← Chapters

ရှေးဟောင်းဓားအိမ်ထဲမှ ဆွဲထုတ်သော ရတနာဓား၊ ဖုန်သဲမှုန်တို့ကို ရှင်းလင်းစေသော လေမိုးမုန်တိုင်း

Vol. 68 Ch. 896

ရှေးဟောင်းဓားအိမ်ထဲမှ ဆွဲထုတ်သော ရတနာဓား၊ ဖုန်သဲမှုန်တို့ကို ရှင်းလင်းစေသော လေမိုးမုန်တိုင်း

Vol. 68 Ch. 896

ယန်အာနှင့် နဂါးချီလင် ထိတ်လန့်တုန်လှုပ်သွားသည်။ ယန်အာမှာ ချင်မူ သူ့ကိုယ်သူ သတ်သေတော့မည် ထင်သဖြင့် တားရန် လုပ်သော်လည်း နဂါးချီလင် သူမကို အလျင်အမြန် အော်လိုက်သည်။ “ဂိုဏ်းသခင်က အသက်ရှင်နိုင်မယ့် လမ်းကို အခုလေးတင် ရှာတွေ့ခဲ့တာ ဘာလို့ သူ့ကိုယ်သူ သတ်သေမှာလဲ... ပေါက်ကရတွေ လျှောက်မတွေးနဲ့”

ယန်အာမှာ အဆူခံရပြီးနောက် ငြိမ်သက်သွားပြီး ပြန်မပြောရဲတော့ပေ။

ချင်မူက ဓားတစ်လက်တည်းဖြင့် ကပ်ဘေးကို ရင်ဆိုင်၍ သူ၏ကောင်းကင်နန်းဆောင်ဆီသို့ ထိုးစိုက်လိုက်သည်။ နတ်‌ကောင်းကင်ခန်းမကို ခုတ်ပိုင်း၍ ကျောက်စိမ်းမြို့တော်တစ်လျှောက် ဝိုက်ဖြတ်ရင်း ကောင်းကင်နန်းဆောင်များ ပြိုလဲသွားစေ၏။ နဂါးသွဲ့အဆောင်လည်း ပျက်စီး၍ နဂါးသွဲ့ရေကန်မှာ ဖိနှိပ်ခံလိုက်ပြီး တောင်ကောင်းကင်မုခ်ဝကိုလည်း တိုက်ချသွားသည်။

ပြိုလဲနေသော ကောင်းကင်နန်း‌ဆောင်အတွင်းတွင် ဓားရောင်အားလုံးသည် အလင်းတန်းတစ်တန်းတည်းအဖြစ် စုစည်းသွားပြီး ကောင်းကင်နတ်မြစ်နှင့်အတူ ရွေ့လျားလာကာ ကောင်းကင်နတ်မြစ်ကို ဖိနှိပ်ချလိုက်၏။ ကောင်းကင်နတ်မြစ်မှာ တောင်ကောင်းကင်မုခ်ဝမှ နိမ့်ဆင်းလာကာ သစ်ပင်သန္ဓေဆီသို့ ရွေ့သွားသည်။

ဓားရောင်က သစ်ပင်သန္ဓေကို လှည့်ပတ်လျက် အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်၍ ခရစ်ပတ်ကဲ့သို့ ရစ်ခွေလျက် သစ်ပင်သန္ဓေနှင့် တည်ရှိနေသော ကောင်းကင်နတ်မြစ်လည်း အသွင်သဏ္ဍာန်ကင်းမဲ့လျက် စွမ်းအားသာ ရှိတော့သည်အထိ အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။

ကောင်းကင်နတ်မြစ်၏ အပိုင်းအစများအအပေါ်တွင် ပျက်စီးနေသည့် ကောင်းကင်နန်း‌ဆောင်မှာ စွမ်းအားပင်လယ်အဖြစ်သို့ ဖိနှိပ်ခံလိုက်ရ၏။ စွမ်းအားပင်လယ်က နေနှင့်လကို ဝါးမြိုရင်း အရပ်ခြောက်မျက်နှာမြေပြင်ဆီ ဆင်းသက်လာသည်။

ချင်မူ၏ ဝိညာဉ်သန္ဓေသားက ဓားရောင်ကို ရုတ်တရက် ဆုပ်ကိုင်သည်။ အဖျက်အစီးစွမ်းအားပင်လယ် သူ့ဆီ ရောက်မလာခင် သူသည် ဓားရောင်ကို ယိုတုထဲ ထိုးစိုက်၍ မိစ္ဆာလမ်းစဉ် ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ ရွှမ်တုနှင့် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာအထိ တစ်လျှောက် ထိုးဖောက်ဖြိုခွဲပစ်လိုက်၏။

