← Chapters

ရွှမ်ဟွား ပြန်ရောက်လာခြင်း

Vol. 90 Ch. 1246

ရွှမ်ဟွား ပြန်ရောက်လာခြင်း

Vol. 90 Ch. 1246

အဆုံးမဲ့မျိုးနွယ်၏ အတွင်းနေရာအတွင်း ပြန့်ကျဲသွားသည့် ပုံရိပ်ယောင် အပိုင်းအစများစွာ ရှိနေသည်။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အဆုံးမဲ့မျိုးနွယ်၏ နေရာအတွင်း ဝင်ရောက်လာသည့် ပထမဦးဆုံး လူ ဖြစ်၏။ သူ ရောက်ရှိလာသည်နှင့် သူက အားပါးတရ ရယ်မောလိုက်သည်။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အရပ်မြင့်ကာ ခပ်ထွားထွားလူကြီးတစ်ဦး ဖြစ်၏။ သူက တစ်ခေါင်းလုံး ဖြူစွတ်နေသော်လည်း သူ့အရှိန်အဝါက အင်မတန် အားကောင်းလှသည်။ သူ့သွေးနှင့် ချီတို့က ခန္ဓာကိုယ်အနှံ့ စီးဆင်းနေပြီး သူ့တာအိုက သူ့အပြင်ရုပ်ခန္ဓာနှင့် ပတ်သက်နေကြောင်း သိသာလှသည်။ သူက ကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ ခက်ထန်သည့် သားရဲတစ်ကောင်က လူသားအသွင် ပြောင်းထားသလို ဖြစ်နေသည်။

“တာအိုရောင်းရင်းဝမ် ကျုပ် ရောက်လာပြီ” ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ရယ်မောရင်းဖြင့် ကျိကျားဆီ ပြေးဝင်သွားသည်နှင့် ညာဘက်လက်ကို မြှောက်ကာ ဆွဲယူသည့် အမူအရာမျိုး လုပ်ဆောင်လိုက်၏။ ချက်ချင်းဆိုသလို သူ့လက်ဝါးရှေ့တွင်ရှိသည့် အာကာပြင်က ပျက်စီးသွားကာ ဧရာမဆူးချွန်တုတ်တစ်ချောင်း ထွက်ပေါ်လာခဲ့၏။ ထိုအရာက ကြယ်တာရာကောင်းကင်ထဲ ထိုးဖောက်လာသလိုမျိုး ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းက ထိုအရာကို ထိုအရာကို ဆွဲကိုင်ကာ ကျိကျားဆီ ဝှေ့ယမ်းလိုက်သည်။

“ကျိကျား ငါ့တုတ်ကို မြည်းကြည့်လိုက်”

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အရှိန်အဝါက ကြီးမားလွန်းပြီး ဝမ်ပေါင်လဲ့၏ အကြည့်များက ထူးဆန်းသည့် အလင်းရောင်ဖြင့် တောက်ပသွားလေသည်။ သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏တာအိုသည် ခွန်အားတာအို ဖြစ်ကြောင်း ပြောနိုင်လေ၏။

ထို့ကြောင့် သူသည် အဟုန်ကို သုံးကာ နောက်ဆုတ်လိုက်သည်။

ကျိကျား၏ အမူအရာက ပျက်ယွင်းနေ၏။ သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးသည် သူ့ကို အရှက်ခွဲနေကြောင်း ခံစားမိသည်။

ဤသည်က ဆူးချွန်များဖြင့် ကာရံထားသည့် ဆူးချွန်တုတ်ကြောင့်လည်း ဖြစ်၏။ ထိုအရာက အင်မတန် ခက်ထန်ကာ သွေးဆာသည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။ ထိုနေရာဝန်းကျင်တွင် သေပြီးသော ဝိညာဥ်မြောက်များစွာ ရစ်ပတ်နေပြီး စူးစူးဝါးဝါး အော်ဟစ်နေကြသည်။ တကယ်တော့ ထိုအရာဖြင့် ရိုက်ချလိုက်သည့်အခါ ကြယ်တာရာကောင်းကင်ကြီးက အလွယ်တကူ ပြိုလဲသွားနိုင်သည်။ ထိုအရာထဲတွင် အံ့အားသင့်လောက်ဖွယ် တာအိုးစည်းချက် ပါဝင်နေသည်။

