ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ နဂါးဟန် ကောင်းကင်နတ်အရှင်မူ
Vol. 68 Ch. 897
နဂါးချီလင်နှင့် ယန်အာက ချင်မူ ငြိမ်သက်သွားသည့်အထိ စောင့်ပြီးမှ ရှေ့တိုးသွားကြသည်။
“ဂိုဏ်းသခင်၊ ဒဏ်ရာတွေ ဘယ်လိုလဲ”
နဂါးချီလင်သည် ချင်မူ့ကို ကြည့်ရှုနေပြီး ချီစွမ်းအင်ယိုစိမ့်ခြင်း မရှိတော့သည့်အပြင် အသားအရောင်လည်း လန်းလန်းဆန်းဆန်း ဖြစ်လာကြောင်း မြင်လိုက်ရသည်။ နဂါးချီလင်က သွေးတိုးစမ်းကြည့်၏။ “အသက်အန္တရာယ် စိုးရိမ်ရသေးလား”
“နည်းနည်းတော့ သက်သာလာပါပြီ... အသစ်မွေးဖွားလာတဲ့ ငါ့ဝိညာဉ်က အားနည်းနေသေးတာပဲ ရှိတယ်... ချီစွမ်းအင် ယိုစိမ့်ထားတာကလည်း များခဲ့တော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပေမယ့် ထိပ်ဆုံးအခြေအနေကို ပြန်မရောက်သေးဘူး”
ချင်မူက သူ့ကိုယ်သူ စစ်ဆေးကြည့်ရှုရင်း ပြောသည်။ “ငါ့ဝိညာဉ်က အသစ်မွေးဖွားလာတဲ့ ဝိညာဉ်ဆိုပေမယ့် အင်မတန် အန္တရာယ်များနေသေးတယ်... ဒါပေမဲ့ ဝိညာဉ်သန္ဓေသားကတော့ သိပ်ကို သန်မာနေပြီ... အချိန်တစ်ခုလောက် ကျင့်ကြံပြီးရင် ဟန်ချက်ထိန်းနိုင်မယ် ထင်တာပဲ”
ယန်အာမှာ ဟင်းခနဲ သက်ပြင်းချကာ ပြုံးလိုက်၏။ “သခင်လေးရဲ့ ဝိညာဉ်က အခုမှ မွေးလာတာဆိုတော့ သခင်လေးက အသက်ဘယ်လောက်လဲ”
ချင်မူ တွေးကြည့်ပြီးသော် တဟားဟား ရယ်လိုက်မိသည်။ “ကျွန်တော့်ရုပ်ခန္ဓာအရဆို ဒီနှစ် ၃၂ နှစ် ရှိပြီ... ဒါပေမဲ့ ဝိညာဉ်အရဆို အခုမှ မွေးလာတာ... ကျွန်တော် ဒီကမ္ဘာမှာ ရှိတာ တစ်ရက်ပဲ ရှိသေးတယ်... ကလေးလေးပဲ ရှိသေးတယ် ဆိုရမှာပေါ့... တကယ် မထူးဆန်းဘူးလား”
နဂါးချီလင်နှင့် ယန်အာနှစ်ယောက်စလုံး ရယ်မိကြသည်။
ယန်အာက ပြောသည်။ “ဒီနေ့က နေ့ထူးနေ့မြတ်၊ ကောင်းကင်နတ်အရှင်မူ မွေးဖွားလာတဲ့နေ့ပဲ”
ချင်မူမှာ ရင်ထဲတွင် ထူးဆန်းသောခံစားချက်များဖြင့် ခေါင်းယမ်းနေမိ၏။
သူ နေထိုင်လာခဲ့သည်မှာ ၃၂ နှစ် ရှိပြီဖြစ်သော်လည်း ယနေ့က အမှန်တကယ် မွေးဖွားလာသည့်နေ့ ဖြစ်သည်။ ထူးဆန်းလှ၏။
သူ၏သိုင်းအဆင့်မှာ ထိပ်ဆုံးအခြေအနေနှင့် ဝေးကွာသေးလေသည်။ အသက်ရှင်ရေးအတွက် ပြဿနာကို ဖြေရှင်းခဲ့ပြီးသော်လည်း ယိုစိမ့်ခြင်း များခဲ့သဖြင့် မူလရှိသည့် ချီစွမ်းအင်၏ ငါးပုံတစ်ပုံသာ ကျန်ခဲ့သည်။
ထို့အပြင် လက်ရှိ သူ၏သိုင်းအဆင့်မှာ မည်သည့်အဆင့်မှန်း မသိသေးပေ။ ကောင်းကင်ရတနာကျင့်စဉ်စနစ်၏ ကောင်းကင်ရတနာခုနစ်ပါးဖြင့် လက်ရှိသူ့ကို မတိုင်းတာနိုင်ရာ ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များနှင့်လည်း မယှဉ်ကြည့်နိုင် ဖြစ်နေသည်။
