← Chapters

သေခြင်းရှင်ခြင်း

Vol. 90 Ch. 1252

သေခြင်းရှင်ခြင်း

Vol. 90 Ch. 1252

ချန်ရှင်းက အမှောင်တာအိုနှင့် မပေါင်းစည်းခင်ကတည်းက သူ့တစ်ဘဝလုံး တာအိုတစ်ခုကိုသာ ကျင့်ကြံခဲ့သည်။ ဤသည်က အမှောင်တာအို မဟုတ်ပေ။

တကယ်တော့ သူသည် အမှောင်ဂိုဏ်းကို သစ္စာဖောက်ပြီးသည့်နောက် အမှောင်တာအိုကို အပြီးတိုင် စွန့်ပယ်ခဲ့၏။ နှစ်များစွာ ပြန်လည်မကျင့်ကြံခဲ့ပြီးသည့်နောက်တွင်  ရှေးခေတ်အချိန်မှ ယခုအချိန်အထိ သူ့တာအိုက ဓားတာအိုသာ ဖြစ်သည်။

သူ့လက်ထဲတွင်ရှိသည့် သစ်သားဓားက အရာအားလုံး ဖြစ်၏။ သူက တစ်ဘဝလုံး ထိုဓားလမ်းစဉ်နောက်လိုက်ကာ ဘဝတစ်ခုလုံး၌ တာအိုတစ်ခုသာ ကျင့်ကြံခဲ့သည်။

ထို့ကြောင့် သူသည် အမှောင်တာအိုနှင့် ပေါင်းစည်းထားသော်လည်း စွမ်းအားကို ငှားယူရုံမျှသာ ဖြစ်၏။ ဓားတာအိုက သူ့အတွက် အရာအားလုံးဖြစ်ကာ သူနှင့် အချိန်အတော်ကြာရှိနေသည့် သစ်သားဓားလေးကလည်း သာမန်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

အတိအကျပြောရလျှင် သစ်သားပြား ကမ္မည်းတိုင် ဖြစ်၏။

သူ့ဘဝ၌ ထူးခြားသည့် ဝိညာဉ်တစ်ခုကို မြင်တွေ့ခဲ့ဖူးသည်။ ဤသည်က သူမ၏ နောက်ဘဝတွင် သူ့ဇနီးဖြစ်လာမည့်သူ ဖြစ်၏။ ဤသည်က သူမ၏ ကမ္မည်းတိုင် ဖြစ်ပေသည်။  ထိုဝိညာဉ်ပေါ်ထွက်လာပြီးသည့်နောက် တိုက်ဆိုင်မှုဖြစ်စေ၊ မတော်တဆဖြစ်စေ အဆုံးသတ်၌ သူ့ဇနီးဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့သည့် ဝိညာဉ်က လေထုထဲ ပျောက်ကွယ်သွားခဲ့ရ၏။

ဤသည်က သူ့အနေဖြင့် အမှောင်ဂိုဏ်းကို သစ္စာဖောက်ရသည့် တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်သော်လည်း ထိုဝိညာဉ်က ဓာတ်ကူး ဖြစ်စေခဲ့သည်။ ထိုအရာက သူ့စိတ်ထဲ မြှုပ်နှံထားခဲ့ပြီး ဘယ်သောအခါမှ ထွက်ပေါ်လာခြင်း မရှိပေ။ ထို့ကြောင့် သူသည် အမှောင်ဂိုဏ်းကို သစ္စာဖောက်ပြီးသည့်နောက် အဆုံးမဲ့မျိုးနွယ်ဆီ သွားကာ ဝိညာဉ် နေထိုင်ရာ ကမ္မည်းတိုင်ရှေ့ ရပ်ခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် သူက ထိုကမ္မည်းတိုင်ကို ယူခဲ့၏။

