တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Vol. 31 Ch. 3.215
"သေပေတော့!"
လှောင်အိမ်၏ စွမ်းအားကို ထိန်းထားရင်း ဟောက်သံနှင့်အတူ ကျန်းရှောက်ထျန်းသည် လုရွှမ် လုံးဝ မလွတ်မြောက်နိုင်စေရန် ထုပ်ပိုးထားသည်။
"ဒါက အရမ်းအစွမ်း ထက်ပေမယ့် မင်းကငါနဲ့ တွေ့လိုက်တာပဲ!"
တိုးညှင်းသော နှာမှုတ်သံနှင့်အတူ လုရွှမ် မျက်ခုံးပင့်လိုက်ပြီး သူ့လက်ထဲတွင်ရှိသော သစသစ်သားနှလုံးသားသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ ရုတ်တရက် လှုပ်ရှားလာ၍ သူ့ရှေ့ခြောက်လွှာရှိ လှောင်အိမ်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်သွား၏။
ဝှစ်!
သစ်သားနှလုံးသားသည် အလွန်လေးလံပြီး လုရွှမ်၏ တစ်ကိုယ်လုံး ခွန်အားနှင့် အတူ လူနှင့်ဓား စည်းလုံးမှုနယ်ပယ် အရှိန်အဟုန်ဖြင့် ဓား၏ အရှိန်သည် အပေါက်တစ်ခု ထိုးဖောက်သွားပုံရပြီး ခြောက်လွှာ လှောင်အိမ်သည် မခံနိုင်တော့ပေ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြိုကျပြီး ကျိုးပဲ့သွားတော့သည်။
"ဘာ?"
ကောင်လေး၏ တုတ်က အလွန် အစွမ်းထက်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရှောက်ထျန်း လန့်ဖျပ်သွားပြီး သူ့မျက်နှာမှာလည်း မည်းမှောင်သွားကာ
"မင်းရဲ့ သစ်သားအပိုင်းအစက ဘယ်လောက်ထိ ဖြိုခွဲနိုင်မလဲ ကြည့်ရသေးတာပေါ့!"
လက်ဖဝါးများကို အထပ်ထပ် ဝှေ့ယမ်းကာ လှောင်အိမ် စွမ်းအင်လမ်းကြောင်း ခြောက်လွှာကို တစ်ဖန်ပြန်၍ အသက်သွင်းပြန်၏။
လှောင်အိမ်စွမ်းအင် ဆိုသည်မှာ ကမ္ဘာကြီးရဲ့ ရှင်သန်မှုကို သော့ခတ်ထားသလို အမြန်သာ မထွက်သွားရင် အသက်ရှုကြပ်သွားနိုင်တဲ့အထိ ပြင်းထန်လှသည်။
"ဖွင့်!"
သူ့မျက်ခုံးများကို ပင့်တင်လိုက်ရင်း လုရွှမ်သည် တစ်ဖက်လူက အားအင် အကုန် ထုတ်သုံးနေပြီဖြစ်ကြောင်း သိလိုက်ရပြီ။ သူ့လက်မောင်းကို ဝေ့ယမ်းရင်း သစ်သားနှလုံးသားထဲသို့ တစ်ချိန်တည်းမှာပင် စွမ်းအားကြီးသော စိတ်စွမ်းအားသည် တိတ်တဆိတ် ပြန့်နှံ့သွား၏။
ဝှစ်!
သစ်သားနှလုံးသားသည် လျင်မြန်စွာ ပြေးထွက်သွားပြီး သူ၏ ခွန်အားကို အာရုံစူးစိုက်၍ လှောင်အိမ်စွမ်းအင်ကို တစ်ရှိန်ထိုး ထိုးဖောက်ပစ်လိုက်ကာ ကျန်းရှောက်ထျန်းရှေ့မှာ ပေါ်လာလေသည်။
ဝိညာဉ်သခင်၏ စိတ်စွမ်းအားပင်။
လုရွှမ်၏ စိတ်စွမ်းအားသည် ၁.၅ အထိ ရောက်ရှိသွားခဲ့ပြီ။ ဝိညာဉ်သခင်၏ ခွန်အားအရ သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ သူသည် တိတ်တဆိတ် လှုပ်ရှားလိုက်သောကြောင့် ကျန်းရှောက်ထျန်း သတိမပြုမိပေ။
ဖုန်း!