သူ့အတွက် ဒုက္ခအများဆုံးမှာ ဝိညာဉ်သန္ဓေသားသာ ကျန်ခဲ့သည့်အတွက် ယခင်ကျင့်စဉ်များကို သွက်လက်ကျွမ်းကျင်စွာ မထုတ်ဖော်နိုင်ခြင်းပင်။
ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များနှင့် ပတ်သက်လာပါက ချီစွမ်းအင်လှည့်ပတ်မှုသည် အတော်လေး ဖရိုဖရဲ ဖြစ်နေ၏။
ချင်မူ အိပ်မက်ထဲ ရောက်နေတုန်းက အိပ်မက်များမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ကာ အသက်ရှင်နိုင်မည့် နည်းလမ်းအတွက် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အဆင့်မြှင့်တင်ခဲ့သည်။
လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို သုံး၍ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာများကို ဖျက်စီးပြီးသည့်နောက်ဆုံးတွင် ဝိညာဉ်တစ်ခု ဖွဲ့တည်ကာ ဘဝအသစ်အား ရရှိခဲ့၏။
သို့သော် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ဖြင့်ပင် မကျင့်ကြံနိုင်သေးပေ။
အဆင့်မြှင့်ထားသော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သည် ကောင်းကင်ရတနာခုနစ်ခု၏ ကျင့်စဉ်စနစ်အပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်၏။ ယခု သူ့တွင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသာ ရှိတော့သည်။ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့် မတူသည်ကိုတော့ ထည့်ပြောစရာပင် မလိုပေ။
ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားတို့၏ ကျင့်စဉ်များသည် ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အပေါ် အခြေခံထား၏။ အခြေခံအုတ်မြစ် ပျက်စီးသွားလျှင် ထုတ်ဖော်မရတော့ပေ။
ထုတ်ဖော်၍ရသေးသော ကျင့်စဉ်ဆို၍ ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်သာ ရှိသည်။ အကြောင်းအရင်းမှာ ဗုဒ္ဓအိုကြီး၏ ကျင့်စဉ်က စိတ်၏အယူအဆ၊ စိတ်၏ တွေးအခေါ် ဖြစ်သောကြောင့်ပင်။ အိပ်မက်များမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ရန် မိမိ၏စိတ်ကို အားကိုးရမည်။ အိပ်မက်တစ်ခုထဲ၌ သိုင်းအဆင့်ကို မြှင့်တင်ချင်သည့်အခါမှသာ ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို အားကိုးရခြင်း ဖြစ်၏။
ချင်မူအနေဖြင့် ဤအနန္တကပ်ဘေးသုတ္တန်ဖြင့် အိပ်မက်ထဲ ဝင်ရောက်နိုင်သော်လည်း အိပ်မက်ထဲ၌ မကျင့်ကြံနိုင်ပေ။
