မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Vol. 31 Ch. 3.205
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနဲ့ ဘုရင်မင်းမြတ် ချန်ရှုံတို့ဟာ သူတို့ မသေသရွေ့ လက်စားချေမှာ သေချာပါသည်။ ဒီအချက်ဟာ ဘယ်လောက်ပဲ တုံးနေပါစေ တွေးကြည့်နိုင်၏။
"ဒါပဲလေ... ဘာပဲဖြစ်ဖြစ် လက်စားချေကြမှာပဲ အဲ့တော့ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်တာက ပိုမကောင်းဘူးလား"
ဖန့်ဝူဆွေ့မှ ဝင်ဆွေးနွေးလိုက်သည်။
"ဒါပေမဲ့...."
အကြီးအကဲ လုံယွမ်မှာ မျက်တောင်များကို ပုတ်ခတ်ရင်း ဆွံ့အသွားတော့သည်။
"ဒါပေမဲ့ ဆိုတာ မရှိဘူး... မင်းအားလုံးမှားတယ်လို့ ငါပြောရတဲ့ အကြောင်းရင်းက တကယ်တော့ ဒီလိုလုပ်တာက လုရွှမ်ရဲ့ ဉာဏ်ရည်က ငါတို့အားလုံးထက် ပိုထက်မြက်နေလို့ပဲ!"
ဖန့်ဝူဆွေ့က သက်ပြင်းချရင်း ဆိုလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ? အသေးစိတ် ပြောပြစမ်းပါ!"
အကြီးအကဲ လုံယွမ်မှာ မထိန်းနိုင်ဘဲ သေသေချာချာ အသေးစိတ်ကျကျ သိချင်လာ၏။
"ဒါက ရှင်းပါတယ်.... ကျောင်းအုပ်ကြီးချူပဲ ဖြစ်ဖြစ် ဘုရင်မင်းမြတ် ချန်ရှုံပဲဖြစ်ဖြစ်.... သူ့တို့ရှေ့က လူငယ်လေးက သူတို့ကို တကယ်မသတ်ရဲဘူး ဆိုပြီး မှတ်ယူထားကြတာ... သူတို့ကို သတ်လိုက်ရင် ယင်းယန်တစ်ကျောင်းလုံး ပေရွှီးအင်ပါယာ တစ်ခုလုံးရဲ့ ရန်သူဖြစ်မှာလေ... သူ့မှာ အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက ဝိညာဥ်သားရဲရဲ့ အကာအကွယ် ရှိနေရင်တောင် တစ်သတ်လုံး လိုက်သတ်ခံရဦးမှာပဲလေ..."
သူနားမလည် သေးတာကို မြင်တော့ ဖန့်ဝူဆွေ့က ခေါင်းခါပြီး ဆက်ရှင်းပြလေ၏။
"ဒါကို သူတို့က စိတ်ပူနေပေမယ့် စိတ်ပူစရာ မရှိတော့ဘူး! လုရွှမ် သူတို့မျက်နှာကို ကန်ထုတ်ပြီး ရိုက်နှက်နေတာက အဓိပ္ပာယ် နှစ်မျိုးကို ပြောလိုက်တာပဲ!"
"ပထမ တစ်ခုက သူတို့ ဘယ်သူလဲ ဆိုတာကို ဂရုမစိုက်ဘူး....သိပ်လွန်မလာနဲ့ လွန်လာတာနဲ့ မင်းကိုသတ်ပစ်မယ် ဆိုတဲ့ သဘောပဲ"
"ဒုတိယတစ်ခုက မင်းတို့အားလုံးမှာ ဆွေမျိုးမိတ်ဆွေတွေ ရှိတယ်....ဒါပေမဲ့ ငါ့ကိုပြဿနာ လာရှာရင်တော့ တစ်ဆွေတစ်မျိုးလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ် ဆိုတဲ့ သဘော!! ဒါက သူ့ဆုံးဖြတ်ချက်ကို သိသွားအောင် လူတော်တော်များများကို သတ်ပစ်မယ်လို့ ပြောခဲ့တာပဲ"
"ဒါ...."
ဖန့်ဝူဆွေ့ရဲ့ ရှင်းပြချက်ကို ကြားတော့ အကြီးအကဲ လုံယွမ်တစ်ယောက် အေးခဲသွားတော့သည်။
အမှန်ပင်!
