← Chapters

ဧကရာဇ်

Vol. 90 Ch. 1253

ဧကရာဇ်

Vol. 90 Ch. 1253

ကြယ်တာရာကောင်းကင်ကြီးက တိတ်ဆိတ်သွား၏။ ချန်ရှင်း၏ အသံကသာ ကြားနေရပြီး အချိန်တော်​ကြာ အဖက်ဖက်သို့ ပဲ့တင်ထွက်နေသည်။

“ငါက ချန်ရှင်း။ ငါ့တာအိုက ဘာလဲဆိုတာ သိလား။”

သူ့အသံက ပဲ့တင်ထွက်လာစဥ် သစ်သားဓားမှ ကြေမွသွားသည့် ကြာပွင့်လေးလို သစ်သားအပိုင်းအစများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထိုအရာက အပိုင်းပိုင်းအစစဖြစ်ကာ ပုံသဏ္ဍာန်ပင် မပေါ်တော့ပေ။ ချန်ရှင်းက တိတ်တဆိတ်ရပ်နေပြီး ပြန့်ကျဲသွားသည့် သစ်သားအပိုင်းအစများကို ကြည့်နေသည်။ သူ တွေးနေသည့်အရာကို ပြောဖို့ရာ ခက်လှ၏။

သူက အတိတ်ကို ပြန်လည်တွေးတောနေခြင်း ဖြစ်နိုင်သည်။

“ဒါက …” ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာက ဖြူဖျော့သွားကာ သူ့စိတ်ထဲ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူက မသိလိုက်ဘဲ နောက်ဆုတ်လိုက်မိ၏။ သူက ဘေးကင်းသည်ဟု မခံစားရဘဲ ချန်ရှင်းနှင့် ဝေးဝေးသို့ နောက်ဆုတ်လိုက်သည်။

ချန်ရှင်း ပြသခဲ့သည့် တိုက်ခိုက်စွမ်းရည်က သူ ထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ ထိုအရာက မယုံကြည်နိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိနေ၏။ အထူးသဖြင့် သူက ထိုသူပြသခဲ့သည့်တာအိုကို မမြင်နိုင်သည့်အခါတွင် ဖြစ်သည်။

ထိုအရာက ဓားတာအိုနှင့် တူသော်လည်း ထိုသို့မဟုတ်ပေ။ ထိုအရာက သတ်ဖြတ်ခြင်းတာအိုနှင့် တူသော်လည်း မသိစိတ်ထဲ ထိုအရာက သတ်ဖြတ်ခြင်းတာအို မဟုတ်ကြောင်း ပြော​ပြနေ၏။

အကြောင်းအရင်းကမူ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး ခံစားရသည့် မသိနားမလည်မှုက သူ့စိတ်ကို ပိုမိုတုန်ယင်စေသည်။

အမှောင်သူတော်စင်အတွက်လည်း အတူတူသာ ဖြစ်၏။ ချန်ရှင်းက အမှောင်တာအိုနှင့် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုကို ကိုယ်စားပြုသော်လည်း အမှောင်သူတော်စင်၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲ ဖြစ်၏။ သူက စကြဝဠာအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ဘဲ သေမျိုးတစ်ဦးလို ဖြစ်နေသည်။

ဒါက ကြောက်ဖို့ကောင်းတယ် …

အမှောင်သူတော်စင်က ရေရွတ်လိုက်စဥ် ဝမ်ပေါင်လဲ့ကမူ တိတ်ဆိတ်နေသည်။ သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့်အမူအရာက ပိုမိုနက်ရှိုင်းလာ၏။ တခြားသူများက ထိုအရာကို ထိုးဖောက်မမြင်နိုင်သော်လည်း သူက တစ်စိတ်တစ်ပိုင်းကို မြင်တွေ့လိုက်ရသည်။

ထိုအရာက ဓားတာအိုမဟုတ်သလို သတ်ဖြတ်ခြင်းတာအိုလည်း မဟုတ်ဘဲ အတိတ်ကို ပြန်လည်စုစည်းထားမှုဖြစ်ကာ ဆုံးရှုံးမှုတာအိုတစ်ခု ဖွဲ့စည်းလာခြင်း ဖြစ်သည်။

