← Chapters

ရောက်ရှိခြင်း

Vol. 90 Ch. 1245

ရောက်ရှိခြင်း

Vol. 90 Ch. 1245

ထိုအခိုက်အတန့်တွင် မဟာဒိဋ္ဌိနယ်မြေက ချီတက်လာသလို မဟာလက်ဝဲတာအိုနယ်မြေကလည်း လှုပ်ရှားလာပြီး အမှောင်ဂိုဏ်းကလည်း ရောက်ရှိလာခဲ့သည်။

အဆုံးမဲ့မျိုးနွယ်အတွက် ထိုအရာသည် ထင်မှတ်မထားသည့် ကပ်ဘေးတစ်ခု ဖြစ်၏။ အဆုံးမဲ့မျိုးနွယ်က အားကောင်းသည့် အခြေခံအုတ်မြစ်ရှိသော်လည်း သူတို့အနေဖြင့် ထိုအင်အားစု ၃ခုနှင့် ရင်ဆိုင်ရသည့်အခါ အထိအခိုက်မရှိ ကျန်ရှိဖို့ရာ ခက်ခဲလှသည်။

အထူးသဖြင့် အဆုံးမဲ့မျိုးနွယ်၏ ခေါင်းဆောင်ကြီးက မလှုပ်ရှားသေးသည့်အခါတွင် ဖြစ်၏။ ဆိုလိုသည်မှာ အဆုံးမဲ့မျိုးနွယ်သည် စကြဝဠာအဆင့် ကျင့်ကြံသူ အရေအတွက်အရ အရေးနိမ့်နေသည်။ ပြောရလျှင် ရွှမ်ဟွားက မတိုက်ခိုက်နိုင်သလို တိရှန်းကလည်း အင်မတန် အားနည်းနေသေးသည်။ ကွမ်းမင်နှင့် ကျိကျားတို့သာ ကျန်ရှိနေ၏။ သူတို့၏ ပြိုင်ဘက်များတွင် ဝမ်ပေါင်လဲ့လို စွမ်းအားကြီး ပုဂ္ဂိုလ် ရှိရုံမကဘဲ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးလည်း ပါဝင်နေသည်။

၂ယောက်နှင့် ၅ယောက် ယှဥ်သည့်အခါ မည်သို့အနိုင်ရရှိမည်နည်း။

အဆုံးမဲ့မျိုးနွယ်က ကြယ်နယ်မြေအဆင့် ကျင့်ကြံသူအရေအတွက်အရလည်း အရေးနိမ့်နေလေသည်။ ဤသည်က ကျိကျား၏ အမူအရာကို ပျက်ယွင်းသွားစေ၏။ အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် မတူဘဲ သူက အဆုံးမဲ့မျိုးနွယ်အပေါ် နက်နဲသည့် ခံစားချက်များ ရှိလေသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်ဝန်းတို့က သွေးဆာလာ၏။

“ပင်မခန္ဓာ” ထိုအရေးကြီးသည့် အခိုက်အတန့်တွင် ကျိကျားက ရုတ်တရက်မော့ကြည့်ကာ ကောင်းကင်အထက် အော်ဟစ်လိုက်သည်။ သို့သော် တုံ့ပြန်မှုမရပေ။ ဤသည်က ကျိကျားကို ခါးသီးစွာ ရယ်မောစေသည်။ သူ့မျက်ဝန်းအထက် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူ့တစ်ကိုယ်လုံးက မြူခိုးအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီ ပြေးဝင်လာသည်။

ကွမ်းမင်နှင့် တိရှန်းတို့က ဤသည်မှာ အဆုံးမဲ့မျိုးနွယ်၏ ရှင်သန်မှုသော့ချက်ဖြစ်ကြောင်း သိသည့်အတွက် ရှေ့တိုးလာကြသည်။

“ဝမ်ပေါင်လဲ့ကို အရင်နှိမ်နင်းကြ” သူတို့ ၃ဦးလုံးတွင် တူညီသည့် အတွေး ရှိကြ၏။ မဟာဒိဋ္ဌိနယ်မြေနှင့် အမှောင်ဂိုဏ်း ရောက်ရှိမလာခင် အချိန်တစ်ခု ဆွဲထားနိုင်လိမ့်မည်။ စကြဝဠာအဆင့် ကျင့်ကြံသူအားလုံးက အဆုံးမဲ့မျိုးနွယ်၏ အစီအရင်ကို လျစ်လျူရှုထားပြီး ထိုးဖောက်နိုင်သည့် သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့ကို အသုံးပြုနိုင်သည့် ဝမ်ပေါင်လဲ့လို မဟုတ်ကြပေ။

