ရောက်ရှိခြင်း
Vol. 90 Ch. 1249
ဧရာမလက်ဝါးကြီးက ကောင်းကင်အထက် ပေါ်ထွက်လာသည်။
ထိုလက်ဝါးမှ စွမ်းအင်မြောက်များစွာ ပေါက်ကွဲထွက်လာ၏။ ထိုအထဲတွင် ကိန်းအောင်းနေသည့် တာအိုက အင်မတန် ပြင်းထန်လှသည်။ ဤသည်က လမ်းတွင်ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိဟန်ပေါ်၏။
အရိုးဧကရာဇ်မှ ဖွဲ့စည်းထားသည့် အရိုးဓားကြီးက ပထမဦးဆုံး ချဥ်းကပ်သွားသည်။ သို့သော်လည်း ထိုအရာက အနီးရောက်သည်နှင့် လက်ဝါးကြီးကို ခုတ်ချလိုက်သည့်အခါ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ အရိုးဓားကြီးက တုန်ခါသွားပြီး အက်ကြောင်းများစွာ ပေါ်ထွက်လာ၏။
စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကြီးက ထိုနေရာနှင့် အနီးဆုံးရှိနေပြီး သင်္ကေတများနှင့် အလောင်းများက ထိုလက်ဝါးကြီးဆီ ဝင်တိုးသွားကြသည်။
ကောင်းကင်အထက် ဧရာမအသံကျယ်ကြီး ထွက်ပေါ်လာပြီး သင်္ကေတမြောက်များစွာ ပြိုလဲပျက်စီးသွားသည်။ အလောင်းများက စူးစူးဝါးဝါးအော်ပြီးသည့်နောက်တွင် အမူန့်ဖြစ်သွား၏။ စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကြီးကိုယ်တိုင်ကပင် ကြေမွလုမတတ် ဖြစ်နေသည်။
အရိုးဧကရာဇ်နှင့် စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကြီးတို့က ဝေ့ယန်ကျစ်၏ ဧရာမလက်ကြီးကို မလှုပ်ခါနိုင်ကြောင်း သိသာလှသည်။ သို့သော်လည်း သူတို့နှစ်ယောက်တည်းသာ ဤတိုက်ပွဲ၌ ဝှက်ဖဲများကို ထုတ်သုံးနေခြင်း မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင် ဆံပင်ရှည်က သူတို့နှင့် နီးကပ်လာသည်။ ထိုအရာက ချက်ချင်းဝင်မတိုက်ဘဲ လက်ကို ရစ်ပတ်ထား၏။ ထို့အပြင် ထိုအရာက လက်ချောင်းတစ်ချောင်းကိုသာ ရွေးချယ်ထားခဲ့သည်။ ဆံချည်မျှင်က အကြိမ်များစွာ တွန့်လိမ်သွားပြီး အားကောင်းသည့် တိုက်စားရေးအငွေ့အသက်တို့ ထုတ်လွင့်လာကာ ထိုလက်ချောင်းပေါ်၌ အနက်ရောင် အစက်အပြောက်များ ပေါ်ထွက်လာစေသည်။
ဝေ့ယန်ကျစ်၏ လက်ဝါးထက်က တုန်လှုပ်ဖွယ်အရှိန်က နောက်ဆုံးတွင် အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦး၏ ပူးပေါင်းမှုအောက်၌ အနည်းငယ် နှေးကွေးသွားခဲ့သည်။
ထိုအရာ နှေးကွေးသွားပြီး အသံကျယ်များ ဆက်တိုက်ထွက်ပေါ်လာသည်နှင့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ တုတ်ချောင်းနှင့် သူ့အနောက်ဘက်၌ အမှတ်အသား ၃၀ကျော် ပေါ်ထွက်လာ၏။ ကောင်းကင်ထဲ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ တုတ်ချောင်းက လက်ဝါးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုနေရာက အမှောင်သူတော်စင် ပစ်မှတ်ထားသည့် လက်ချောင်းသာ ဖြစ်၏။