အဆုံးသတ်၌ သူ့တာအိုက ဘာလဲဟု မေးလိုက်စဥ် ဝမ်ပေါင်လဲ့က သက်ပြင်းအသာချလိုက်မိ၏။ သူက ချန်ရှင်း၏ ဘဝအပြည့်အစုံကို သိလိုက်ရသည့် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။ ယခုကြည့်ပါက သူ့ဘဝ၌ ပျော်ရွှင်စရာဟူ၍ မရှိပေ။

ကြယ်တာရာကောင်းကင်ကြီးက အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်နေ၏။ ချန်ရှင်း တစ်ဦးတည်းကသာ ရပ်နေသည်။ အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင် သူက ခေါင်းမော့ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။ ထိုနေရာက ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်နေရာ ဖြစ်ပေသည်။

“ထွက်ခဲ့ … မင်း အသက်ရှင်နေသေးတယ်ဆိုတာ သိတယ်”

ချန်ရှင်းက ပြောလိုက်လိုက်သည့်အချိန် ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရသည့်နေရာက ရုတ်ချည်းဆိုသလို ပုံပျက်သွားခဲ့သည်။ လေထုထဲ ပုံရိပ်ယောင်ပုံရိပ်များစွာ ထွက်ပေါ်လာပြီး သူတို့က အလျင်အမြန် စုဝေးကာ လွှမ်းမိုးမှုကြီးသည့် အရှိန်အဝါတစ်ခု ထုတ်လွှင့်လာပြီး တုန်လှုပ်ဖွယ် ဧကရာဇ် အလိုဆန္ဒတစ်ခု ထွက်လာသည်။

ပုံရိပ်ယောင် ပုံရိပ်များက စုဝေးသွားသည့်အခါ ဝေ့ယန်ကျစ်၏ ပုံရိပ်က ထွက်ပေါ်လာ၏။ သို့သော်လည်း သူ ဖွဲ့စည်းလိုက်သည့် ပုံရိပ်က ယခင်နှင့် ကွဲပြားနေသည်။

သူက အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ခေါင်းအထက် ဆင်မြန်းထားသည်။ သူ့အမူအရာက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်ထား၏။ သူက ဘာမှမလုပ်ဘဲ ဘာမှမပြောလျှင်ပင် သူ ရပ်နေရုံဖြင့် ဤသည်က သူ့ပိုင်နက်ဖြစ်ကာ သူမြင်ကွင်းတွင် ရှိသမျှအရာအားလုံးက သူရှေ့တွင် ဒူးထောက်ရလိမ့်မည်။

ဤသည်က ဝေ့ယန်ကျစ်၏ နောက်ဆုံးဦးခေါင်းဆီမှ တာအို ဖြစ်၏။

သူ့အလင်းနှင့်အမှောင် တာအို ရှိနေသည့် ဦးခေါင်းများက ပျက်သုဥ်းသွားပြီး လက် ၆ဖက်က ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင်ပင် ဦးခေါင်းတစ်ခု ကျန်ရှိနေသေး၏။ ထိုဦးခေါင်းက တာအိုကိန်းအောင်းနေသည်။ ဤသည်က ဧကရာဇ်တာအို ဖြစ်၏။

အမှောင်သူတော်စင်က ပထမဦးဆုံး တုံ့ပြန်လိုက်သည့်သူ ဖြစ်၏။ သူ့စိတ်က ပေါက်ကွဲထွက်သွားကာ အသိလွတ်သွားသည်။ သူ့ခန္ဓာကိုယ်က ဒူးထောက်လျက် လဲကျသွား၏။ သို့သော် သူ လဲကျသွားသည့်အချိန် သူ့ခန္ဓာကိုယ်က အမှုန့်ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ကလည်း အပြင်းအထန် တုန်ယင်လာသည်။ ဝမ်ပေါင်လဲ့ကလည်း အတူတူသာဖြစ်၏။ သူက ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားကြီး ဖိအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုအရာက သူ့အပေါ် ကျရောက်လာသည်နှင့် သူ့စိတ်ထဲ အားကောင်းသည့် အသံတစ်သံ ထွက်ပေါ်လာသလိုမျိုး ဖြစ်၏။