သစ်သားနှလုံးသားက သူ့ရင်ဘတ်ကို ထိသွားသည်။
ဖူး!
ပါးစပ်ထဲက သွေးတွေ တဟုန်းဟုန်း ထိုးအန်လိုက်ရင်း ကျန်းရှောက်ထျန်းတစ်ယောက် ဇောက်ထိုး လွင့်ထွက်သွားကာ သူ့မျက်နှာ တစ်ခုလုံး နီရဲလာပြီး အသက်မရှူနိုင်အောင် ဖြစ်သွားသည်။
သူသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံသူ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ် ခွန်အားသည် လုရွှမ်ထက် များစွာ အားနည်နေ၏။ ကံကောင်းစွာပင် လှောင်အိမ်၏ အလွှာ၆ကို ထိုးဖောက်လိုက်ရတဲ့ သစ်သားနှလုံးသားရဲ့ စွမ်းအားက အားနည်းသွားလို့သာ မဟုတ်ရင် တစ်ချက်တည်းနဲ့ ပေါက်ကွဲပြီး သေသွားလိမ့်မည်။
ဒါတောင်မှ သူ့ခမျာ အလွန်အမင်း အရှက်ကွဲသွားသလို ခံစားနေရပြီလေ။
ကြီးကျယ်ခမ်းနားတဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ကျင့်ကြံသူသည် အဆင့်၄ကို တိုက်ခိုက်ခဲ့ပြီး ပြိုင်ဘက်သည် နဂိုအတိုင်း ရှိနေသော်လည်း သူကဦးစွာ ဒဏ်ရာရသွားခဲ့သည်။
ဒီသတင်းကို ဘယ်သူကများ ယုံမှာလဲ?
"ဒါ...."
"စီနီယာ ကျန်းရှောက်ထျန်းက တကယ်ကြီး ဒဏ်ရာရသွားတာလား?"
"ဘယ်လိုဖြစ်တာလဲ"
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က အဆင့်၄ ရှေ့မှာ ဒဏ်ရာရသွားတာလား?"
ပတ်ဝန်းကျင်က လူများမှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရင်း ရူးသွပ်သွားကြတော့သည်။ သူတို့ရှေ့က မြင်ကွင်းဟာ စိတ်ကူး ယဉ်ထားတာထက် ကျော်လွန်ပြီး တလွဲကြီး ဖြစ်နေတယ်လေ။
"မင်းကို အသေသတ်ပစ်မယ်!"
အနီးနားရှိ ဆွေးနွေးသံများကို ကြားလိုက်ရာ ကျန်းရှောက်ထျန်း၏ မျက်နှာသည် ပြာကျတော့မတတ် နီရဲလာ၏။ လက်ငါးချောင်းက လေထဲသို့ ပြန်မြှောက်လိုက်တဲ့အခါ လှောင်အိမ် အလွှာများက လုရွှမ်ကို ဖုံးအုပ်သွားပြန်၏။
လှောင်အိမ်သည် လူများကို ဖမ်းရာတွင် ကောင်းမွန်သော်လည်း လူသတ်နိုင်ခြင်းတော့ မရှိချေ။
မဟုတ်ရင် လုရွှမ်မှာ ဘယ်လောက်ပဲ အရည်အချင်းတွေ ရှိနေပါစေ သူ ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပေ။
"ကျန်းရှောက်ထျန်း အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကို ရခဲ့တာက သူနားလည်ထားတဲ့ ယေဘူယျလမ်းကြောင်းနဲ့ သက်ဆိုင်ပုံရတယ်!"