ယန်အာနှင့် နဂါးချီလင်မှာလည်း ချင်မူ၏ သိုင်းအဆင့် ကြောက်ခမန်းလိလိ ကျဆင်းနေသည်ကို မြင်တွေ့ရသည်။ စောစောက သူသည် သေခြင်းရှင်ခြင်းအဆင့် ဖြစ်ခဲ့သော်လည်း နောက်တစ်ခဏတွင် ကောင်းကင်နတ်အသွင်အဆင့်သို့ ကျဆင်းသွား၏။

မျက်စိတစ်မှိတ်အတွင်း ချင်မူမှာ ခုနစ်စဉ်ကြယ်အဆင့်၊ အရပ်ခြောက်မျက်နှာအဆင့်နှင့် ဓာတ်ကြီးငါးပါးအဆင့်သို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။

သူတို့နှစ်ယောက်လုံး ရင်တဒိန်းဒိန်း ခုန်လာသည်။ နောက်ဆုံးတော့ ချင်မူ၏သိုင်းအဆင့်မှာ ဝိညာဉ်သန္ဓေသားအဆင့် ဖြစ်သွားချေပြီ။

ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအဆင့်တွင် သိုင်းကွက်များ၊ ကျင့်စဉ်များက အကန့်အသတ်ရှိ၍ ကောင်းကင်နတ်သိုင်းများ မထုတ်ဖော်နိုင်သောကြောင့် သိုင်းသမားတစ်ယောက်အား ကောင်းကင်နတ်သိုင်းပညာရှင်ဟုပင် သတ်မှတ်မရပေ။

ချင်မူမှာ မထင်မှတ်ထားဖွယ်ရာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအဆင့်အထိ ကျဆင်းသွားပြီး ပြိုင်ဘက်ကင်းသော သိုင်းအခြေခံမှာ ပျောက်ကွယ်သွားပြီဖြစ်၏။

ယန်အာက တုန်ရီနေ‌သောအသံဖြင့် မေးသည်။ “ဖက်တီးနဂါး၊ သခင်လေး ဘာတွေလုပ်နေတာလဲ”

နဂါးချီလင်က မှင်သက်နေသဖြင့် မဖြေနိုင်ပေ။

ရုတ်တရက် ချီစွမ်းအင်တို့က ချင်မူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ရေပူစမ်းသဖွယ် ပန်းထွက်လာသည်။ ကျန်ကောင်းကင်ရတနာများ ပျက်စီးသွားသည့်အခါ သူ့ခန္ဓာကိုယ်တွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသာ ကျန်ခဲ့၍ ဧရာမများပြားသော ချီစွမ်းအင်ပမာဏကို လက်မခံနိုင်ချေ။

ရုပ်ခန္ဓာက လက်မခံနိုင်တော့သဖြင့် ချီစွမ်းအင်က သူ့ကိုယ်ထဲမှ ထွက်လာတော့သည်။

ခန္ဓာကိုယ်ထဲမှ အထုတ်ခံနေရခြင်းမှာ ကောင်းသောအရာ ဖြစ်လေသည်။ သူသာ အချိန်မှီမထုတ်နိုင်လျှင် ပေါက်ကွဲသွားမည်မဟုတ်ပါလော။

ချင်မူ၏ရုပ်ခန္ဓာက ဓာတ်ငွေ့များပြည့်လာသကဲ့သို့ ဖောင်းကားလာသည်ကို သူတို့နှစ်ယောက် မြင်နေရသည်။ များစွာမကြာလိုက်ဘဲ သူကား ယန်အာ့ထက်ပင် ဝတုတ်ပြီး ဖောင်းကားသွား၏။

ထိုမျှသာမက ချင်မူ့အရေပြားအပေါ်ရှိ မွှေးညင်းပေါက်များလည်း ကျယ်လာသဖြင့် ချီစွမ်းအင်က တရွှီးရွှီး မြည်သံများပြုလျက် ထွက်လာနေသည်။

ချင်မူက ကောင်းကင်နတ်ဆိုးဖန်ဆင်းကျင့်စဉ်ကို အလျင်အမြန် ထုတ်လွှတ်၍ သူ့ကိုယ်ပေါ်ရှိ မွှေးညင်းပေါက်များ ပိတ်ကာ ချီစွမ်းအင်နှင့် အဆီအနှစ်များ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်မတားအောင် တားလိုက်သည်။

သူက ကြီးသထက် ကြီး၍ ဝသထက် ဝလာရာ နဂါးချီလင်နှင့် ယန်အာအရှေ့တွင် တောင်တမျှ ကြီးမားသည့် ဝိုင်းဝိုင်းလုံးလုံး အရာကြီး ဖြစ်လာ၏။

