← Chapters

မစ်ရှင်ကျရှုံးခြင်း

Vol. 10 Ch. 8

မစ်ရှင်ကျရှုံးခြင်း

Vol. 10 Ch. 8

တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး မြေပြင်မှာ အက်ရာတွေ၊ ချိုင့်တွေ၊ စစ်လက်နက်အပျက်အစီးတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခုမှာ ပြီးပြည့်စုံလုနီးပါး ထွင်းဖောက်မြင်နိုင်တဲ့ လူရိပ်တစ်ရိပ်က ပြေးလွှားနေတယ်။

နေရောင်ကြောင့် အဲဒီလူရိပ်ကို တစ်ခဏတာသာ မြင်နိုင်ခဲ့တာဖြစ်ပြီး အနားမှာရှိနေတဲ့ ပိုးကောင်စစ်သည်တွေကတော့ သတိမထားမိကြပါဘူး။ လူရိပ်ကတော့ သူ့ကိုယ်သူ တတ်နိုင်သမျှဖုံးကွယ်ရင်းနဲ့ ရှေ့ဆက်သွားနေလေရဲ့။

“ဂိုင်ယာ၊ အနီးအနားက ရန်သူတွေရဲ့မြေပုံကို ပြပေး။” အေမီက စွမ်းအင်လက်ကျန်ကိုကြည့်ရင်း ပြောလိုက်တယ်။ စစ်နတ်သမီးဝတ်စုံက အဆင့်မြှင့်ပြီးပြီဆိုပေမဲ့ သိုလှောင်နိုင်တဲ့ စွမ်းအင်ပမာဏက အကန့်အသတ်ရှိတယ်။

[မီတာသုံးရာအတွင်းမှာ အဆင့်နိမ့်ပိုးကောင် သုံးလေးကောင်ကလွဲရင် တခြားမရှိပါဘူး။]

ဂိုင်ယာဆီကနေ အချိန်နဲ့တပြေးညီပြသနေတဲ့ မြေပုံငယ်တစ်ခုပေါ်လာပြီး ပိုးကောင်တွေရဲ့လှုပ်ရှားတွေကို အသေးစိတ်ပြသပေးနေတယ်။ ဒါ့အပြင် အေမီကို တိုက်ရိုက်စာနဲ့ပါ အစီအရင်ခံပါတယ်။

“ငါတို့တွေ စစ်မြေပြင်ကိုကျော်လာပြီး ရန်သူ့နယ်မြေထဲမှာ ရောက်နေတာအတော်ကြာပြီ။ ဒီနောက်ပိုင်းမှာ သူတို့သိမ်းထားတဲ့မြို့တွေပဲရှိပြီး စစ်နောက်ခံ​ဒေသမလို့ ပိုးကောင်တပ်တွေနည်းတာမှန်ပေမဲ့ မိုင်ငါးရာနီးနီးသွားပြီးတာတောင် ပိုးကောင်တစ်ဒါဇင်လောက်ပဲတွေ့ရတာ ပုံမှန်ရောဟုတ်ရဲ့လား။”

အေမီက ကမ္ဘာ့မြေပုံကိုပါ တစ်ချက်ပြန်ကြည့်လိုက်တယ်။ သူရှိနေတဲ့နေရာက ပိုးကောင်နန်းတော်နဲ့နီးလာပြီ။ စစ်နောက်ပိုင်းဒေသမှာဖြစ်လို့ ပိုးကောင်တွေရဲ့တပ်မဟာကြီးတွေမရှိပေမဲ့ အနည်းဆုံးတော့ ကင်းစောင့်တွေ ထူထူထဲထဲရှိနေသင့်တဲ့နေရာပါ။ အဲဒီနောက်တော့ ရှေ့ဆက်ရင်းနဲ့ သိမ်းပိုက်ခံမြို့တစ်မြို့နားကို ချဥ်းကပ်လာနိုင်ပါတယ်။

အေမီက သိမ်းပိုက်ခံထားရတဲ့ မြို့ထဲကိုလျှောက်လာရင်း ပုန်းခိုလို့ကောင်းမယ့် လူနေတိုက်ခန်းတစ်ခုထဲကို ဝင်လိုက်တယ်။ အဲဒီနောက်တော့ ကိုယ်ပျောက်စနစ်ကို ထောက်ပံပေးထားတဲ့ လက်ကောက်ကိုချွတ်လိုက်ပြီး ဝတ်စုံရဲ့စွမ်းအင်ဗဟိုချက်ကို စတင်လဲလှယ်ပါတယ်။

“မမလေး အပိုတွေထုတ်ပေးလိုက်တာ ကံကောင်းတယ်။ ဒီလိုမှမဟုတ်ရင် စွမ်းအင်ပြန်ပြည့်တဲ့အထိ စောင့်နေရမှာ။”