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့ကို ချေမှုန်းရန် အတွက် မိုးကြိုး၏ စွမ်းအားကို အသုံးပြု၍ ထိုးနှက်ခံရပါက သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု ခံစားနိုင်စေမှာ သေချာပါသည်။
ဤနည်းအားဖြင့် သေးငယ်သော လှုပ်ရှားမှုများကို လျှော့ချနိုင်ပြီး လုရွှမ်သည် ဒုက္ခများစွာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
"ဒါပေမဲ့ ဒါကလည်း အဆုံးမရှိတဲ့ အခြေအနေကို ရောက်နေပြီလေ"
အကြီးအကဲ လုံယွမ်ခမျာ မယုံနိုင်သေးချေ။
"အဲဒီအခြေအနေ ရောက်သွားတော့ရော ဘာဖြစ်လဲ? လုရွှမ်က လုံးဝ ဂရုမစိုက်လောက်ဘူး!"
ချိုင့်ဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်တွေးရင်း ဖန့်ဝူဆွေ့ရဲ့ မျက်ခမ်းတွေ တုန်လှုပ်လာပြီး စကားပင် ဆက်မပြောနိုင်တော့ချေ။
ကောင်လေးက ဂရုစိုက်မှာတဲ့လား။
လုံးဝပဲ!
ထိုအချိန်က ထောင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူတွေ သူ့ကို သတ်ပစ်မယ်လို့ ဆိုခဲ့တာတောင် သူ ဂရုမစိုက်ခဲ့တာ အင်ပါယာတစ်ခု၏ ဘုရင်တစ်ပါးကို သူက ဘယ်လိုလုပ် ဂရုစိုက်ပါ့မလဲ။
တကယ်လို့သာ ဒီလိုရိုက်နှက်နေတာ မဟုတ်ဘဲ အဲဒီတုန်းက နည်းလမ်းသာ သုံးခဲ့ရင် သူတို့အားလုံး သေပြီး တစ်ဖန် သွေးကြောင်းစီးသွားလိမ့်မည်။
နောက်ဆုံးတွင် ဘုရင်မင်းမြတ် ချန်ရှုံဟာ လျော်ကြေးငွေကို နာခံစွာ ပေးအပ်ခဲ့သည်။ သေချာတာကတော့ သူ့လျော်ကြေးက ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းထက် အဆပေါင်းများစွာ ပိုများလေ၏။
အင်ပါယာ၏ ဘုရင် ဖြစ်သောကြောင့် တခြား လူများစွာထက် သူ့လက်ထဲတွင် ရတနာများ ပိုများနေသည်။ လှုပ်ရှားပြီးပြီ ဆိုမှတော့ လုရွှမ်က ဘယ်လိုလုပ် လက်ဗလာနဲ့ ပြန်ပါ့မလဲ။
မကြာခင်မှာပဲ လျော်ကြေး ပစ္စည်းနှစ်ခုကို ပေးပို့လာခဲ့သည်။ ရထား ဒါဇင်ပေါင်းများစွာနဲ့ ရှားပါးရတနာတွေ ပါ၀င်လေ၏။ ၎င်းတို့ကို ရောင်းလိုက်မယ်ဆိုရင် သန်းပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးတွေဟာ သူတို့ဆီ ရောက်လာဖို့ တားဆီးနိုင်မှာတောင် မဟုတ်ချေ။
ရထားလုံးပေါ်မှ ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံနေကြောင်း ခံစားရမှ လုရွှမ်သည် တစ်ဖက်လူတွေဟာ လှည့်စားနေခြင်း မဟုတ်ကြောင်း သိလိုက်ပြီး ချက်ချင်းပင် စိတ်ပြောင်းသွားသည်။
ဝှစ်!
ရထားပေါ်ရှိ ဆေးဖက်ဝင်ပစ္စည်းများ၊ ရတနာများနှင့် ရှားပါးသတ္တုရိုင်းများ အားလုံးကို ကျောက်စိမ်းပြား နေရာအတွင်း သိမ်းဆည်း လိုက်သော်လည်း အပြင်တွင်တော့ လုံးဝပြောင်းလဲခြင်း မရှိသလိုပင်။
"ထွက်မသွားသေးဘူးလား!"
လုံလောက်သော လျော်ကြေးငွေကို ရရှိပြီးနောက် လုရွှမ်သည် အလွန်ပျော်ရွှင်သွားပြီး မျက်ခုံးပင့်ကာ နှစ်ကြိမ်ခန့် ထပ်မံ ကန်ကျောက်ခဲ့သည်။
ဝုန်း!
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့သည် ရှုပ်ပွစွာ အနောက်သို့ဆုတ်ရင်း ချက်ချင်း ထွက်ခွာသွားကြသည်။
"သွားကြရအောင်!"
သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်ကာ လုရွှမ်သည် ထိုနှစ်ယောက်ကို အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ တောင်ဖောက်နဂါး၊ မုယန်ဖုန်းနှင့် အခြားသူများကို ခေါ်၍ ဝမ့်ထျန်းနန်းဆောင်သို့ ခြေလှမ်းကြီးများဖြင့် လျှောက်သွားတော့သည်။
"သေသင့်တယ်!"
သူထွက်သွားသည်နှင့် တပြိုင်နက် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင်ကြီး ချန်ရှုံ၏ မျက်နှာများသည် နှင်းခဲများဖြင့် ဖုံးလွှမ်းသွားသည့်နှယ့် အေးစက်သွား၏။ ပြင်းထန်သော အမုန်းတရားများက ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။
ထိုသို့သော အမှတ်အသား၊ ခွန်အားနှင့် ဤကဲ့သို့သော အဆင့်အတန်းမျိုးဖြင့် ငယ်ရွယ်သော ကျောင်းသားတစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံရပြီး လူမြင်ကွင်းတွင် အရိုက်ခံရကာ အရှက်ရစေသည့် ခံစားချက်မျိုးက ဒေါသကြောင့် သေတော့မလိုပင်။
"သူသေရမယ်!"
"ဟုတ်တယ်!! သူ့ကို သတ်ရမယ်... ဒါပေမဲ့ မြွေကိုက်ခံရမယ့်အစား ဆုံးဖြတ်ချက် မချခင် သေသေချာချာ ဆွေးနွေးဖို့ လိုတယ်... မဟုတ်ဘဲ တန်ပြန်တိုက်ခိုက်ခံရရင် အိုးယန်ရွှမ်းနဲ့ ဟူရှောက်တို့ နောက်ကို လိုက်သွားရမှာ ကြောက်ရတယ်!"
နှစ်ယောက်သား စကားသံများကို တိတ်တဆိတ် အပြန်အလှန် ပေးပို့နေကြသည်။ ဖန့်ဝူဆွေ့ မှန်းဆထားသလိုပဲ လုရွှမ်ရဲ့ လှည့်ကွက်တွေကိုလည်း အနည်းငယ် ကြောက်သွားကြ၏။
ကောင်လေးကို မသတ်နိုင်ရင် ပိုကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ခံစားရနိုင်တယ်ဆိုတာလည်း သိထားရလိမ့်မည်။
လက်ရှိ အကျိုးဆက်ကိုပင် ခံနိုင်ရည် မရှိကြသေးချေ။
"ငါအရင်ပြန်ပြီး အနားယူလိုက်မယ်.... သက်သာလာတဲ့အခါ အချိန်မရွေး ဆက်သွယ်လိုက်!"
မတ်တပ်ရပ်ရန် ရုန်းကန်ရင်း ဘုရင်ကြီး ချန်ရှုံ လှည့်ထွက်သွားသည်။
ကလဲ့စားချေချင်တယ် ဆိုရင်တောင် ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ စောင့်ရမှာဘဲ မဟုတ်ရင် လက်စားချေဖို့ နေနေသာသာ ဒီညတောင် အသက်မရှင်ဘဲ သေသွားရလိမ့်မည်။
ချူဝမ့်ရှန်းလည်း ဤအမှန်တရားကို သိသောကြောင့် ဆက်မပြောတော့ဘဲ အခြားအကြီးအကဲများ၏ အကူအညီကို ယူကာ အမြန်ထွက်သွားလေသည်။
"သခင်လေး... သူတို့ကို ဒီအတိုင်းလွှတ်ထားရင် သေချာပေါက် လက်တုံ့ပြန်လာလိမ့်မယ်"
ယင်းယန်ရေကန်၏ အကွာအဝေး အတွင်းမှ ထွက်သွားပြီးနောက် မုယန်ဖုန်းမှာ ထိန်းမထားနိုင်ဘဲ ပြောလိုက်သည်။
သူ့အမြင်အရ သခင်လေးသည် ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့ကို တိုက်ရိုက် သတ်လိုက်သင့်သည်။ မဟုတ်ပါက နောင်တွင် ကလဲ့စားချေခြင်း ခံရပြီး ဒုက္ခများစွာကို ဖြစ်ပေါ်စေလိမ့်မည်။
"သူတို့ အခု မသေနိုင်သေးပါဘူး.... သူတို့သေပြီးတာနဲ့ ပေရွှီးတော်ဝင်အင်ပါယာက ကမောက်ကမ ဖြစ်ကုန်တော့ တခြား တော်ဝင်အင်ပါယာတွေကလည်း အလျင်စလို ဖြစ်လာမယ်... အဲဒီအခါ ယင်းယန်ကျောင်းတော်က ကျောင်းအုပ် အသစ်ကို သေချာပေါက် စေလွှတ်မှာပဲ.... ဒါမှမဟုတ်ရင် ဌာနချုပ်က ဝင်စွက်ဖက်လိမ့်မယ်... တောင်ဖောက်နဂါးက သန်မာပေမယ့် လူပေါင်းများစွာကို တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး.... ပိုအရေးကြီးတာက အဲဒါက အရမ်းဒုက္ခများပြီး အချိန်ကုန်တယ်... လုရွှမ်အတွက်ကတော့ သူတို့ကို သတ်တာမသတ်တာက အရေးမကြီးဘူး... အချိန်ဖြုန်းဖို့ မထိုက်တန်ရုံပဲ!"