“ဖက်တီးနဂါး သခင်လေး ဘာလုပ်နေတာလဲ” ယန်အာ့အသံမှာ တုန်ရီနေသည်။

ဤအစိမ်းရောင်စာကလေးသည် သစ်တောက်ငှက်ကဲ့သို့ နဂါးချီလင်၏ ခေါင်းကို နှုတ်သီးဖြင့် ထိုးစိတ်နေသည်။ သူမနှုတ်သီးက သူ့အသားထဲ စိုက်ဝင်လာသဖြင့် သွေးများစီးကျလာသည်။

နဂါးချီလင် နာကျင်မှုကို မခံစားရပေ။ သူ့မှာ ပါးစပ်အဟောင်းသားဖြင့် ချင်မူ၏ ဖောင်းကားလာနေသော ခန္ဓာကိုယ်ကြီးကို ကြက်သေသေနေသည်။

ချင်မူ၏ရုပ်ခန္ဓာက နဂါးချီလင်၏ခန္ဓာကိုယ်အစစ်ထက်ပင် ကြီးထွားနေချေပြီ။ ချင်မူက ကမ္ဘာပေါ်တွင် ဖန်ဆင်းပညာ၌ ထိပ်တန်းသိုင်းပညာရှင်ဖြစ်လျှင်တောင်မျှ ထိုမျှကြီးမား‌သော ခန္ဓာကိုယ်ကြီးကို မည်သို့ပိုင်ဆိုင်ထားနိုင်မည်နည်း။

“မစိတ်ပါနဲ့တော့”

နဂါးချီလင် ရုတ်တရက် နာကျင်လာ၍ အလျင်အမြန် ပြောလိုက်၏။ “မမကြီးယန်အာ၊ မမကြီးရဲ့ နှုတ်သီးက ဦး‌ခေါင်းခွံထဲ ရောက်နေပြီ”

ယန်အာမှာ ကြီးထွားလာနေ‌သော ချင်မူ့ကို ကြောက်လန့်စွာ ကြည့်ပြီး သူ့တောင်ပံသူ မြှောက်ကာ နှုတ်သီးထဲ ပို့လိုက်သည်။ သူမသည် နဂါးစာကလေးဖြစ်သည့်အတွက် သူမ၏နှုတ်သီး၌ နဂါးသွားချွန် သေးသေလေးများ ပြည့်နေ၏။

ယန်အာ၏ အပေါ်သွားနှင့် အောက်သွား ဂွပ်ခနဲ ထိရိုက်သွားကာ သူမတောင်ပံ၏ အဆုံးရှိ အမွှေးအတောင်များ တိတိရိရိ ပြတ်တောက်သွားသည်။

ယန်အာက ကျန်‌တောင်ပံတစ်ဖက်ကိုလည်း ထိုအတိုင်း ကိုက်လိုက်၍ တောင်ပံမှာ အကွင်းလိုက်ကြီး ပြတ်တောက်သွား၏။

ယန်အာမှာ နဂါးချီလင်၏ နားများကို တောင်ပံနှစ်ဖက် ဖက်လိုက်သောကြောင့် နဂါးချီလင်ကြောက်လန့်သွားသည်။ သူက နားရွက်နှစ်ဖက်အား ကပျာကယာ ကုပ်လိုက်သော်လည်း ယန်အာက သန်မာလွန်း၏။ သူမက သူ၏နားရွက်တစ်ဖက်ကို မြှောက်ကာ သူမနှုတ်သီးထဲ ပို့လိုက်တော့သည်။

နဂါးချီလင်မှာ နာကျင်မှုကို တောင့်ခံထားပြီး မအော်ပေ။

.....

ချင်မူ့ကိုယ်အတွင်းရှိ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ....

ဤအခိုက်အတန့်တွင် ပြိုကျနေသော ကောင်းကင်နန်းဆောင်၊ ပျက်စီးနေသော ကောင်းကင်ရတနာများ၊ နတ်ဘုရားချီစွမ်းအင်ဖြစ်စေ၊ မိစ္ဆာချီစွမ်းအင်ဖြစ်စေ သန့်စင်သောစွမ်းအားအလုံးစုံသည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအတွင်းသို့ ဖိသိပ်ခံလိုက်ရ၏။

ချင်မူက အစတုန်းက ကောင်းကင်တံတားအဆင့်နှင့် တူညီ‌သော ကောင်းကင်နတ်မြစ်အဆင့်တွင် ဖြစ်ခဲ့သော်လည်း သူ၏ချီစွမ်းအင်ဖြင့် နတ်ဘုရားများနှင့် ယှဉ်နိုင်ခဲ့သည်။