သူ့နောက်တွင် ရှိနေသည့် အမှတ်အသား ၃၀ကျော်ကလည်း ပုံရိပ် ၃၀ကျော်အဖြစ် ပြောင်းလဲကာ ကျင့်ကြံဆင့်အားလုံးကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်ကြသည်။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက မည်မျှအားကောင်းကြောင်း သိလိုက်ရ၏။ သူက သူ့ကိုယ်ပိုင် စွမ်းအားပေါ် မူတည်ပြီး ဝေ့ယန်ကျစ်၏ လက်ကို အနည်းငယ် နှောင့်နှေးထားနိုင်လိုက်သည်။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက တုန်ယင်သွားပြီး သူ့နဖူးအထက် သွေးကြောများ ထင်းထွက်လာကာ သူ့ကျင့်ကြံဆင့်စွမ်းရည် အားလုံးကလည်း ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်အနှံ့ အက်ကွဲသံများကို ကြားနေရသည်။ သို့သော်လည်း ဝေ့ယန်ကျစ်၏ လက်ကို အပြည့်အဝ ခါမထုတ်နိုင်သေးပေ။ သူ့လက်ညှိုးကသာ အပြင်းအထန် တုန်ယင်သွားပြီး ခရမ်းရောင် လက်ချောင်း ရစ်ပတ်ထားသည့်နေရာက တိုက်စားခံနေရသည်။ ထို့အပြင် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ယခင်ဘဝမှ ပုံရိပ်တစ်ခုက လက်ချောင်းကို ကျိုးလုမတတ် ကွေးချပစ်ခဲ့သည်။
တိုက်ပွဲက အဆုံးမသတ်သေးပေ။ နောက်အခိုက်အတန့်တွင် တည်ရှိဟန်မထင်ရသည့် ရွှမ်ဟွားက ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင် ကြာပွင့်အသွင် ပြောင်းလဲလိုက်သည်။ ထိုအနက်ရောင် ကြာပွင့်က ချက်ချင်းဆိုသလို ခြောက်သွေ့သွားပြီး သေစေလောက်သည့် အဆိပ်ငွေ့များက ဝေ့ယန်ကျစ်၏ တွန့်လိမ်နေသည့် လက်ချောင်းဆီ ရောက်ရှိလာ၏။ ထိုအဆိပ်က ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး လက်ချောင်းကို ပိုမိုဆိုးဝါးသွားစေသည်။
ထိုအရာအားလုံးက အချိန်ခဏအတွင်း ဖြစ်ပျက်ခဲ့၏။ ရွှမ်ဟွားက တိုက်ခိုက်သည့်အချိန် ဝမ်ပေါင်လဲ့ကလည်း သူ့ကူးယူရေးတာအိုမှ ဖွဲ့စည်းထားသည့် အလင်းတာအိုက ချန်ယဲ့ပညာရပ်ဖြင့် ပေါင်းစည်းသွားလေသည်။ နေမင်းက အပြည့်အဝ မြင့်တက်လာပြီး အလင်းတန်းများ ထွက်ပေါ်လာကာ တုန်လှုပ်လုဖွယ် အလင်းပင်လယ်ကို ဖြစ်ပေါ်လာစေသည်။ ထိုအရာက ဝေ့ယန်ကျစ်၏ လက်ဝါးထဲ အမှောင်ထုဆီ ပြေးဝင်သွား၏။
အလင်းပင်လယ်က ယခင်ကထက် ပိုမိုတောက်ပနေ၏။
အဝေးမှ ကြည့်လိုက်လျှင် အလင်းပင်လယ်က အလင်းအရင်းအမြစ်အားလုံးကို လွှမ်းခြုံထားဟန်ပေါ်သည်။ ထိုအရာက အရာအားလုံးကို ဖျောက်ဖျက်ပစ်နိုင်ပြီး ဝေ့ယန်ကျစ်ဆီ စွမ်းအားပြင်းပြင်းဖြင့် တိုးဝင်နေသည်။
ထိုအခိုက်အတန့်၌ အဆုံးမဲ့မျိုးနွယ်တစ်ခုလုံး အသံကျယ်ကြီး ပျံ့နှံ့သွားသည်။ ကြယ်စင်မြောက်များစွာက တုန်ယင်သွားပြီး သက်ရှိများကလည်း နားကွဲလုမတတ် ဖြစ်ကုန်ကြသည်။ ကြယ်တာရာကောင်းကင်ရှိ နယ်မြေအမြောက်အများကပင် စတင်ပြိုလဲလာ၏။ အလယ်ပိုင်း အဆုံးမဲ့မျိုးနွယ်တစ်ခုလုံးအတွက် ကပ်ဘေးက ရောက်ရှိလာသလိုမျိုးဖြစ်နေသည်။
နှစ်ဖက်လုံးက တိုက်ခိုက်နေသည့် နေရာအထက် ဝေ့ယန်ကျစ်၏ လက်ဝါးက ရုတ်ချည်းရပ်တန့်သွား၏။ လက်ဝါးတစ်ခုလုံးက ချက်ချင်းဆိုသလို သန့်စင်လိုက်ဟန်ပေါ်ကာ ရုတ်ချည်းဆိုသလို ကြည်လင်သွား၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ ဝေ့ယန်ကျစ်၏ အေးစက်စက် သရော်သံက ထွက်ပေါ်လာကာ သူ့လက်ဝါးချက်ကို ရုတ်ချည်း လက်သီးအသွင် ဆုပ်လိုက်သည်။
