ဦးညွှတ်မှု သုံးကြိမ်
Vol. 90 Ch. 1254
ဝမ်ပေါင်လဲ့က အဝေးမှ ထိုမြင်ကွင်းကို ကြည့်နေလေသည်။ သူက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သေချာအနီးကပ်ကြည့်ပါက အမှောင်မြစ်မှ ထွက်လာသည့် ပုံရိပ်သည် ထိုနေ့ရက်တွင် ခေါင်းတလားထဲတွင် သူ မြင်ခဲ့ရသည့် အမှောင်ဧကရာဇ်၏ ရုပ်ကလာပ် ဖြစ်ကြောင်း သေချာသွားသည်။
ချန်ရှင်းက အထွတ်အထိပ်ရတနာ သို့မဟုတ် ကောင်းကင်ဘုံ သွေဖယ်လောက်သည့် နည်းလမ်းကို အသုံးပြု၍ ထိုသူအား အသက်ပြန်သွင်းခဲ့ခြင်း ဖြစ်ဟန်ပေါ်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဖိအားက ဝေ့ယန်ကျစ်ထက် အားနည်းနေခြင်း မရှိပေ။ ဝမ်ပေါင်လဲ့က ဤသည်မှာ ချန်ရှင်း၏ ဝှက်ဖဲဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။
ဝမ်ပေါင်လဲ့က သူ့ကို ကြည့်နေရင်း အမှောင်ဧကရာဇ်က အမှောင်မြစ်မှ ထွက်ပေါ်လာသည်။
ထိုသူက ဝေ့ယန်ကျစ်ကို အေးစက်စက် ကြည့်လိုက်၏။ သူက ဘာမှမပြောဘဲ လက်နှစ်ဖက်ယှက်ကာ ဝေ့ယန်ကျစ်ဆီ ဦးညွှတ်လိုက်သည်။
ဤရိုးရှင်းလှသည့် ဦးညွှတ်မှုတစ်ခုက ဝေ့ယန်ကျစ်၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။ သူက အလျင်အမြန် နောက်ဆုတ်လိုက်၏။ ဝမ်ပေါင်လဲ့က တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်မှန်း ပြောနိုင်လေသည်။ အမှောင်ဧကရာဇ်က ဧကရာဇ်အဆင့်ဖြစ်သည့်အတွက် သူ့ဦးညွှတ်မှုနှင့် ပတ်သက်ပြီး ထူးဆန်းနေသည့်အရာ ရှိရမည်။
အမှောင်ဧကရာဇ်က ဝေ့ယန်ကျစ်ကို ဦးညွှတ်လိုက်သည်နှင့် အမှောင်မြစ်က လှုပ်ခတ်လာသည်။ အမှောင်မြစ်ရှိ ရေများကလည်း ရုန်းရင်းဆန်ခတ် ဖြစ်လာ၏။ အမှောင်ချီများကလည်း နေရာအနှံ့ပျံ့နှံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ ကြယ်တာရာ ကောင်းကင်အထက် အမှောင်ချီများဖြင့် ဖုံးလွှမ်းသွားခံရသည်။
ထိုအရာက ဖုံးလွှမ်းသွားပြီး အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေရှိ အငွေ့အသက်များကို ပြောင်းပြန်လှန်လိုက်သလိုမျိုး ဖြစ်၏။
သက်ရှိအားလုံးကလည်း တုန်ယင်သွားကြသည်။ အားနည်းသူများက ချက်ချင်းဆိုသလို မေ့လျော့သွားကြပြီး အားကောင်းသည့်သူများကမူ စိတ်ထဲ၌ မပြောပြတတ်လောက်အောင် တုန်ယင်နေကြသည်။
ဝိညာဉ်ခုနှစ်ပါးတာအိုက ခေါင်းဆောင်ကြီးပင် ထိုအရာကို မရှောင်လွှဲနိုင်ပေ။ သူက အားကုန်သုံး၍ တောင့်ခံနေရင်း မျက်နှာက ဖြူဖျော့လာ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ကသာ အရင်ကထက် အသက်ဝင်နေလျက် ရှိသည်။ သူက ကြယ်တာရာကောင်းကင်ကြီး အမှောင်နယ်မြေအဖြစ် ပြောင်းသွားသည့်အခါ သက်ရောက်မခံခဲ့ရပေ။ ထိုအစား သူကမူ စိတ်အေးသွားမိ၏။
