစ်ကြောင်း သဘောပေါက်သွားလေ၏။

သူ့ကို ပိုမိုအံ့အားသင့်သွားစေသည်က အလင်းရောင်ကြောင့် ဒဏ်ရာရရှိသွားသည့် ခံစားချက်မျိုး ဖြစ်၏။ ထိုအရာသည် သူကိုယ်တိုင်နှင့် ကြေးမုံကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တခြားနည်းဖြင့် ပြောရလျှင် ကြေးမုံဆီမှ ရောင်ပြန်ဟပ်မှုက နေလုံးသာလျှင်မကဘဲ ဒဏ်ရာများပါ ပါဝင်နေခဲ့သည်။

သူ ဖန်တီးခဲ့သည့် ဒဏ်ရာများက ကြေးမုံထံ ရောင်ပြန်ဟပ်ကာ သူ့ခန္ဓာကိုယ်အပေါ် ကျရောက်လာစေကာ ကြေးမုံကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများကလည်း သူ့အပေါ အတူတူသာဖြစ်၏။ ထိုအရာက စက်ဝန်းတစ်ခုလိုဖြစ်နေသည်။ သူ့ဒဏ်ရာများက ဆက်လက်ဆိုးဝါးလာကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် ကြေးမုံရှိ အက်ကြောင်းများက ပြန်လည်ကောင်းမွန်လာကြောင်း အရိပ်အယောင်မြင်လိုက်ရသည်။ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး ချန်ယဲ့ပညာရပ်ကို ရုတ်သိမ်းလိုက်၏။

ကြေးမုံက ထူးဆန်းတယ်။ ဒါပေမဲ့ ချန်ယဲ့ပညာရပ် မလုပ်နိုင်တာတော့ မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံဆင့်က မထောက်ပံ့နိုင်သေးတာ။ မဟုတ်ရင် စွမ်းအားကုန်ထုတ်သုံးလိုက်ရင် ကြေးမုံက အရင်ပြိုလဲသွားလိမ့်မယ် …

ဝမ်ပေါင်လဲ့က ချန်ယဲ့ပညာရပ်ကို သိမ်းလိုက်သည်နှင့် ကျိကျားသည်လည်း ကြေးမုံကို သိမ်းလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေ၏။ ကြေးမုံကို ထောက်ပံ့ဖို့ရာအတွက် သူ့အတွက် စွမ်းအားများစွာ ကုန်ဆုံးကြောင်း သိသာလှသည်။ ထိုအခိုက်အတန့်တွင် သူက ဝမ်ပေါင်လဲ့ကို ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်လိုက်၏။ တစ်ဖက်လူကို သတ်ဖို့ရာ သူ့အတွက် မဖြစ်နိုင်ကြောင်း နားလည်သွားခဲ့သည်။

ဝမ်ပေါင်လဲ့ကလည်း တူညီစွာ ခံစားနေရသည်။ ကျိကျား၏ စွမ်းအားက သူထင်ထားသည်ထက် အနည်းငယ် ကျော်လွန်နေခဲ့၏။ သူက တာအိုနည်းစနစ်များစွာ သိထားပြီး သတ္တုဓာတ်တာအိုနှင့် အငွေ့အသက်တာအို နှစ်ခုလုံးက ထူးကဲနေသည်။ နောက်ဆုံးတစ်ခုက ပိုမိုပင် ထူးဆန်းနေသေး၏။

သို့သော်လည်း ထူးဆန်းခြင်း  နှိုင်းယှဥ်ပါက ကြေးမုံ၏ ထူးဆန်းပုံသည် ပို၍ပင် ထူးကဲနေသည်။

ဒီပစ္စည်းက ဘာရတနာလဲ။ ငါ့တာအိုကို သယ်ဆောင်နိုင်မလား မသိဘူး …

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ သူက ဘေးပတ်လည်ကို ကြည့်ရင်း သူသာ ထိုအရာကို မလုပ်ဆောင်ပါက ချန်ရှင်းအတွက် များစွာအကူအညီဖြစ်မည် မဟုတ်ပေ။ သူ့မျက်ဝန်းအထက် မဟူရာအလင်းတန်းတစ်ချက် ဖြတ်ပြေးသွား၏။ ပြည်ထောင်စုကြီး၏ နေမင်းပေါ်ရှိ သူ့အစစ်အမှန်ကိုယ်ကလည်း မျက်လုံးပွင့်လာခဲ့သည်။ သူ့တာအို အရှိန်အဝါက ပျံ့လွှင့်သွားကာ မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“အဆုံးမဲ့မျိုးနွယ်က မဟာလက်ဝဲတာအိုနယ်မြေဆီ နောက်လိုက် ပြန်လာတာကို တားဆီးနေတယ်။ မဟာလက်ဝဲတာအိုနယ်မြေက အဆုံးမဲ့မျိုးနွယ်နဲ့ တိုက်ခိုက်မယ်။”

ထိအမိန့်ကို ကြေညာလိုက်သည်နှင့် မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ အကယ်၍ ယခင်ကသာဖြစ်ပါက မဟာလက်ဝဲတာအိုနယ်မြေ၏ နံပါတ်တစ်ဂိုဏ်းဖြစ်သည့် လမ်းစဥ်ကိုးသွယ်တာအိုဂိုဏ်းက ခုခံကာ အမိန့်ကို နှောင့်နှေးထားလိမ့်မည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ လက်ရှိအဆင့်အတန်းနှင့် အနေအထားအရ ထိုအမိန့်ကို ထုတ်ဖော်လိုက်သည်နှင့် နေအဖွဲ့အစည်းရှိ ဂိုဏ်းအသီးသီးက စတင်လှုပ်ရှားလာကြသည်။