ထိုလက်သီးဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံးက လှုပ်ခတ်သွားကာ အသံများလည်း ထွက်ပေါ်လာသည်။ နေရာမှ မထင်မှတ်ထားဖွယ် ပြိုလဲမှုက ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့က သွေးအန်လိုက်ရသလို သူ့ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေပြီး အသက်စောင့်စွမ်းအားကို ဖျက်ဆီးနေသည့် အားကောင်းကောင်း စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်က မထိန်းချုပ်နိုင်လောက်အောင် နောက်တွန်းပို့ခံလိုက်ရ၏။ သူက သွေးသုံးပွက် အန်လိုက်ရသည်။ ကျေးဇူးတင်စရာကောင်းလှစွာဖြင့် ရေဓာတ်တာအိုက ဖိနှိပ်ခံထားရသော်လည်း ရေစွမ်းအားက ဆက်လက်စီးဆင်းနိုင်ဆဲဖြစ်သည့်အတွက် ဤအရေးကြီးသည့် အခိုက်အတန့်တွင် သူက သတ္တုတာအိုအဖြစ် ပြောင်းလဲလိုက်သည်။
သတ္တုတာအိုက ရေဓာတ်တာအို၏ ခမ်းခြောက်သွားသော စိတ်ဆန္ဒကို ပြန်လည်ဖြည့်တင်းပေးပြီး အသက်ဝင်လာစေသည်။ ထိုအရာက သစ်သားတာအိုကို ထွက်ပေါ်လာစေသည့်အတွက် သူ့အသက်စောင့်စွမ်းအားကို ပြန်လည်ကောင်းမွန်လာစေသည်။ ထိုအခါမှ တုန်လှုပ်ဖွယ်စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ အဆင်ပြေသွား၏။
ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ပိုမိုအခြေအနေ ဆိုးဝါးနေ၏။ သူ့ခန္ဓာကိုယ်က ကြိုးပြတ်တော့မည့် စွန်အလား ဖြစ်နေကာ နောက်လှန်ကျသွားသည်။ သူက သွေး ၇ပွက် ၈ပွက်လောက် အန်ထုတ်လိုက်ရ၏။ သူ့လက်ထဲတွင်ရှိသည့် တုတ်ချောင်းက အမှုန့်ဖြစ်သွားလေပြီ။ သို့သော်လည်း ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက နှစ်များစွာ ကျင့်ကြံလာပြီး အကြိမ်များစွာ ပြန်လည်ဝင်စားဖူးသည့်အတွက် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်၏။ သို့သော် သူ့အနေနှင့် ထူးဆန်းသည့် အရာတစ်ခု ရှိနေသည်။
သူ့ဒဏ်ရာများက အင်မတန်ပြင်းထန်ပြီး သူ့ခန္ဓာကိုယ်ထဲ စွမ်းအားက အသက်စောင့်စွမ်းအားကို ဖျက်ဆီးနေသော်လည်း သူ့မျက်ဝန်း၌ ရက်စက်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ညာဘက်လက်ကို မြှောက်ကာ သူ့မျက်ခုံးအလယ်ကို လက်ညှိုးထိုးလိုက်ပြီး ရိုက်ချလိုက်၏။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က နှစ်ပိုင်း ကွဲထွက်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်အတွင်း နောက်ထပ် ခန္ဓာကိုယ်တစ် ခုရှိနေသည်။ သူက အဝတ်များကို ဝတ်ဆင်လိုက်သလိုမျိုး ပြန်လည်ထွက်ပေါ်လာ၏။ ထိုပုံရိပ်က သိသိသာသာ ငယ်ရွယ်ပြီး သူ့အရှိန်အဝါက အတူတူသာ ဖြစ်၏။ သူက ဒဏ်ရာရရှိထားသော်လည်း မပြင်းထန်ပေ။
ထိုနည်းလမ်းက ဝမ်ပေါင်လဲ့၏ သစ်သားဓာတ် ပြန်လည်ကောင်းမွန်ရေးနှင့် ကွာခြားကောင်း ကွာခြားနိုင်သော်လည်း ရလဒ်ကမူ အတူတူသာဖြစ်၏။ ဒဏ်ရာများက လက်ခံနိုင်လောက်ဖွယ် အနေအထားတွင် ရှိပါက သူတို့က တိုက်ခိုက်နိုင်လိမ့်မည်။
သို့သော်လည်း အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးကမူ ထိုနည်းလမ်းများ မရှိကြပေ။ အရိုးဧကရာဇ် အသွင်ပြောင်းထားသည့် အရိုးဓားကြီးက အပြည့်အဝ ကြေမွသွား၏။ ထိုအရာ၏ အဆီအနှစ်က ထပ်မံစုဝေးလာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာသော်လည်း အသက်ရှိုက်စာ အနည်းငယ်မျှသာ ကြာရှည်ခံခဲ့သည်။ ထိုသူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ကြယ်တာရာကောင်းကင်ကို စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။ ထိုအရာက မျက်လုံးမှိတ်ပြီး သူ့ခန္ဓာကိုယ်က ကြယ်တာရာကောင်းကင်ထဲ ပျောက်ကွယ်သွားခဲ့သည်။
စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦးက ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်ကြီးကလည်း သင်္ကေတအားလုံး ဖျက်ဆီးခံလိုက်ရပြီး အလောင်းအားလုံးက အမှုန့်ဖြစ်သွားသည့်အခါ သူ့တကယ့်အသွင်ဖြစ်သည့် သစ်ပင်ကြီးကလည်း အက်ကြောင်းများစွာ ပေါ်ထွက်လာပြီး သူ့ကိုယ်ကို ထောက်ပံ့ပေးထားဖို့ အခက်တွေ့နေသည်။ တကယ်တော့ ထိုအရာက လူအသွင်ပင် မပြောင်းလဲနိုင်တော့ပေ။
အမှောင်သူတော်စင်၏ ခရမ်းရောင် ဆံပင်ကလည်း ပျက်စီးသွားဟန်ပေါ်၏။ ထို့နောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေသော်လည်း တိတ်ဆိတ်လျက်သာ ကျန်ရှိနေ၏။
ရွှမ်ဟွားက ပို၍ ကံကောင်းခဲ့သည်။ သူ့ကို ဝမ်ပေါင်လဲ့က အရေးကြီးသည့် အခိုက်အတန့်၌ ဆွဲခေါ်သွားခဲ့၏။ သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်အန္တရာယ်တော့ မရှိပေ။ သူက ဝေ့ယန်ကျစ်ကို အကြောက်တရားဖြင့် ကြည့်လိုက်၏။
ထိုသူက အရမ်းကို အားကောင်းလွန်းလှသည်။
ထိုသူက တစ်ယောက်တည်းဖြင့် သူတို့ခြောက်ယောက်ကို ရင်ဆိုင်ခဲ့ပြီး လက်ဝါးတစ်ချက်တည်းဖြင့် လူနှစ်ယောက်ကို ဖျက်ဆီးပစ်ခဲ့ကာ ကျန်သူအားလုံးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။ သို့သော်လည်း ဝေ့ယန်ကျစ်အတွက်မူ အားစိုက်ထုတ်စရာ မလိုလိုက်ပေ။
ထိုခွန်အားတာအိုမှ ဖွဲ့စည်းထားသည့် လက်ဝါးချက်က ပျောက်ကွယ်သွားခဲ့၏။ သူ့ညာဘက်လက်ကို ပြန်လည်ရုတ်သိမ်းသွားခဲ့သည်။ သူ့တကယ့် ညာဘက်လက်ညှိုးက အမှန်တကယ် ကျိုးသွားခဲ့၏။
သွေးများစီးကျနေခြင်း မရှိသော်လည်း ကျိုးနေသည့်အပိုင်းက သိသာလှသည်။ ထိုအရာက ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိဟန်မပေါ်ပေ။
ဝေ့ယန်ကျစ်က မျက်မှောင်ကြုတ်လိုက်၏။ သူက ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူက ခေါင်းမော့လိုက်သည့်အခါ သူ့မျက်ဝန်းအထက် တောက်ပနေပြီး ဝမ်ပေါင်လဲ့၊ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းနှင့် အမှောင်သူတော်စင်တို့ကို ကြည့်လိုက်သည်။
“ဓာတ်ငါးပါး ပြန်လည်ကုသရေး၊ အခွံကနေ ထွက်လာတဲ့ တာအိုမျိုးစေ့နဲ့ အမှောင်ငရဲအဆိပ်”
“မင်းက ဒီထက်သာ အားကောင်းရင် ငါ့အတွက် လက်ချောင်းတစ်ချောင်းထက်ပိုပြီး ဆုံးရှုံးသွားခဲ့မှာပဲ” ဝေ့ယန်ကျစ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့မျက်ဝန်းက အေးစက်နေ၏။ သူက ရှေ့တစ်လှမ်း တိုးတော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက ခေါင်းမော့ကာ ကြယ်တာရာကောင်းကင်ကို လှမ်းကြည့်လိုက်၏။
“နောက်ဆုံးတော့ မင်းက ဒီရောက်လာပြီပဲ”
ကြယ်တာရာကောင်းကင်အထက် အမှောင်မြစ်က လှုပ်ခတ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ဆံပင်ရှည်ရှည်ရှိထားပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သေရည်အိုးနှင့် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။
ထိုသူက ချန်ရှင်းကလွဲ၍ တခြားသူ မဟုတ်ပေ။