မူလဝိညာဉ်ကို ဆုံးရှုံးလိုက်ရ၍ ချီစွမ်းအင်များ စိမ့်ထွက်ကာ သိုင်းအဆင့် ကျဆင်းသွားသော်လည်း သူ၏စွမ်းအားကား သေးသေးမွှားမွှား မဟုတ်ပေ။

ပျက်စီးနေသည့် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်သည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအတွင်းထဲသို့ ဖိသိပ်ခံလိုက်ရသဖြင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာက ကြီးထွားလာသည်။ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ နံရံများ ပေါက်ကွဲသွားသည့်အခါတိုင်း နံရံအသစ် ထွက်‌ပေါ်လာသည်။ ထိုနံရံက တစ်ဖန်ပေါက်ကွဲကာ အသစ်ဖြစ်တည်ပြန်၏။

ပြင်းထန်အားကောင်းသော စွမ်းအင်ကြောင့် သူ၏ဝိညာဉ်သန္ဓေသားလည်း တိုက်စားခံနေရသည်။ သို့သော် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်၏ ထောက်ပံ့မှုကြောင့် အကြိမ်တိုင်း ပြန်လည်သက်သာလာသည်။

ဓားအလင်းတန်းက သူ့ဝိညာဉ်သန္ဓေသား၏ လက်ထဲ၌သာ ဆက်ရှိနေသည်။ ဓားရောင်က မငြိမ်းသေသေးဘဲ ချီစွမ်းအင်ဆီမှ တိုက်ခိုက်မှုများအားကို ဟန့်တားပိတ်ဆို့ပေးနေသည်။

အခြားတစ်ယောက်သာဆိုလျှင် ဝိညာဉ်သန္ဓေသား ပျက်စီးသွားပြီးဖြစ်လိမ့်မည်။ ချင်မူသာလျှင် ထိုမျှကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို တောင့်ခံနိုင်၏။ သို့တိုင်အောင် သူလည်း ကြာကြာ မတောင့်ခံနိုင်ပေ။

မရဏတမန်တော်က သူ၏ချီစွမ်းအင်ကို အသုံးမပြုသင့်ကြောင်း အကြံပေးခဲ့သည်။ အသုံးပြုလျှင် အသိစိတ်အလျဉ်ကို ထိခိုက်သွားလိမ့်မည်။ ယခုတွင် ချင်မူကား ချီစွမ်းအင်ကို အသုံးပြုနေသည်ထက်ပင် ပိုနေချေပြီ။

ဤသည်ကား ချီစွမ်းအင်ကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်၏။

ဤအခြေအနေတွင် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်မှာ ပြိုကွဲစပြုလာရုံတင်သာမက လွင့်ပျယ်သွားလိမ့်မည်။

ချင်မူ၏ဝိညာဉ်သန္ဓေသားက ဓားကို ကိုင်ထားပြီး ဓားရောင်က ပိုမိုတောက်ပလာသည်။ လက်ကိုင်ရိုးသည် ချီစွမ်းအင်၏ အဖျက်အစီးအားလှိုင်းများ အလယ်တွင် တဖျတ်ဖျတ် လင်းလက်နေ၏။ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ကမ္ဘာတစ်လျှောက် စိုးမိုးထားသည့် ဝဲဂယက်ကြီးအတွင်း၌ မိုးကောင်းကင်ကို ထောက်ကန်ထားသော တိုင်လုံးကြီးတစ်လုံးပမာ ထင်ရသည်။

“မပြောင်းလဲတဲ့ ဝိညာဉ်သန္ဓေသား”

ချင်မူ၏ဝိညာဉ်သန္ဓေသားက ကျန်ရှိသော ချီစွမ်းအင်ဖြင့် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ဓားရောင်သည် ပေါက်ကွဲသွားကာ ကမ္ဘာတစ်လျှောက် ဝိုက်ဖြတ်သွား၏။

“ယင်နှင့်ယန်ကောင်းကင်ဘုံကို ပိုင်းဖွင့်ခြင်း”

ဓားကား ကပ်ဘေးရင်ဆိုင်ဓား ဖြစ်ပြီး လှည့်ပတ်လိုက်သော ကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် ဖြစ်သည်။