တခြားသောဂိုဏ်းများကလည်း တုံ့ဆိုင်းနေခြင်း မရှိပေ။ အားကောင်းသည့် ကျင့်ကြံသူများက ထွက်လာကာ တပ်မဟာတစ်ခု ဖွဲ့စည်းပြီး အလယ်ပိုင်း အဆုံးမဲ့နယ်မြေဆီ အလျှင်အမြန် ချဥ်းကပ်လာကြသည်။

စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးအတွက် တာအိုစည်းချက်က ကြီးမားသည့် နေရာတစ်ခုလုံးထိ ပျံ့နှံ့နိုင်သည်။ စကြဝဠာက နယ်မြေများ ပိုင်းခြားထားသော်လည်း စကြဝဠာ၏ အပြောင်းအလဲများကို ချီအတက်အကျဖြင့် အာရုံခံနိုင်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ တကယ့်အမိန့်အမှာတမ်း ထွက်ပေါ်လာပြီး မဟာလက်ဝဲတာအိုနယ်မြေက လှုပ်ရှားလိုက်သည်နှင့် ကျိကျားကလည်း အာရုံခံစားမိလိုက်သည်။

သူမတုံ့ပြန်နိုင်ခင် အလယ်ပိုင်း အဆုံးမဲ့နယ်မြေရှိ ချီအငွေ့အသက် နောက်ထပ် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။

ဤအရင်းအမြစ်က အမှောင်မြစ်ဆီမှ ဖြစ်၏။

အမှောင်မြစ်က လှုပ်ခတ်လာပြီး အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးက တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ ထို့နောက် အမှောင်မြစ်မှ အမှောင်ဂိုဏ်းသားများနှင့် သက်ရှိများကလည်း လိုက်ပါလာကြသည်။ ဤတစ်ကြိမ် သူတို့အားလုံးက ထွက်ပေါ်လာဟန်ပေါ်သည်။

ကျိကျားက ပြောရင်းဖြင့် အမူအရာပျက်ယွင်းသွား၏။

“တာအိုရောင်းရင်း ကျေးဇူးပြုပြီး လှုပ်ရှားလိုက်ပါတော့”

“တာအိုရောင်းရင်း ကျိကျား ငါက မင်းတို့ မျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးနဲ့ သဘောတူညီမှု ရှိထားတာ။ ငါ့အတွက် လှုပ်ရှားဖို့ အချိန်မကျသေးဘူး။ ပြီးတော့ တိုက်ပွဲမှာ မပါချင်ဘူး။” ကြယ်တာရာကောင်းကင်အထက် ပြန်ဖြေသည့် အသံတစ်သံထွက်ပေါ်လာသည်။

“ခင်ဗျား” ကျိကျား၏ အမူအရာက ပြောင်းလဲသွား၏။ သူက ပြောတော့မည့်ဆဲဆဲတွင် သူ့စိတ်ကို လှုပ်ခတ်သွားစေသည့် နောက်ထပ်အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မဟာဒိဋ္ဌိနယ်မြေအတွင်း ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ရုတ်တရက် ထရပ်လိုက်သည်။ သူ့အကြည့်များက တောက်ပနေ၏။ သူ စောင့်ဆိုင်းနေခဲ့သည့် အချိန်က ကျရောက်မလာသေးသော်လည်း သူက ထပ်မံ မစောင့်ဆိုင်းလိုတော့ပေ။ သူက ဝမ်ပေါင်လဲ့နှင့် အမှောင်ဂိုဏ်းသည် ချန်ရှင်း၏ တိုက်ခိုက်မှုအတွက် ပြင်ဆင်နေကြောင်း ပြောနိုင်လေ၏။

ဒီလိုသာဆိုရင် ငါတို့လည်း လှုပ်ရှားကြရအောင်။ ကြာကြာစောင့်နေရင် ပျင်းသွားလိမ့််မယ် …

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ထရပ်ကာ အော်ဟစ်လိုက်သည်။ သူက ကြယ်တာရာကောင်းကင်ထဲ ခုန်တက်သွားပြီး သူ့ခန္ဓာကိုယ်က ဧရာမကြီးသဖွယ် ကြီးမားလာသည်။ သူက အဆုံးမဲ့မျိုးနွယ်ဆီ ဦးတည်ကာ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းအနက် ဓမ္မအမိန့်တစ်ခု ထွက်ပေါ်လာသည်။

“ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းသားတို့ အဆုံးမဲ့မျိုးနွယ်ဆီ ချီတက်ကြ။ ငါတို့တွေ တော်လှန်မယ်”

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းက စွမ်းအားဖြင့် ပြည့်နှက်လာကာ ကျင့်ကြံသူအမြောက်အမြားက ချီတက်လာကြသည်။ သူတို့၏ အကြည့်များက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနောက် လိုက်လာပြီး တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

ဂိုဏ်းများနှင့် တခြားသောနယ်မြေများရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများကလည်း ချီတက်လာကြသည်။ ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများက လေထုထဲတွင် ရပ်နေကြ၏။

တိရှန်း၏ အမူအရာက ပျက်ယွင်းသွားခဲ့သည်။ ကျိကျားကလည်း မျက်မှောင်ကြုတ်လိုက်၏။ အဆုံးမဲ့မျိုးနွယ်ရှိ ကျင့်ကြံသူအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဤအခိုက်အတန့်တွင် မဟာဒိဋ္ဌိနယ်မြေက ဘက်ပြောင်းသွားပြီး အမှောင်ဂိုဏ်းကလည်း တိုက်ခိုက်ဖို့ ထွက်လာခဲ့သည်။

စစ်ပွဲက အမှန်တကယ် ဖြစ်ပွားလာတော့မည် ဖြစ်၏။

All Chapters