ဝေ့ယန်ကျစ်
Vol. 90 Ch. 1247
ရွှမ်ဟွား ရောက်ရှိလာမှုဖြင့် မျှချေမညီသည့် အခြေအနေက ပိုမိုဆိုးဝါးသွားသည်။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတစ်ယောက်တည်းဖြင့် ခန္ဓာကိုယ်လောင်ကျွမ်းစေကာ တိုက်ခိုက်နေရသည့် ကျိကျားအတွက် ခက်ခဲနေပြီ ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူက ဆိုးဝါးသည့် အခြေအနေ ဖြစ်နေသည်။ သူ့ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် တစ်ဝက်ကျော်ကို အသုံးပြုပြီးသွားပြီ ဖြစ်၏။
တိရှန်းနှင့် ကွမ်းမင်တို့ကလည်း အခြေအနေ ပိုမိုဆိုးဝါးနေသည်။ တိရှန်း၏ နတ်ဘုရားဝိညာဥ်က အတော် မှေးမှိန်သွားပြီ ဖြစ်၏။ သူက တိုက်ခိုက်ဖို့ အင်အား မကျန်တော့ပေ။ ဤသည်က ကွမ်းမင်အတွက်လည်း အတူတူသာ ဖြစ်၏။ အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးဖြင့် ရင်ဆိုင်ရသည့်အခါ သူသည် ဒဏ်ရာအပြင်းအထန် ရရှိပြီး သူ့ရုပ်ပိုင်းဆိုင်ရာက ပြိုလဲသွားကာ သူ့ဝိညာဥ်က တိရှန်းနှင့် မကွာခြားတော့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ပြန်ရောက်ရှိလာမှုနှင့် ရွှမ်ဟွားတို့၏ ပေါ်ထွက်လာမှုက ထို ၃ဦးကို တုန်လှုပ်သွားစေသည်။ ရွှမ်ဟွား ရောက်ရှိလာသည်နှင့် သူက ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။ သူ့ပစ်မှတ်က ကွမ်းမင်နှင့် တိရှန်းတို့ မဟုတ်ဘဲ ကျိကျားဆီ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကြောင့် နောက်ဆုတ်နေရသည့် ကျိကျားက ပင်ပန်းနွမ်းနွယ်ကာ တောင့်ခံထားနိုင်ရုံမျှသာ ဖြစ်၏။ ယခုအခါ အင်မတန်အန္တရာယ်များသည့် အခြေအနေကြား ကျရောက်သွားခဲ့သည်။ ရွှမ်ဟွားက သူ့သစ်သားဓာတ်တာအိုကို ချုပ်တည်းမထားဘဲ တာအိုပညာရပ်နှင့် နတ်ဘုရားစွမ်းရည်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေသည်။
အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးက ကွမ်းမင်နှင့် တိရှန်းတို့ကို လျစ်လျူရှုထားလေ၏။ သူတို့ကလည်း အဖက်ဖက်မှ ကျိကျားဆီ ပြေးဝင်လာကြသည်။ ကျိကျား၏ မျက်ဝန်းအထက် မျှော်လင့်ချက် ကုန်ဆုံးမှုများဖြင့် ပြည့်နှက်နေသည်။ အကြောင်းအရင်းက ဝမ်ပေါင်လဲ့သည် မလှုပ်ရှားသေး၍ ဖြစ်သည်။ သူက ထိုနေရာတွင် ရပ်နေပြီး သူ ထုတ်လွှင့်နေသည့် အရှိန်အဝါအရ ကျိကျားကို ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ပေ။
“ပင်မခန္ဓာ”ဤအရေးကြီးသည့် အခိုက်အတန့်တွင် ကျိကျားက ခါးသီးစွာ ပြုံးလိုက်မိသည်။ သူက ခေါင်းလှည့်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူက အဆုံးမဲ့မျိုးနွယ်၏ သေရေးရှင်ရေးထက် ဘယ်အရာက အရေးပါနေလဲ နားမလည်နိုင်ပေ။ သူက ယနေ့ သူ့အစစ်အမှန်ကိုယ်သာ မဆင်းသက်လာသရွေ့ သူ သေဆုံးသွားသည့်အခါ အဆုံးမဲ့မျိုးနွယ်သည်လည်း ဤစကြဝဠာမှ ပျောက်ဆုံးသွားနိုင်ချေရှိကြောင်း သိလိုက်သည်။
မဟာဒိဋ္ဌိနယ်မြေ၊ မဟာလက်ဝဲတာအိုနယ်မြေနှင့် အမှောင်ဂိုဏ်းမှ ရန်သူများ ချဥ်းကပ်လာပြီ ဖြစ်၏။ သူတို့ ရောက်ရှိဖို့ရာ အချိန်တစ်ခု ကြာမြင့်ဦးမည်ဖြစ်သော်လည်း အရမ်းကြီး ကြာမြင့်မည် မဟုတ်ပေ။ သူတို့ ရောက်ရှိလာသည်နှင့် အဆုံးမဲ့မျိုးနွယ်၏ အရိပ်အယောင်အားလုံးက ရှင်းထုတ်ခံလိုက်ရလိမ့်မည်။
