ပြိုင်ပွဲစင်မြင့်
Vol. 31 Ch. 3.213
"မင်းကြားလား? အတွင်းစည်းထဲက နံပါတ်တစ်လူဖြစ်တဲ့ ကျန်းရှောက်ထျန်းက လုရွှမ်ကို စိန်ခေါ်တော့မယ်တဲ့"
"လုရွှမ်ကို စိန်ခေါ်မယ်?"
"လုရွှမ်ရဲ့ ဝိညာဥ်သားရဲက တကယ် အစွမ်းထက်တာကွ! သူ့အစွမ်းကတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်မလား"
"ဟုတ်တယ် သူ့အစွမ်းက သိပ်မမြင့်ဘူး!"
"ဒါဆို သူသဘောတူပါ့မလား?"
"သူက စိန်ခေါ်တာကို လက်ခံလိုက်ပြီး ဒီနေ့ ယှဉ်ပြိုင်မယ်တဲ့လေ"
"တကယ်ကြီးလား? ကျန်းရှောက်ထျန်းက ကျောင်းမှာ ကျော်ကြားနေတာ ကြာပါပြီ.... ဒီတစ်ခေါက် လေ့ကျင့်မှုပြီးတော့ သေမျိုး အသွင်ကူးပြောင်းခြင်း အဆင့်၇ကို ရောက်နေပြီလို့ ကြားတယ်.... ဒီလို စွမ်းပကားမျိုးက ကျောင်းရဲ့ အကြီးအကဲတွေနဲ့တောင် ယှဥ်နိုင်နေပြီ... ဒါကို လုရွှမ်က သဘောတူလိုက်တယ်ပေါ့ ဟုတ်လား? ဘယ်လိုဖြစ်တာလဲ?"
"အမှန်ပဲ! ကျန်းရှောက်ထျန်းက အစွမ်းထက်တယ်လို့ မင်းပြောပေမယ့် လုရွှမ်လည်း နိုင်မယ်လို့ ထင်နေတယ်.... ဒီကောင်လေးက ကျောင်းကို ရောက်တာ မကြာသေးဘူး ဆိုပေမယ့် သူ့ဂုဏ်သတင်းက အရမ်းကြီးနေပြီ... တချို့ကျောင်းသား ဟောင်းတွေတောင် သူ့ကို မယှဉ်နိုင်ကြဘူးလေ"
ဤဆွေးနွေးမှုများသည် ယင်းယန်ကျောင်းတော် တစ်လျှောက်လုံး ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့ပြီး ကျောင်းသားများ အားလုံး အတင်းအဖျင်း ပြောနေကြသည့် မိန်းမကြီးများ ကဲ့သို့ပင် ၎င်းတို့၏ လေ့ကျင့်မှုကိုပင် ရပ်တန့်လျက် ဆိုနေကြသည်။
ယင်းယန်ကျောင်းတော်တွင် ကာလကြာရှည် ကျော်ကြားခဲ့သော သန်မာသူ ကျန်းရှောက်ထျန်းသည် ယခုအခါ ဖြတ်ကျော်သွားသောကြောင့် အတွင်းစည်းတွင် နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
သူ၏ အမျိုးမျိုးသော ဒဏ္ဍာရီများသည် ကျောင်းဝန်း တစ်ခွင်လုံးတွင် ပေါ်လွင်နေပြီး သူ့တွင် မရေမတွက်နိုင်သော သစ္စာရှိ ပရိသတ်များစွာ ရှိသည်။
လုရွှမ်သည် ယခုနှစ်မှ ရောက်ရှိလာသော လူသစ် ဖြစ်သော်ငြားလည်း သူ့အကြောငိး ဆူညံသံများ ထွက်ပေါ်နေပါပြီ။ ပထမတွင် လုံယိဖျင်၊ ကျန်းရှောက်ချန်နှင့် ပိုင်ရှောင်းစသော အပြင်စည်းက ထိပ်တန်း သုံးဦးကို ခေါင်းဖြတ်သတ်ပစ်ခဲ့သည်။
ယင်းယန်အမိန့်ကို လုယူ၍ ယင်းယန် နန်းတော်၏ စည်းမျဥ်းစည်းကမ်းများကိုလည်း လျစ်လျူရှုထားခဲ့သည်။ သူကတော့ နာမည်ပျက်ဖြင့် ကျော်ကြားနေ၏။
ကျောင်းထဲက အကျော်ကြားဆုံး လူနှစ်ယောက် ထိပ်တိုက်တွေ့ပြီး ရလဒ်က ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ကြချေ။
အထူးလောင်းကစား ကဲ့သို့ အလောင်းအစား လုပ်သူများ ရှိသော်လည်း အများစုမှာ ကျန်းရှောက်ထျန်း အနိုင်ရမည်ဟု လောင်းကြေးထပ်ကြပြီး လုရွှမ်နှင့် ပတ်သက်၍ အကောင်းမြင်သူများမှာ အခြေခံအားဖြင့် အနည်းငယ်မျှ သာဖြစ်ပြီး ၎င်းတို့အားလုံး နီးပါးသည် ချိုင့်ဝှမ်းမှပြန်လာသော ကျောင်းသားများ ဖြစ်လေသည်။