အေမီ​က စွမ်းအင်ဗဟိုချက်ကို ပြန်ဖွင့်ပြီးတဲ့နောက်တော့ တိုက်ခန်းကနေ ပြန်ထွက်ကာ ခရီးကိုဆက်ပါတယ်။ ​မြို့ကိုဖြတ်ပြေးလက်စနဲ့ လေ့လာကြည့်ခဲ့ပေမဲ့ လူအရိပ်ရော၊ ပိုးကောင်အရိပ်ကိုပါ မတွေ့ရဘူး။

“ဒီမြို့မှာ မြို့စောင့်တပ်တောင်မရှိဘူးပဲ၊ ရှေ့တန်းမှာ သူတို့တပ်တွေအများကြီး ရောက်နေလို့လား။ ဒီလိုလည်းမဖြစ်နိုင်ဘူး။ ပိုးကောင်တွေက မျိုးပွားတာသိပ်မြန်တဲ့ သတ္တဝါတွေပါ။ ဘယ်လိုတွေးတွေး လုံးဝမူမမှန်ဘူး။ သူတို့တပ်တွေကို တခြားသုံးဖို့ရှိလို့ ရွေ့ပြောင်း​နေတာများလား။”

အေမီက ထိတ်လန့်စရာကောင်းတဲ့ အကြံအစည်တစ်ခုကို တွေးမိလိုက်တယ်။ ဒါပေမဲ့ သက်သေရယ်လို့ ကြီးကြီးမားမားမတွေ့ရသေးသလို ရန်သူ့အကြံကိုလည်း တိတိကျကျကြီးမခန့်မှန်းနိုင်ဘူး။

“ပြီးခဲ့တဲ့လတွေမှာလည်း ပိုးကောင်စစ်တပ်က လှုပ်ရှားမှုကြီးကြီးမားမား သိပ်မရှိဘူး။ စစ်မျက်နှာပြင်နှစ်ခုလုံးမှာ ဖိအားပေးနေပေမဲ့ လူသားစစ်တပ်တွေက ပြန်နိုင်လာပြီ။ စစ်ကူရောက်လာတာမျိုးလည်းမရှိဘဲ ဒီအတိုင်းပဲ ဆက်ဖိအားပေးနေကြတာ။ ဖြစ်နိုင်တာက ငါတို့မထင်ထားတဲ့နေရာကနေ စစ်မျက်နှာပြင်ဖို့မလို့လား။”

အေမီက တဖြည်းဖြည်းချင်းတွက်ချက်နေရင်းကနေ ဂိုင်ယာကို ဆက်သွယ်ပြီး မေးလိုက်ပါတယ်။

“ဂိုင်ယာ၊ မြောက်အမေရိကမှာ ပိုးကောင်တွေထပ်ပြီး စစ်မျက်နှာပြင်ဖွင့်နိုင်တဲ့ နေရာတွေရှိနိုင်လား။”

[တွက်ချက်နေပါသည်.... ကနေဒါနဲ့မက္ကဆီကိုကို စစ်မျက်နှာပြင်ဖွင့်နိုင်ပေမဲ့ မဟာမိတ်က ကြိုတင်ပြင်ဆင်ပြီးသွားပါပြီ။ ဒါပေမဲ့ ခုခံဖို့အသင့်ဖြစ်နေတဲ့ ရန်သူတွေကိုတိုက်တာထက် လက်ရှိအနောက်ဖက်နဲ့အရှေ့ဖက် အမေရိကန်ကမ်းရိုးတန်းတွေကို ဦးစား​ပေးသိမ်းပိုက်တာက သူတို့အတွက်အကျိုးပိုရှိမှာပါ။]

အေမီက မေးကိုလက်နဲ့ဆုပ်ကိုင်လိုက်ရင်း စဥ်းစားတယ်။ ဂိုင်ယာက သူကိုယ်တိုင်ထပ်တောင်မှ ရန်သူ့လှုပ်ရှားမှုတွေကို တွက်ချက်နိုင်တဲ့ စူပါကွန်ပျူတာပါ။ မဟာမိတ်ကလည်း ဂိုင်ယာရဲ့တွက်ချက်မှုတွေကနေပြီး ပိုးကောင်တပ်တွေရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းပြီး ကမ္ဘာအနှံမှာနိုင်ပွဲတွေရနေခဲ့တာ။

“ဒါပေမဲ့ နင့်ရဲ့တွက်ချက်မှုတွေက ရရှိထားတဲ့ အချက်အလက်ပေါ် မူတည်တယ်မဟုတ်လား။”