ထိုအရာကို မြင်ကာ ဝမ်ပေါင်လဲ့က အာရုံစိုက်ထားလိုက်သည်။ သူ့ကျင့်ကြံဆင့်က နေရာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွား၏။ အကယ်၍ အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးသာ ပေါ်ထွက်လာပါက နောက်အခိုက်အတန့် ဖြစ်နိုင်သည်။
ဝမ်ပေါင်လဲ့၏ အတွေးများက ပေါ်ထွက်လာစဥ် ကျိကျား၏ အသံကလည်း ပိုမိုစူးရှလာသည်။ သူက သွေးအန်လိုက်ရ၏။ သူ့နဂို ခေါင်းသုံးလုံး လက်ခြောက်ဖက်က ယခုအခါ ခေါင်းတစ်လုံးနှင့် လက်တစ်ဖက်သာ ကျန်ရှိတော့သည်။ တခြားသော ခေါင်းနှစ်လုံးနှင့် လက်ငါးဖက်ကမူ ပျက်စီးသွားပြီဖြစ်၏။ သူ့ကျင်ကြံဆင့်ကလည်း မထိန်းချုပ်နိုင်လောက်အောင် ကျဆင်းသွားခဲ့သည်။ သူက အလယ်အလတ် စကြဝဠာအဆင့် မဟုတ်တော့ဘဲ အစောပိုင်းအဆင့်သို့ ရောက်ရှိသွား၏။
ရလဒ်အနေဖြင့် သူ့အနေဖြင့် တောင့်ခံထားဖို့ အင်မတန် ခက်ခဲလှသည်။ အသက်ရှိုက်စာ အနည်းငယ်အတွင်း တုန်လှုပ်လောက်သည့် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ကျိကျား၏ ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားပြီး သူ့နတ်ဘုရားဝိညာဥ်က လွတ်မြောက်ဖို့ ခက်ခဲနေဟန်ပေါ်သည်။ သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂို္ဏ်း ခေါင်းဆောင်ကြီးမှ ဆွဲယူမှုကို ခံရတော့မည့်ဆဲဆဲတွင် ….
သို့သော်လည်း ထိုအခိုက်အတန့်၌ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံထဲတွင် ကူကယ်ရာမဲ့မှုဖြင့် ပြည့်နှက်နေသည်။
ထိုသက်ပြင်းချသံ ပဲ့တင်ထွက်လာသည်နှင့် ကြယ်တာရာကောင်းကင် တစ်ခုလုံးက ပုံပျက်သွားပြီး ဧရာမလက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက ကြည်လင်နေပြီး ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တခြားသူများ ဝန်းကျင်တွင် ပေါ်ထွက်လာသည်။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အမူအရာ ပျက်ယွင်းသွားပြီး ကျင့်ကြံဆင့်ကို အပြည့်အဝ ထုတ်သုံးလိုက်သည်။ သူက ယခင်ထက် ၃၀ရာခိုင်နှုန်းလောက် ပိုမိုအားကောင်းနေ၏။ ယခင် ကျိကျားနှင့် တိုက်ခိုက်စဥ်အခါက စွမ်းအားကုန်ထုတ်မသုံးခဲ့မှန်း သိသာလှသည်။ အမှောင်ဂိုဏ်းမှ ကျင့်ကြံသူ ၃ဦးကလည်း အတူတူသာဖြစ်၏။ သူတို့ တစ်ဦးချင်းစီက ယခင်ထက် ကျော်လွန်သည့် စွမ်းအားကို ပြသလာပြီး အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။
အားလုံးက နောက်ဆုတ်ရင်း ဧရာမလက်ကြီးက ကျိကျားနှင့်အတူ ကွမ်းမင်နှင့် တိရှန်းတို့ကို ဆွဲခေါ်သွားခဲ့သည်။ ထိုဧရာမလက်ကြီးက သူတို့ ၃ယောက်ကို ဆွဲခေါ်သွားပြီးသည့်နောက် ဝေ့ယန်ကျစ်၏ ပုံရိပ်က လေထုထဲ ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ ခြေတစ်လှမ်းချင်းစီဖြင့် သူက ပုံရိပ်ယောင်မှ အစစ်အမှန် ဖြစ်လာခဲ့သည်။
သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တခြားသူများတို့ဖြင့် ပေထောင်ချီ ဝေးကွာလွန်းသည့် အချိန်တွင် ရပ်တန့်လိုက်သည်။ သူ့အမူအရာက ပျက်ယွင်းနေပြီး မျက်ဝန်းအထက် ကူကယ်ရာမဲ့မှုတို့ ရှိနေသည်။ သို့သော်လည်း သူက သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