ဘုရင်ကြီး ချန်ရှုံနှင့် အခြားသူများက ဒီအချက်ကို မြင်လိုက်ကြသည်။
လှောင်အိမ်ရဲ့ စွမ်းအားက လူကို ဖမ်းဆီး ထောင်ချောက်ဆင်နိုင်သည်။ လူတွေကို သတ်ချင်ရင်တော့ တခြားနည်းလမ်းတွေ လိုအပ်သေးသည်။ လှောင်အိမ်ထဲက ဖောက်ထွက်သွားတဲ့ လုရွှမ်ရဲ့ အရှိန်က အရမ်းမြန်လွန်း၏။
ကျန်းရှောက်ထျန်း လှောင်အိမ် စွမ်းအင်လမ်းကြောင်းကို ထပ်မသုံးခင်မှာ သူက ချိုးဖျက်ပြီးသွားပြီ။ အရင်ထက် ပိုမြန်လာတာကြောင့် တစ်ဖက်လူကို သတ်ဖို့က မလွယ်လောက်တော့ပေ။
ကျန်းရှောက်ထျန်း အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကို ရရှိခဲ့ခြင်းမှာ လူများကို ထောင်ချောက်ဆင်ခြင်း၏ ယေဘူယျ လမ်းကြောင်းကို နားလည်သွားသောကြောင့် ဖြစ်နိုင်သည်။
မဟုတ်ရင် တော်ဝင်အင်ပါယာက သြဇာကြီးတဲ့ သူတွေတောင် ဘယ်သူမှ အခွင့်အရေး မရနိုင်တဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကို အဆင့်၇ ကျင့်ကြံသူလေးက ဘယ်လိုလုပ် အရယူနိုင်ပါ့မလဲ။
"ဖြစ်နိုင်တယ်!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ခေါင်းညိတ်ပြီး ဆက်ပြော၏။
"သူသာ သတ်ဖြတ် တိုက်ခိုက်ခြင်းရဲ့ ယေဘုယျ စွမ်းအင်လမ်းကြောင်းကို နားလည်သွားရင် အဲဒီလုရွှမ် အစောကတည်းက သေနေမှာတောင် ကြောက်ရတယ်!"
ယခုလှောင်အိမ် စွမ်းအင်ရဲ့ အင်အားက လူတွေကို မသတ်နိုင်ချေ။ ဒါက ကြီးမားတဲ့ အားနည်းချက် တစ်ခုပင်။ ပိုရိုးရှင်းတဲ့ ကျောက်တွန်းအား စွမ်းအင် ဖြစ်ခဲ့ရင်တောင် လေက သံမဏိလို မာကျောပြီး ဒီလူငယ် ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး။
"လုရွှမ်ရဲ့ ဝိညာဥ်သားရဲက ဒီမှာမရှိဘူး ထင်တယ်... ကျုပ်တို့အခွင့်အရေး ယူသင့်လား? သူ့ကို တိုက်ရိုက် သတ်ပစ်လိုက်တာက ပိုကောင်းမယ်ထင်တယ်... အရှိန်မြန်နေသရွေ့တော့ တစ်ဖက်လူက တုံ့ပြန်နိုင်မှာ မဟုတ်ဘူး"
အကြီးအကဲ တစ်ယောက်က မထိန်းနိုင်ဘဲ ဝင်၍ အကြံပေးလိုက်သည်။
သူတို့သည် မူလက လုရွှမ်၏ ဝိညာဥ်သားရဲကို ဖမ်းချုပ်ထားရန် စီစဉ်ခဲ့သော်လည်း ဤကောင်လေး ပေါ်မလာသောကြောင့် စောင့်နေရုံဖြင့် မနေနိုင်တော့ပေ။
"စိတ်မပူပါနဲ့.... ခင်ဗျားလှုပ်ရှားချင်ရင် တစ်ချက်တည်းနဲ့ သတ်ပစ်မှရမယ်... မဟုတ်ရင် သူ့ကို အသက်ရှုဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ ကျုပ်တို့အကုန်လုံး သွားပြီပဲ!"
