ပြဿနာကို အမြစ်မှ ဖျက်စီးရန်
Vol. 68 Ch. 894
နန်းတော်အတွင်းတွင် ချင်မူနှင့် လင်ယွိရှို့က ယွီချိန်ကျစ်၊ တာအိုသခင်လင်းရွှမ်၊ ဝမ့်မူရန်၊ စစ်ယွင်ရှန်းနှင့် ကျန်ရှိသူများကို ဖိတ်ခေါ်သည်။ အတော်များများက ကောင်းကင်မဟာမိတ်အဖွဲ့ဝင်များ ဖြစ်ကြသလို၊ လူငယ်များလည်း ဖြစ်ကြ၏။ အကုန်လုံး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကပ်ဘေးဒုက္ခများနှင့် ပတ်သက်၍ မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို တိုင်ပင်ဆွေးနွေးရန် ရောက်လာကြသည်။
ကောင်းကင်မဟာမိတ်အဖွဲ့ကို ပထမဆုံး တည်ထောင်သည့်အချိန်တွင် ချင်မူ၊ လင်းရွှမ်၊ ဝမ့်မူရန်နှင့် ရှုရှန်းဟွာတို့ လေးယောက်သာ ပါဝင်ခဲ့ကြသည်။
ထို့နောက် ချင်မူတို့လေးယောက် နန်းတွင်းကောလိပ်၌ ငါးကင်နေသည့်အချိန် လင်ယွိရှို့၊ စစ်ယွင်ရှန်း၊ ဟူလင်းအာ၊ မင်ရှင်းကိုယ်တော်၊ မုချင်းသိုင်နှင့် လောင်ယွီတို့ ရောက်လာခဲ့ကြ၏။ ချင်မူက မိစ္ဆာကျန်းခုံးကိုလည်း မေးမြန်းကာ ကောင်းကင်မဟာမိတ်အဖွဲ့တွင် ပါဝင်စေခဲ့သည်။
ဟူလင်းအာကမူ သိုက်သိုက်ဝန်းဝန်း နေရသည်ကို နှစ်သက်၍ ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ခဲ့ခြင်းသာ ဖြစ်သည်။ သူမလည်း အလေးအနက်မထားခဲ့သလို၊ ချင်မူတို့လည်း အလေးအနက် မထားခဲ့ပေ။
ထိုအချိန်တုန်းက ရှင်းအန်းနှင့် ဧကရာဇ်ယန်ဖုန်းလည်း ရှိခဲ့သော်လည်း ကောင်းကင်မဟာမိတ်အဖွဲ့ကို အထင်သေးခဲ့သောကြောင့် မဝင်ခဲ့ကြပေ။
ဤနန်းတွင်းအစည်းအဝေးတွင် ရှုရှန်းဟွာနှင့် ဟူလင်းအာ မရှိပေ။ မင်ရှင်းနှင့် ကျန်းခုံးလည်း အချိန်မှီ ရောက်မလာသော်လည်း ယွီချိန်ကျစ်တော့ ပိုလာ၏။
ယွီချိန်ကျစ်က ပြောသည်။ “ကောင်းကင်မြေပုံအသစ်က အင်မတန် ကျယ်ဝန်းတော့ သွန်းလုပ်ရခက်လိမ့်မယ်... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တာအိုဂိုဏ်းနဲ့တောင် ပြီးမြောက်ဖို့ နှစ်သုံးဆယ်၊ ငါးဆယ်လောက် ကြာမှာပဲ... ဒါ့အပြင် ချင်းယွင်ကောင်းကင်ဘုံက ဒီဇိုင်းဆွဲတဲ့သူ ဆိုတော့ ဟာကွက်တွေ ချန်ထားလို့ရတယ်... ကောင်းကင်မြေပုံအသစ်က အန္တရာယ်များတာ မှန်ပေမယ့် လွတ်လမ်းမရှိတာတော့ မဟုတ်သေးဘူး.. လောလောဆယ်မှာ ကောင်းကင်နတ်ဘုံရဲ့ စည်းကမ်းရှစ်ချက်ကမှ ပြဿနာပဲ”
လင်ယွိရှို့က ပြန်ဖြေ၏။ “တကယ်တော့ စည်းကမ်းခုနစ်ချက်ပဲ ရှိတာပါ... ငါ့ခမည်းတော်နဲ့ ဧကရာဇ်အတိုင်ပင်ခံကျန်းက ဖမ်းခံထားရပြီဆိုတော့ အခုလောလောဆယ် သူတို့ကို ထည့်တွက်စရာမလိုဘူး... စည်းကမ်းခုနစ်ချက်နဲ့ တုံပြန်နိုင်မယ့် အခွင့်အရေးတွေကိုပဲ အရင်အာရုံစိုက်လို့ ရတယ်.. ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဒီနေ့ကစပြီး ဆက်လုပ်ဦးမလားဆိုတာ... ငါတို့ စဉ်းစားသင့်တယ်.... အကယ်လို့ ဆက်လုပ်မယ်ဆိုရင် ဒီစည်းကမ်းခုနစ်ချက်ကို ကျော်လွှားရမယ်”
ယွီချိန်ကျစ်သည် ချင်မူ့ကို လှမ်းကြည့်၍ ချင်မူက ဖြေသည်။ “ငါတို့ ဆက်လုပ်ရမှာပေါ့... ငါတို့ဆက်မလုပ်ရင် နှစ်စဉ်နှစ်တိုင်း ကောင်းကင်ဘုံယဇ်ပူဇော်ပွဲနဲ့တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အခြေခံအုတ်မြစ်ကို ဖျက်စီးပစ်ဖို့ လုံလောက်တယ်”
အားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။