ချင်မူမှာ ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်ကြည့်ပြီးနောက် စိတ်သက်သာရာရသွား၏။ သူ့တွင် ကောင်းကင်နတ်သိုင်များ၏ စွမ်းအား ရှိသေးသောကြောင့် ယခင်က လေ့လာသင်ယူထားသော သိုင်းကွက်အားလုံး မဆုံးရှုံးလိုက်ရပေ။
ဆုံးရှုံးလိုက်ရလျှင် အတော်လေး အချိန်ကုန်၊ အားအင်ကုန် ရလိမ့်မည်။
သူက အိပ်မက်ထဲ ပြန်လည်ဝင်ရောက်သွား၏။ အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူအသေးလေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာကြသည်။ တချို့က သူ၏ဆံပင်ထဲမှပင် ထွက်လာလေသည်။
ချင်မူအသေးလေးတစ်ယောက်က အမြင့်တွင် ရပ်လျက် ချီစွမ်းအင်ဖြင့် ညွှန်ကြားပြသနေသည်။ သူက ချင်မူ၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို တည်ဆောက်၍ ချီစွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းများ ဖော်ဆောင်နေ၏။ ထို့နောက် ခေါင်းယမ်းကာ ကျယ်လောင်စွာ အော်သည်။ “ကျိ ကု၊ ကျိ ကု၊ ကျိ ကု”
ကျန်ချင်မူအသေးလေးများသည် အေးစက်စက် ပြုံး၍ တစ်ယောက်နှင့်တစ်ယောက် ခပ်တိုးတိုး ပြောနေကြ၏။ “ကျိ ကု၊ ကျိ ကု၊ ကျိ ကု”
အမြင့်တွင် ရပ်နေသော ချင်မူလေးက ဒေါသထွက်သွားပြီး သူ ဖန်တီးထားသော ကျင့်စဉ်တစ်ခု ထုတ်ဖော်သည်။ အချိန်အနည်းငယ်ကြာသော် ရုတ်တရက် သွေးအန်လိုက်ရသည်။
ကျန်ချင်မူလေးများက ရယ်ကြသည်။ “မာဟာ မာဟာ”
ချင်အသေးလေးနောက်တစ်ယောက်က မြေအမြင့်အပေါ် တက်၍ သွေးအန်နေသော ချင်မူအသေးလေးကို တွန်းထုတ်ရန် ပြင်နေသည်။ သို့သော် သွေးအန်နေသော ချင်မူအသေလေးက အသက်မထွက်သေးဘဲ အင်္ကျီလက်အိုးများကို တင်းတင်းဆုပ်ကိုင်ထားရင်း အားနည်းစွာ ပြော၏။ “ကျိ ကု...”
“မာဟာ”
တက်လာသည့် ချင်မူအသေးလေးက သူ့ကို ပစ်ချပြီး သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကျင့်စဉ်ကို စိတ်လှုပ်ရှားတည်ဆောက်ရင်း အောက်ရှိ ချင်မူအသေးလေးများဆီ ပြသနေသည်။ သူက ကျယ်လောင်စွာ အော်လိုက်သည်။ “ကျိ ကု ကျိ ကု ကျိ ကု”
ကျန်ချင်မူလေးများသည် ကြည့်ရှုနေရင်းခြင်း ခေါင်းညိတ်ကာ ချီးမွမ်းကြ၏။ “ကျိ ကု”
အမြင့်ရှိ ချင်မူအသေးလေးက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကျင့်စဉ်ကို ထုတ်ဖော်ပြသသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ဖောင်းခနဲ ပေါက်ကွဲသွား၍ သွေးများ လွင့်စင်ပြန့်ကြဲသွား၏။ သူက မြေပြင်ပေါ် လဲကျကာ သေဆုံးသွားချေပြီ။
အောက်ရှိ ချင်မူအသေးလေးများက အားပါးတရ ရယ်မောကြသည်။ “မာဟာ မာဟာ”