တစ်ချိန်တည်းဆိုသလို ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးသည် ထပ်မံ တောင့်မခံနိုင်တော့ကြောင်း သတိထားမိလိုက်သည့်အတွက် ဝမ်ပေါင်လဲ့က လက်ကိုဝှေ့ကာ အမှောင်မီးတောက်ဖြင့် သူ့ကို လွှမ်းခြုံစေပြီး ဝန်ထုပ်ကို မျှဝေယူပေးလိုက်သည်။
ထိုအခါမှ ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာက ပြေလျော့သွား၏။ သူက ဝမ်ပေါင်လဲ့ကိုကျေးဇူးတင်စွာ လှမ်းကြည့်လိုက်သည်။
“အမှောင်ဧကရာဇ်” ဝိညာဉ်ခုနစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးက ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေလေ၏။ သူတို့က အမှောင်ဧကရာဇ်သည် ကြယ်တာရာကောင်းကင်ကို အမှောင်နယ်မြေအဖြစ် ပြောင်းလဲပစ်ခဲ့ကြောင်း ပြောနိုင်လေသည်။ အမှောင်နယ်မြေအတွင်းရှိသည့် အမှောင်ချီများက ပေါက်ကွဲထွက်သွားပြီး အများစုက ဝေ့ယန်ကျစ်အနီးတွင် ရစ်ပတ်နေသည်။ ထိုအရာ၏ ၂၀ရာခိုင်နှုန်းကသာ တခြားသက်ရှိများအပေါ် သက်ရောက်မှုရှိလေသည်။ ထိုသို့ဆိုလျှင်ပင် သူတို့က တောင့်မခံနိုင်တော့ပေ။
တစ်ချိန်တည်းဆိုသလို အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေက အမှောင်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့စဉ် အမှောင်ဧကရာဇ်က လက်ကိုဝှေ့လိုက်သည့်အချိန် အမှောင်နယ်မြေတစ်ခုလုံးက လှုပ်ခတ်သွားလေသည်။ ထိုအရာက ဖိနှိပ်လိုက်သလိုမျိုး ဖြစ်ကာ အမှောင်ချီ ၈၀ ရာခိုင်နှုန်းက အဖက်ဖက်မှ စုဝေးလာပြီး ဝေ့ယန်ကျစ်ကို ဖိနှိပ်ထားသည်။
ဤဖိနှိပ်ထားသည့်စွမ်းအားက ကမ္ဘာမြေ တုန်လုမတတ်ဖြစ်၏။ အမှောင်နယ်မြေတစ်ခုလုံးက လှုပ်ခတ်ကာ ဝေ့ယန်ကျစ်ဆီ ကျဆင်းလာသလိုမျိုး ဖြစ်နေသည်။
စကြဝဠာအဆင့် ကျင့်ကြံသူပင် ခုခံဖို့ခက်ခဲသည့် ပြင်းထန်သော စွမ်းအားများလည်း ပါဝင်နေသည်။
ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ့အဝါရောင်ဝတ်ရုံက လေမတိုက်သော်လည်း တလူလူလွင့်နေလေသည်။ ထိုအခိုက်အတန့်၌ သူ့အကြည့်များက တောက်ပလာ၏။
“အမှောင်ဧကရာဇ်ရဲ့ ဦးညွှတ်မှု သုံးကြိမ်ကို မတွေ့ရတာကြာပြီပဲ။ ဒါပေမဲ့ ငါ မင်းကို အရင်က သတ်ခဲ့သလိုပဲ ဒီနေ့မှာလည်း ထပ်ပြီးသတ်နိုင်တယ်” ဝေ့ယန်ကျစ် ပြောလိုက်စဉ် သူ့ကျင့်ကြံဆင့် စွမ်းအားက ပေါက်ကွဲထွက်လာသည်။ ဧကရာဇ်၏ အလိုဆန္ဒက ကောင်းကင်အထက် မြင့်တက်လာ၏။ ထို့နောက် သူက ရှေ့တစ်လှမ်း တိုးလိုက်သည်။
“ကြည့်လိုက်တဲ့ နေရာတိုင်းမှာ ဧကရာဇ်ရဲ့ အာဏာစက်ကွင်းအောက် ရောက်သွားလိမ့်မယ်”