ထိုအချိန်မှစ၍ သစ်သားဓားလေးက သူ့ဘေးတွင် အမြဲတမ်း ရှိနေခဲ့သည်။

ထိုသစ်သားဓားလေးက သူ့ကို ယခုအချိန်အထိ အဖော်ပြုပေးခဲ့ခြင်း ဖြစ်၏။  သူ့တာအိုက ဓားတာအို ဖြစ်သည်။ အကြောင်းအရင်းကမူ သူသည် သစ်သားဓားဆီမှ တာအိုအနေအထားထိ ရောက်အောင် ဉာဏ်အလင်းပွင့်ထား၍ ဖြစ်သည်။

ပထမပုံစံက သစ်သားဓားကိုယ်ထည် ဖြစ်ပြီး ရန်သူထောင်ချီနှင့် တိုက်ခိုက်နိုင်သည်။

ဒုတိယပုံစံကမူ ဝိညာဉ်ကြေမွခြင်းအဆင့်ဖြစ်ပြီး ထိုအရာ၏ စွမ်းအားက အဆများစွာ ပိုမိုကောင်းလာကာ တာအိုအားလုံးကို လျစ်လျူရှုထားပြီး အရာအားလုံးကို သတ်ပစ်နိုင်စွမ်း ရှိသည်။

တတိယပုံစံကမူ ချန်ရှင်းက စိတ်ထဲ၌သာ မြင်တွေ့ခဲ့ဖူး၏။ ကမ္ဘာကြီးထံ ထုတ်မပြခဲ့ဖူးပေ။

သူက ထိုတတိယပုံစံကို မှတ်ဉာဏ်ဟု ခေါ်ဆိုသည်။

ထိုအရာကို မှတ်ဉာဏ်ဟုခေါ်ဆိုသော်လည်း အချိန်နှင့်ပတ်သက်ခြင်း မရှိပေ။ တတိယပုံစံက ယခင်က ပေါ်မထွက်လာဖူးသော်လည်း သူ့စိတ်ထဲ အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ ထိုအရာ ပေါ်ထွက်လာသည့်အချိန်၌ သူ့သတ်ဖြတ်ငွေ့က မဖော်ပြနိုင်လောက်ဖွယ်အနေအထားတစ်ခုအထိ မြင့်တက်သွားသည်။

ဒါက သတ်ဖြတ်ရေးတာအိုပဲ ဖြစ်ရမယ် …

ချန်ရှင်းက သူ့လက်ထဲတွင် ရှိနေသည့် သစ်သားဓားကို ကြည့်ရင်း ရေရွတ်လိုက်၏။ သူက ရေရွတ်လိုက်ရင်း သစ်သားဓားမျက်နှာပြင်အထက် သစ်သားအလွှာများစွာ ပေါ်ထွက်လာသည်။ အဆုံးသတ်တွင် သတ်ဖြတ်ငွေ့က ကြယ်တာရာ ကောင်းကင်တစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး ဝေ့ယန်ကျစ်ပင် မျက်မှောင်ကြုတ်လိုက်ရသည်။ ရုတ်ချည်းဆိုသလို ဓားဆီမှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တို့ ထွက်ပေါ်လာ၏။

ဤသည်က အရာအားလုံးကို လှုပ်ခါပစ်နိုင်သည့် သတ်ဖြတ်ငွေ့ဖြစ်၏။

ဤသည်က ဂြိုဟ်များကိုပင် လှုပ်ခါပစ်နိုင်စွမ်းရှိသည့် သတ်ဖြတ်ငွေ့ဖြစ်နေသည်။

ဤသည်က စကြဝဠာကြီးကိုပင် ဝေဝါးသွားအောင် လုပ်နိုင်သည့် သတ်ဖြတ်ငွေ့မျိုး ဖြစ်၏။

“ငါ့ဘဝ၊ ငါ့မှတ်ဉာဏ်တွေထဲမှာ သတ်ဖြတ်မှုတွေနဲ့ အမြဲ ပြည့်နှက်နေတယ်” ချန်ရှင်းက ရေရွတ်လိုက်သည်။ သူက ဝေ့ယန်ကျစ်ကိုသာ မကြည့်ဘဲ သစ်သားဓားကို ကြည့်လိုက်၏။ သူက လက်ကိုမြှောက်ကာ ထိုအရာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ရှေ့တိုးလိုက်သည်။ သူက ဓားကို ဝှေ့ယမ်းသည့်အခါ ကြယ်တာရာ ကောင်းကင်ကြီးက မဲမှောင်သွားသည်။ တစ်ခုတည်းသော မြင်နေရသည့်အရောင်က ဓားဆီမှ အလင်းရောင်သာ ဖြစ်၏။