ထို့ကြောင့် ထို ၃ဦးရောက်မလာခင် နည်းလမ်းတစ်ခုရှိလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့ကို ဖိနှိပ်ထားဖို့ဖြစ်သည်။

သူတို့က အမှောင်ဂိုဏ်းနှင့် မဟာလက်ဝဲတာအိုနယ်မြေတို့ မရောက်ရှိခင် ဝမ်ပေါင်လဲ့ကို ဖိနှိပ်ထားခြင်း သို့မဟုတ် ဒဏ်ရာရအောင် လုပ်နိုင်ပါက အဆုံးမဲ့မျိုးနွယ်၏ ကပ်ဘေးအား ဖြေရှင်းဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်တော့ပေ။

ပြောရလျှင် ခေါင်းဆောင်ကြီးက မရှိသော်လည်း သူ့အဟန့်အတားက ရှိနေဆဲ ဖြစ်၏။

ကျိကျားနှင့် တခြားသူနှစ်ယောက်၏ အတွေးထဲ ထိုအရာ ပေါ်ထွက်လာစဥ် သုံးယောက်လုံးက အားကုန်သုံးလျက် ဝမ်ပေါင်လဲ့ဆီ ချီတက်သွားကြသည်။ ထိုစဥ် ဝမ်ပေါင်လဲ့က အရာအားလုံးကို သုံးသပ်ထားပြီးသား ဖြစ်၏။ သူက မျက်မှောင်ကြုတ်ကာ နောက်ဆုတ်လိုက်ပြီး နတ်ဧကရာဇ် ၃ယောက်နှင့် ထိပ်တိုက်ရင်မဆိုင်ခဲ့ပေ။

ပြောရလျှင် ထိုသို့လုပ်ဆောင်ဖို့ရာ မလိုအပ်ပေ။

သူ လုပ်ဖို့လိုအပ်သည်က အချိန်ဆွဲထားဖို့သာ ဖြစ်၏။ ဝမ်ပေါင်လဲ့က နောက်ဆုတ်ရင်းဖြင့် လရိပ်ပညာရပ်ကို အသက်သွင်းကာ တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်လိုက်သည်။ သူ့ခြေထောက်အောက် လှိုင်းတွန့်များ ပေါ်ထွက်လာပြီး အချိန်တာအိုက ထွက်ပေါ်လာကာ အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားခဲ့သည်။

ကျိကျား၊ ကွမ်းမင်နှင့် တိရှန်းတို့ကလည်း သူ့နောက်မှ လိုက်လာကာ အချိန်မြစ်ကြောင်းအတွင်း လိုက်လံဖမ်းဆီးကြ၏။

အဆုံးမဲ့မျိုးနွယ်၏ စကြဝဠာအတွင်း မိုးခြိမ်းသံများ ပဲ့တင်ထွက်နေသည်။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားရင်း ဝမ်ပေါင်လဲ့၊ ကျိကျားနှင့် တခြားသူများက စောင့်ကြည့်နေသူများ၏ အမြင်အောက်မှ ပျောက်ကွယ်သွားကြသည်။ သို့သော်လည်း အဆုံးမဲ့မျိုးနွယ်တစ်လျှောက် မမြင်နိုင်သည့် စွမ်းအားလှိုင်းများ ဆက်တိုက်ပျံ့နှံ့နေသည်။ အဖက်ဖက်မှ အသံများပဲ့တင်ထွက်နေပြီး စကြဝဠာထဲ အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဤသည်က အဆုံးမဲ့မျိုးနွယ်ဝင်များအား တုန်လှုပ်သွားစေသည့် ကပ်ဘေးပုံရိပ် ဖြစ်၏။ သူတို့၏ စိတ်ထဲ ယောက်ယက်ခတ်နေကာ ကိစ္စများကို ပိုမိုဆိုးဝါးစေသည့် မြင်ကွင်းတစ်ခုက အလျှင်အမြန် ထွက်ပေါ်လာခဲ့သည်။ အဆုံးမဲ့မျိုးနွယ် အပြင်ဘက်၌ အသံကျယ်ကြီး ထွက်ပေါ်လာ၏။