ဘုရင်မင်းမြတ် ချန်ရှုံက ဝင်ပြောလိုက်၏။ ထို့နောက်။
"မလောပါနဲ့... ဒီကောင်လေး ရုန်းကန်နိုင်ရင်တောင်မှ သူက ကျန်းရှောက်ထျန်းရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး... နောက်ဆုံးကျရင် ဝိညာဥ်သားရဲကို သေချာပေါက် ခေါ်လိမ့်မယ်... ပေါ်လာတာနဲ့ ကျုပ်တို့ လှုပ်ရှားဖို့ အခွင့်အရေး ရပြီ!"
"ကောင်းပြီ!"
အားလုံးက ခေါင်းညိတ်လိုက်ပြီး ဆက်မပြောကြတော့ပေ။
"အင်း"
တစ်ဖက်လူက ဒေါသထွက်ကာ လှောင်အိမ်စွမ်းအင်တွေ အများကြီးကို ထပ်တိုးလာသော် လုရွှမ် သူ့လက်ဖဝါးကို လှည့်၍ သစ်သားနှလုံးသားဖြင့် သူ့ရှေ့က လှောင်အိမ်ဆီ ထပ်ပြီး တိုက်ခိုက်လိုက်ပေမယ့် ဒီတစ်ကြိမ်တော့ အရင်ကလို ချောမွေ့ခြင်း မရှိတော့ချေ။
အခုနက နံရံကို သံတူနဲ့ ရိုက်သလိုပဲ။ ဒါပေမဲ့ ဒီအချိန်မှာတော့ သံတူဟာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ရေလိုနံရံကို ဘယ်လိုလုပ် ဖြိုခွဲနိုင်မလဲ။
"အံ့သြစရာပဲ... ယင်းယန်ကျောင်းတော်ရဲ့ အတွင်းစည်းမှာ ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက် ဆိုတဲ့အတိုင်း သူက လှောင်အိမ်ရဲ့ စွမ်းအားကို ဒီလောက် အဆင့်မြင့်တဲ့ အထိ နားလည်သွားပြီပေါ့!"
လုရွှမ်၏ မျက်လုံးများ တောက်ပလာကာ ကျန်းရှောက်ထျန်းရဲ့ အင်အားကိုပင် သဘောကျလာသည်။
မည်သည့် ယေဘုယျ လမ်းကြောင်း အတွက်မဆို ပိုမိုနားလည် သဘောပေါက်လာလေ စွမ်းအားကြီးလေပင်။ မာကျောမှုနှင့် ပျော့ပျောင်းမှုတို့၏ ပေါင်းစပ်မှု၊ ယင်နှင့်ယန်တို့၏ ပေါင်းစပ် ညှိနှိုင်းမှုတို့လိုပင် ဖြစ်သည်။
လှောင်အိမ်၏ အင်အားသည် မာကျောသောကြိုးကဲ့သို့ လူများကို ချည်နှောင်ထားရုံ သာမက ၎င်းကို ပျော့ပျောင်းသော ရေအဖြစ်သို့ ပြောင်းလဲကာ လူများကို ထုပ်ပိုး ဖမ်းချုပ်ထားရန် အထူးနည်းလမ်းလည်း ပါရှိသေးသည်။
ကြိုးကို ရှောင်နိုင်ပေမယ့် ရေပျော့ကို ရှောင်နိုင်ပါ့မလား?
တခါတရံမှာ အစွမ်းထက်ပေမယ့် တစ်ခါတစ်ရံမှာ ပျော့ပျောင်းတာက ပိုကြောက်စရာ ကောင်းလှသည်။
သာမာန်အခြေအနေ အရ တင်းမာမှုကို ပျော့ပျောင်းမှု အဖြစ်သို့ ပြောင်းလဲနိုင်သည့် စွမ်းရည်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ ကျင့်ကြံသူ အချို့အတွက် နားလည်ရခက်လေ၏။
ကျန်းရှောက်ထျန်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ အစောပိုင်းကာလကို ရောက်ပြီးနောက် ၎င်းကို ပြသနိုင်ခဲ့သည့် အတွက် သူ၏စွမ်းရည်သည် အံ့သြဖွယ်ကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။
မူလဂိုဏ်းခြောက်ဂိုဏ်းတွင်ပင် ၎င်းတို့သည် ထင်ရှားပေါ်လွင် နေမည်မှာ သေချာသည်။
"ပျော့ပြောင်းတဲ့ လှောင်အိမ် စွမ်းအင်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံသူတောင် အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မတတ်နိုင်တော့မှာကို ကြောက်ရတယ်... မင်းငါနဲ့ တွေ့ခဲ့တာ သနားစရာပဲ!"
ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုရဲ့ လက္ခဏာတွေကို သိလိုက်ရတော့ လုရွှမ်မှ ခေါင်းခါလိုက်ပြီး
"ဒါပေမဲ့ အခုဖျက်စီးဖို့ အလျင်စလို မလုပ်သေးဘူး... သူ့အင်အားက အရမ်းသန်မာတဲ့အတွက် ကျင့်ကြံမှုကို ဖြတ်ကျော်ဖို့ အခွင့်အရေး ယူလိုက်ကြရအောင်!"
ဤလှောင်အိမ် စွမ်းအင်ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားရင်း လုရွှမ်သည် ၎င်းကို ဖြိုခွဲရန် အလျင်စလို မလုပ်သေးဘဲ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်သည်။
ဗုန်း!
အရင်က ပတ်ဝန်းကျင်ကို ဝိုင်းထားတဲ့ လှောင်အိမ်ရဲ့ စွမ်းအားက သူ့ပတ်ပတ်လည်မှာ ပျံဝဲလာ၏။
"သူ ဘာလုပ်မလို့လဲ?"
"လှောင်အိမ်က ပျော့ပြောင်းမှု အသွင်ပြောင်းသွားရင် တိုက်ခိုက်မှုအရှိန်လည်း နှေးသွားလိမ့်မယ်... သူက သူ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် စုပ်ယူပစ်လိုက်တာ ကိုယ့်ကိုကိုယ် သတ်သေချင်နေတာလားဟ!!"
"မဖြစ်နိုင်ဘူးမလား"
လုရွှမ်ရဲ့ လုပ်ရပ်ကို မြင်လိုက်တဲ့ လူတိုင်းဟာ အလွန်အမင်း အံ့အားသင့်သွားကြသည်။
လှောင်အိမ်သည် တောင့်တင်းခြင်းမှ ပျော့ပျောင်းခြင်းသို့ ပြောင်းလဲသွား၏။ ချည်နှောင်ရန် ပိုခက်ခဲသော်လည်း ၎င်းတွင် ဆိုးရွားသော အားနည်းချက်လည်း ရှိပါသည်။ ဆိုလိုသည်မှာ နှေးကွေးခြင်း ဖြစ်သည်။
အဆင့်တူ ပြိုင်ဘက်များနှင့် ဆက်ဆံသောအခါတွင် ပြိုင်ဘက်သည် ဤနှေးကွေးသွားသော အခွင့်အရေးကို အသုံးချကာ သူ့ရှေ့မှ လွတ်မြောက်နိုင်ဖွယ် ရှိသည်။ ထို့အတွက်ကြောင့် ဤနည်းလမ်းကို မကြာခဏ အသုံးပြုလေ့ မရှိကြချေ။
မူလက လုရွှမ်သည် ပျော့ပျောင်းသောလှောင်အိမ်အား တောင့်ခံထားရန် အချိန်အနည်းငယ် ယူရပေလိမ့်မည်ဟု ထင်ခဲ့သည်။ ယခုတော့ သူသည် လွတ်မြောက်ရန် နည်းလမ်းကို သေချာစွာ ရှာဖွေနိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းအင်ကို စုပ်ယူရန် အစပျိုး လုပ်ဆောင်နေပြီ ဖြစ်သည်။
တခဏလောက်တော့ အားလုံး ဆွံ့အသွားပြီး ဘာဆက်လုပ်ရမှန်း မသိဘဲ စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေလိုက်ကြသည်။