နဂါးချီလင်နှင့် ယန်အာမှာ ဤမြင်ကွင်းနှင့် အသားကျနေပြီဖြစ်၍ မထူးဆန်းတော့ပေ။ သို့သော် ယန်အာသည် ချင်မူ၏အိပ်မက်ကမ္ဘာထဲရှိ ချင်မူအသေးလေးများကို စပ်စုနေ၏။ သူမက အိပ်မက်ကမ္ဘာ၏အပြင်တွင် ရပ်ကာ လူသေးသေးလေးများ နည်းလမ်းမျိုးစုံဖြင့် သေဆုံးနေသည်ကို ကြည့်ရင်း ရယ်နေသည်။
ဤချင်မူအသေးလေးများက ကျင့်စဉ်များကို ဖန်တီးထုတ်ဖော်ရင်း ထူးဆန်းစွာ သေဆုံးနေကြ၏။ ချင်မူ့စိတ်ထဲမှ ဖောက်ထွက်လာသော ချင်မူအသေးလေးများစွာ ရှိနေသေးသည်။ သူတို့က သေရမည်ကိုမကြောက်ဘဲ ဆက်လက်စမ်းသပ်နေကြလေသည်။
သူတို့၏ ဘာသာစကားကို ယန်အာ နားမလည်သော်လည်း သူတို့အချင်းချင်းက အလွယ်တကူ ဆက်သွယ်ပြောဆိုနေကြသည်။
နဂါးချီလင်က သူတို့ကို သယ်၍ ရှေ့ဆက်သွားသည်။ နောက်ဆုံးတော့ သူတို့မာန်ဟုန်မြစ်သို့ ရောက်လာပြီး မာန်ဟုန်ပြင်းပြင်း စီးဆင်းနေသော မြစ်ရေနှင့် တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းသံတို့ကို ကြားကြရ၏။
ဤအခိုက်အတန့်တွင် နဂါးချီလင်မှာ သူ့ခေါင်းပေါ်မှ ဆူဆူညံညံ အသံများ ကြားလိုက်ရသည်။ အိပ်မက်ကမ္ဘာထဲရှိ ချင်မူအသေးလေးများသည် ပျော်ရွှင်စွာ ပြေးလွှားရင်း ချင်မူအသေးလေးတစ်ယောက်ကို ပစ်လိုက်၊ ဖမ်းလိုက်ဖြင့် အောင်ပွဲခံနေကြ၏။
“မမကြီးယန်အာ၊ ဘာဖြစ်သွားတာလဲ” နဂါးချီလင် အလျင်အမြန် မေးလိုက်သည်။
ယန်အာက စိတ်လှုပ်ရၑှားစွာ ပြောလေသည်။ “သခင်လေးက သူ့ရဲ့ကိုယ်ပိုင်ကျင့်စဉ်ကို ဖန်တီးလိုက်ပြီ”
နဂါးချီလင် တုံ့ခနဲ ရပ်လိုက်သည်။ ချီစွမ်းအင်က နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချင်မူ့ကို ပင့်မြှောက်ကာ မြေပြင်ပေါ် ချလိုက်၏။ သူ့ကို ဝန်းရံထားသည့် အိပ်မက်ကမ္ဘာထဲတွင် အလောင်းများ တောင်လို ပုံကာ၊ ပင်လယ်လို ဖွေးဖွေးလှုပ်နေသည်။ ချင်မူအသေးလေးများစွာ သေဆုံးထားကြလေသည်။
သို့သော် ကျန်ချင်မူအသေးလေးများက ချင်မူအသေးလေးတစ်ယောက်ကို လေပေါ် မြှောက်တင်ရင်း စိတ်လှုပ်ရှားစွာ ကြွေးကြော်နေကြ၏။ ထိုချင်မူအသေးလေးက အောင်ပွဲခံနေပြီး မာန်တက်နေသော အမူအရာရှိသည်။ သူ့ရင်ထဲတွင် ဝမ်းသာမှု၊ ကျေနပ်မှုတို့ ပြည့်နှက်နေသယောင်ပင်။
ရုတ်တရက် ချင်မူအသေးလေးများအားလုံး ထိတ်လန့်သွားကြပြီး အရပ်လေးမျက်နှာသို့ ထွက်ပြေးကြသည်။ စောစောက အောင်ပွဲခံနေသည့် ချင်မူအသေးလေးမှာ ဖမ်းပေးမည့်သူ မရှိတော့၍ မြေပြင်ပေါ် ဘုန်းခနဲ ပစ်ကျသွားပြီး ဒေါနှင့်မောနှင့် ပြန်ထသည်။ “ကျိ ကျိ ကု ကု”