ယွီချစ်ကျစ်က ရှင်းပြသည်။ “ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတစ်ပိုင်းတွေက အသားစားတယ်... ဒါကြောင့် ယဇ်ပူဇော်ပွဲမှာ လူပျိုနဲ့ မိန်းမပျိုတွေကို စတေးရတယ်... အဲဒီလိုလူငယ်တွေကို ကောင်းကင်နတ်ဘုံအတွက် အစာအဖြစ် စတေးရမှတော့ ပြည်သူပြည်သားတွေရဲ့ ထောက်ခံအားပေးမှုကို ဆုံးရှုံးရပြီပေါ့... လူတွေက ကောင်းကင်ဘုံကို ဒေါသမထွက်ရဲတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာပဲ ခေါင်းခံရလိမ့်မယ်”
“ရက်စက်လွန်းပါတယ်ကွာ”
ဝမ့်မူရန်မှာ မျက်မှောင်ကြုတ်နေသည်။ “ဒီစည်းကမ်းနဲ့တင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်စီးဖို့ လုံလောက်နေပြီ”
လင်ယွိရှို့က ပြောသည်။ “ဒါကြောင့် ငါတို့ တုံ့ပြန်နိုင်အောင် တွေးရမယ်.. ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ငွေဒင်္ဂါးထုတ်လုပ်ပိုင်ခွင့်ကို ရပ်စဲလိုက်ပြီ... ကောင်းကင်နတ်မယ်ရှန်း၊ ဒီကိစ္စကို နင် ဘယ်လို ကိုင်တွယ်မလဲ”
စစ်ယွင်ရှန်းသည် တွေးကြည့်ပြီးနောက် ပြုံးလိုက်၏။ “ကောင်းကင်နတ်ဘုံရဲ့ ငွေကြေးစနစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နယ်စပ်မှာပဲ လည်ပတ်မှာလား... ကမ္ဘာဦးဘုံတစ်ဘုံလုံးမှာ လည်ပတ်မှာလား”
ချင်မူက ပြန်ဖြေသည်။ “ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်ပဲ သီးသန့်ငွေကြေး ထုတ်လုပ်မှာမဟုတ်ဘူး... အခု သူတို့က ကမ္ဘာဦးဘုံတစ်ဘုံလုံး သိမ်းပိုက်ထားပြီဆိုတော့ တူညီတဲ့ ငွေကြေးစနစ်ကိုပဲ အသုံးပြုလိမ့်မယ်”
စစ်ယွင်ရှန်းက လက်ခုပ်တီးရင်း ပြုံးနေသည်။ “ငွေကြေးစနစ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်ပဲ သီးသန့်ဖြစ်ပြီး ငွေဒင်္ဂါးထုတ်လုပ်ပိုင်ခွင့်က ကောင်းကင်နတ်ဘုံရဲ့ လက်ထဲမှာဆိုရင်တော့ စီးပွားရေးချွတ်ခြုံကျပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်မရတော့ဘူး.. ဒါပေမဲ့ ကမ္ဘာဦးဘုံတစ်ဘုံလုံးသာ တူညီတဲ့ ငွေကြေးစနစ်ကို သုံးရင် သိပ်တော့ မဆိုးလှဘူး”
ကျန်ရှိသူများမှာ ဤနယ်ပယ်တွင် မနှံ့စပ်၍ သူမကို ဆက်လက်ရှင်းပြခိုင်းကြသည်။
“ကမ္ဘာဦးဘုံတစ်ဘုံလုံး တူညီတဲ့ငွေကြေးစနစ်ကို အသုံးပြုရင် ကောင်းကင်နတ်ဘုံက ကမ္ဘာဦးဘုံကို လွှတ်ထားလိုက်လို့ရတယ်... သူတို့အနေနဲ့ ငွေဒင်္ဂါးတွေ ဖန်တီးပေးဖို့ပဲ လိုတာ... အဲဒါမှ ကမ္ဘာဦးဘုံရဲ့ အကျိုးအမြတ်တွေကို သိမ်းပိုက်နိုင်မှာမဟုတ်လား... ဒါပေမဲ့ အဲဒီငွေကြေးကို သုံးပြီး ပစ္စည်းတွေ အရောင်းအဝယ် လုပ်နိုင်အောင်လည်း သူတို့ လုပ်ပေးရလိမ့်မယ်”
စစ်ယွင်ရှန်းက ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေက စီးပွားရေးလုပ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲလေ... စီးပွားရေးလုပ်ငန်းတွေကနေတစ်ဆင့် ကမ္ဘာဦးဘုံရဲ့ အခြားနေရာတွေကနေ ငွေတွေ ရှာနိုင်မယ်... သူတို့မိသားစုတွေကို ဆက်လက်ထောက်ပံ့နိုင်မယ်... ကောင်းကင်နတ်ဘုံက ကမ္ဘာဦးဘုံတစ်ဘုံလုံးရဲ့ အရင်းအမြစ်တွေ မောင်ပိုင်စီးချင်နေပေမယ့် ကျွန်မတို့အနေနဲ့လည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ပြီး ကမ္ဘာဦးဘုံထဲက အခြားအင်အားစုတွေကနေ အရင်းအမြစ်တွေ သဲ့ယူလို့ရသေးတယ်...