အကြောင်းအရင်းကမူ တစ်စုံတစ်ယောက် အပြင်ဘက်တွင် ရှိနေကာ အစီအရင်ကို တိုက်ခိုက်နေခြင်း ဖြစ်၏။

စုစုပေါင်းအားဖြင့် တိုက်ခိုက်သူ ၄ယောက်ရှိပြီး သူတို့က အဖက်ဖက်မှ တိုက်ခိုက်နေကြသည်။ သူတို့က ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးတို့ ဖြစ်၏။ ၄ယောက်သားက အလျှင်အမြန် ရောက်ရှိလာသော်လည်း အစီအရင်က အချိန်တိုအတွင်း ချိုးဖောက်ဖို့ရာ ခက်ခဲလှသည်။ ယခု သူတို့က စွမ်းအားကုန်သုံးလျက် အဆုံးမဲ့မျိုးနွယ် ဝန်းကျင်ရှိ ကာကွယ်ရေး အစီအရင်ကို ပျက်ယွင်းအောင် ကြိုးစားနေကြသည်။

တဖြည်းဖြည်းဖြင့် နာရီဝက်ကုန်ဆုံးသွားလေ၏။ ရုတ်တရက်ဆိုသလို အဆုံးမဲ့မျိုးနွယ် အစီအရင်ရှိ ကြယ်တာရာကောင်းကင်အထက် ဝဲကတော့တစ်ခု ပေါက်ထွက်လာခဲ့သည်။ တိရှန်း၏ ဝိညာဥ်က ထိုနေရာမှ ထွက်ပေါ်လာ၏။ သူ့ဝိညာဥ်က မှေးမှိန်ကာ ပျက်စီးလုနီးပါးဖြစ်နေပြီး အခြေအနေ ဆိုးဝါးနေ၏။ သူက ပျံသန်းထွက်လာရင်း သူ့ဝိညာဥ် ညာဘက်လက်က ပေါက်ကွဲထွက်သွားခဲ့သည်။

သူ  ထွက်လာသည်နှင့် သူရှိနေခဲ့သည့် ဝဲကတော့က ချက်ချင်းဆိုသလို ပျက်စီးသွားသည်။

ဝမ်ပေါင်လဲ့ကလည်း ထိုနေရာမှ ထွက်ပေါ်လာပြီး အခြေအနေ ဆိုးဝါးနေဟန်ပေါ်သည်။ သူ့နောက်တွင် သတ်ဖြတ်ငွေ့ပြည့်နှက်နေသည့် ကျိကျားကလည်း ထွက်ပေါ်လာသည်။ သူကလည်း ဒဏ်ရာရရှိနေသော်လည်း ထိုသူနောက်ကို အပြင်းအထန် လိုက်ဖမ်းနေဆဲသာ ဖြစ်၏။

ကွမ်းမင်ကလည်း ဝဲကတော့မှ ထွက်ပေါ်လာသည်။ သူ ထွက်လာသည်နှင့် သွေးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်က ပြိုလဲသွား၏။ အချိန်မြစ်ကြောင်းအတွင်း ၃ဦးသားက ပူးပေါင်းကာ ဝမ်ပေါင်လဲ့ကို တိုက်ခိုက်ခဲ့ကြသည်။ သူနှင့် တိရှန်းတို့က ဒဏ်ရာပြင်းထန်ပြီး ကျိကျားက တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ဝမ်ပေါင်လဲ့ကလည်း ဒဏ်ရာရရှိခဲ့သည်။

“ဝမ်ပေါင်လဲ့” ကျိကျား၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ပေါက်ထွက်လာကာ သူ့အရှိန်ကို ထပ်မံမြှင့်တင်လိုက်သည်။ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူ့တိုက်ခိုက်စွမ်းရည်က ကျိကျားနှင့် ယှဥ်နိုင်သည်။ သူတို့နှစ်ဦးတည်း တိုက်ခိုက်လျှင် အဆင်ပြေမည် ဖြစ်သော်လည်း ကွမ်းမင်နှင့် တိရှန်းတို့ဖြင့် တစ်ဖက်စောင်းနင်း ဖြစ်သွားရသည်။