ထိုအခိုက်အတန့်တွင် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး ရောက်ရှိလာသည်နှင့် ကျိကျားက အားကုန်သုံး၍ တိုက်ခိုက်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ တစ်ချိန်တည်းဆိုသလို အမှောင်ဂိုဏ်း၏ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးလည်း အဆုံးမဲ့မျိုးနွယ်ထဲ ဝင်ရောက်လာကြသည်။ သူတို့ရောက်ရှိသည်နှင့် အမှောင်ဂိုဏ်း၏ တာအိုအငွေ့အသက်က အပြင်းအထန် ထွက်ပေါ်လာကာ ကျိကျားဆီ ပြေးဝင်တော့မည် ဖြစ်၏။ သို့သော်လည်း နောက်အခိုက်အတန့်လေးတွင် လေဟာနယ်ထဲ စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာကာ အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို ရောက်ရှိလာခဲ့သည်။

ဧရာမရွှေရောင် နွားချေးပိုးကောင်က အမှောင်ဂိုဏ်းမှ လူ ၃ယောက်ထံ ပြေးဝင်လာသည်။

ကွမ်းမင်ကလည်း အံကြိတ်ကာ တိုက်ခိုက်လိုက်၏။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ကျိကျားတို့ တိုက်ပွဲက အတော်လေး ပြင်းထန်လှသည်။

ကျိကျားက ယခင် ဝမ်ပေါင်လဲ့နှင့် တိုက်ပွဲအတွင်း ဒဏ်ရာရကာ စွမ်းအားအမြောက်အမြား သုံးစွဲခဲ့ရသော်လည်း သူက စောစောလေးက ဝှက်ဖဲကို ထုတ်သုံးခဲ့သည်။ ယခုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေလေ၏။ သူက စွမ်းအားကို ထုတ်သုံးဖို့ လက်တစ်ဖက်ကိုပင် စတေးခဲ့သည်။ သူ့ခေါင်းသုံးလုံး အဆုံးမဲ့မျိုးနွယ်ဝင် ခန္ဓာက သူ့ကို စွမ်းအားပိုမိုထောက်ပံ့ပေးထားသည်။

ယခုအခိုက်အတန့်တွင် သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်နေ၏။

တိုက်ပွဲတစ်ခုလုံးက ပြင်းထန်လှပြီး အဆုံးမဲ့မျိုးနွယ်၏ အလယ်ပိုင်းအထိ ရောက်ရှိသွားခဲ့သည်။ တုန်ခါလှိုင်းများက ပျံ့နှံ့သွားပြီး အဆုံးမဲ့မျိုးနွယ်၏ ဂြိုဟ်ကလည်း သက်ရောက်ခံလိုက်ရသည်။

ဝမ်ပေါင်လဲ့ကလည်း ခန္ဓာကိုယ် တုန်ယင်သွား၏။ သူက အနည်းငယ် ထိန်းညှိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ အသက်ရှိုက်စာ အနည်းငယ် ကြာပြီးသည့်နောက်တွင် သူက ပြေးထွက်လာ၏။ သူက တိုက်ပွဲကွင်းပြင်အတွင်း ဝင်ရောက်သွားခြင်း မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်၏ ပြင်ပဂြိုဟ်ရှိရာဆီ ခြေချလိုက်သည်။

အဆုံးမဲ့မျိုးနွယ် နေထိုင်ရာ ကြယ်တာရာကောင်းကင်ထဲ ဂြိုဟ်များစွာ ရှိ၏။ ပင်မဂြိုဟ်များစွာလည်း ရှိနေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ ဦးတည်ချက်က ရှင်းလင်းလှသည်။ သူက စိတ်နှလုံးသား၏ အလိုတိုင်း ပင်မဂြိုဟ်တစ်ခုဆီ အလျင်အမြန် ချဥ်းကပ်သွား၏။

ထိုနေရာက ရွှမ်ဟွား သီးသန့်ကျင့်ကြံနေသည့် နေရာ ဖြစ်ပေသည်။

သူတို့က ပြီးဆုံးသွားပြီဖြစ်သည့်အတွက် ဝမ်ပေါင်လဲ့အတွက် ရွှမ်ဟွားကို လွှတ်မပေးနိုင်တော့ပေ။ သူက စကြဝဠာအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ သူက ဝမ်ပေါင်လဲ့အတွက် အနည်းငယ် အားနည်းကောင်း အားနည်းနိုင်သော်လည်း နတ်ဧကရာဇ်တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်က အသုံးဝင်နေဆဲသာဖြစ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့က အင်မတန် မြန်ဆန်လှသည်။ သူက အသံကျယ်ကြီးနှင့်အတူ ရွှမ်ဟွားရှိရာ ပြင်ပဂြိုဟ်အတွင်း ဝင်ရောက်သွားခဲ့သည်။ အဆုံးမဲ့မျိုးနွယ်၏ ကျင့်ကြံသူများနှင့် ခုခံမှုတို့ကိုမူ နည်းနည်းလေးမှ ဝမ်ပေါင်လဲ့ကို မတားဆီးနိုင်ပေ။ အစီအရင်များက ဝမ်ပေါင်လဲ့ကို အသက်ဆယ်ရှိုက်စာမျှသာ နှောင့်နှေးထားနိုင်ခဲ့သည်။