“ဧကရာဇ်ယန်ဖုန်း တစ်ခါ ပြောဖူးတယ်... တဖုန်းကြေးပြားတွေကို အခြားနိုင်ငံတွေမှာလည်း အသုံးပြုသင့်တယ်တဲ့... အဲဒီလိုအသုံးပြုနိုင်ဖို့ သူ နှစ်ပေါင်းများစွာ ကြိုးစားယူခဲ့ရတယ်... အခု ကမ္ဘာဦးဘုံရဲ့ ပုံသေငွေကြေးစနစ်ကြောင့် သူ့အိပ်မက်ပြည့်သွားပြီလို့တောင် ပြောရဦးမှာ... ကျွန်မတို့ခေါင်းပေါ်မှာ အရင်းရှင်တွေ ရောက်လာတာပဲ ရှိတယ်”
ချင်မူက ပြောသည်။ “နင် ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးအပိုင်း တာဝန်ယူသင့်တယ်”
စစ်ယွင်ရှန်းက ပြန်ပြော၏။ “မြေခွေးမိစ္ဆာလေးရဲ့ အကူအညီလည်း လိုလိမ့်မယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ငွေဒင်္ဂါးကိစ္စက တတိယစည်းကမ်းချက်ပဲ... ပြည်သူပြည်သားတွေရဲ့ ဘဝ တည်ငြိမ်အောင် ဒီစည်းကမ်းချက်ကို စစ်ယွင်ရှန်းက ကိုင်တွယ်ပေးလိမ့်မယ်... ပထမစည်းကမ်းက ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ မီးရှို့ပြာချပစ်ပြီး ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ဖို့... ဒုတိယစည်းကမ်းက သိုင်းဂိုဏ်းတွေ ပြည်နယ်စီရင်စုတွေကို အုပ်ချုပ်ပြီး နတ်ဘုရားတွေကို ကိုးကွယ်တဲ့ ဘိုးဘေးတွေရဲ့ စနစ်ကို ပြန်အသက်သွင်းဖို့ ... သိုင်းဂိုဏ်းတွေကို အသုံးချပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ထိန်းချုပ်မယ့်နည်းလမ်းပေါ့.... ဒီဗျူဟာက လူတွေကို အရူးလုပ်ဖို့ပဲ... ဘယ်လိုတုံ့ပြန်သင့်လဲ”
ဝမ့်မူရန်က မေးခွန်းထုတ်၏။ “ဒီစည်းကမ်းခုနစ်ချက်ထဲမှာ အခြေခံစာသင်ကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်တွေ မတည်ထောင်ခိုင်းတဲ့ စည်းကမ်းပါလား”
လင်ယွိရှို့က ပြန်ဖြေသည်။ “မပါဘူး... ဒါပေမဲ့ အဲဒီနတ်ဘုရားတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းတွင်းကောလိပ်ရော၊ အခြေခံစာသင်ကျောင်းတွေရော၊ ကောလိပ်ကျောင်းတွေရောအကုန် ဖျက်စီးပြီးပြီ... စာအုပ်တွေတောင် မီးရှို့ခံထားရပြီးပြီ”
ဝမ့်မူရန်က ရယ်လေသည်။ “ဒါဆိုလည်း ပြန်တည်ဆောက်လိုက်ရုံပေါ့... ဒါပေမဲ့ အခြေခံစာသင်ကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်လို့ မခေါ်တော့ဘူး... နာမည်ပဲ ပြောင်းလိုက်မယ်..,. ဥပမာ ကျောက်စိမ်းမြို့တော်ဂိုဏ်း၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ တာအိုဂိုဏ်း အရန်နန်းတော် အဲဒီလိုပေါ့... သူတို့ကို ဂိုဏ်းတွေလို့ထင်ရအောင် နာမည်ပြောင်းပစ်မယ်... အခြေခံစာသင်ကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်ဆိုတာလည်း အစကတည်းက ဂိုဏ်းတွေနဲ့ သိပ်မကွာပါဘူး”