ချင်မူအသေးလေးများမှာ ပျားအုံကို တုတ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ သွေးရူးသွေးတန်း ပြေးလွှားနေပြီး အော်ဟစ်ငိုယိုကာ ပျောက်ကွယ်သွားကြသည်။ စောစောက တစ်ယောက်တည်း ကျန်ခဲ့သည့် ချင်မူအသေးလေးမှာလည်း ပျာယာခတ်သွားပြီး ခြေဦးတည့်ရာ လျှောက်ပြေးနေ၏။ ရုတ်တရက် သူက အိပ်မက်ကမ္ဘာ၏ နံရံနားသို့ ပြေးလာပြီး လက်သီးဆုပ်များဖြင့် ထု၍ အပြင်ရှိ ယန်အာထံ အကူအညီလှမ်းတောင်းနေသည်။
ယန်အာမှာ မနေနိုင်တော့ဘဲ ကယ်ရန် ပြင်လိုက်သော်လည်း သူမလက် လှမ်းလိုက်သည့်အချိန်တွင် အိပ်မက်ကမ္ဘာမှာ ဖောက်ခနဲ လွင့်ပျယ်ပျောက်ကွယ်သွားသည်။ ချင်မူအသေးလေးအားလုံး မရှိတော့ပေ။
ချင်မူက မျက်လုံးဖွင့်၍ ထထိုင်ပြီး အကြောဆန့်နေသည်။ သူက ပြုံးလျက် ပြော၏။ “ကျွန်တော် အိပ်ပျော်နေတုန်း ကပ်ဘေးတွေအများကြီး ရင်ဆိုင်ခဲ့ရတယ်.... နောက်ဆုံးတော့ ကျင့်စဉ် ပြီးမြောက်သွားပြီ”
ယန်အာမှာ အိပ်မက်ကမ္ဘာ၏ ချင်မူအသေးလေးများကို သနားလွန်း၍ စိတ်မကောင်းဖြစ်နေသည်။ သူမက ချင်မူ့ကို မကြည်တော့ဘဲ ပြောလိုက်သည်။ “နင် နိုးလာတော့ အဲဒီသနားစရာအသေးလေးတွေ သေကုန်တယ်.... နင့်ကို ထပ်ခွံ့ကျွေးခိုင်းဖို့ စိတ်တောင်မကူးနဲ့”
ချင်မူက ချီစွမ်းအင်ကုန်ခမ်းမည်ကို စိတ်မပူဘဲ ကျင့်စဉ်အသစ် ထုတ်လွှတ်သည်။ သူ၏ချီစွမ်းအင်သည် အလွန်ချောမွေ့လွယ်ကူစွာ လည်ပတ်သွားပြီး အသစ်မွေးဖွားလာသော ဝိညာဉ်ကလည်း သန်မာသထက် သန်မာလာသထက် ချင်မူ အလွန်ပျော်ရွှင်လာတော့သည်။
သူ စိတ်ပျော်နေသည်ကို မြင်လျှင် နဂါးချီလင်က မေး၏။ “ဂိုဏ်းသခင်၊ ဂိုဏ်းသခင်ရဲ့ ကျင့်စဉ်ကို အခြားသူတွေဆီ သင်ပေးလို့ရလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ခက်လွန်းတယ်... ငါ့နေရာကို ရောက်ဖို့ ငါ လျှောက်ခဲ့တဲ့လမ်းက ငါ့အတွက် အသင့်တော်ဆုံးပဲ... တစ်ယောက်ယောက် ငါ့ကျင့်စဉ်ကို တတ်မြောက်ချင်ရင် ကောင်းကင်နတ်မြစ်အထိ ကျင့်ကြံပြီး မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းကို လေ့လာရလိမ့်မယ်... ဒါ့အပြင် အက္ခရာသင်္ချာနဲ့ ဖန်ဆင်းပညာမှာလည်း ကျွမ်းကျင်ဖို့ လိုတယ်... အဲဒါတင်မကသေးဘူး... ဗြဟ္မဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန်ကိုလည်း တတ်မြောက်ရမယ်... သိုင်းတာအိုနဲ့ ဓားတာအိုမှာလည်း သာမန်လူတွေထက် သာရမယ်... ဒီတော့ ဘယ်သူမှ ငါ့ကျင့်စဉ်ကို မတတ်မြောက်နိုင်ဘူး”
နဂါးချီလင် သက်ပြင်းချမိသည်။
“ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီ ဖန်တီးထားတဲ့ ကျင့်စဉ်က အများအတွက် ပိုသင့်တော်တယ်”
ချင်မူက ပြောသည်။ “တွေးခေါ်နိုင်ဖို့ လိုအပ်ချက်တွေက မြင့်မားတော့ ခက်ခဲတာတစ်ကြောင်းပေါ့.... ငါတို့ မာန်ဟုန်မြစ်ဆီ ရောက်ပြီလား”