[ရှင်းလင်းချက်: လောလောဆယ်အချက်အလက်တွေအရ ရန်သူတွေ စစ်မျက်နှာဖွင့်ဖို့လုပ်နေတယ်ဆိုတာပဲသိရပြီး တခြားခန့်မှန်းမှုတွေ လုပ်ဖို့ခဲယဥ်းပါတယ်။]

“ဒါဆိုလည်း ပိုးကောင်နန်းတော်ထဲအထိ ခိုးဝင်ပြီး သူတို့ဘာကြံနေလဲ ကြည့်ကြတာပေါ့။”

အေမီက ပြုံးလိုက်ပြီး ရှေ့ဆက်သွားဖို့လုပ်တယ်။ သူက တိုက်ခေါင်မိုးတစ်ခုပေါ်ကို ခုန်တက်လိုက်ကာ သိမ်းပိုက်ခံ မြို့လေးထဲကနေ ထွက်သွားဖို့ပြင်ဆင်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ မျှော်လင့်မထားတာတစ်ခု ဖြစ်လာခဲ့လေရဲ့။

“ဟေး၊ ကောင်မလေး။ တခြားသူတွေရဲ့ပိုင်နက်ထဲကို ခိုးဝင်ပြီးတော့ ဘာလုပ်ဖို့ကြံနေတာလဲ။”

ရုတ်တရက် လူတစ်ယောက်ရဲ့လက်က အေမီရဲ့ဘယ်ဘက်ဘေးကနေ ဆန့်ထွက်လာပြီး လည်ပင်းကို ဖမ်းဆုပ်ဖို့ ကြိုးစားတဲ့အတွက် အေမီက ဝတ်စုကျောမှာခေါက်တပ်ထားတဲ့ တံစဥ်ကို ​ဖြန့်ပြီးခုခံတယ်။ လက်နဲ့တံစဥ်က ရိုက်မိသွားပြီး သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာပါတယ်။

ထန်း....

ရန်သူက လက်ကို ပြန်ရုပ်လိုက်တယ်။ အေမီကလည်း တံစဥ်ကို အသင့်အနေအထားပြန်ပြင်ပြီး တိုက်စစ်ဆင်ဖို့ ပြင်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရန်သူကို ကြည့်လိုက်တော့ မာဖီးယားလိုဝတ်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ဖြစ်နေတာ တွေ့ရတော့တာပဲ။

“ပိုးကောင်ဗိုလ်ချုပ်၊ ယင်ကောင်လား။ ပြီးတော့ ဂိုင်ယာတောင်မှ သူ့ကိုသတိမထားမိလိုက်ဘူး။”

“ငါတို့က အချင်းချင်းသိနေပြီးသားပဲ မိတ်ဆက်စရာမလိုတော့ပါဘူး။ ငွေရောင်စစ်သည်ရဲ့အိမ်စေစစ်နတ်သမီး။ မင်းရဲ့ကိုယ်ဖျောက်နည်းပညာက အဆင့်မြင့်ပေမဲ့ ငါ့မျက်လုံးတွေအောက်က မလွတ်မြောက်နိုင်ဘူးနော်။”

ယင်ကောင်က လူသားတစ်ယောက်ရဲ့အသွင်အတိုင်းရှိနေသေးပေမဲ့ သူ့မျက်လုံးတွေကို လက်ညိုးနဲ့ညွန်ပြလိုက်တယ်။ သူ့မျက်လုံးကတော့ ယင်ကောင်တစ်ကောင်ရဲ့ပေါင်းစပ်မျက်လုံးတွေအတိုင်း ရှိနေတာပါ။အဲဒီနောက်တော့ ယင်ကောင်က သူ့ဦးထုပ်ကို ပြင်စောင်းရင်း

“ဒီတော့ ခင်ဗျားလိုအိမ်စေအလှလေးက ကျုပ်တို့အင်ပါယာရဲ့နယ်မြေထဲ ခိုးဝင်လာရတဲ့အကြောင်း သိလို့ရမလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့မစ်ရှင်က ကျရှုံးပြီးသွားပြီ ဆိုပေမဲ့ပေါ့။”

“သေလိုက်တော့...” အေမီက တံစဥ်ကိုလှည့်ရင်းနဲ့ အလင်းဒြပ်စင်တောင်ပံကို ဖြန့်လိုက်တယ်။ စွမ်းအင်တွေက ကွန်ယက်အဖြစ်ဖြန့်ကျက်လိုက်ရင်း စွမ်းအင်သီးသန့်တောင်ပံ ဖြစ်တည်လာတယ်။ နောက်တော့ အေမီရဲ့အမြန်နှုန်းက အသံမြန်နှုန်းအထက် လေးဆကို​ရောက်သွားပြီး ယင်ကောင်ကို တံစဥ်နဲ့ခုတ်ချတယ်။