ချင်မူ ပြန်ဖြေလိုက်၏။ “ဟုတ်တယ် အဲဒီအတိုင်းလုပ်ကြစို့... စတုတ္ထစည်းကမ်းက အဆင့်မြင့် နတ်လက်နက်တွေ မသွန်းလုပ်ဖို့ပဲ... ငါတို့ လောလောဆယ် ဘာမှမသွန်းလုပ်ဘဲ ထားနိုင်တော့ ဒီစည်းကမ်းကိုလည်း လျစ်လျူရှုထားနိုင်တယ်... ပဉ္စမစည်းကမ်းက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ဆက်မတီထွင်ဖို့ပဲ... အဲဒီလိုတီထွင်နိုင်တဲ့သူလည်း များများစားစား မရှိတော့ ဒီစည်းကမ်းကိုလည်း ခဏဖယ်ထားလို့ ရသေးတယ်... ဆဋ္ဌမစည်းကမ်းက ကောင်းကင်နတ်ဘုံကို ယဇ်ပူဇော်ဖို့... ဒီစည်းကမ်းက ရင်နာစရာကောင်းလွန်းတယ်... ငါတို့ ဘယ်လိုကိုင်တွယ်သင့်လဲ”
ယွီချိန်ကျစ်က စဉ်းစားပြီးနောက် ပြန်ဖြေသည်။ “ငါ ကောင်းကင်နတ်ဘုံက တာအိုဂိုဏ်းနဲ့ အဆက်အသွယ်တချို့ ရှိတယ်... ကောင်းကင်နတ်ဘုံထဲမှာ အာဏာရှိတဲ့ အကောင်ကြီးကြီးတချို့ကို ကပ်ပြီး ယဇ်ပူဇော်ပွဲအတွက် လိုအပ်ချက်တွေကို ပြောင်းလဲခိုင်းလို့ ရလောက်မယ်.. အနည်းဆုံးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူသားတွေကို ကောင်းကင်ဘုံအတွက် စတေးလို့ မဖြစ်ဘူး”
ချင်မူက ပြောသည်။ “ကျေးဇူးတင်ပါတယ် နောင်တော်ယွီချိန်... သတ္တမစည်းကမ်းက ထူးဆန်းတဲ့ နည်းလမ်းနဲ့ အသုံးချနိုင်တဲ့ ရှေးဟောင်းလက်နက်တွေ၊ ပစ္စည်းတွေကို ဖျက်စီးဖို့ပဲ... ဒီစည်းကမ်းက သိပ်တော့ အရေးမကြီးဘူး.. ဒီကပ်ဘေးပြီးရင် လူတွေ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းကောင်းတွေ တစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူး”
သူက အားလုံးကို ကြည့်ရင်း ပြုံးလိုက်၏။ “ကဲ အခု ငါတို့ ဘယ်လိုပြန်တွန်းလှန်မလဲ စတွေးကြစို့”
အားလုံး အံ့အားသင့်သွားကြသည်။
ပြန်တွန်းလှန်မည်တဲ့လား....
ဤသည်ကား မည်မျှအပြောကြီးလှသည့် စကားပေနည်း...
သူတို့အနေဖြင့် အဘယ်သို့ပြု၍ ပြန်တွန်းလှန်နိုင်မည်နည်း....
ချင်မူက ဆက်ပြောသည်။ “ဒီရက်ပိုင်းတွေမှာ ငါ ကလေးဆန်ဆန်အတွေးတစ်ခု ရခဲ့တယ်... ငါ နန်းစိုက်မြို့တော်အနား လျှောက်သွားရင်း ကောင်းကင်နတ်စစ်သည်တော်တွေနဲ့ စစ်သူကြီးတွေက လူချမ်းသာတွေရဲ့ အိမ်ထဲ ချင်းနင်းဝင်ရောက်ပြီး ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ရှေးဟောင်းပစ္စည်းတွေကို ယူနေကြတာ တွေ့ခဲ့ရတယ်... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေက အဲဒီလိုပစ္စည်းတွေကို အတော်လေး ကြိုက်ကြပုံပဲ... ဒါကြောင့် ငါတို့ သူတို့အတွက် အလကား သွန်းလုပ်ပေးကြမယ်... ငွေကြေးလက်ခံမယ်ဆိုလည်း ကောင်းကင်နတ်ဘုံရဲ့ ငွေကြေးတွေကိုပဲ လက်ခံမယ်... တန်ဖိုးနည်းလေး ကောင်းလေကွာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ပန်းပဲဆရာတွေ အများကြီး ရှိတယ်... သူတို့ကို လူတွေအတွက် အသုံးဝင်မယ့်အရာတွေ အမြဲဖန်တီးခိုင်းနေရင်း သူတို့တွေ လက်ရည်ကျမသွားအောင် ငါတို့ထိန်းထားနိုင်မယ်”