ထိုအရာက ဝေ့ယန်ကျစ်အပေါ် ကျရောက်လာခဲ့သည်။

“ဒါက ဘာတာအိုတုန်း။ ဓားတာအိုလား မဟုတ်သေးဘူး သတ်ဖြတ်ရေးတာအိုလား။ အဲ့ဒါလည်း မဟုတ်သေးဘူး” ဝေ့ယန်ကျစ်၏ စိတ်ထဲ ယောက်ယက်ခတ်နေ၏။ ဤသည်က သူ့အနေဖြင့် ချန်ရှင်းနှင့် တိုက်ခိုက်ကတည်းက ပထမဦးဆုံးအကြိမ် အန္တရာယ်ကို ခံစားမိခဲ့ခြင်း ဖြစ်သည်။

သူ့ဒုတိယဦးခေါင်းက ဆိုးယုတ်သော မိစ္ဆာချီများနှင့် ပြည့်နှက်နေကာ သူ့ကျင့်ကြံဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားက ယခင်ကထက် ပိုမိုအားကောင်းနေသော်လည်း သူက နောက်ဆုတ်လိုက်ရသည်။

“ငါ အမှောင်ဂိုဏ်းကို မဝင်ခင်တုန်းက ငါ့မိဘတွေက စစ်ပွဲကြားမှာ သေဆုံးသွားခဲ့တယ်။ အဲဒါကြောင့် ငါ ဂိုဏ်းတစ်ခုဆီ ဝင်ပြီးတော့ သတ်ဖြတ်ရေးပညာရပ်ကို လေ့လာခဲ့တယ်” ချန်ရှင်းက ဆက်လက် ရေရွတ်ရင်း ဝေ့ယန်ကျစ်၏ နောက်ဆုတ်နေမှုကို လျစ်လျူရှုထား၏။ သူ့အသံက မဟာတာအိုနှင့် ပဲ့တင်ထပ်နေပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို အနက်ရောင်ငါးနှင့် အဆုံးမဲ့မျိုးနွယ်၏ မိုးကောင်းကင်တာအို ရွှေရောင်နွားချေးပိုးကောင်တို့ကလည်း အကြောက်တရားဖြင့် တုန်လှုပ်နေကြသည်။

သူတို့စိတ်ထဲ မဖော်ပြနိုင်လောက်သည့် အန္တရာယ်ကို ခံစားမိလိုက်ကြ၏။

“ငါက အဲဒီသတ်ဖြတ်ရေးပညာရပ်ကို သင်ပြီးတဲ့နောက်မှာ အားလုံးကို သတ်ခဲ့တယ်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို သတ်ဖြတ်ပြီးတော့ ရန်သူတပ်မဟာတစ်ခုလုံးကိုလည်း သတ်ခဲ့တယ်။ တိုင်းပြည်တစ်ခုလုံးကို သတ်ပြီးတော့ ငါ့မိဘတွေဘေးမှာ မြှုပ်နှံပေးခဲ့တယ်” ချန်ရှင်း၏ အသံက ပိုမိုတိုးသွားလေသည်။ သို့သော် စကားလုံးတစ်ခုချင်းစီက မိုးကောင်းကင်တာအိုကို နောက်ဆုတ်သွားစေနိုင်သည့် ဖိအားမျိုး ကိန်းအောင်းနေသည်။ ဝေ့ယန်ကျစ်ကလည်း ဆက်လက် နောက်ဆုတ်နေ၏။ သို့သော်လည်း အဆုံးသတ်တွင် သူက အပြီးတိုင် မရှောင်လွှဲနိုင်ပေ။ ချန်ရှင်းက စကားဆုံးပြီး တတိယခြေလှမ်း လှမ်းသည့်အချိန် သူ့ခန္ဓာကိုယ်ပေါ် ဓားချီမျှင် ကျရောက်လာ၏။