ချင်မူသည် အနန္တကပ်ဘေးသုတ္တန်ကို သုံး၍ အိပ်မက်များမှတစ်ဆင့် လမ်းစဉ်သို့ ဝင်ရောက်ခဲ့၏။ ထို့နောက် သူ့ကိုယ်သူ ပွားကာ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများကို တွက်ချက်ခဲ့သည်။ နောက်ဆုံးတော့ အဖန်တလဲလဲ သေဆုံးခဲ့ရခြင်းမှတစ်ဆင့် အသက်ရှင်နိုင်မည့် မျှော်လင့်ချက်မျှင်လေးတစ်စ ရှာတွေ့ခဲ့သည်။

ဤလမ်းသည် ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအပေါ် အခြေခံ၍ စဉ်းစားမိလိုက်သည့် နည်းလမ်းဖြစ်၏။ သူက ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအယူအဆကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်အတွင်း ပေါင်းစည်း၍ သူ၏ဝိညာဉ်သန္ဓေသား မသေဆုံးအောင် ကာကွယ်နေသည်။

ဤအခိုက်အတန့်တွင် သူ၏ဝိညာဉ်သန္ဓေသားမှာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေ၌ ဖြစ်သည်။ ၎င်းက သောင်းကျန်းနေသည့် ချီစွမ်းအင်ဖြင့် ဖျက်စီးခံနေရပြီး နောက်တခဏ၌ ပြန်လည်သက်သာလာ၏။

ကပ်ဘေးရင်ဆိုင်ခြင်းမှာ ကမ္ဘာဦးဘုံ ကြုံတွေ့ခဲ့ရသော ကပ်ဘေးဒုက္ခများ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အပြောင်းအလဲများနှင့် ဆင်းရဲဒုက္ခများ အလူးအလဲခံခဲ့ရသော သက်ရှိသတ္တါအားလုံး၏ စိတ်အလျဉ်အပေါ် အခြေခံပြီး ဖန်တီးခဲ့သည့် သူ၏ဓားတာအိုတစ်ခု ဖြစ်သည်။

ဤဓားသည် အိပ်မက်ထဲ၌ ကပ်ဘေးများ၊ တိုက်ပွဲများ ထပ်ခါတလဲလဲ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ကပ်ဘေးကို အနိုင်ယူနိုင်သော ဓားတစ်လက်အဖြစ် မွေးဖွားလာခဲ့၏။

ကပ်ဘေးဓား၏ ကပ်ဘေးရင်ဆိုင်ဓားအခန်းက ကပ်ဘေးကို ဆုံတွေ့ပြီး သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်သည်၊ သက်ရှိသတ္တဝါအပေါင်း၏ ဆင်းရဲသောကများ၊ ဒုက္ခဝေဒနာများကို ထိပ်တိုက် ရင်ဆိုင်၏။ အသန်မာအဆုံး ရန်သူ၊ နတ်ဘုရားနှလုံးသား၊ မိစ္ဆာနှလုံးသားနှင့် လူ့နှလုံးသားတို့ကိုလည်း ရင်ဆိုင်လိမ့်မည်။

ကပ်ဘေးရင်ဆိုင်ဓားအခန်းတွင် ကပ်ဘေးကို ရင်ဆိုင်ရမည့် ပထမဆုံးလူမှာ ဓားသမားကိုယ်တိုင်ပင် ဖြစ်၏။

ချင်မူက ကပ်ဘေးကို ရင်ဆိုင်၍ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာများကို ဖျက်စီးကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာတစ်ခုသာ ထားခဲ့သည်။ နောက်ဆုတ်နိုင်မည့်လမ်းကိုလည်း ဖြတ်တောက်ခဲ့ပြီး ဖောက်ဖျက်ထားသည့် စိတ်ဓာတ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

နောက်ပြန်ဆုတ်နိုင်မည့် လမ်းမရှိတော့မှ ရဲရဲတင်းတင်း ရှေ့ဆက်သွားနိုင်မည် မဟုတ်ပါ၏လော။

ဤသည်ကား သူ ရင်ဆိုင်ရမည့် အခက်အခဲ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း မလွဲမသွေ ရင်ဆိုင်ရမည့် အခြေအနေ ဖြစ်၏။ နောက်ဆုတ်ရန် လမ်းမရှိ၊ ရှေ့ဆက်သွားရမည်။ တိုက်ခိုက်ရင်း လမ်းထွင်ရမည်။ သတ်ဖြတ်ရင်း လမ်းဖောက်ရမည်။

မည်သို့ပင် ဖြစ်နေပါစေ၊ ဤလမ်းကို လျှောက်ကို လျှောက်ရမည်။

ဝုန်း

သူ၏ဝိညာဉ်သန္ဓေသားမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွား‌သော်လည်း နောက်တခဏတွင် ဓားဖြင့် ကပ်ဘေးကို ရင်ဆိုင်ရင်း ပြန်ပေါ်လာသည်။ ဤတစ်ခေါက်တွင် သူ၏စွမ်းအားက ပိုမိုအားကောင်းလာ၏။