ကျန်ရှိသူများ သိပ်နားမလည်ကြပေ။
ချင်မူက ဆက်ပြောသည်။ “နောင်တော်ယွီချိန်၊ မင်းနဲ့ ကောင်းကင်နတ်ဘုံက အဆက်အသွယ်တွေကနေတစ်ဆင့် ကောင်းကင်နတ်ဘုံရဲ့ လက်နက်တချို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ သွန်းလုပ်ပေးခွင့်ရအောင် ကြံဖန်ပေးနိုင်လား”
ယွီချိန်ကျစ် မျက်မှောင်ကြုတ်သွား၏။ “မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကောင်းကင်မြေပုံအသစ် ဖန်တီးခိုင်းချင်တာလား... မဖြစ်နိုင်ဘူး... ကောင်းကင်နတ်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဘယ်တော့မှ ကောင်းကင်မြေပုံအသစ် ဖန်တီးခိုင်းမှာမဟုတ်ဘူး... ဒီလိုလက်နက်မျိုးကို ကောင်းကင်နတ်ဘုံရဲ့ ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်ကိုယ်တိုင် သွန်းလုပ်တာ... ကောင်းကင်နတ်ဘုံရဲ့ ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်က အရေးအပါဆုံး နတ်လက်နက်တွေကို သွန်းလုပ်တဲ့ နေရာပဲ... ကောင်းကင်နတ်ဘုံရဲ့ အစွမ်းထက်ဆုံး လက်နက်အားလုံး အဲဒီမှာပဲ သွန်းလုပ်ကြတာ... ပြီးတော့ အစောင့်အရှောင် တင်းကြပ်ထားတယ်... အဲဒီမှာ အလုပ်လုပ်ဖို့ ဘယ်သူမဆို သေခြင်းရှင်ခြင်းစာအုပ်မှာ အထောက်အထား သက်သေပြရတယ်”
ချင်မူ ရယ်လိုက်သည်။ “ငါဆိုလိုတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံအတွက် နိစ္စဒူဝအသုံးအဆောင်တွေ အရင်ဆုံး ဖန်တီးပေးမယ်လို့ ပြောချင်တာ... ဥပမာ ရေခဲသေတ္တာ၊ လေဒလက်လိုမျိုးတွေပေါ့... အဲဒါတွေပြီးရင် ကောင်းကင်နတ်ဘုံရဲ့ စစ်တပ် လိုအပ်မယ့် နတ်ချပ်ဝတ်တွေ၊ နတ်လက်နက်တွေ၊ သင်္ဘောတွေနဲ့ ဝင်္ကပါအခင်းအကျင်းတွေ ဖန်တီးမယ်... ကောင်းကင်နတ်ဘုံအနေနဲ့ ငါတို့ပြုလုပ်ထားတဲ့ ရတနာတွေကို ဝယ်ဖို့ သူတို့ဖန်တီးထားတဲ့ ငွေကြေးကို သုံးစွဲရလိမ့်မယ်”
ယွီချိန်ကျစ် မှင်သက်သွား၏။
ကျန်ရှိသူမှာ မျက်မှောင်ကြုတ်သွားကြပြီး နားမလည်ကြသေးပေ။
“ဒါက အင်မတန် ကောင်းတဲ့ ကမ်းလှမ်းမှုပဲ... ကောင်းကင်နတ်ဘုံက သေချာပေါက် လက်ခံမှာပဲ... ဒါပေမဲ့...”
ယွီချိန်ကျစ် ကြောင်တောင်တောင် ဖြစ်နေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အလုပ်သမားတွေက ဒီရတနာတွေကို ခက်ခက်ခဲခဲ သွန်းလုပ်ပေးရတာတောင် အဖိုးအခအနေနဲ့ ကောင်းကင်နတ်ဘုံဆီက ငွေဒင်္ဂါးတွေပဲ ရမှာလား... ဒါက နည်းနည်းတော့...”