သေခြင်းရှင်ခြင်းအန္တရာယ်ကြား ဝေ့ယန်ကျစ်က ညာဖက်လက်ကို မြှောက်လိုက်သည်။ သူ့လက်က ချက်ချင်းဆိုသလို မြူခိုးအဖြစ် ပြောင်းလဲသွားပြီး မြူခိုးလှိုင်းလုံးများ ပျံ့နှံ့ထွက်ပေါ်လာသည်။ သို့သော်လည်း သူ့လက်မောင်းအတွင်း ကိန်းအောင်းနေသည့် တာအိုက အပြည့်အဝ စွမ်းအားထုတ်မပြနိုင်ခင် ဓားချီက ချက်ချင်းရောက်ရှိလာကာ ဝေ့ယန်ကျစ်၏ ညာဖက်လက်က ပေါက်ကွဲထွက်သွားသည်။

ဝေ့ယန်ကျစ်၏ မျက်နှာအထက် နာကျင်မှုတို့ ရှိနေ၏။ လက်မောင်းအသစ်က ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာသော်လည်း သေခြင်းရှင်ခြင်းအန္တရာယ်က ဝေ့ယန်ကျစ်ကို ထပ်မံလွှမ်းခြုံသွားခဲ့သည်။

“အဲဒီနောက် ငါ့ရဲ့ ဆရာနဲ့ တွေ့ပြီးတော့ သူက သင်ကြားပြသပေးခဲ့တယ်။ ငါက သားသတ်သမားရဲ့ ဓားကို ချပြီးတော့ အမှောင်ဂိုဏ်းကို ဝင်ရောက်လာခဲ့တယ်။ အမှောင်ဂိုဏ်းမှာ ငါက သေလူတွေရဲ့ ဝိညာဉ်ကို ပို့ဆောင်ပေးရတယ်။ ငါက ကြင်နာပြီးတော့ သန့်စင်တဲ့ပုံလိုမျိုးပေါ့။

မိုးကောင်းကင်တာအိုရဲ့ ပြန်လည်ဝင်စားတဲ့ စက်ဝန်းထဲမှာ လျှောက်လှမ်းနေသလိုမျိုးလေ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာကျ ငါက သတ်ဖြတ်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ငါ သတ်ဖြတ်နေတာက ဝိညာဉ်တွေလေ” ချန်ရှင်းက ပြန်ဖြေလိုက်သည်။

သို့သော် သူ့အပြုံးက ခံစားချက် ကင်းမဲ့နေ၏။ သူက ပြုံးလိုက်လျှင် လက်ထဲရှိသစ်သားဓားမှ ကြယ်စင်များကိုပင် အေးခဲသွားစေသည့် သတ်ဖြတ်ငွေ့မျိုး ထုတ်လွှတ်လာသည်။ ဓားက ဖြတ်သန်းသွားသည့်အခါ ဝေ့ယန်ကျစ်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရ၏။ သူ ပြန်လည်ပေါက်လာသည့် လက်က ထပ်မံ ဖျက်ဆီးခံလိုက်ရသည်။