နဂါးချီလင် ပြန်ဖြေလိုက်သည်။ “မာန်ဟုန်မြစ်တက္ကသိုလ်က ရှေ့နားတင်ပဲ”
သူတို့ မာန်ဟုန်မြစ်တက္ကသိုလ်ဆီ ရောက်သည့်အခါ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက တက္ကသိုလ်ကို အပိုင်စီးထားကြောင်း မြင်ရ၏။ သူတို့သည် အဆောက်အအုံကြီးများ၊ ဇိမ်ခံနန်းဆောင်များ တည်ဆောက်ထားပြီး မြစ်နဂါးနတ်ဘုရားများနှင့် မြစ်နတ်ဘုရားများမှာ ကျေးကျွန်များအဖြစ် ဖမ်းဆီးခံထားရကာ အလုပ်လုပ်နေကြရသည်။
ကျွန်များက ခမ်းနားထည်ဝါသော နတ်ဘုရားမြို့တစ်မြို့ကို တည်ဆောက်ထားပြီးဖြစ်၏။ ချင်မူ ရောက်သည့်အချိန်တွင် ကျွန်များသည် သူတို့၏သွေးများဖြင့် နတ်ဘုရားမြို့၏ မျက်နှာပြင်ထက်၌ ဝင်္ကပါအမှတ်အသားများ ရေးဆွဲနေကြလေသည်။ ဝင်္ကပါတို့ကြောင့် မြို့ထဲရှိ နန်းဆောင်များက ကောင်းကင်ယံတွင် ပျံဝဲနေကြ၏။ သို့သော် လွင့်ထွက်မသွားအောင် သံကြိုးများဖြင့် ချည်နှောင်ထားလေသည်။
မြို့တစ်မြို့လုံး ကောင်းကင်ထက်သို့ ရောက်သွားလျှင် မြို့သည် အခြေငြိမ်သွားပြီး ကောင်းကင်နတ်ဘုံ၏ အာဏာစက်သက်ရောက်ရာ အရေးပါသည့်နေရာတစ်နေရာ ဖြစ်လာလိမ့်မည်။
မာန်ဟုန်မြစ်က ကောင်းကင်နတ်မြစ်ဖြစ်သည့်အလျောက် သယံဇာတကြွယ်ဝပြီး ကမ္ဘာဦးဘုံအတွက် အလွန်အရာရောက်၏။
ကမ္ဘာဦးဘုံကို အုပ်စိုးသော ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်အနေဖြင့် မာန်ဟုန်မြစ်ကို လျစ်လျူရှုထားရလောက်သည်အထိ မတုံးအပေ။ သူက မာန်ဟုန်မြစ်ကို လွန်စွာအရေးထားသောကြောင့် ဤနေရာ၌ တပ်စိတ်တစ်စိတ်လုံး ချထားခြင်း ဖြစ်သည်။
နတ်ဘုရားမြို့ထဲတွင် နဂါးထိန်းဧကရာဇ်ကို ချင်မူ လှမ်းမြင်လိုက်ရသည်။ ဤနဂါးထိန်းဧကရာဇ်က နဂါးနတ်ဘုရားများနှင့် မြစ်နတ်ဘုရားများကို ကြီးကြပ်ရင်း အဖွဲ့အသေးလေးတစ်ဖွဲ့အား ဦးဆောင်နေသည်။
“နဂါးထိန်းဧကရာဇ်”
နဂါးချီလင်က လှမ်းအော်သည်။ “ဂိုဏ်းသခင် ခင်ဗျားကို ရှာနေတယ်”
နဂါးထိန်းဧကရာဇ်က အသံကြားလျှင် ခေါင်းလှည့်လာသည်။ ချင်မူ့ကို မြင်သည်နှင့် သူက ကပျာကယာ ပြေးချလာပြီး အနေရခက်နေဟန်ဖြင့် နှုတ်ဆက်၏။
ချင်မူက ရယ်လိုက်သည်။ “စိတ်ပူစရာမလိုပါဘူးဗျာ... ခင်ဗျား ကျွန်တော့်ကို သစ္စာဖောက်ခဲ့ရင် မရှုမလှ သေနေလောက်ပြီ... ခင်ဗျားက ကိုယ့်အသက်ကို ကာကွယ်ဖို့ပဲ ကောင်းကင်နတ်ဘုံမှာ အညံ့ခံခဲ့တာပါ... နဂါးထိန်းဧကရာဇ်၊ ခင်ဗျား ဘယ်လိုအသက်ရှင်ခဲ့တာလဲ”
နဂါးထိန်းဧကရာဇ်သည် သူနှင့် မြေအောက်ဘုံအရှင်လေးပဋိညာဉ် ရေးထိုးထားသောကြောင့် ချင်ဖုန်းကျင့်က သူ့ကို စားရန် မျက်စိဒေါက်ထောက် ကြည့်နေခဲ့၏။ နဂါးထိန်းဧကရာဇ် သူ့ကို သစ္စာဖောက်ခဲ့လျှင် ချင်ဖုန်းကျင့် စားပစ်ခဲ့လိမ့်မည်။