ချင်မူက ပြန်ဖြေသည်။ “ငွေကြေးစနစ် ကမ္ဘာဦးဘုံမှာ လည်ပတ်နေသရွေ့ အဆင်ပြေတယ်... ငါတို့ ဘယ်လောက်ရှာနိုင်မလဲ စိတ်ပူနေစရာမလိုဘူး... မင်း လုပ်နိုင်လား”
ယွီချိန်ကျစ်သည် ပြတ်ပြတ်သားသား ပြန်ဖြေ၏။ “လုပ်နိုင်တယ်”
ချင်မူ စိတ်သာရာရသွားသည်။ “ဒါဖြင့် ကောင်းကင်နတ်ဘုံမှာ အစွမ်းထက်လက်နက်တွေ သွန်းလုပ်ပေးမယ့် ဖန်ဆင်းဂိုဏ်းချုပ်နန်းဆောင်ပဲ ကျန်တော့တဲ့အထိ ကောင်းကင်နတ်ဘုံရဲ့ ကုန်ထုတ်စက်ရုံတွေကို ဖယ်ရှားဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ထုတ်စက်ရုံတွေအတွက် အချိန်ဘယ်လောက်ကြာမလဲ”
ယွီချိန်ကျစ်မှာ အံ့အားသင့်သွားပြီးနောက် တဟားဟား ထရယ်သည်။”မင်း ပြောနေတာက ... ကောင်းကင်နတ်ဘုံသားတွေရဲ့ စီးပွားရေးအုတ်မြစ်ကို ဖျက်စီးရင်း ပြဿနာကို အမြစ်ကနေ ရင်ဆိုင်မယ့် နည်းလမ်းပဲ... ဟုတ်တယ်မလား... ကောင်းကင်နတ်ဘုံရဲ့ အင်အားက ကြီးမားတယ်... အသင့်သုံးလို့ရနေတဲ့ နတ်လက်နက်တွေနဲ့ဆို ကောင်းကင်နတ်ဘုံရဲ့ ကုန်ထုတ်စက်ရုံတွေအနေနဲ့ ကြာကြာမတောင့်ခံနိုင်တော့ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ အစားထိုးခံလိုက်ရလိမ့်မယ်... အဲဒီအချိန်ကျ ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ဝန်းမှာ နတ်လက်နက် ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ ပေါများလာပြီး ကောင်းကင်နတ်ဘုံမှာတော့ အသုံးပြုနိုင်တဲ့ ကုန်စက်ရုံ ရှိတော့မှာမဟုတ်ဘူး”
သူက ရှေ့လျှောက်၊ နောက်လျှောက် လျှောက်နေသည်။ “ကောင်းကင်နတ်ဘုံလက်အောက်မှာ အရှင်လေးပါး၊ ရွှမ်တု၊ ကမ္ဘာဦးဘုံ၊ ယိုတု၊ မင်တု၊ တောင်ကောင်းကင်၊ မြောက်ကောင်းကင်၊ အရှေ့ကောင်းကင်နဲ့ အနောက်ကောင်းကင်ရှိတယ်... ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ခုအပြင် ကမ္ဘာလောကတွေ၊ ကောင်းကင်ဘုံတွေလည်း ထောင်သောင်းချီ ရှိသေးတယ်.. ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ အားလုံးရဲ့ နိစ္စဒူဝအသုံးအဆောင်တွေကို အားဖြည့်ပေးနိုင်ရင် ကမ္ဘာလောကတွေ၊ ကောင်းကင်ဘုံတွေရဲ့ ပိုင်ဆိုင်မှုတွေ ယိုစိမ့်လာပြီး ကြွယ်ဝချမ်းသာတော့မှာ မဟုတ်ဘူး.. အဲဒီအခါ သူတို့တွေ ဆင်းရဲမွဲတေလာပြီး သေချာပေါက် ပုန်ကန်ကြလိမ့်မယ်”
ချင်မူ ပြန်ဖြေသည်။ “ငါ ဘယ်လောက်ကြာမလဲပဲ မေးတာပါ”
ယွီချိန်ကျစ်သည် အားတက်သရော ပြန်ဖြေ၏။ “အလွန်ဆုံး နှစ်တစ်ရာပဲ”
ချင်မူက စဉ်းစားသည်။ “နှစ်တစ်ရာဆို လောက်တယ်... မင်း နတ်လက်နက်တွေ အလကားပေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပျိုစင် ယောက်ျားလေးတွေ၊ မိန်းကလေးတွေကို သွေးယဇ်မပူဇော်ရအောင် လုပ်ပေးနိုင်မယ်မလား”
ယွီချိန်ကျစ်က အတန်ငယ် တွေးပြီးနောက် ပြောသည်။ “ငါ ကြိုးစားကြည့်ပါ့မယ်”
“ကျန်ကိစ္စတွေမှာတော့ မင်းတို့အားလုံးက ငါ့ထက် ပိုကျွမ်းကျင်ပါတယ်... ပြည်သူတွေကို ဘယ်လိုနေရာချမယ်၊ ပြည်သူတွေရဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင် ဘယ်လိုလုပ်မယ်... လက်ရှိစားဝတ်နေရေးကို ကျော်ဖြတ်နိုင်အောင် လယ်ယာမြေတွေ ဘယ်လိုထွန်မယ်၊ သီးနှံတွေ ဘယ်လိုစိုက်ပျိုးမယ်ဆိုတာနဲ့ ပတ်သက်ပြီး... နန်းတွင်းမှာ အတွေ့အကြုံရှိတဲ့ ပြည်ထဲရေးဝန်မင်းတွေ ရှိပါတယ်... သူတို့ဆီက အကြံသွားတောင်းကြ... ငါ့အဘိုးအဘွားတွေလည်း ဓားတာအို၊ ဝင်္ကပါသိုင်း၊ ပန်းပဲပညာ၊ ဆေးပညာ၊ လက်ရေးလှနဲ့ ပန်းချီပညာတွေမှာ ကျွမ်းကျင်တယ်... သူတို့ဆီက ကြိုက်တဲ့အချိန် အကြံသွားတောင်းကြ”