“မဆိုးဘူးပဲ၊ အရင်ကထက် ပိုသန်မာလာတာပဲ။” ယင်ကောင်က တံစဥ်ခုတ်ချက်ကို ခန္ဓာကိုယ်တိမ်းစောင်းရုံလေးနဲ့ တိမ်းရှောင်လိုက်ပြီး အေမီကို လက်သီးနဲ့ပြန်ထိုးတယ်။ အေမီကလည်း သာသာလေးရှောင်ပြီး တန်ပြန်တိုက်တယ်။

တစ်ယောက်နဲ့တစ်ယောက် အချိန်တော်တော်ကြာတဲ့အထိ တိုက်ကွက်ဖလှယ်ပြီးတဲ့နောက် အခြေအနေမဟန်တဲ့ အေမီက ​နောက်ကိုပြန်ခုန်ဆုတ်လိုက်တယ်။

“မင်းရဲ့လက်ရှိပုံစံကို ငါပိုးကောင်အဖြစ်မပြောင်းဘဲနဲ့တောင် အနိုင်ယူနိုင်တယ်။ မင်းတိုက်ကွက်တိုင်းကို ငါ့မျက်လုံးက မြင်နေရတာလေ။”

ယင်ကောင်ကလည်း သူ့အတောင်ပံတွေကို ဖြန့်လိုက်တယ်။ ယင်ကောင်ရဲဲ့မြန်နှုန်းကလည်း အသံမြန်နှုန်းလေးဆကို ကျော်လွန်သွားပြီး သူလှုပ်ရှားတာနဲ့တင် ဘေးပတ်ဝန်းကျင်က အဆောက်အဦးတွေ အက်ကွဲပြိုလဲကုန်တယ်။ နှစ်ယောက်ရပ်နေခဲ့တဲ့ တိုက်ကြီးလည်း ပြိုကျသွားပြီး နှစ်ယောက်လုံးက လေထုထဲမှာ တိုက်ခိုက်နေကြရပါတယ်။

ဘုန်း....

မကြာခင်မှာပဲ ယင်ကောင်က အေမီရဲ့ဝမ်းဗိုက်ကို မိမိရရကန်လိုက်နိုင်တယ်။ ချပ်ဝတ်အသစ်က အေမီကို ထိခိုက်မသွားအောင် ခုခံလိုက်နိုင်တယ်ဆိုပေမဲ့ ဝတ်စုံကိုယ်တိုင်ကတော့ အလွှာတချို့ကွာကျတဲ့အထိ ထိခိုက်သွားတယ်။

“ဒီလောက်ပဲလား၊ ငါက အသန်မာဆုံးဗိုလ်ချုပ်နော်။ အနူးဘစ်ပုံစံမပြောင်းမချင်း ငါ့ကိုနိုင်မှာမဟုတ်ဘူး။”

အေမီက အံ့ကြိတ်လိုက်တယ်။ တကယ်လို့ မြွေနဂါးပုံစံပြောင်းခဲ့ရင်တောင်မှ ယင်ကောင်ကို အနိုင်ရဖို့ မကျိန်းသေဘူး။ တစ်ချိန်တည်းမှာပဲ ဆိုးကျိုးအပြည့်အဝမသိရတဲ့ မြွေနဂါးပုံစံကို အေမီမသုံးချင်ပါဘူး။ ဒါပေမဲ့ ဂိုင်ယာဆီကနေ စာတစ်စောင်ဝင်လာပြီးတဲ့နောက်တော့ သူပြုံးလိုက်တယ်။

“ကောင်းပြီလေ၊ နင့်ကို အနူးဘစ်ရဲ့စွမ်းအားပြပေးတာပေါ့။”

အေမီရဲ့လက်က သူ့ခါးမှာချည်ထားတဲ့ အနက်ရောင်သေတ္တာဆီရောက်သွားပြီး ခလုတ်နှိပ်လိုက်ပါတယ်။ သေတ္တာကနေ ခေါင်းသုံးလုံးခွေးကြီးအဖြစ်ပြောင်းသွားပြီး အေမီအနားမှာရပ်ကာ ယင်ကောင်ကိုထိုးဟောင်တယ်။

ဝုတ်... ဝုတ်...