“မင်းတို့အားလုံး လွန်လွန်းသွားပြီ”
“ဝေ့ယန်ကျစ်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးဘေးနား ပေါ်ထွက်လာ၏။ သူ့ဘေးတွင် ရွှမ်ဟွားနှင့် အမှောင်းဂိုဏ်း ကျင့်ကြံသူ ၃ဦးရှိနေသည်။ သူတို့ ၆ဦးက ဝေ့ယန်ကျစ်ကို သတိထားကာ ကြည့်လိုက်ကြသည်။
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက မသေမျိုးတစ်ယောက်၏ လေထုမျိုးကို ပိုင်ဆိုင်ထားသည်။ သူက ကြယ်တာရာကောင်းကင်အထက် ရပ်တန့်ရင်း ဆံပင်ဖြူများက လေနှင့်အတူ လွှင့်မျောနေ၏။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါ အတက်အကျ မရှိသော်လည်း ဝမ်ပေါင်လဲ့နှင့် တခြားသူများကို အသူရာချောက်နက်နှင့် ရင်ဆိုင်နေရသလိုမျိုး ဖိအားကို ခံစားရစေသည်။
သူ့တည်ရှိမှုက အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် တွင်းနက်ကြီးသဖွယ် ဖြစ်၏။ သူ့အနား ချဥ်းကပ်သွားသည့်သူများက အသက်ဓာတ်၊ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဥ်အားလုံးကို ဝါးမျိုခံလိုက်ရလိမ့်မည်။
“ဒါက မဟာတာအိုရဲ့ ဖိနှိပ်မှုပဲ။ ဒီလူအိုကြီးရဲ့ တာအိုအကြောင်း ငါလည်း ဘာမှမသိဘူး။ တစ်ခါမှ မမြင်ဖူးသေးဘူး။” ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ဝမ်ပေါင်လဲ့ထဲ အသံပို့ဆောင်ကာ ပြောလိုက်သည်။
ဝမ်ပေါင်လဲ့က ခေါင်းအသာညိတ်လိုက်၏။ သူကလည်း ထိုအရာကို ခံစားမိလိုက်သည်။ အတိအကျပြောရလျှင် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို ရင်ဆိုင်သည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ယခင်က အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးသည် သူ့နတ်ဘုရားအာရုံကိုသာ စေလွှတ်ပြီး သတိပေးခဲ့သည်။ ယခုအခါ သူက အစစ်အမှန် ရင်ဆိုင်နေရပြီ ဖြစ်၏။
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးဆီမှ ထွက်ပေါ်လာသည့် ဖိအားက သစ်သားမျိုးစေ့နှင့် ရေဓာတ်မျိုးစေ့တို့ကို တုန်ခါသွားစေသည်။ သို့သော်လည်း နောက်တစ်ခုနှင့်ယှဥ်ပါက ရှေ့တစ်ခုက ပြန်လည်ခုခံနိုင်စွမ်းရှိဟန်ပေါ်သည်။
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးရဲ့ မဟာတာအိုက ငါ့ရဲ့ ရေဓာတ်တာအိုကို ဖိနှိပ်ထားနိုင်ပေမဲ့ သစ်သားဓာတ်တာအိုကိုတော့ မဖိနှိပ်ထားနိုင်ဘူး။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို အကဲခတ်နေသည်။ သူ့စိတ်ထဲ၌ တစ်ဖက်လူ ကျင့်ကြံသည့် တာအိုအကြောင်း စဥ်းစားနေ၏။
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးကို စိုက်ကြည့်နေစဥ် ထိုသူက သူတို့ ၆ယောက်လုံးကို ပြန်ကြည့်လာခဲ့သည်။ သူ့အကြည့်က အမှောင်ဂိုဏ်း ကျင့်ကြံသူ ၃ဦးကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့ထံ အနည်းငယ် ရပ်တန့်သွားခဲ့သည်။ သူတို့ကြားတွင် ဝမ်ပေါင်လဲ့က အကြာဆုံး ဖြစ်၏။