ချင်မူက ထရပ်၍ ဦးညွှတ်အရိုအသေပေးသည်။ “ဒါဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မင်းတို့လက်ထဲ စိတ်ချလက်ချ အပ်ခဲ့ပါ့မယ်”
အားလုံး အံ့ဩတုန်လှုပ်သွားကြကာ အလျင်အမြန် အရိုအသေပြန်ပေးကြ၏။ တာအိုသခင်လင်းရွှမ်က ပြောသည်။ “ဂိုဏ်းသခင် ဘာကြောင့် အခုလို ပြောတာလဲ.. ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မနေတော့ဘူးလား.. အခု မင်းက ဧကရာဇ်အတိုင်ပင်ခံလေ၊ ကောင်းကင်နတ်အရှင်မူလည်း ဟုတ်တယ်... မင်းကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲ... မင့်အခြေအနေက သိပ်ကောင်းတာလည်း မဟုတ်ဘူး... မင်း လျှောက်မသွားသင့်တော့ဘူးနော်”
ချင်မူ ခါးပြန်ရပ်လိုက်သည့်အခါ အနည်းငယ် မူးဝေသွားသည်။ သူက ပြုံး၍ ပြောလေသည်။ “ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နေရင် ကောင်းကင်နတ်ဘုံက မျက်စိဒေါက်ထောက် ကြည့်နေလိမ့်မယ်... သူတို့ ကြည့်နေတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာမဟုတ်ဘူး... ငါ၊ ကောင်းကင်နတ်အရှင်မူကိုပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ငါ လျှောက်သွားနေရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် အသက်ရှူဖို့ အချိန်ရလိမ့်မယ်... မင်းတို့အားလုံး ငါ့ကို ဆက်နားချစရာမလိုပါဘူး”
စစ်ယွင်ရှန်းက အလွန်တွေဝေနေသော အမူအရာရှိသည့် လင်ယွိရှို့ဆီသို့ လှမ်းကြည့်သည်။ လင်ယွိရှို့ဆီမှ အသံထွက်လာ၏။ “ဧကရာဇ်အတိုင်ပင်ခံက မြို့တော်က ထွက်သွားမှာဆိုတော့ ဘယ်တော့ပြန်လာမလဲ”
ချင်မူက ပြန်ဖြေသည်။ “ငါ ပြန်လာရင် မင်းတို့အားလုံးကို လာရှာပါ့မယ်... ဘယ်ချိန်ပြန်လာမလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူး”
လင်ယွိရှို့သည် သူ့ကို စိုက်ကြည့်၍ နူးညံ့ပျော့ပျောင်းသောအသံဖြင့် ဆက်ပြော၏။ “နင့်ခန္ဓာကိုယ်က အခြေအနေမကောင်းမှန်း ငါ သိတယ်... နောက်နှစ် ဒီလိုအချိန်လောက် ပြန်လာခဲ့ပါ.. အဲဒါမှ နင်အသက်ရှင်နေသေးပါလား ငါ သိရမှာ”
ချင်မူက တဟားဟား ရယ်ရင်း ခေါင်းညိတ်ပြသည်။ “နောက်နှစ် ဒီနေ့ ငါ ပြန်လာခဲ့မယ်”
သူက လှည့်ထွက်သွား၏။ နန်းတော်မုခ်ဝတွင် နဂါးချီလင်ကို နှိုးလိုက်ပြီး ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်ဆီ လျှောက်သွားကြလေသည်။
“ဂိုဏ်းသခင်ချင်ရဲ့ အခြေအနေက အန္တရာယ်များလား” ဝမ့်မူရန်သည် သူတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် ခပ်တိုးတိုး ပြော၏။
“သူ့မှာ ဝိညာဉ်မရှိတော့ဘူး”
ယွီချိန်ကျစ်က ခပ်တိုးတိုး ပြောသည်။ “ဝိညာဉ်မရှိဘဲ အသက်ရှင်နေသေးတဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
“ဂိုဏ်းသခင် ချောင်တစ်ချောင်မှာ သွားပုန်းပြီး တစ်ယောက်တည်း တိတ်တိတ်ကလေး သေသွားမှာတော့ မဟုတ်လောက်ဘူးမလား”
စစ်ယွင်ရှန်းမှာ ရုတ်တရက် စိတ်ပူလာ၍ မျက်လုံးများ နီရဲနေသည်။ “ငါတို့ စိတ်မကောင်းဖြစ်မှာစိုးလို့ သူတစ်ယောက်တည်း တိတ်တိတ်ကလေး သေသွားမှာ ငါ စိတ်ပူတယ်... သူ့အလောင်းကို ရှာတွေ့ရင်တောင် သူက ကောင်းကင်နတ်အရှင်မူ၊ ဂိုဏ်းသခင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံဆိုတာ ဘယ်သူမှ မှတ်မိတော့မှာ မဟုတ်ဘူး...”