“လုပ်လိုက်ကြစို့၊ စေဘာစတိန်း။” အေမီက တံစဥ်ကိုမြှောက်လိုက်တယ်။ တံစဥ်ရဲ့စွမ်းအင်ဗဟိုချက်ကနေ ခရမ်းရောင်အလင်းထွက်လာပြီး ခွေးနက်ကြီးကလည်း ခုန်တက်ပြီး အေမီရဲ့ဝတ်စုံနဲ့ပေါင်းစပ်လိုက်တယ်။

[Booster Form: Anubis]

အေမီက အနူးဘစ်ပုံစံပြောင်းပြီးပြီးချင်းမှာပဲ အရိပ်တွေကို ဆင့်ခေါ်လိုက်တယ်။ ဧရာမမြွေနက်ကြီးတစ်ကောင်​အရိပ်ထဲကနေ ထွက်လာပြီး ယင်ကောင်ကို ဖမ်းချုပ်ကာ ယင်ကောင်ရဲ့ခေါင်းကို ကိုက်ဖို့ကြိုးစားတယ်။ ယင်ကောင်က သူ့ကိုယ်သူ ပိုးကောင်အဖြစ်အပြည့်ပြောင်းပြီး အေမီရဲ့ချုပ်နှောင်မှုကနေ လွတ်မြောက်လာပေမဲ့ သူမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ မျှော်လင့်ထားတာနဲ့တခြားစီပါ။

“ငါ့ရဲ့တာဝန်မှာ အစကတည်းက နင်တို့နဲ့ရင်ဆိုင်ဖို့မပါဘူး။ ငါ့တာဝန်လည်း ကျရှုံးသွားပြီဆိုတော့ စိတ်မရှိပါနဲ့။”

အနူးဘစ်ပုံစံပြောင်းထားတဲ့အေမီက ယင်ကောင်နဲ့ ဆက်မတိုက်တော့ဘဲ အဲဒီအစား ပွင့်လာတဲ့ပေါ်တယ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။ တစ်ဖက်မှာတော့ ယင်ကောင်က ဒေါသထွက်ပြီး ကျန်နေရစ်တယ်။

...

နယူးယောက်ဟီးရိုးကျောင်းရဲ့နေ့လယ်ခင်းနားချိန်ကတော့ ခါတိုင်းနဲ့မတူဘဲ လူတွေအပြည့်ပါပဲ။ နဂိုရှိပြီးသား ကျောင်းကန့်တင်းက သေးသွားပြီဖြစ်တာကြောင့် ထပ်ချဲ့ထားပြီး ဝန်ထမ်းအသစ်တွေခေါ်ခဲ့ပေမဲ့ ကျောင်းသားတွေကတော့ ဒီနေ့အတွက် အမဲသားမုန့်ကပ်ကြော်ကို အလုအယက်ဝယ်နေရဆဲပါပဲ။

ရုတ်တရက် လူအုပ်ကြီးထဲကို ကျောင်းဝတ်စုံပေါ် အနက်ရောင်လုပ်ကြံသတ်ဖြတ်သူဝတ်ရုံကြီး ခြုံထားတဲ့ ကောင်လေးတစ်ယောက် လူတွေအုံနေတဲ့ နေရာကိုရောက်လာပြီး စနစ်မကျဘဲ တိုးဝေ့ဝယ်နေတဲ့ ကျောင်းသားတွေကို ကြည့်လိုက်တယ်။

“ပထမနှစ်တွေ၊ စနစ်တကျ တန်းစီကြစမ်း။”

ယုတိုဆီကနေ အေးစက်စက်လေသံလည်း ထွက်လာရော အကုန်လုံးငြိမ်ကျသွားပြီး စနစ်တကျစတန်းစီကြပါတယ်။ ယုတိုကိုယ်တိုင်ကလည်း နောက်ဆုံးကနေ ဝင်တန်းစီတယ်။ ကန့်တင်းမှာရှိတဲ့ ကျောင်းသားတွေကတော့ ယုတိုကို ထိတ်လန့်ကြောက်ရွံမှုအပြည့်နဲ့ ကြည့်နေကြလေရဲ့။

“အဲဒါက ယုတိုလေ၊ ကျိုတိုမှာ ကျောင်းသားတစ်ယောက်ကို ဆေးရုံတက်ရတဲ့အထိ ရိုက်ခဲ့တဲ့သူတဲ့။ လွှမ်းမိုးနိုင်စွမ်းရှိလိုက်တာ။”

“ဝင်ခွင့်စာမေးပွဲတုန်းကလည်း စီနီယာနျူရေကို ဓားနဲ့ထောက်ခဲ့တာတဲ့။”

“ဟယ်ဟယ်... သူ့ကြည့်ရတာ နုနုနယ်နယ်နဲ့မိန်းမ​ချောလေး။ စီနီယာနျူရေလို မိန်းမလှလေးကို စိတ်မဝင်စားဘဲ ဓားနဲ့ထောက်ခဲ့တာဆိုတော့ ဂျီပုန်းသခင်လေးများ ဖြစ်နေမလားမသိဘူး။”