သူ့ခြေထောက်က မြေပြင်ပေါ် ထိလိုက်သည်နှင့် သူ့ခြေထောက်အောက် မျက်စိစူးလောက်ဖွယ် ပုံရိပ်ယောင် ပုံကားချပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုပုံကားချပ်က ကြီးမားသည်ထက် ကြီးမားလာပြီး အဖက်ဖက်ပျံ့နှံ့သွား၏။ ထိုအရာက အဆုံးမဲ့မျိုးနွယ်နှင့် အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးရှိ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ထိုပုံကားချပ်ဆီမှ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ထွက်ပေါ်လာပြီး လွှမ်းမိုးမှု အားကြီးလှသည်။ အကယ်၍ ထိုအရာကို အပေါ်မှ ငုံ့ကြည့်ပါက ထိုပုံကားချပ်အတွင်း တောင်များနှင့် မြစ်များကိုပါ မြင်တွေ့ရမည်ဖြစ်ကာ မျဉ်းကြောင်းများကိုပင် မြင်တွေ့ရလိမ့်မည်။ ဤသည်က တိုင်းပြည်တစ်ခု၏ နယ်နိမိတ်မြေပုံ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဧကရာဇ်၏ ပုံကားချပ်က အမှောင်ချီဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
နောက်အခိုက်အတန့်၌ ဝေ့ယန်ကျစ်က လက်မြှောက်လိုက်သည့်အချိန် ဧကရာဇ်ပုံကားချပ်က သူ့ခြေထောက်အောက်မှ မြင့်တက်လာပြီး အမှောင်ချီ၏ ဖိအားကို ခုခံကာ အမှောင်နယ်မြေကို စတင်ဖိနှိပ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည့် ဆူဆူညံညံအသံများ ပဲ့တင်ထွက်လာ၏။ အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးအနှံ့ တုန်လှုပ်ဖွယ် လှိုင်းလုံးများ ပျံ့နှံ့လာသည်။ ဤသို့သော တိုက်ပွဲမျိုးက နတ်ဘုရားစွမ်းရည်အဖြစ်ပင် သတ်မှတ်၍ မရတော့ပေ။ ထိုအရာက ဧကရာဇ်တစ်ပါး၏ အလိုဆန္ဒနှင့် အမှောင်ထု၏ အလိုဆန္ဒကြားမှ တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
ထိုတိုက်ပွဲအတွင်း ဝမ်ပေါင်လဲ့က ချက်ချင်း နောက်ဆုတ်လိုက်၏။ အကယ်၍ အမှောင်ချီသာ ရှိပါက သူ့အနေဖြင့် ဘာမှကြီးကြီးမားမား ဖြစ်မည် မဟုတ်ပေ။ သို့သော်လည်း ဤအရာက ဝေ့ယန်ကျစ်၏ ဧကရာဇ်အလိုဆန္ဒနှင့် ရောပြွန်းနေသည်။ စွမ်းအင်လှိုင်းလုံးများက သူ့ဝိညာဉ်ကိုပင် တုန်ခါသွားစေ၏။
ချန်ရှင်းကသာ ကောင်းကင်အထက် တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်သည့်သူ တစ်ဦးတည်းသောသူ ဖြစ်၏။ သူက ခေါင်းငုံ့ကာ ထိုအရာအားလုံးကို ကြည့်နေသည်။ သို့သော်လည်း အနီးကပ်ကြည့်ပါက ချန်ရှင်းသည် အတွေးနက်နေသလိုမျိုး တငေးတမောဖြစ်နေသည်ကို မြင်ရလိမ့်မည်။
နှစ်ဖက်လုံးမှ ပြောင်းလဲသွားစဉ် သူနှင့် ဝေ့ယန်ကျစ်ကြားမှ တိုက်ပွဲ မဟုတ်တော့ဘဲ အမှောင်ဧကရာဇ်နှင့် ဝေ့ယန်ကျစ်ကြားမှ တိုက်ပွဲ ဖြစ်သွားလေသည်။