“ဒူးထောက်”

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက အော်ဟစ်လိုက်သည်။ သူ့မျက်ဝန်းများက သွေးဆာနေပြီး ဖိအားကို တောင့်ခံထားလေသည်။ သို့သော်လည်း သူ့ခြေထောက်များက ထိန်းချုပ်မှုမှ ကင်းလွတ်စွာ ဖြည်းဖြည်းချင်း ကွေးညွတ်သွားလေ၏။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်မှ သွေးကြောများပင် ထင်းထွက်လာသော်လည်း သူက မရပ်တန့်နိုင်ခဲ့ပေ။ သို့သော် သူက ရက်စက်သည့်သူတစ်ဦးဖြစ်သည့်အတွက် သူ ဘာမှမလုပ်နိုင်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ခါးသီးစွာ ရယ်မောပြီး သူ့ကျင့်ကြံဆင့် စွမ်းအားကို ထုတ်ဖော်လိုက်သည်။

နောက်အခိုက်အတန့်၌ သူ့ခြေထောက်က အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ သူ့ခန္ဓာကိုယ်က သွေးများဖြင့် ဖုံးလွှမ်းသွား၏။ သူ့ခြေထောက်ကို ဆုံးရှုံးသွားရသော်လည်း သူက ခေါင်းမော့ကာ ဝေ့ယန်ကျစ်၏ ဖိအားကို တောင့်ခံထားခဲ့သည်။

ဝမ်ပေါင်လဲ့အတွက်မူ သူ့နဖူးအထက်ရှိ သွေးကြောများက ထောင်ထွက်နေပြီး မျက်ဝန်းများကလည်း သွေးဆာနေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က နဂိုအတိုင်း ကျန်ရှိနေပြီး နည်းနည်းလေးမျှ ကွေးညွတ်သွားခြင်း မရှိပေ။ အကြောင်းအရင်းက သူ့အနောက်ဘက်တွင် အနက်ရောင် သစ်သားပြားပုံရိပ် ပေါ်ထွက်လာ၍ ဖြစ်သည်။

သူ့မာနက ဝေ့ယန်ကျစ် အလွယ်တကူ ချိုးနှိမ်နိုင်သည့် အရာမျိုး မဟုတ်ပေ။ သူ့တကယ့်အသွင်က ဝေ့ယန်ကျစ် တက်နင်းသွားနိုင်သည့် အရာမျိုး မဟုတ်ပေ။

သူက သူ့မိဘနှင့် ဆရာထံမှလွဲ၍ မည်သူ့ထံမှ ဒူးထောက်မည် မဟုတ်ပေ။

ထိုမြင်ကွင်းက ဝေ့ယန်ကျစ်၏ အာရုံကို ဖမ်းစားသွားခဲ့၏။ ဤသည်က သူ့အနေဖြင့် ဝမ်ပေါင်လဲ့ကို ချန်ရှင်းနှင့် တိုက်ပွဲစကတည်းက ပထမဦးဆုံးအကြိမ်အနေဖြင့် ကြည့်ခဲ့မိခြင်း ဖြစ်သည်။ သို့သော်လည်း သူက တစ်ချက်မျှသာ ကြည့်လိုက်သည်။ အကြောင်းအရင်းက ချန်ရှင်း၏ အကြည့်များကလည်း ဝမ်ပေါင်လဲ့ဆီ ကျရောက်နေ၍ ဖြစ်၏။

“မင်းက ဧကရာဇ်ရဲ့ ကိုယ်ပွားပဲ”

ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝေ့ယန်ကျစ်က ရုတ်တရက် မေးလိုက်သည်။

“ချန်ရှင်း အခု မင်းက ဘာတာအိုကို သုံးလိုက်တာလဲ”