အမဲသားမုန့်ကပ်ကြော်ဝယ်နေတဲ့ ယုတိုကတော့ အဲဒီစကားတွေကို နားစွန်နားဖျားကြားပြီး ကျောချမ်းလာတယ်။ ကျောင်းသားအုပ်ထဲကို ကြည့်လိုက်တော့ သူ့ကိုမိန်းကလေးတွေရော ယောက်ျားလေးတွေကပါ တပ်မက်တဲ့အကြည့်တွေနဲ့ ကြည့်နေကြပြီ။ သူ့အကြည့်တွေကို သတိထားမိတော့ အကုန်လုံးက သူ့ဆီကနေပြီး အကြည့်လွှဲလိုက်ကြတယ်။

‘အမဲသားကပ်ကြော်တော့ရပြီ၊ ထောင့်မှာထိုင်ပြီး ခပ်တည်တည်ငိုက်ဖမ်းမှ ဘယ်သူမှ ငါ့ကိုပြဿနာမရှာမှာ။’ ယုတိုက သူ့အတွေးနဲ့သူ ကန့်တင်းက ထောင့်စားပွဲမှာထိုင်တယ်။ လူတိုင်းက အချောလေးယုတိုကိုစိတ်ဝင်စားနေပေမဲ့ သူ့ဓားရေးကြောင့် ဘယ်သူမှ မချဥ်းကပ်ရဲကြဘူး။ ဒါပေမဲ့ နဂိုကတည်းက တခြားခုံမှာထိုင်နေတဲ့ တာလီယာက သူ့ပန်းကန်ကိုကိုင်ပြီး ယုတိုနဲ့အတူလာထိုင်တယ်။

“နီဟွန်းက ကောင်လေး၊ နင်က ဒုတိယနှစ်တွေကို ​ခြိမ်းခြောက်နိုင်ခဲ့ပြီး ငါနဲ့စွမ်းအားအဆင့်ချင်း တူတယ်ဆိုတော့ သူငယ်ချင်းလုပ်ပေးလို့ရမလား။”

ယုတိုကလည်း ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။ နောက်မှ တာလီယာကို မှတ်မိသွားပြီး

“ငါက တစ်ချိန်လုံး စီနီယာတွေလက်ကနေ ပြေးနေခဲ့တာလေ။ နင်ကတော့ စီနီယာတွေနဲ့တကယ်တိုက်ပြီးမှ ပန်းဝင်ခဲ့တာမဟုတ်လား။ ငါနဲ့မိတ်ဖွဲ့ဖို့ နင့်အတွက်မလိုဘူးထင်တာပဲ။”

ယုတိုက အေးစက်စက်နဲ့ပြောလိုက်တယ်။ ဒါပေမဲ့ တာလီယာကတော့ ဖော်ရွေတဲ့ အစ်မကြီးပုံစံနဲ့ယုတိုပခုံးကို ပုတ်လိုက်တယ်။

“ဘယ်ကသာ၊ ငါက သူတို့ကို ကံကောင်းပြီးနိုင်ခဲ့တာဟဲ့။ နည်းနည်းလေးနောက်ကျရင် ဝင်ခွင့်ကျတော့မလို့။ နင်ကမှ ပိုသန်မာတာပါ၊ ယုတို-ကွန်း။”

“ဂျပန်စကားကို နည်းနည်းသိတာလား။”

“အင်း၊ နွေရာသီတုန်းက သင်ထားတာလေ။”

ယုတိုနဲ့တာလီယာ စကားပြောနေတုန်း ဆံပင်အနီဆိုးထားပြီး ကျောင်းအင်္ကျီပေါ်မှာ ကုတ်အင်္ကျီအဖြူကြီးကို ခြုံဝတ်ထားတဲ့ အရပ်ရှည်ရှည်ရုပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက်က သူတို့နားကနေ ဖြတ်သွားရင်းရပ်လိုက်ပါတယ်။

“ဟေး၊ မင်းတို့နှစ်ယောက်က ဝင်ခွင့်စာမေးပွဲမှာ ငါပြီးရင် နာမည်အကြီးဆုံးနှစ်ယောက်မဟုတ်လား။ ယုတိုက အမဲသားမုန့်ကပ်ကြော်တစ်ခုကို တူနဲ့ညှပ်ကိုက်စားရင်းကနေ ဆံပင်အနီနဲ့ကောင်ကို မော့ကြည့်လိုက်ပြီး စကားတစ်ခွန်းကို အထာကျကျပြောလိုက်တယ်။

“မင်းက ဘယ်သူလဲ။”