နောက်အခိုက်အတန့်၌ ကောင်းကင်တစ်ခုလုံးက လှုပ်ခတ်သွား၏။ သူ့ ပထမဦးဆုံးဦးညွှတ်မှုဖြင့် ဖြစ်ပေါ်လာစေသည့် အမှောင်နယ်မြေ၏ ဖိနှိပ်မှုက ဧကရာဇ်၏ ပုံကားချပ်အောက်တွင် ဖယ်ရှားခံလိုက်ရသည်။ အမှောင်ဧကရာဇ်၏ အမူအရာက တည်ငြိမ်နေပြီး ဝေ့ယန်ကျစ်ထံ ထပ်မံ ဦးညွှတ်လိုက်သည်။
ဤသည်က အမှောင်ဧကရာဇ်၏ ဒုတိယအကြိမ် ဦးညွှတ်မှု ဖြစ်၏။
သူ ဦးညွှတ်လိုက်သည်နှင့် အမှောင်နယ်မြေအတွင်း လျှို့ဝှက်ဆန်းကြယ် အလင်းပြောက်များစွာ ထွက်ပေါ်လာသည်။ သူတို့က ကြယ်စင်များသဖွယ်ဖြစ်ကာ အလင်းပြောက်မြောက်များစွာ ရှိနေ၏။ ဧကရာဇ်ပုံကားချပ်ထဲပင် အလင်းပြောက်များစွာဖြင့် ပြည့်နှက်နေခဲ့သည်။
အလင်းပြောက်များက အမှောင်မီးတောက်သဖွယ် ပျံ့နှံ့သွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း အလင်းပြောက်များက ပေါက်ကွဲထွက်လာကာ ပန်းပွင့်များသဖွယ် ပြောင်းလဲသွားလေ၏။
ထိုပန်းပွင့်များက အနက်ရောင်ဖြစ်ကာ အားပြင်းပြင်း မရဏအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ပွင့်ချပ်တစ်ခုချင်းစီက တစ္ဆေမျက်နှာလိုမျိုး ဖြစ်ကာ ကောင်းကင်အထက် ပြည့်နှက်လာ၏။ တစ်ချိန်တည်းဆိုသလို ထူးဆန်းသည့် ရယ်မောသံများကို ကြားနေရသည်။ ပန်းပွင့်များက အမျိုးသားလား အမျိုးသမီးလား သို့မဟုတ် ငယ်သည်လား ကြီးသည်လားပြောဖို့ရာ မဖြစ်နိုင်ပေ။
“အမှောင်ပန်းပွင့်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ထိုပန်းပွင့်မျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သို့သော်လည်း အမှောင်ကမ္ဘာအိပ်မက်အတွင်း သူက ရှေးဟောင်းမှတ်တမ်းများမှ ထိုအကြောင်းကို ဖတ်ရှုခဲ့ဖူးသည်။
ထိုမှတ်တမ်းများအရ ဤသည်က အမှောင်ကမ္ဘာ၏ ပန်းအမျိုးအစားတစ်ခု ဖြစ်ပြီး ဒဏ္ဍာရီလာအရ ထိုပန်းသည် ပထမအမှောင်ဧကရာဇ်၏ ဝိညာဉ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုအရာသည် နှစ်တစ်သောင်းကြာပွင့်လန်းပြီး နှစ်တစ်သောင်းကြာ ညှိုးနွမ်းသွားရသည်။ ထိုအရာ ပွင့်လန်းပြီး ညှိုးနွမ်းသွားသည့်အချိန်တိုင်း ဝိညာဉ်ကို လှုပ်ခတ်သွားစေသည့် စွမ်းအားမျိုး ထုတ်လွှတ်လာလိမ့်မည်။
သို့သော်လည်း ထိုစွမ်းအားက ဒဏ္ဍာရီထဲမှာ ဆိုသလောက် အံ့အားသင့်ဖို့ မကောင်းပေ။
သို့သော် ပန်းပွင့်တစ်ခုချင်းစီ၏ စွမ်းအားက သိပ်မကြီးမားသော်လည်း ပန်းပွင့်ထရီလီယံပေါင်းရှိနေသည့်အခါ သူတို့က ချက်ချင်းဆိုသလို ပွင့်လန်းပြီး ချက်ချင်းဆိုသလို ညှိုးနွမ်းသွားကြသည်နှင့် ဧကရာဇ်ပုံကားချပ်ထံ မဖော်ပြနိုင်လောက်ဖွယ် ကြောက်မက်ဖို့ကောင်းသည့် စွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာသည်။ ဧကရာဇ်ပုံကားချပ်က အကြိမ်အနည်းငယ်တုန်ခါသွားပြီး မျက်နှာပြင်အနှံ့ အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။ ထို့နောက် အသံကျယ်ကြီးနှင့်အတူ ပေါက်ကွဲထွက်သွား၏။