သူ၏ဝိညာဉ်သန္ဓေသားမှာ ဖျက်စီးခံရတိုင်း ပြန်လည်ဖြစ်တည်လာသည်။ ကပ်ဘေးကို ရင်ဆိုင်သည့်အကြိမ်တိုင်း သူသည် ယခင်ထက်ပို၍ သန်မာအားကောင်းလာ၏။

ကောင်းကင်နတ်အရှင်ယွီ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်လှစ်ပြီးနောက် နောက်ကောင်းကင်ကောင်းကင်ရတနာက ကောင်းကင်နတ်မြစ်‌ကောင်းကင်ရတနာ ဖြစ်သည်။ သူက အပြင်မှစွမ်းအားကို ငှားယူ၍ ကောင်းကင်နှင့်မြေပြင်ကြား၌ တည်ရှိသော ကောင်းကင်နတ်မြစ်ကို တွေး‌ခေါ်စဉ်းစားခဲ့သည်။

သို့သော် ချင်မူက ကောင်းကင်နတ်အရှင်ယွီဆီမှ သင်ယူနေခြင်းမဟုတ်။

သူက သူ့ကိုယ်ထဲမှ စွမ်းအားကို ရှာဖွေနေသည်။ အပြင်မှ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားသည် သန်မာအားကောင်းပါသော်လည်း ကောင်းကင်နတ်အရှင်ယွီက ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ဖွင့်လှစ်သည့်အခါ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို မငှားယူခဲ့ပေ။ သူ့ကိုယ်အတွင်းမှ စွမ်းအားကိုသာ သုံးစွဲခဲ့သည်။

သို့ဖြစ်၍ ချင်မူသည် ရှေးဟောင်းနတ်ဘုရားတို့၏ စွမ်းအားကို အားကိုး၍ တည်ဆောက်ထားသော ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို စွန့်ပစ်ခဲ့ရုံသာမက ... ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့ချိန်၌ မြင်ခဲ့ရသော ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကျင့်စဉ်စနစ်ကိုပင် ပစ်ပယ်ခဲ့သည်။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်အရှင်ယွီ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ပထမဆုံး ဖွင့်လှစ်ခဲ့စဉ်တုန်းအတိုင်း သူ့ခန္ဓာကိုယ်၏ ကျင့်စဉ်စနစ်ကို အသုံးချချင်၏။ ယခုလို ပြင်ပအကူအညီမပါဘဲ ကျင့်ကြံဖွဲ့တည်ခြင်းကား ရှေးအကျဆုံးနည်းလမ်း ဖြစ်လေသည်။

သူကား နတ်ဘုရား၊မိစ္ဆာတို့၏ စွမ်းအားကိုသော်လည်းကောင်း၊ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကိုသ်ောလည်းကောင်း မငှားယူပေ။

ဤတစ်ခေါက် ကမ္ဘာဦးဘုံ ကပ်ဘေးဒုက္ခ ရောက်သည့်အခါ ... ကောင်းကင်နှင့်မြေပြင်သည် သူ၏အကူအညီတောင်းသံများကို မကြားချင်ယောင်ဆောင်နေခဲ့၏။ ခိုင်ဧကရာဇ်ခေတ်မှ လက်ကျန်ပြည်သူများ၏ တုတ်တုတ်မလှုပ်မှု၊ ကောင်းကင်နယ်စားမင်း၏ သူရဲဘောကြောင်မှု၊ မြေအောက်ဘုံအရှင်သခင်၏ တိတ်ဆိတ်နေမှုနှင့် ကောင်းကင်နတ်ဧကရာဇ်၏ အကြင်နာမဲ့သော လုပ်ရပ်များက ချင်မူ့ကို ကူကယ်ရာမဲ့စေခဲ့သည်၊ အားနည်းနေသည်ဟု ခံစားရစေခဲ့သည်။ ငှားထား‌သော အင်အား၊ စွမ်းအားတို့သည် အနည်းငယ်မျှ အားကိုးမရသည့်အကြောင်းကိုလည်း သဘောပေါက်ခဲ့ရ၏။

မိမိကိုယ်သာ အားကိုးနိုင်မည်။

ဝိညာဉ်မရှိလျှင် အသစ်ဖန်တီးမည်။

ချီစွမ်းအင် နည်းပါး၍ သိုင်းအဆင့် နိမ့်ကျလျှင် ကပ်ဘေးကို ရင်ဆိုင်၍ သိုင်းအဆင့် မြှင့်တင်မည်။