ဤဆွေးနွေးမှုများနှင့် ပတ်သက်၍ လုရွှမ်က သူတို့ကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြကာ သဘောတူထားသည့် နေရာသို့ လျှောက်သွားခဲ့သည်။
ယင်းယန်ကျောင်းတော်၏ ပြိုင်ပွဲကွင်းပြင်သည် ယင်းယန်ရေကန် အနီးတွင် ရှိပြီး ကျယ်ဝန်း၍ ခိုင်မာပြီး ခမ်းနားသည်။
၎င်းကိုမူ ကျောင်း၏ ပြိုင်ပွဲအတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အဖိုးတန် သတ္တုရိုင်းများစွာကို အသုံးပြုထားခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကျင့်ကြံသူမှ စွမ်းအား အကြွင်းမဲ့ဖြင့် တိုက်ခိုက်လျှင်ပင် ၎င်းကို ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
"ကြည့်စမ်း... အဲဒါ လုရွှမ်ပဲ!"
"သူ့မှာ အလွန်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ ရှိတယ်လို့ အမြဲပြောနေ ကြသလားလို့ပါ... ဘာလို့ဒီနေ့ ခေါ်မလာတာလဲ"
"ဟုတ်တယ်လေ.... သူရဲ့အကြီးဆုံး အားကိုးရာက ဝိညာဥ်သားရဲပဲ ဆိုတာ ကြားမိသားပဲ... သူ ဒီကိုမခေါ်လာဘူး ဆိုတော့ စီနီယာ ကျန်းရှောက်ထျန်းကို တိုက်ခိုက်ဖို့ သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးချင်နေတာ ဖြစ်နိုင်ပါ့မလား"
"မင်း ငါ့ကို လာနောက်နေတာလား? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇ကို ခွန်အားနဲ့ ယှဥ်ပြိုင်ရအောင် ရူးနေတာလား?"
လုရွှမ်တစ်ယောက် ပြိုင်ပွဲ ကွင်းအနီးတွင် ပေါ်လာသည်နှင့် ချက်ချင်း ဆိုသလိုပင် မရေမတွက်နိုင်သော ကျောင်းသားများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး အားလုံးက မယုံကြည်နိုင်သော မျက်လုံးများကို ပြူးကျယ်လိုက်ကြသည်။
လုရွှမ်မှာ အလွန်အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ တစ်ကောင်ရှိတယ် ဆိုတာ လူတိုင်း သိထားသည်။ သူဟာ နေရာတကာမှာ လူတွေကို သတ်ရဲရတဲ့ အကြောင်းရင်းက သူ့ရဲ့သားရဲကို အားကိုးနေလို့သာ ဖြစ်၏။
အခုဟာက တကယ်ကြီးလား?
"သူက ဝိညာဥ်သားရဲကို မယူလာဘူးလား?"
"သူ ဘာလုပ်ချင်နေတယ်လို့ မင်းထင်လဲ? ဝိညာဉ်သားရဲသာ မရှိရင် သူက သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့် (၄) ရှိတဲ့ လူကလေးပဲ ဖြစ်နေမှာ... အကြီးအကဲ တစ်ယောက်ဆီက သေတဲ့အထိ နှိပ်စက်ခံရနိုင်တယ်... ဧကန္တ သူသေမှာကို မကြောက်ဘူးလား"
"ငါတို့တိုက်ခိုက်မယ် ဆိုတာကို သူ မမှန်းဆနိုင်ရင်တောင် သူက မာနကြီးနေမှာ မဟုတ်ဘူး... သူတစ်ယောက်တည်း ကျန်းရှောက်ထျန်းကို အနိုင်ယူနိုင်မယ်လို့ ထင်နေလိမ့်မယ်"
"ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေတာများလား?"