လုရွှမ်က မဖြေခင်မှာ ဘေးနားက မင်းသမီးလော့ရုံက ပြုံးပြီး ပြောနေ၏။
"လက်စားချေတာကတော့ လုရွှမ်က သေချာပေါက် ဂရုမစိုက်ဘူး.... ဒါပေမဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ များများရဖို့အတွက် သူတို့ ကလဲ့စားလာချေဖို့တောင် မျှော်လင့်နေဦးမှာ ဟုတ်တယ်မလား?"
သူမအနေနဲ့ သူ့စိတ်နေစိတ်ထားကို သိပြီးလို့ အစောကတည်းက ခန့်မှန်းပြီးသွားပြီ။
"မင်း အရမ်းဉာဏ်ကောင်းတာပဲ!"
လုရွှမ် ပြုံးလိုက်သည်။ တစ်ဖက်က ပြောတာ မှန်လေသည်။ အချိန်ဖြုန်းရမှာကို မကြိုက်ခြင်းပင်။
သူ၏ ရည်ရွယ်ချက်မှာ ဧကရာဇ်ကျိုးရန်ကို လက်စားချေရန် ဖြစ်သည်။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံဆိုသည်မှာ သူ့မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ အရေးမကြီးပါ။
သူ့ကျင့်ကြံမှုကို မနှောင့်နှေးသရွေ့ အားလုံးကို လျစ်လျူရှုထားနိုင်သည်။
အကယ်၍ သူသည် ၎င်းတို့ကို အမှန်တကယ်သတ်ပြီး မငြိမ်မသက် ဖြစ်စေပါက သူ၏ ကျင့်ကြံချိန်ကိုလည်း နှောင့်နှေးလိမ့်မည်။ ထိုအခါ အမြတ်များသည် အရှုံးများထက် သာလွန်သွားနိုင်သည်။
"ငါက ငါ့ရဲ့ ကျင့်ကြံမှုကို နှောင့်နှေးမှာ ကြောက်လို့ သူတို့ကို မသတ်ခဲ့တာ"
"အစ်ကိုကြီး... ရှင် နည်းနည်းလောက် ပိုမရူးဘဲ နေလို့ရမလား"
ဟန်ရွှယ် ၊ လင်ရှောင်းရှောင်း နဲ့ တခြားသူတွေဟာ ဒီရှင်းပြချက်ကို ကြားတဲ့အခါ သူတို့အားလုံး စကားမပြောနိုင်ဘဲ ခဏကြာတဲ့အထိ တိတ်ဆိတ်နေခဲ့သည်။
အဲဒါ ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး၊ တော်ဝင်အင်ပါယာ တစ်ခုရဲ့ ဘုရင်မင်းမြတ် ဖြစ်ပြီး သူတို့ရဲ့ဘဝတွေဟာ လုရွှမ်ရဲ့အမြင်မှာ သူ့ကိုယ်ပိုင် လေ့ကျင့်ချိန်လောက်ပင် အရာမဝင်ခဲ့ချေ။
ခေါင်းဖြတ်မခံရတဲ့ အကြောင်းရင်းကိုသာ သူတို့သိသွားရင် စိတ်ဓာတ်ကျပြီး သွေးအန်သွားမလား မသိ။
ဒါဟာ ရူးသွပ်မှု မဟုတ်တော့ဘဲ မောက်မာမှု အဆင့်အထိ ဖြစ်နေပြီလေ။
လုရွှမ်က ထိုလူနှစ်ယောက်ကို သူ့နှလုံးသားထဲက တူညီတဲ့ အရာအဖြစ် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူးလို့ ပြောလို့ရသည်။