ဤလမ်းက ပြန်လမ်းမရှိသော လမ်း.... အဆုံးထိ လျှောက်ရမည့်လမ်း၊ အမှောင်ထုထဲ ရောက်သွားလျှင်လည်း ဆက်လျှောက်ရမည့် လမ်း ဖြစ်သည်။

သူ၏ဝိညာဉ်သန္ဓေသားမှာ ပျက်စီးလိုက်၊ ဖွဲ့တည်လိုက် ဖြစ်နေပြီး အဆုံးသတ်၌ သူ့စွမ်းအားက ကန့်သတ်ထားသော အတိုင်းအတာအထိ ရောက်သွားတော့သည်။

ကပ်ဘေးဓား၏ ကပ်ဘေးရင်ဆိုင်ခြင်းဓားက သူ့လက်ထဲတွင် ပြိုင်ဘက်ကင်းအောင် ထက်လာပြီး ဓားချက်တစ်ချက်တည်းဖြင့် ယင်နှင့်ယန်ကို ခွဲခြမ်းလိုက်သည်။ မိုးသောက်ယံနှင့် ညအမှောင်ကို ပိုင်းဖြတ်လိုက်ပြီး နတ်ဘုရားချီနှင့် မိစ္ဆာချီနှစ်ခု ဖွင့်လှစ်လိုက်၏။

တုန်ရီနေသော ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာ နောက်ဆုံးတော့ တည်ငြိမ်သွားချေပြီ။

သူ၏ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာသည် စီးဆင်းနေသော နတ်ဘုရားချီနှင့် မိစ္ဆာချီ၊ ရပ်လျက် ရှိနေ၏။ ကွဲပြားနေသည့် ယင်နှင့်ယန်က ထိုက်ကျိစက်ဝန်းပမာ တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာနေသည်။

ဝိညာဉ်သန္ဓေသားဆီမှ ဖိအားကြောင့် ချီနှစ်ခုသည် ပြေပြစ်စွာ လှည့်ပတ်နေရင်း သန့်စင်မွန်မြတ်သော မြေပြင်တစ်ခုကို ဖွဲ့တည်ပေးထားသယောင် ထင်ရ၏။

ဤမြေပြင်က သူ၏ဝိညာဉ်စင်မြင့်၊ ဝိညာဉ်သန္ဓေသား ရပ်တည်ရာ ဖြစ်သည်။

နတ်ဘုရားချီစွမ်းအင်မှ ဖွဲ့တည်လာသည့် လေလှိုင်းများကြားမှ နေတစ်စင်းက အရပ်လေးမျက်နှာသို့ အရောင်အဝါဖြန့်ကျက်လျက် ထွက်ပေါ်လာသည်။ အခြားတစ်ဖက်တွင် လမှာ လရောင်ကို ရုပ်သိမ်း၍ မိစ္ဆာချီစွမ်းအင်အတွင်း နစ်မြုပ်သွားသည်။

ချင်မူ၏ဝိညာဉ်သန္ဓေသားက ခေါင်းမော့လာသည်။ ကောင်းကင်တွင် ကြယ်ရောင်များ တောက်ပနေ၍ တဖျတ်ဖျတ် လင်းလက်နေသည့် အလင်းရောင်တို့သည် ချင်မူ့မျက်နှာအပေါ်၌ ရောင်ပြန်ဟပ်နေ၏။

ကြယ်အစုအဝေး၏ အလယ်ရှိ မျက်နှာက သူ့မျက်နှာဖြစ်ပြီး အင်အားကြီးမား‌သော ကောင်းကင်နယ်စားမင်းနှင့် တူသည်။ သူကား သူ၏ကောင်းကင်နယ်စားမင်း ဖြစ်နေချေပြီ။

ဝိညာဉ်သန္ဓေသားက ဓားကို တည်ငြိမ်စွာ ချလိုက်သည်။ သူ၏ဝိညာဉ်သန္ဓေသားအတွင်းတွင် တစ်စုံတစ်ခု ထွက်ပေါ်လာနေသည်ကို သူ ခံစားရ၏။

ယင်းက သူ၏ဝိညာဉ်ပင်။ ဝိညာဉ်သည် သူ၏ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာသော မျိုးစေ့တစ်စေ့သဖွယ် ဖြည်းညှင်းစွာ ကြီးထွားလာ၏။

အခြားသူများ၏ ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားက သပ်သပ်စီ ဖြစ်သည်။ ပေါင်းစည်းသွားသည့်အချိန်တွင် မူလဝိညာဉ်အဖြစ် ဖွဲ့တည်လာမည်။ သို့သော် သူ၏ဝိညာဉ်က ကပ်ဘေးကို ရင်ဆိုင်နေခြင်းမှ မွေးဖွားလာခြင်း ဖြစ်၏။ မွေးဖွားလာကတည်းက သူ၏ဝိညာဉ်သန္ဓေသားနှင့် ခွဲခွာမရအောင် တစ်သားတည်း ပေါင်းစည်းနေချေပြီ။