“မသိရကောင်းလားကွ....” ယုတိုက အမှန်အတိုင်းပြောလိုက်တာဆိုပေမဲ့ ဆံပင်နီကိုယ်တော်ကတော့ အတော်လေး ဒေါသထွက်သွားတဲ့ပုံပဲ။

“ငါလေကွ... ငါ... ဒီနှစ်ကျောင်းဝင်ခွင့်ရတဲ့အထဲက မြူတန့်အဆင့် B- နဲ့ အမြင့်ဆုံးဖြစ်ခဲ့တဲ့ငါလေ။ ဖီးလစ် ရော့ဝဲလ်၊ ဖီးနစ်လို့ လူသိများတယ်။ ငါ့အင်္ကျီနောက်ကျောကို ကြည့်လိုက်။”

ဖီးလစ်က သူ့ကုတ်အင်္ကျီကို ကျန်တဲ့နှစ်ယောက်မြင်စေဖို့ လှန်ပြလိုက်တယ်။ ‘ဖီးနစ်မီးတောက်ဘုရင်’ဆိုပြီး ကလေးလက်ရေးနဲ့ရေးထားတာမြင်တော့ ယုတိုက စားလက်စ အသားကပ်ကြော်တွေထွေးမထုတ်မိအောင် ပါးစပ်ကိုလက်ဝါးနဲ့အုပ်ရင်း ရယ်လိုက်ပါတယ်။

“ဘာကြီးလဲ၊ ဆိုင်ကယ်လူမိုက်ဂိုဏ်း အဖွဲ့အင်္ကျီလား။” တာလီယာက ထဝေဖန်ပါလေရော။ ဖီးလစ်ကတော့ မျက်နှာကြီးမည်းသွားပြီး

“မဟုတ်ဘူး၊ ဖီးနစ်ဘုရင်ကြီးရဲ့တော်ဝင်ဝတ်ရုံတော်ပဲကွ။” ဖီးလစ်က ပြောလိုက်တော့ ကျန်တဲ့နှစ်ကောင်က သူ့ကို ကျပ်ရောပြည့်ရဲ့လားဆိုတဲ့ပုံစံနဲ့ ကြည့်လိုက်ကြတယ်။ နောက်တော့ တာလီယာက ဖီးလစ်ကို မှတ်မိသွားပြီး

“ဪ၊ ငါသိပြီ။ နင်က အဲဒီတုန်းက ကြမ်းပြင်မှာကပ်နေတဲ့ ကောင်မဟုတ်လား။”

ဒီစကားက ဖီးလစ်ရဲ့မာနကို အတော်လေးထိပါးသွားပုံပဲ။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးတော့

“မင်းတို့ရန်စရုံလောက်နဲ့ ဒီသခင်ကြီးက လာရင်းကိစ္စကို မေ့မှာမဟုတ်ဘူး။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်ကို ငါ့ရဲ့ငယ်ကျွန်ကြီးတွေလုပ်ဖို့ အခွင့်အရေးပေးတယ်။”

ကျန်တဲ့နှစ်ယောက်က သူ့ကိုအရူးလားဆိုတဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။ ယုတိုကတော့ နောက်ဆုံးအသားကပ်ကြော်ကို စားပြီးပြီဖြစ်လို့ ထလိုက်တယ်။ တာလီယာကတော့ ခုံပြောင်းဖို့ပြင်နေပြီ။

“မင်းတကယ်ပြောနေတာလား ပြောင်ပြောနေတာလားမသိပေမဲ့ သက်တူရွယ်တူ အတန်းတူအောက်မှာတော့ ငယ်သားမလုပ်နိုင်ဘူး။” ယုတိုက သူ့လည်ပင်းက ပုဝါနီလေးကို ပြန်ပြင်စည်းလိုက်ရင်းနဲ့ သူ့အခန်းသူပြန်ဖို့လုပ်တယ်။ တာလီယာကတော့ ဖီးလစ်နဲ့ဝေးရာ ခုံတစ်ခုံမှာသွားထိုင်တယ်။

“မင်းတို့ကောင်တွေ ဟောဒီက ဖီးနစ်ရဲ့ကြီးမြတ်မှုကိုမမြင်ကြသေးဘူးပဲ။ ရတယ်လေ၊ ဒီဖီးနစ်က ဒီနေ့ဒုတိယနှစ်ကျောင်းသားတွေကို စိန်ခေါ်ပြီးအနိုင်ယူတော့မှာ။ ငါအနိုင်ယူပြီးခါမှ ငါ့တပည့်လုပ်ချင်တယ်လို့ မပြောကြနဲ့နော်။”