“သစ်သားဓာတ်တာအိုနဲ့ ရေဓာတ်တာအို သူတို့က မင်းရဲ့ ခန္ဓာကိုယ်ပေါ်က အမှောင်ဂိုဏ်း အမှတ်အသားကို မဖုံးကွယ်နိုင်ဘူး။ ဝမ်ပေါင်လဲ့ မင်းကို တာအိုသခင်လို့ ခေါ်ရမလား ဒါမှမဟုတ် အမှောင်ဂိုဏ်းရဲ့ အမှောင်ကလေးငယ်လို့ ခေါ်ရမလား။” အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက သက်ပြင်းချကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အဲဒါက ကွဲပြားချက် ရှိလို့လား။ ဘာပဲဖြစ်ဖြစ် အဲဒါနဲ့ယှဥ်လိုက်ရင် ကျုပ်တို့က လူကြီးမင်း ဝေ့ယန်ကျစ်ရဲ့ တာအိုအကြောင်းကို ပိုသိချင်ပါတယ်” ဝမ်ပေါင်လဲ့ကလည်း ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။ သူ့အမူအရာက အပြောင်းအလဲမရှိ တစ်သမတ်တည်း ကျန်ရှိနေ၏။ သူ တစ်ယောက်တည်းသာ ဤသို့ခံစားရခြင်း မဟုတ်ပေ။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းနှင့် အမှောင်ဂိုဏ်း ကျင့်ကြံသူ ၃ဦးတို့ကလည်း အတူတူ ခံစားနေရသည်။ ဝမ်ပေါင်လဲ့၏ ဇစ်မြစ်က လျို့ဝှက်ချက် မဟုတ်ကြောင်း သိသာလှ၏။
“ငါ့ရဲ့တာအို …” ဝေ့ယန်ကျစ်က ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် အဝေးတစ်နေရာကို ကြည့်လိုက်ဟန်ပေါ်သည်။ သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
“မင်းကိုယ်တိုင် မြည်းစမ်းကြည့်လိုက်ပေါ့”
သူက ပြောလိုက်ရင်း ဝေ့ယန်ကျစ်က ညာဘက်လက်ကို မြှောက်လိုက်သည်။ သူက ဝမ်ပေါင်လဲ့နှင့် တခြားသူများထံ ရိုက်ချလိုက်ဟန်ပေါ်၏။
သို့သော်လည်း သူ ရိုက်ချလိုက်သည်နှင့် ကြယ်တာရာကောင်းကင်က တုန်ခါသွားကာ တစ်ကမ္ဘာလုံးအနှံ့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထိုပေါက်ကွဲသံများ ထွက်ပေါ်လာသည်နှင့် ကြယ်တာရာကောင်းကင်က အထပ်ထပ်ဖြစ်သွားကာ အာကာပြင်အလွှာများက ရုတ်ချည်း ဆင်းသက်လာသလိုမျိုးဖြစ်ပြီး နေရာအားလုံးကို ဖိနှိပ်ထားလေသည်။
ထိုအရာက အာကာပြင် အလွှာတစ်ခုတည်းသာ မကပေ။ ထိုအခိုက်အတန့်တွင် အလွှာများက တစ်ခုပြီးတစ်ခု ကျဆင်းလာ၏။ မျက်စိတစ်မှိတ်အတွင်း အလွှာ ၃၀ကျော် ရှိနေသည်။
ကြယ်တာရာကောင်းကင် ၃၀ကျော်က ပုံစံမရှိဘဲ ဤစကြဝဠာထဲ ဆင်းသက်လာသလိုမျိုး ဖြစ်၏။ သူတို့က တစ်ခုနှင့် တစ်ခု ထပ်နေသည့်အခါ သူတို့က မဖော်ပြနိုင်လောက်ဖွယ် ဖိညှစ်အားကို ထုတ်လွှင့်လာခဲ့သည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးစုတ်ဖြဲပစ်နိုင်ဟန်ပေါ်၏။
ပထမ သက်ရောက်ခံရသည့်သူက အမှောင်ဂိုဏ်းမှ ကျင့်ကြံသူ ၃ဦး ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ အမှောင်သူတော်စင် ပါးစပ်မှ သွေးအန်လိုက်ရပြီး အရိုးဧကရာဇ် ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးတစ်ယောက်၏ ခန္ဓာကိုယ်ကမူ ပေါက်ကွဲထွက်သွားပြီး အလျှင်အမြန် ပြန်လည်ဖွဲ့စည်းပုံပေါ်လာသော်လည်း သူက ပိုမိုအားနည်းသွားကြောင်း သိသာလှသည်။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာကလည်း ပြောင်းလဲသွား၏။ သူက ကျင့်ကြံဆင့် စွမ်းအားအကုန်ထုတ်ကာ ခုခံနေရသည်။
ဝမ်ပေါင်လဲ့က သူ့ဝိညာဥ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်ကျရောက်လာသည့် အဆုံးမဲ့စွမ်းအားကို ခံစားမိနေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ရေဓာတ်တာအိုမျိုးစေ့က လှုပ်ခတ်သွားကာ သစ်သားဓာတ်တာအိုမျိုးစေ့၏ မာကျောမှုက ကောင်းကင်အထက် ထွက်ပေါ်လာပြီး သူ့ကို ထောက်ပံ့ပေးထားသည်။
“အာကာပြင်တာအို” ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အံကြိတ်ကာ ရေရွတ်လိုက်သည်။