“အဲဒါက တာအို မဟုတ်ဘူး။” ချန်ရှင်းက ခေါင်းအသာယမ်းလိုက်သည်။ သူက ဆက်မပြောဘဲ ခါးတွင် ချိတ်ထားသည့် ဘူးသီးခြောက် သေရည်အိုးကို ယူကာ တစ်ငုံသောက်လိုက်သည်။

“ဝေ့ယန်ကျစ် မင်းနဲ့တွေ့ချင်တဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရှိတယ်”

“ဟမ်” ဝေ့ယန်ကျစ်က မျက်မှောင်အသာကြုတ်လိုက်သည်။

ချန်ရှင်း၏ လက်တစ်ချက်အဝှေ့အောက်တွင် သူ့နောက်တွင် ရှိနေသည့် အမှောင်မြစ်က လှုပ်ခတ်လာကာ အသံကျယ်ကြီး ထွက်ပေါ်လာပြီး ဝဲကတော့​တစ်ခု ပေါ်ထွက်လာသည်။

ထိုဝဲကတော့မှ အသံကျယ်ကျယ်များ ထွက်ပေါ်နေပြီး အဖက်ဖက်သို့ စူးစူးရှရှအော်သံများ ပျံ့နှံ့ထွက်သွားကာ ကြားသည့်သူအားလုံးကို တုန်ယင်သွားစေသည်။

“ဝေ့ယန်ကျစ် … မင်း ထွက်သွားလို့ရမှာ မဟုတ်ဘူး။  အမှောင်ဂိုဏ်းရဲ့တာဝန်က ဘယ်သူ့ကိုမှ ကျောက်ပြားကမ္ဘာကနေ ထွက်မသွားစေဖို့ပဲ”

“ငါ သေရင်တောင် ငါ့ရဲ့အမွေအနှစ်က ဆက်လက်တည်ရှိနေလိမ့်မယ်။ မင်း ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။”

ထိုအော်သံထွက်ပေါ်လာသည်နှင့် ဝဲကတော့ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ် ထွက်ပေါ်လာသည်နှင့် အထဲမှ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါက ပေါ်ထွက်လာသည်။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက တုန်လှုပ်တကြီးဖြင့် ရေရွတ်လိုက်သည်။

“အမှောင် ဧကရာဇ်လား။”

ဝမ်ပေါင်လဲ့ကလည်း အံ့အားသင့်သွားမိ၏။ သူ့ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်က ယခုအခိုက်အတန့်တွင် ပိုမိုအသက်ဝင်လှုပ်ရှားလာ၏။ ထိုအရာက သူ့မျက်ဝန်းအထက် ပေါ်ထွက်လာသည်။ ဝမ်ပေါင်လဲ့က အမှောင်မြစ်ရှိ ဝဲကတော့ကို ကြည့်လိုက်စဥ် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက ခရမ်းရောင် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရာဇ်သရဖူကို ဆင်မြန်းထားသူ ဖြစ်၏။ ထိုအရာ၏ မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်က မရဏအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ထိုအရာမှ ထုတ်လွှင့်နေသည့် ဖိအားက အတော်လေး အားပြင်းလှသည်။

ဝမ်ပေါင်လဲ့က ထိုပုံရိပ်ကို မြင်တွေ့ခဲ့ဖူး၏။

ထိုသူက အမှောင်မြစ်ရှိ ခေါင်းတလားထဲမှ ချန်ရှင်း ယူဆောင်သွားခဲ့သည့် အမှောင်ဧကရာဇ်၏ ရုပ်ကလာပ် ဖြစ်ပေသည်။

သို့သော်လည်း ယခုအခါ ထိုရုပ်ကလာပ်က အသက်ဝင်လာဟန်ပေါ်၏။ ထိုအသက်ဝင်လာခြင်းက သက်ရှိ မဟုတ်ဘဲ မရဏအငွေ့အသက်များသာ ဖြစ်နေသော်လည်း အမှောင်ဂိုဏ်းအတွက် လုံလောက်နေပြီ ဖြစ်သည်။

“အမှောင်ဧကရာဇ်” ဝေ့ယန်ကျစ်က မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

All Chapters