“အဲဒါက ဘာတာအိုလဲ” ဝေ့ယန်ကျစ်၏ ဦးခေါင်းများပင် ထုံထိုင်းလာ၏။ သူက ချန်ရှင်းသည် အတော်လေး ထူးဆန်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေကြောင်း ပြောနိုင်လေသည်။ သူက ဤနေရာတွင် ရှိနေသော်လည်း လက်တွေ့တွင် ရှိမနေခဲ့ပေ။ ဝေ့ယန်ကျစ်၏ နတ်ဘုရားစွမ်းအားက ချန်ရှင်းအပေါ် သက်ရောက်မှုမရှိဘဲ ချန်ရှင်း၏ ဓားချက်တိုင်းကသာ သူ့အပေါ် အန္တရာယ်ကို ဆောင်ကြဉ်းပေးလာသည်။

“ငါ ဒါကို ငြီးငွေ့နေပြီ။ ငါ့ဇနီး ပျောက်ကွယ်သွားမှုက ငါ့ဘဝကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပဲ။ အဲဒါကြောင့် အမှောင်ဂိုဏ်းကို သစ္စာဖောက်ခဲ့တယ်။ အဲဒီတိုက်ပွဲမှာ ငါ စပြီး သတ်ဖြတ်ခဲ့တယ်။ ငါ့ရဲ့ အမှောင်ဂိုဏ်းက ဂိုဏ်းသားတွေနဲ့ ကျူးကျော်လာတဲ့ အဆုံးမဲ့မျိုးနွယ်ဝင်တွေကို သတ်ဖြတ်ခဲ့တယ်”

“အဲဒီတိုက်ပွဲပြီးရင် ငါ ဘယ်သူ့ကိုမှ မသတ်တော့ဘူးလို့ ထင်ခဲ့တယ်။ တကယ်တမ်းကျ အဆုံးမဲ့မျိုးနွယ် စကြဝဠာထဲမှာ ငါက မှတ်ဉာဏ်တွေ ရှိနေတုန်းပဲ။ အမှောင်ဂိုဏ်းရဲ့ မှတ်ဉာဏ်တွေ၊ ဂိုဏ်းတူညီလေးရဲ့ မှတ်ဉာဏ်တွေနဲ့ ဆရာရဲ့ မှတ်ဉာဏ်တွေ …

မှတ်ဉာဏ်ဆိုတာက အဆိပ်လိုပဲ။ သူတို့က ငါ့မှာရှိတဲ့ အရာအားလုံးကို ဝါးမျိုပစ်နေတာ။ အဲဒါကို ဖယ်ရှားနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက သတ်ပစ်ဖို့ပဲ” ချန်ရှင်း၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့ပါးစပ်မှ ထွက်လာသည့်စကားများက အားလုံးကို တုန်လှုပ်သွားစေသည်။

ဤအရေးကြီးလှသည့် အခိုက်အတန့် ဝေ့ယန်ကျစ်က လက်ဟန်စည်းတံဆိပ်များကို ထုတ်ဖော်နေ၏။ သူ့လက်၆ဖက်၌ နောက်ဆုံးသော လက်၂ဖက် ဖြစ်လေသည်။ တစ်ခုက လျှပ်စီးဖြစ်ကာ တစ်ခုက ဝါးမျိုနိုင်စွမ်းရှိသည့် တွင်းနက်ကြီး ဖြစ်၏။

သူက လက်ဟန်စည်းတံဆိပ်များကို ထုတ်ဖော်ရင်း လျှပ်စီးက ပေါက်ကွဲထွက်လာကာ ကောင်းကင်ကို ဝါးမျိုသွားခဲ့သည်။ မိစ္ဆာချီက သူ့အနောက်ဘက်တွင်ထွက်ပေါ်လာပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ဆင်းသက်လာသလိုမျိုး ဖြစ်နေသည်။ ထိုအရာက လမ်းတွင် ရှိသမျှအရာအားလုံးကို ဖိနှိပ်ထားဟန်ပေါ်သည်။

ဓားချီ နီးကပ်လာသည့်အခါ အသံကျယ်ကျယ် ထွက်ပေါ်လာ၏။ မိစ္ဆာအရိပ်က တုန်ယင်သွားပြီး ဓားချီမျှင်တစ်ခုချင်းစီက သွားသည်။ အထဲတွင် ဝေ့ယန်ကျစ်က ထပ်မံ နောက်ဆုတ်လိုက်ရသည်။