သူက တောင်ပေါ် ရောက်ရှိလာသည့်အခါ တောင်က အသံကျယ်ကျယ်မြည်ပြီး သူ့ခြေထောက်အောက်တွင် လှုပ်ခတ်သွားခဲ့သည်။ တောင်တစ်ခုလုံးက အမှုန့် ဖြစ်သွားလေ၏။ လှိုင်းတွန့်များက ထွက်ပေါ်လာကာ မြေကြီးကိုပင် တုန်ခါသွားစေသည်။ လေထဲတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က နေရာတစ်ခုကို လှမ်းကြည့်လိုက်၏။

“ရွှမ်ဟွား ငါ့ကို ဘာလို့ လာမတွေ့ရတာလဲ”

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ဂြိုဟ်ပေါ် ဆင်းသက်လိုက်သည်နှင့် အစီအရင်အတွင်း တင်ပျဥ်ခွေထိုင်ကာ အလင်းဒိုင်းကာ ဝန်းရံထားလျက် သူ့စိတ်နတ်ဆိုးကို ဖိနှိပ်ဖို့ ကြိုးစားနေသည့် ရွှမ်ဟွားက  ရုတ်ချည်းဆိုသလို သူ့ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားခဲ့၏။

အစီအရင်က အပြည့်အဝ အသက်ဝင်လာကာ အလင်းတန်းများက နတ်ဘုရား အသိစိတ်ကို တားဆီးပေးထားသည်။ ထိုအရာက ကျိကျားနှင့် ကွမ်းမင်တို့က သူတို့ ထွက်မသွားခင် ချထားပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ရွှမ်ဟွားသည် သူ့ကိုယ်သူ ဖိနှိပ်ထားနိုင်ရုံမျှသာ ဖြစ်၏။ သို့သော်လည်း ယခုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်နတ်ဆိုးက အပြင်းအထန် ပေါက်ထွက်လာခဲ့သည်။

ရွှမ်ဟွား၏ ခန္ဓာကိုယ်အထက် အပြာရောင်သွေးကြောများ ထွက်ပေါ်လာကာ သူက နာကျင်စွာ ရုန်းကန်နေရဟန်ပေါ်သည်။ သူ့ဒွါရခုနှစ်ပေါက်မှ အနက်ရောင်မြူခိုးများစွာ ထွက်ပေါ်လာပြီး သူ့အနား ရစ်ပတ်နေသည်။

“ငါ မလုပ်” သူက အံကြိတ်ကာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်နေသော်လည်း သူက ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေဆဲ ဖြစ်၏။ သူ့အောက်တွင် အစီအရင်၏ အလင်းတန်းနှင့် ဒိုင်းကာ၏ အလင်းတန်းတို့က ပိုမိုဝင့်စွားစွာ တောက်ပနေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့၏ ပါးစပ်မှု စကားများ ထွက်ပေါ်လာသည်နှင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ရွှမ်ဟွား၏ အတွင်းဘက်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသလိုမျိုး အနက်ရောင်မြူခိုးများက ပုံရိပ်တစ်ခုအသွင် ပေါ်ထွက်လာသည်။

ဤသည်က ဝမ်ပေါင်လဲ့ မဟုတ်ဘဲ ရွှမ်ဟွား၏ မျက်နှာသာ ဖြစ်၏။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့၏ အငွေ့အသက်ကို ထုတ်လွှင့်နေသည်။ တိတိကျကျပြောရလျှင် ထိုအနက်ရောင်ပုံရိပ်က ရွှမ်ဟွား၏ စိတ်နတ်ဆိုး ဖြစ်၏။

စိတ်နတ်ဆိုးက အားပါးတရ ရယ်မောလိုက်သည်။

ထိုအရာက ရယ်မောပြီးသည့်နောက်တွင် ရွှမ်ဟွား၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်သွား၏။ ရွှမ်ဟွားက ရပ်တန့်ဖို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အသုံးမဝင်ပေ။ ခေတ္တမျှကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရုတ်ချည်းဆိုသလို ငြိမ်ကျသွားသည်။ သူက ခေါင်းကို ငုံ့ကာ မလှုပ်မယှက် ကျန်ရှိနေ၏။

အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးသည့်နောက်တွင် ရွှမ်ဟွားက ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ သူ့မျက်ဝန်းများက ကြည်လင်နေ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် သူ့ဝန်းကျင်ရှိ ဒိုင်းကာက ပြိုလဲသွားခဲ့သည်။ သူ့ဝန်းကျင်ရှိ အစီအရင် မန္တန်တို့ကလည်း ပျက်စီးသွားခဲ့၏။ သူက အနှောင်အဖွဲ့များမှ လွတ်မြောက်သွားသလိုဖြစ်ကာ ရွှမ်ဟွားက အင်္ကျီကို ခါလိုက်ပြီး ထရပ်လိုက်သည်။