သို့သော်လည်း သူက သူတို့ကို နှောင့်နှေးထားနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေ၏။  ဝမ်ပေါင်လဲ့က နောက်ဆုတ်လိုက်တိုင်း ညာဘက်လက်ကို မြှောက်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

“ရေဓာတ်တာအို”

မျက်စိတစ်မှိတ်အတွင်း ရေဓာတ်တာအိုကို ကျင့်ကြံထားသည့် အဆုံးမဲ့မျိုးနွယ်ဝင်အားလုံးက တုန်ယင်သွားကြသည်။ သူတို့၏ တာအိုဆန္ဒက လေထုထဲ စုပ်ယူခံလိုက်ရကာ ဇစ်မြစ်ဆီ စုဝေးသွားသလိုမျိုး ဖြစ်၏။

ဇစ်မြစ်က ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။ သူ့ဒဏ်ရာများက ချက်ချင်းဆိုသလို တစ်ဝက်ကျော် ပြန်လည်ကောင်းမွန်သွား၏။ သူက လက်သီးဆုပ်ကာ ကျိကျားဆီ ထိုးနှက်လိုက်သည်။

သူက တိုက်ခိုက်နေရင်းဖြင့် ထပ်မံ ပြောလိုက်သည်။

“သစ်သားဓာတ်တာအို”

တူညီသည့်အရာ ထပ်မံ ဖြစ်ပွားလာသည်။ ဤတစ်ကြိမ် သစ်သားဓာတ်တာအို စုဝေးလာသည်နှင့် ကြယ်တာရာကောင်းကင်ကြီးက မြေကမ္ဘာအသွင် ပြောင်းလဲသွားဟန်ပေါ်သည်။ အပင်နှင့် သစ်ပင်ပန်းပင်များစွာ ပေါက်ရောက်လာပြီး ဝမ်ပေါင်လဲ့၏ ဒဏ်ရာများက သိသိသာသာ ပြန်လည်ကောင်းမွန်လာသည်။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး လွတ်မြောက်သွား၏။

အဆုံးမဲ့မျိုးနွယ်၏ ကာကွယ်ရေး အစီအရင်က အတော်လေး ပျက်စီးနေသည်။ အင်မတန် အားပျော့လာသည့် နေရာတစ်ခု ရှိလာ၏။ ထိုနေရာက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းနှင့် အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးတို့က ပူးပေါင်းပြီးသည့်နောက်တွင် တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည့် နေရာတစ်ခု ဖြစ်ပေသည်။

“ပင်မခန္ဓာ” ထိုအရာကို မြင်ကာ ကျိကျားက အင်မတန် စိုးရိမ်လာမိသည်။ သူက မနေနိုင်ဘဲ ထပ်အော်လိုက်၏။

ဤတစ်ကြိမ် အဝေးတစ်နေရာရှိ ဂြိုဟ်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝေ့ယန်ကျစ်က မျက်လုံးပွင့်လာခဲ့သည်။

သူက တိုက်ပွဲကွင်းပြင်ရှိ အရာအားလုံးကို စိုက်ကြည့်လိုက်၏။ သူက အစီအရင်ကို ဆက်တိုက် တိုက်ခိုက်နေသည့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းမှ ခေါင်းဆောင်ကြီးကို မြင်လိုက်ရသည်။ ထို့အပြင် အချိန်ဆွဲဖို့ အကောင်းဆုံးကြိုးစားနေသည့် ဝမ်ပေါင်လဲ့ကိုလည်း မြင်လိုက်ရ၏။ သူသာ တိုက်ခိုက်ပါက သူ့ပစ်မှတ်သည် ဝမ်ပေါင်လဲ့ ဖြစ်လိမ့်မည်။ သူ့အနေဖြင့် ဝမ်ပေါင်လဲ့ကို သတ်ဖို့ရာ အချိန်တစ်ခု ကြာမြင့်နိုင်သော်လည်း ဒဏ်ရာပေးဖို့ရာအတွက် အသေးအဖွဲ့ကိစ္စသာ ဖြစ်၏။

အကယ်၍ သူသာ လုပ်လိုက်လျှင် ချန်ရှင်းက ချက်ချင်း ပေါ်ထွက်လာကာ သူ့ကို တိုက်ခိုက်လိမ့်မည်။