ယခုတွင် ချင်ဖုန်းကျင့် မစားထားသဖြင့် နဂါးထိန်းဧကရာဇ်က သူ့ကို သစ္စာမဖောက်ခဲ့ဟု ဆိုလိုသည်။
ချင်မူသည် သူ့အစ်ကိုကြီးကို သိပ်မယုံသော်လည်း သူ့အစ်ကိုကြီး၏ ပါးစပ်ကိုတော့ ယုံ၏။
နဂါးထိန်းဧကရာဇ်မှာ စိတ်သက်သာရာရသွားပြီး ပြောသည်။ “ကောင်းကင်နတ်ဘုံရဲ့ စစ်တပ် ဒီကို တိုက်ခိုက်ခဲ့တုန်းက ငါ မြစ်နဂါးနတ်ဘုရားတွေကို ဦးဆောင်ရင်း အညံ့ခံခဲ့တယ်... သခင်ကြီးကို နဂါးနတ်ဘုရားအတော်များများ သစ္စာဖောက်ခဲ့ပေမယ့် အကုန်လုံး မရှုမလှ သေပြီး အလောင်းတွေ ဖြစ်ကုန်ကြတယ်... ငါလည်း အညံ့ခံခဲ့ပေမယ့် သခင်ကြီးကို သစ္စာမဖောက်ရဲပါဘူး.... ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်က ငါ့ကို အသုံးချလို့ရမှန်း သိတာနဲ့ အသက်ချမ်းသာပေးပြီး နတ်ဘုရားမြို့တည်ဆောက်ရေးလုပ်ငန်းတွေ ကြီးကြပ်ခိုင်းထားတာပါ”
ချင်မူက မေးသည်။ “ဘယ်နတ်ဘုရားက မာန်ဟုန်မြစ်ကို စောင့်ရှောက်နေတာလဲ”
“အရှေ့ကောင်းကင် အစိမ်းနတ်မင်းရဲ့ တပည့်... နတ်မင်းဝူကျိပါ”
နဂါးထိန်းဧကရာဇ်က ပြောသည်။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်းက နတ်ဘုရားတစ်ပိုင်းမျိုးနွယ်တွေကို နှိမ်နင်းဖမ်းဆီးပြီးတော့ ကမ္ဘာဦးဘုံကနေ အရှေ့ကောင်းကင်ဆီ ပြန်သွားပြီး ဒီမှာ ကြီးကြပ်ကွပ်ကဲဖို့ နတ်မင်းဝူကျိကို ထားခဲ့တာပါ... သခင်ကြီး၊ မြန်မြန်သွားတော့... ဒီမှာ ကောင်းကင်နတ်ဘုံသား လူကောင်း၊ လူဆိုးတွေ အများကြီးရှိတယ်... တချို့က သခင်ကြီးအကြောင်း ငါ့ဆီ လာမေးကြပြီး ကောင်းကောင်းမွန်မွန် မပြောကြဘူး”
ချင်မူ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်မူ၊ ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ချင်တဲ့လူတွေ အများကြီးရှိတဲ့အကြောင်း ကြားထားပြီးပါပြီ... သူတို့နဲ့ ရင်ဆိုင်ဖို့လည်း အသင့်ဖြစ်နေပြီ... စိတ်မပူပါနဲ့”
သူ စကားပြောနေစဉ် သူတို့အပေါ်ရှိ တစ်ပိုင်းတစ ရုပ်လုံးပေါ်နေပြီဖြစ်သည့် နတ်ဘုရားမြို့အတွင်းရှိ ခန်းမတစ်ခုထဲမှ လူတစ်ယောက်ထွက်လာသည်။ သူက ရယ်မော၍ ပြော၏။ “ကောင်းကင်နတ်အရှင်မူက အဝေးကနေ ဒီအထိ ရောက်လာတာကို ဧည့်ဝတ်မကြေဘူးဖြစ်သွားတယ်... ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပါ... ကောင်းကင်နတ်အရှင်မူ၊ စကားပြောဖို့ တက်လာခဲ့ပါဦး”