“ဒီလိုမှန်း သိခဲ့ရင် ခါးခါးသီးသီး ရုန်းကန်နေခဲ့မှာ မဟုတ်ဘူး။ ဖြစ်ချင်တော့ မဟာတာအိုနဲ့ ပေါင်းစည်းလိုက်တာက တကယ်ကို လန်းဆန်းသွားတာပဲ။” ရွှမ်ဟွားက ကျေနပ်စွာ ပြုံးလိုက်သည်။ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ထွက်ပေါ်လာပြီး ဤနေရာမှ ထွက်သွားတော့မည့်ဆဲဆဲတွင် … သို့သော်လည်း နောက်အခိုက်အတန့်၌ အဖက်ဖက်မှ ပုံရိပ်ယောင်သံကြိုးများစွာ ထွက်ပေါ်လာပြီး သူ့ကို ရစ်ပတ်ကာ ထွက်သွားဖို့ တားဆီးထားသည်။

ရွှမ်ဟွား၏ အမူအရာက ပျက်ယွင်းသွားပြီး သူ့ကျင့်ကြံဆင့်ကို ထုတ်ဖော်လိုက်၏။ သူ့စကြဝဠာအဆင့် အရှိန်အဝါက ထွက်ပေါ်လာပြီး သံကြိုးများကို ပျက်စီးသွားစေသည်။ သူရှိနေသည့် လျို့ဝှက်အခန်းကလည်း ချက်ချင်းဆိုသလို ပျက်စီးသွားပြီး သူ့အထက် မိုးကောင်းကင် ထွက်ပေါ်လာ၏။

ရွှမ်ဟွားက ခေါင်းမော့ကာ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူကာ လေထဲ ခုန်တက်လိုက်ပြီး ဝမ်ပေါင်လဲ့ရှိရာ ဦးတည်လိုက်သည်။ သူက ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့နှင့် ခြေလှမ်းထောင်ချီသာ ကွာဝေးတော့သည်။

ရွှမ်ဟွားက ဝမ်ပေါင်လဲ့ဆီ ချက်ချင်း ချဥ်းကပ်မသွားသေးပေ။ သူ ပေါ်ထွက်လာသည်နှင့် သူ့မျက်နှာအထက် အမူအရာက ပိုမိုလေးနက်လာ၏။ သူက အဝတ်အစားကို သေသပ်အောင် ပြင်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

သူက ဝမ်ပေါင်လဲ့နှင့် ခြေလှမ်း ၅၀ မျှသာ ကွာဝေးတော့သည့်အချိန် သူက ရပ်တန့်ပြီး ဝမ်ပေါင်လဲ့ရှေ့မှောက် ဒူးထောက်လိုက်၏။

“ရွှမ်ဟွားက တာအိုသခင်ကို ဝါရဝပြုပါတယ်”

ဝမ်ပေါင်လဲ့က ပြုံးကာ ရွှမ်ဟွားကို ကြည့်လိုက်သည်။

“ဒီတိုက်ပွဲကို ဝင်ရောက်ဆင်နွှဲချင်လား။”

ရွှမ်ဟွားက ခေတ္တမျှ တွေးပြီးသည့်နောက်တွင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ကျုပ်တို့က နှစ်များစွာ တာအိုရောင်းရင်း ဖြစ်ခဲ့ပေမဲ့ အခုလမ်းစဥ်တွေက ကွဲပြားသွားပြီဆိုတော့ တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်ပါဘူး။”

“ကောင်းပြီ” ဝမ်ပေါင်လဲ့က စိတ်လိုလက်ရ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်က ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး ကြယ်စင်များဆီ ဦးတည်လိုက်၏။ ရွှမ်ဟွားကလည်း သူ့နောက်မှ အနီးကပ်လိုက်ပါလာခဲ့သည်။ နှစ်ဦးသားက အလင်းတန်းအသွင် ပြောင်းလဲကာ ကြယ်တာရာများထဲ တိုက်ပွဲကွင်းပြင်ဆီ ရောက်ရှိလာခဲ့၏။

ရွှမ်ဟွား၏ ပေါ်ထွက်လာမှုက တိုက်ပွဲရှိ လူအားလုံးကို မျက်မှောင်ကြုတ်သွားစေသည်။ အထူးသဖြင့် ကွမ်းမင်၊ ကျိကျားနှင့် တိရှန်းတို့ ဖြစ်၏။ သူတို့၏ အမူအရာက အင်မတန် ပျက်ယွင်းနေကြသည်။

All Chapters