တစ်ချိန်တည်းဆိုသလို အမှောင်နယ်မြေကို ဖိနှိပ်ထားသည့် စွမ်းအားက ပျောက်ကွယ်သွားသည့်အတွက် အမှောင်နယ်မြေက ထပ်မံ မြင့်တက်လာသည်။ အမှောင်ချီက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး အမှောင်ပန်းပွင့်များ ပေါ်ထွက်လာလိုက် ညှိုးနွမ်းသွားလိုက် ဖြစ်နေသည်။ ထိုစက်ဝန်းက ထပ်ခါထပ်ခါ ဖြစ်နေပြီး ဝေ့ယန်ကျစ်ထံ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများကို ထုတ်လွှတ်နေလေ၏။
ဝေ့ယန်ကျစ်၏ အမူအရာက ပျက်ယွင်းနေလျက်ရှိသည်။ သူက နောက်ဆုတ်လိုက်ပြီး ညာဖက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အဝါရောင်ဝတ်ရုံနှင့် ဧကရာဇ် သရဖူတို့က မျက်စိစူးလောက်ဖွယ် အလင်းတန်းတောက်ပလာကာ ဧကရာဇ်၏ အလိုဆန္ဒကို ထပ်မံ တောက်ပလာစေသည်။ သူက ဖိနှိပ်စွမ်းအားနှင့် ရင်ဆိုင်သည်နှင့် သူ့အကြည့်များက တောက်ပလာ၏။ သူ့အမူအရာက ကြော့ရှင်းနေဆဲဖြစ်ကာ မိုးခြိမ်းလုမတတ် ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
“တော်ဝင်အမိန့်တော် … ဒီနယ်မြေမှာ အမှောင်ထု မရှိဘူး။ ဧကရာဇ်တစ်ပါးရဲ့ စကားက ပေါ့ပေါ့တန်တန် မဟုတ်ဘူး”
ဝေ့ယန်ကျစ် ပြောလိုက်သည်နှင့် သူ့တာအိုဆန္ဒက ပျံ့နှံ့သွားလေသည်။ ဤသည်က အတော်လေး လွှမ်းမိုးမှုရှိပြီး ဧကရာဇ်အလိုဆန္ဒက ကောင်းကင်ထိလုမတတ် မြင့်တက်သွားသည်။ မှော်စွမ်းအားကို ပြောင်းပြန်လှန်လိုက်သလိုမျိုး သဘာဝစည်းမျဉ်းဥပဒေသများကလည်း ပြောင်းလဲသွားခဲ့သည်။ ထိုအရာက အလယ်ပိုင်းအဆုံးမဲ့တာအိုနယ်မြေရှိ အရာအားလုံးအပေါ် သက်ရောက်မှုရှိပြီး ကြယ်တာရာကောင်းကင်၏ အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ကြယ်တာရာကောင်းကင်က ပုံပျက်သွားပြီး အမှောင်ပန်းပွင့်များအားလုံးက ပျောက်ကွယ်သွားလေသည်။
ထိုမျှတင်မကသေးဘဲ ကြယ်တာရာကောင်းကင်ရှိ အမှောင်ချီကပင် သက်ရောက်ခံလိုက်ရကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်းရှိ အမှောင်မီးတောက်ကလည်း သက်ရောက်ခံလိုက်ရသည်။
အမှောင်ဧကရာဇ်အတွက်လည်း အတူတူသာ ဖြစ်၏။ သူ့အရှိန်အဝါက သိသိသာသာ အားနည်းသွားသည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကလည်း စတင်၍ ပြိုကွဲကာ အမှုန့်ဖြစ်လာသည်။ ဤသည်က ဝမ်ပေါင်လဲ့၏ စိတ်ထဲ ယောက်ယက်ခတ်သွားစေ၏။ သို့သော်လည်း နောက်အခိုက်အတန့်၌ အမှောင်ဧကရာဇ်က သက်ပြင်းချကာ ဝေ့ယန်ကျစ်ဆီ ထပ်မံ ဦးညွှတ်လိုက်သည်။
ဤသည်က တတိယအကြိမ်မြောက် ဦးညွှတ်မှု ဖြစ်၏။