လင်ယွိရှို့က ခေါင်းယမ်းသည်။ “သူ ပြန်လာလိမ့်မယ်... နောက်နှစ် ဒီနေ့ရောက်ရင် ငါတို့နဲ့ ဆုံဖို့ သူ သေချာပေါက် ပြန်လာလိမ့်မယ်”
နန်းစိုက်မြို့တော်ထဲတွင် ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်နှစ်လုံး ရှိသည်။ တစ်လုံးက ယခင်မျိုးဆက်၏ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့၏ အိမ်တော် ဖြစ်ကာ ကျန်တစ်လုံးက စိမ်းစိုနေသည့် သစ်ပင်ကြီးတစ်ပင် အုံ့ဆိုင်းနေသည့် ချင်မူ၏ အရန်နန်းဆောင် ဖြစ်လေသည်။
ချင်မူက သစ်ပင်ကြီး၏ခြေရင်းသို့ သွား၍ ပင်စည်ကို ထိလိုက်သည်။ ရုတ်တရက် အစိမ်းရောင်စကပ်လေးနှင့် ကုန်းစွန်းယန်သည် လက်ဖက်ရည်အိုးအသေးလေးတစ်အိုး ကိုင်လျက် သစ်ပင်နောက်မှ ထွက်လာကာ ပြုံးပြ၏။ “မောင်လေး၊ ပြန်လာပြီပေါ့... ယန်အာ၊ နင့်ရဲ့သခင်လေး ပြန်လာပြီ”
သစ်ပင်ထိပ်ဖျားရှိ အသိုက်ထဲမှ ယန်အာက ခေါင်းပြူထွက်ကြည့်ပြီးနောက် ဝဝလုံံးလုံး စာကလေးတစ်ကောင် ပျံဆင်းလာကာ ချင်မူ၏ပခုံးပေါ်တွင် နားလေသည်။ သူမက ရယ်လျက် ပြောသည်။ “ဒီက အသိုက်က သိပ်ဇိမ်ကျတာပဲ... ထတောင် မထချင်မိဘူး.. သခင်လေး ထွက်သွားမလို့လား”
ချင်မူ ခေါင်းညိတ်လိုက်ပြီး ပြုံးနေသည်။ “မမကြီးယန်အာ အသိုက်က ဇိမ်ကျတယ်ဆိုရင် မမကြီး ဒီမှာ နေခဲ့လို့ ရပါတယ်... ဒီမှာနေပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စောင့်ရှောက်ပေးပေါ့”
ယန်အာမှာ ချီတုံချတုံဖြစ်သွားပြီးနောက် ခေါင်းယမ်း၏။ “နတ်ဘုရားမက နင့်နောက် လိုက်ခိုင်းထားတာလေ ငါ ဒီမှာနေခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ... ပြီးတော့ ယန်အာ (ကုန်းစွန်းယန်) က စောင့်ရှောက်ပေးတဲ့နေရာမှာ ငါ့ထက်တောင် တော်သေးတယ်... ငါတောင် သူ့ကြောင့် ဒီမှာ အေးအေးဆေးဆေး စောင့်နေခဲ့ရတာ... မီးငှက်သိုက်ထဲမှာ အကုန်ရှိတယ်သိလား.... ငါ့အတွက် သစ်သီးမျိုးစုံလည်း ပြင်ပေးထားတဲ့အပြင် တီကောင်လေးတွေတောင် ထည့်ပေးထားသေးတယ်... ငါ့ထက်ပိုပြီး သိတတ်တဲ့လူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး... ခုတော့ ကြည့်... ပိုတောင် ဝလာပြီ”
နဂါးချီလင်သည် ချင်မူ့နောက်မှ ခေါင်းထွက်လာပြီး တစ်ခုခု ပြောတော့မည့်အချိန် ဝဝလုံးလုံးစာကလေးက သူ့ကို စိုက်ကြည့်ကာ အော်ဟစ်သည်။ “ဖက်တီးနဂါး၊ အပေါက်ပိတ်ထား”
နဂါးချီလင် စကားမပြောရဲတော့ပေ။
ကုန်းစွန်းယန်က စိတ်ညစ်နေသောအသံဖြင့် ပြောသည်။ “ငါလည်း နင်တို့နဲ့ လိုက်ချင်လိုက်တာ... ဒီမှာ အမြစ်ချထားရတာ ခက်တာပဲ”
ချင်မူ နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ဒါဆိုလည်း ဒီမှာပဲ နေခဲ့ပါ မမကြီးရဲ့... ဒီနေရာက ကျွန်တော့်အမြစ်တွေ ရှိတဲ့နေရာပါ... ကျွန်တော် ဒီကိုပဲ ပြန်လာမှာ”