သူက ဤတိုက်ပွဲကို စောင့်မျှော်နေသော်လည်း သူ လိုချင်သည်က ချန်ရှင်းသည် ကျရှုံးနိုင်ချေ မရှိဘူးဟု တွေးမိစဥ် တိုက်ခိုက်ဖို့ ရွေးချယ်လိုက်ခြင်းကို ဖြစ်၏။ သူက ဖိအားပေးခံရ၍ တိုက်ခိုက်လိုက်ရခြင်းကို မဟုတ်ပေ။

ထိုအခြေအနေ ၂ခုက ကွဲပြားသည့် အဓိပ္ပာယ်များ ရှိနေသည်။

“ချန်ရှင်းက ပိုမိုယုံကြည်ချက် ရှိဖို့အတွက်ဆိုရင် အဆုံးမဲ့မျိုးနွယ်ဝင်တွေကို ဂရုမစိုက်နိုင်တော့ဘူး။” ဝေ့ယန်ကျစ်၏ မျက်ဝန်းက အေးစက်ကာ စိတ်ခံစားချက် ကင်းမဲ့နေသည်။ သူက မျက်လုံးကို ထပ်မံ မှိတ်လိုက်၏။

ကျိကျားက အတော်လေး စိတ်ပျက်နေမိသည်။ သူက ခါးသီးစွာ ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အလင်းရောင်ဖြင့် တောက်ပလာ၏။ ထိုအလင်းရောင်က ပိုမိုတောက်ပသထက် တောက်ပလာသည်။ သူ့ခန္ဓာကိုယ်က အလျှင်အမြန် ညှိုးနွမ်းခြောက်ကပ်သွား၏။

သူက သူ့စွမ်းအားကို ကျော်လွန်နိုင်သည့် နတ်ဘုရားစွမ်းရည်တချို့ကို ထုတ်သုံးလိုက်ဟန်ပေါ်သည်။ သူက အားကောင်းသည့် မန္တန်အတွက် အသက်ဓာတ်ဖြင့် လဲလှယ်လိုက်ရလေသည်။ ဝမ်ပေါင်လဲ့၏ စိတ်ထဲ အန္တရာယ် ခံစားနှုန်း မြင့်တက်လာကာ သူက တုံ့ဆိုင်းခြင်း မရှိဘဲ အချိန်မြစ်ကြောင်းအတွင်း ထပ်မံ ဝင်ရောက်လိုက်၏။

သို့သော် သူ ဝင်ရောက်လိုက်သည်နှင့် ကျိကျားက ညာဘက်လက်ကို​ မြှောက်လိုက်သည်။ သူ့ညာဘက်လက်တစ်ခုလုံးက ပေါက်ကွဲထွက်သွားပြီး သွေးနှင့် အသားတို့က အဖက်ဖက်သို့ ပျံ့နှံ့သွားကာ အသွေးအသားတို့ဖြင့် ပြုလုပ်ထားသည့် ပုဆိန်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ ထိုပုဆိန်လှံရှည်က ဝမ်ပေါင်လဲ့ထံ ဦးတည်နေ၏။

ထိုအရာက မြန်ဆန်လွန်းသည့်အတွက် အချိန်ကို ထိုးဖောက်ကာ အချိန်မြစ်ကြောင်းဆီ ကျရောက်လာသည်။ ကြယ်တာရာကောင်းကင်အထက် အသံကျယ်ကြီး ပဲ့တင်ထွက်သွား၏။ အချိန်မြစ်ကြောင်း၏ တစ်စိတ်တစ်ပိုင်းက ပျက်စီးသွားကာ ဝမ်ပေါင်လဲ့၏ ပုံရိပ်က နောက်ဆုတ်နေရင်း ပေါ်ထွက်လာပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

ကျိကျား၏ မျက်ဝန်းအထက် သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာကာ သူက လိုက်လံဖမ်းဆီးတော့မည် ဖြစ်၏။

အန္တရာယ်က ကျရောက်တော့မည့်ဆဲဆဲတွင် အဝေးမှ အသံကျယ်ကျယ် တစ်သံ ထွက်ပေါ်လာခဲ့သည်။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တခြားသူများ၏ တိုက်ကွက်ကြောင့် အားနည်းသွားသည့် အဆုံးမဲ့မျိုးနွယ်၏ ကာကွယ်ရေး အစီအရင်ရှိ အားနည်းသော နေရာက ပြိုလဲပျက်စီးသွားခဲ့သည်။

All Chapters