ဖီးလစ်က ကန့်တင်းအပြင်ကို ထွက်လာပါတယ်။ ရုတ်တရက် ကန့်တင်းဘေးမှာ ပေါ်တယ်ပွင့်လာပြီး ညိုချောအလှလေး ထွက်လာတယ်။ အိမ်စေမလေးရဲ့ဆံပင်တွေက ရေတံခွန်လိုမျိုးဖြာကျ​နေပါတယ်။ ခွေးပုံစံမျက်နှာဖုံးကိုဝတ်ထားပေမဲ့ ကိုယ်ခန္ဓာအချိုးအစားအရ အတော်မိုက်မယ့်ပုံစံလို့ ဖီးလစ်တွေးမိလိုက်တယ်။

“နတ်... နတ်သမီးလေးလား....” ဖီးလစ်တွေးမိတဲ့အချိန်မှာပဲ သူ့အကြည့်က နတ်သမီးလေးရဲ့ဝမ်းဗိုက်နေရာကို ရောက်သွားတယ်။ အဲဒီမှာ သတ္တုထဲကိုနစ်ဝင်နေတဲ့ ရှူးဖိနပ်ရာကြီး အထင်းသား။

“တိုက်ပွဲကနေ ပြန်လာတာလား...” ဖီးလစ်က တွေးလိုက်ပေမဲ့ ညိုချောမလေးကတော့ ဂရုမစိုက်ဘဲ နည်းပညာဝတ်စုံကို ပြန်ဖြုတ်သိမ်းထားလိုက်ပါတယ်။ အခုညိုချောမလေးက အိမ်စေဝတ်စုံနဲ့ဖြစ်သွားပြီး လက်ထဲမှာ သေတ္တာနှစ်လုံးကို ကိုင်ထားတယ်။ ဖီးလစ်က အဲဒီညိုချောအိမ်စေမလေးကို အရူးတစ်ယောက်လိုကြည့်နေမိပါတယ်။

နောက်ဆုံး အိမ်စေမလေးက ကျောင်းအုပ်ကြီးရုံးခန်းကို ထွက်သွားပြီးမှ သူအသိစိတ်က ကိုယ်မှာပြန်ကပ်တယ်။

“ဟုတ်သားပဲ၊ ဒုတိယနှစ်တွေကို လိုက်စိန်ခေါ်ရမယ်။” ဖီးလစ်က တွေးလိုက်တယ်။ နာရီကြည့်တော့ နားချိန်ပြီးသွားပြီး ကျောင်းသားတွေအတန်းပြန်နေပြီဆိုပေမဲ့ သူက အဲဒီအစား တိုက်ပွဲကွင်းပြင်ကို ဦးတည်သွားပါတယ်။

“ဒီနေ့ညနေ ဒုတိယနှစ်တွေရဲ့ပထမဆုံးအချိန်က လက်တွေ့တိုက်ပွဲအတန်းချိန်မဟုတ်လား။ ဒီတော့ တိုက်ပွဲကွင်းပြင်မှာရှိမှာပဲ။ အဲဒီမှာ ကြိုစောင့်နေရမယ်။”

ဖီးလစ်တိုက်ပွဲကွင်းပြင်ကိုသွားရင်း လမ်းတစ်ဝက်ရောက်တော့ ဒုတိယနှစ်အဆောင်ထဲကထွက်လာတဲ့ ကျောင်းသားတွေနဲ့စုံမိမယ်။ အဲဒီကျောင်းသားတွေရဲ့ဝတ်စုံက တခြားကျောင်းသားတွေနဲ့ တမူထူးခြားနေပြီး လက်မောင်းမှာ အပြာရောင်လက်ပတ်ပါပေမဲ့ ဖီးလစ်က သိပ်အများကြီးမတွေးမိဘူး။ သူတို့နဲ့အတူ နားရွက်ချွန်ချွန် ဆံပင်ရွှေရောင်နဲ့ဆရာ လိုက်ပါလာပေမဲ့ အဲဒီဆရာရဲ့မျက်နှာကြည့်​ရတာ နေရာကနေ ထွက်ပြေးချင်နေသလိုပဲ။

ဒုတိယနှစ်ကျောင်းသားအုပ်ထဲမှာ ကျောင်းကပေးတဲ့ဓားအစား ကာနာတာချိတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တော့ ဖီးလစ်နှုတ်ခမ်းတွေ ကွေးညွှတ်သွားပါတယ်။

“ဟိုကောင်ယုတိုက ဂျပန်ကမလား၊ ကာတာနာသုံးတဲ့သူကို အနိုင်ယူလိုက်ရင် သူငါ့ကို ရှိန်သွားမှာပဲ။” သူက တွေးလိုက်ပြီး ဒုတိယနှစ်တွေနဲ့အတူ တိုက်ပွဲကွင်းပြင်ထဲ လိုက်ဝင်တယ်။

All Chapters