"ဖြစ်နိုင်တယ်... အားလုံး သတိထားကြ... သားရဲက လှုပ်ရှားဖို့ အခွင့်အရေးကို စောင့်နေတာလည်း ဖြစ်နိုင်တယ်"
တစ်ဖက်မှ ပုန်းနေတဲ့သူ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံ၊ ကျောင်းအုပ်ကြီး ဟောင်ယန်၊ ရှောင်းယွမ်ထျန်း နဲ့ တခြားသူတွေက တစ်ဖက်က လုရွှမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေကြသည်။
လုရွှမ်က တောင်ဖောက်နဂါးကို ခေါ်ခဲ့မယ်ဆိုရင် သူတို့ကတိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ အခုက တစ်ယောက်တည်း လာတာဆိုတော့ ကြောက်စရာ မလိုတော့တာ သေချာသွားပြီ။ သို့သော် တစ်ယောက်တည်း ထွက်လာတာက နည်းနည်းတော့ ပဟေဠိ ဖြစ်သွားစေ၏။
ဒီကောင်က ဘာလုပ်ချင်နေတာလဲ?
"ကျုပ်သိပြီ!"
ရုတ်တရက် ဘုရင်ကြီး ချန်ရှုံက တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဘာသိတာလဲ?"
အားလုံးကလည်း တချက် ကြည့်လာကြသည်။
"လုရွှမ်က တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ... သူ့ကို တိုက်ခိုက်ဖို့ ပိုက်ကွန်တွေ ထောင်ထားမယ်ဆိုတာ ခန့်မှန်းမိသွားလို့ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်ရမယ်!"
ဘုရင်မင်းမြတ် ချန်ရှုံက လေးနက်စွာ စဥ်းစားကြည့်လာသည်။
"ရည်ရွယ်ချက် ရှိရှိလား?"
"ဝိညာဥ်သားရဲကို ရည်ရွယ်ချက် ရှိရှိနဲ့ မယူခဲ့တာ ဟုတ်လား?"
"မှန်တယ်! ဒီဝိညာဥ်သားရဲက အစွမ်းထက်တယ်ဆိုတာ ကျုပ်တို့အားလုံး သိတာပဲလေ... မျက်စိရှေ့မှာ ရှိနေရင် နှိမ်နင်းဖို့ နည်းလမ်းကို ကျုပ်တို့သေချာပေါက် ရှာတွေ့သွားမယ်မလား ဒါပေမဲ့ အမှောင်ထဲမှာ ပုန်းအောင်းနေရင်တော့ ကျုပ်တို့ အစီအစဥ်ကို အကောင်အထည် ဖော်ဖို့ ခက်သွားမှာပဲ!"
ဘုရင်ကြီး ချန်ရှုံက ရှင်းပြလေ၏။
"လတ်စသတ်တော့ အဲ့လိုကိုး!"
"သူ့သားရဲက အရမ်းအစွမ်းထက်တယ်... အမှောင်ထဲမှာ ပုန်းနေရင် တကယ်ကို ကြောက်စရာ ကောင်းနေပြီ မင်းပြောခဲ့တာတွေသာ မှန်တယ်ဆိုရင် ဒီလုရွှမ်က အစွမ်းထက်လွန်းနေပြီလေ!"
"ဟုတ်တယ်!! ဝိညာဥ်သားရဲက ထွက်မလာဘူးဆိုရင် သူ့ကို သေတဲ့အထိ ခြောက်လန့်ဖို့ မလုံလောက်ဘူး.... အဲဒီသားရဲကိုပါ မသတ်နိုင်ရင် သူက ကျုပ်တို့ကို သတ်ပစ်လိမ့်မယ်။ အနိုင်ယူဖို့ နည်းလမ်း မရှိဘူး!"
ဘုရင်မင်းမြတ် ချန်ရှုံရဲ့ ရှင်းပြချက်ကို ကြားတော့ အားလုံးက ထိတ်လန့်ပြီး တိတ်ဆိတ်သွားကြတော့သည်။
"ဒါဆို ကျုပ်တို့ အခု ဘာလုပ်သင့်လဲ?"