“ငါက သက်ရှိအားလုံးကို သတ်တယ်၊ ငါက ဝေ့ယန်ကျစ်ကို သတ်တယ်၊ ငါက နတ်ဧကရာဇ်ကို သတ်တယ်…

ငါက နှစ်ရာချီကို သတ်တယ်။ နှစ်ထောင်ချီကိုလည်း သတ်တယ်၊ နှစ်သိန်းချီကိုလည်း သတ်တယ်။

ဒါပေမဲ့ ငါ့ရဲ့ စိတ်နှလုံးသားမှာ ဘာလို့ အဆိပ်က ကျူးကျော်နေရတာလဲ။ ဘာလို့ ငါမှတ်မိနေသေးတာလဲ။ အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအိုအတွက် သက်ရှိတွေအားလုံးကို သတ်ခဲ့တယ်။ ငါက အထွတ်အထိပ်ကိုရောက်တဲ့အချိန်မှာ ဆရာ့ကိုပါ သတ်ခဲ့တယ်။ အခု ငါက သက်ရှိကမ္ဘာထဲ ပြန်ရောက်လာစေမဲ့  နည်းလမ်းကိုလည်း သတ်ခဲ့တယ်။ လမ်းမှာ ပိတ်ဆို့ထားတဲ့ အရာအားလုံးကိုလည်း သတ်ခဲ့တယ်။ ငါက ဝေ့ယန်ကျစ်ကိုလည်း သတ်မယ်”

ချန်ရှင်းက ရုတ်တရက် မော့ကြည့်လိုက်စဉ် သူ့လက်ထဲတွင်ရှိသည့် သစ်သားဓား၏ သတ်ဖြတ်ငွေ့က မဖော်ပြနိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ သစ်သားဓားမျက်နှာပြင်အထက် အက်ကြောင်းများစွာ ပေါ်ထွက်လာပြီး ဓားကိုယ်တိုင်ပင် တောင့်ခံထားနိုင်တော့ဟန် မပေါ်ပေ။ ချန်ရှင်းက ခေါင်းမော့ကာ သစ်သားဓားကို ဝှေ့ယမ်းလိုက်၏။

ပြင်းထန်သည့် ဓားချီက ဆင်းသက်လာပြီး ဝေ့ယန်ကျစ်၏ မိစ္ဆာပုံရိပ်ဆီ ကျရောက်လာသည်။ မိစ္ဆာပုံရိပ်က အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ဓားချီက နောက်ကို ကျော်သွားကာ ဝေ့ယန်ကျစ်၏ လည်ပင်းကို ပိုင်းဖြတ်သွား၏။

ချက်ချင်းဆိုသလို ဝေ့ယန်ကျစ်၏  မိစ္ဆာ တာအိုက ပျက်စီးသွားခဲ့သည်။

သူ့ဘယ်ဖက်လက်ရှိ လျှပ်စီးတာအိုကလည်း ပျက်စီးသွားခဲ့၏။

ဝါးမျိုရေးတာအိုရှိသည့် ညာဖက်လက်ကလည်း ပျက်စီးသွားခဲ့သည်။

သူ့ခန္ဓာကိုယ်က ပြိုလဲသွားခဲ့သည်။

“ငါက ချန်ရှင်း …  ငါ့တာအိုက ဘာလဲသိလား။”

ကြယ်တာရာကောင်းကင်ကြီးက အင်မတန် တိတ်ဆိတ်နေပြီး ချန်ရှင်းက ခေါင်းငုံ့ကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။

သူ့လက်ထဲတွင်ရှိသည့် သစ်သားဓားက အပိုင်းပိုင်းအစစ သူ့ဝန်းကျင်တွင် ကြေမွထွက်သွားသည်။ အဝေးတစ်နေရာမှ ကြည့်ပါက ကြာပွင့်လိုမျိုး ဖြစ်နေ၏။

All Chapters