ဝိညာဉ်သန္ဓေသားသားက တင်ပျဉ်ခွေထိုင်လျက် အတွေးထဲ နစ်မျောနေသည်။

အပြင်တွင် နဂါးချီလင်နှင့် ယန်အာမှာ ကြောက်လန့်နေသည်။ ချင်မူ၏ ရုပ်ခန္ဓာက တဖြည်းဖြည်း ကျုံ့သွားပြီး ယခင်လောက် မကြီးမားတော့ပေ။

မကြာမီ ချင်မူက မူလအရွယ်အစားသို့ ပြန်ရောက်သွားပြီး ဝလည်း မဝ၊ ပိန်လည်း မပိန်ဘဲ အချိုးအစားသင့်တင့်စွာ ရှိနေ၏။

နဂါးချီလင်၏ နားရွက်မှာ ယန်အာ ကိုက်ဝါးနေမှုကြောင့် သွေးချင်းစီနေသည်။ ယန်အာ၏ တောင်ပံနှစ်ဖက်မှာလည်း အတော်လေး တိုနေသည်။

သူတို့နှစ်ယောက် ချင်မူ့ကို အကျိုးအကြောင်းမေးတော့မည့်အချိန် ချင်မူက ဒူးထောက်လျက်သား ကျသွားပြီး မြေကြီးပေါ်တွင် အော်ဟစ်ငိုယိုနေသည်။

နဂါးချီလင်နှင့် ယန်အာ တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင် ကြည့်မိကြသည်။ ချင်မူ၏ငိုသံများမှ ဝမ်းနည်းနေမှု၊ ခံပြင်းနေမှုတို့ကို သူတို့ ခံစားနေရ၏။

ဤခံပြင်းမှုက သူ၏ကိုယ်ရေးကိုယ်သာ အတွေ့အကြုံများကြောင့်လည်း ပါသလို၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဆင်းရဲဒုက္ခများကြောင့်လည်း ဖြစ်သည်။

နဂါးချီလင် ရှေ့သွားပြီး နှစ်သိမ့်ပေးရန် ပြင်နေစဉ် ချင်မူ၏ငိုသံက တဖြည်းဖြည်း ရယ်သံ ဖြစ်လာ၏။ ရယ်သံက ကျယ်သထက် ကျယ်လာပြီး စူးသထက် စူးလာသည်။

သူ့မျက်နှာတွင် မျက်နှာများပေကျံနေသော်လည်း ရယ်သံက ရင်ဘတ်ထဲမှ လာနေခြင်းဖြစ်သည်။ စိတ်ဓာတ်ကျနေမှု၊ ဝမ်းနည်းနေမှု စိုးစဉ်းမျှ မရှိတော့ပေ။

ကျယ်လောင်စွာ ရယ်‌မောနေရင်းဖြင့် ချင်မူက ဒူးမထောက်တော့ဘဲ ထရပ်သည်။

နဂါးချီလင်နှင့် ယန်အာ မှင်သက်နေသည်။ ဤအခိုက်အတန့်တွင် ချင်မူကား အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်ရ၏။

ဤခရီးတစ်လျှောက်လုံး ချင်မူမှာ ပြုံးမြဲပြုံးနေခဲ့ပြီး စိတ်သောကရောက်နေသော အမူအရာမရှိခဲ့သော်လည်း သူ့ရင်ထဲရှိ ခံပြင်းမှု၊ ကူကယ်ရာမဲ့မှုတို့ကို သူတို့ ခံစားခဲ့ရသည်။

သို့သော် ယခုတွင် သူသည် ပြန်လည်မွေးဖွားလာပြီး တစ်ချိန်တုန်းကကဲ့သို့ ပျော်ပျော်နေတတ်သော ကောင်လေးတစ်ယောက် ပြန်ဖြစ်သွားပုံရလေသည်။

သို့ရာတွင် မည်သည့်အရာမှန်း အတိအကျ မပြောတတ်သော်လည်း မတူသော့အရာတော့ ရှိ၏။

ချင်မူက မိုးသက်မုန်တိုင်းပြီးနောက် အလျှံတညီးညီး ထွက်ပေါ်လာသော နေမင်းကြီးပမာ ဖြစ်သည်ဟုသာ သူတို့နှစ်ယောက် ခံစားကြရသည်။

All Chapters