နဂါးထိန်းဧကရာဇ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ချင်မူ့ကို မြန်မြန်ထွက်သွားရန် အရိပ်အခြည်ပြသည်။ ချင်မူက ရယ်လိုက်၏။ “စိတ်မပူပါနဲ့ ကျွန်တော့်ကို သတ်ချင်တဲ့သူတွေ တစ်ပုံကြီးပဲ... အပြင်ထွက်တိုင်း ပုန်းနေရင် အကြာကြီး ပုန်းနေရလိမ့်မယ်... နဂါးထိန်းဧကရာဇ် အရင်နောက်ဆုတ်လိုက်ပါ”
နဂါးထိန်းဧကရာဇ်က ချင်မူ့ကို နားချရန် ကြိုးစားနေသော်လည်း ချင်မူက အားတက်သရော ရယ်လိုက်၏။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း ဒီကို ရောက်လာရင်တောင် ကျုပ်အပေါ် လေးစားရတယ်... သူ့တပည့်ကတော့ ပြောမနေနဲ့”
နဂါးထိန်းဧကရာဇ်က ပြောသည်။ “သခင်ကြီး၊ အစေခံတွေဆိုတာ ပိုလို့တောင် ကိုင်တွယ်ရခက်ပါတယ်... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိတာ သိသာနေတာပဲလေ... ဘာလို့ မလိုအပ်ဘဲ အရှက်ကွဲခံနေမှာလဲ... အဲဒီနတ်မင်းဝူကျိက ကောင်းတဲ့လူမဟုတ်ဘူး....”
ချင်မူက လက်ကာပြ၍ နဂါးချီလင်၏ ဦးခေါင်းအပေါ်တွင် ရပ်ကာ ကောင်းကင်ထက်ရှိ ပလ္လင်ခန်းမဆီ ပျံတက်သွားသည်။
ပလ္လင်ခန်းမအရှေ့တွင် နတ်ဘုရားတစ်စုနှင့် ငယ်ရွယ်ချောမောသော နတ်ဘုရားတစ်ပါးက သူတို့ကို လာရောက်နှုတ်ဆက်သည်။ ထိုနတ်ဘုရားက ရယ်မောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာချင်၊ နဂါးဟန်ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်မူ၊ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်... ငါ့ဆရာ ဒီမှာ ရှိရင်တောင် မင်းကို တလေးတစား နှုတ်ဆက်ရလိမ့်မယ်”
သူက ချင်မူ့ကို ဦးညွှတ်အရိုအသေပေးပြီးနောက် သူ့ကို ခြံရံထားသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများဆီသို့ ကြည့်သည်။ ထို့နောက် ဒေါသူပုန်ထသွားကာ အော်ဟစ်တော့၏။ “မင်းတို့ ကောင်းကင်နတ်အရှင်မူကို တွေ့နေရတာတောင် ဘာလို့မနှုတ်ဆက်တာလဲ”
နတ်ဘုရားတစ်ပါးက အေးစက်စက် ရယ်၍ ပြောလေသည်။ “လောကသခင်ခန္ဓာလား... ကောင်းကင်နတ်အရှင်မူလား... သူက အသုံးမကျတဲ့လူလေ... ငါ့လို ကောင်းကင်နတ်ဘုရားက သူ့ကို အရိုအသေပေးစရာလား”
နတ်မင်းဝူကျိသည် အမျက်တချောင်းချောင်း ထွက်သွားပြီး ထိုသူ့ကို ပစ်ပစ်နှစ်နှစ် ကြိမ်းမောင်းဆူပူကာ ချင်မူ့အား တောင်းပန်၏။ “ကောင်းကင်နတ်အရှင်မူ၊ ဒီကောင်က ဘာမှမသိပါဘူး... ကောင်းကင်နတ်အရှင်မူလို သဘောထားကြီးတဲ့သူက စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်.... ကျေးဇူးပြုပြီး အထဲကြွပါ”
ချင်မူက နဂါးချီလင်၏ခေါင်းပေါ်မှ ဆင်း၍ သူ့အရှေ့တွင် ရပ်ကာ ပြုံးနေသည်။ “ရပါတယ်... နတ်မင်းအရှေ့က ကြွပါ”