အခြေအနေက အရမ်း ခက်ခဲလာတာကို မြင်တော့ တစ်ဖက်လူမှာ တန်ပြန် အစီအစဥ် တစ်ခုရှိနေပြီ ဖြစ်လို့ လူတိုင်းရဲ့ မျက်လုံးတွေက ဘုရင်မင်းမြတ် ချန်ရှုံဆီ စုစည်းလာကြသည်။
ဘာပဲဖြစ်ဖြစ် သူဟာ တော်ဝင်အင်ပါယာ တစ်ခုရဲ့ ဘုရင်ဖြစ်သည်။
"ကျုပ်အမြင်ကတော့ အပြောင်းအလဲ အားလုံးကို အတူတူ လိုက်လုပ်ဖို့ပဲ... အရင်ဆုံး အဲဒါကို အလျင်စလို မလုပ်သေးနဲ့.. ကျန်းရှောက်ထျန်းနဲ့ အရင်ပြိုင်ပါစေ... ကျန်းရှောက်ထျန်း သူ့ကို စင်ပေါ်မှာ သတ်နိုင်ရင် ကျုပ်တို့ ဝင်နှောက်ယှက်စရာ မလိုဘူး... သူ့ကိုမသတ်နိုင်ရင် ဒါမှမဟုတ် တစ်ခုခုဖြစ်ရင် ကျုပ်တို့ အစီအစဉ်ကို စကြမယ်!"
ဘုရင်ကြီး ချန်ရှုံ ခဏလောက် စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်၏။
"ကောင်းပြီ... ကျုပ်တို့ ဘုရင်မင်းမြတ် ချန်ရှုံရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ကြမယ်!"
"အချိန်ရောက်ရင် လုပ်ကြမယ်"
အားလုံးက ခေါင်းညိတ် သဘောတူလိုက်ကြသည်။
လုရွှမ်သာ သူတို့ စကားလုံးတွေကို ကြားရင် ကျယ်လောင်စွာ ရယ်မောမိမှာ သေချာလေ၏။ လူတိုင်း သူ့ကိုငတုံးလို့ ထင်ရအောင် တောင်ဖောက်နဂါးကို မခေါ်လာတာကြောင့် ဒီပညာရှင်တွေက သူ့ကို တကယ် သတ်ပစ်နိုင်ပြီလို့ ထင်နေပုံရသည်။
ဘုရင်ကြီး ချန်ရှုံနဲ့ တခြားသူတွေက ဒါအတွေးဟာ ရိုင်းစိုင်းပြီး တုံးအတယ်ဆိုတာ သိထားလိမ့်မည်။ တောင်ဖောက်နဂါးကို လုံးဝ မထွက်စေဘဲနဲ့ သူဟာပွဲချင်းပြီး သေသွားနိုင်တယ်လို့ အမှန်တကယ် တွေးနေနိုင်၏။
လူအုပ်ကို ဖြတ်သန်းပြီးနောက် လုရွှမ်သည် ပြိုင်ပွဲကွင်းပြင်ထဲသို့ ရောက်လာခဲ့သည်။ ၎င်းသည် အချင်း မီတာရာနှင့်ချီ ရှိသော စက်ဝိုင်းပုံ မြင့်သော စင်မြင့်တစ်ခု ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို ပေါ့ပါးစွာ လှုပ်ရှားလိုက်သည်နှင့် သူသည် မြင့်မားသော စင်မြင့်ပေါ်သို့ ခုန်တက်သွားစဥ် စင်မြင့်ပေါ်တွင် ရပ်နေသူတစ်ဦး ရှိနေပြီ ဖြစ်သည်။
သူသည် အသက်၂၇ သို့မဟုတ် ၂၈ နှစ်ခန့် ရှိပုံရပြီး သူသည် ကျန်းရှောက်ချန်နှင့် ခပ်ဆင်ဆင် တူ၏။ ယခုအချိန်တွင် လင်းယုန်ငှက်၏ အကြည့်စူးစူး ကဲ့သို့ စူးရှသော အလင်းတန်းသည် သူ့မျက်လုံးနက်မှ ထိုးထွက်လျက် ရှိသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် မှေးမိန်နေသဖြင့် ၎င်း၏ ကျင့်ကြံမှုအဆင့်မှာ တစ်ချက်ကြည့်ရုံဖြင့် ကြိုတင်မှန်းဆ၍ မရနိုင်ချေ။
ထိုသူမှာ ပေရွှီး တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ရဲ့ နံပါတ်တစ် ကျန်းရှောက်ထျန်းပဲ ဖြစ်သည်။
"မင်း မလာရဲဘူးလို့ ငါကထင်နေတာ... မင်းက လာခဲ့ရုံတင် မဟုတ်ပဲ မင်းတစ်ယောက်တည်းလည်း လာခဲ့တယ်ပေါ့... တကယ်ကို အထင်ကြီးစရာပဲ"
လုရွှမ် ပြိုင်ပွဲ စင်မြင့်ဆီသို့ လျှောက်လာတာကို မြင်တော့ ကျန်းရှောက်ထျန်း အေးစက်စွာ ပြုံးလိုက်ပြီး သူ့အသံမှာ ရေခဲကဲ့သို့ အေးစက်စွာ ထွက်ပေါ်လာ၏။