ကပ်ဘေးဓား၏ တတိယဓားကွက်
Vol. 68 Ch. 895
ကုန်းစွန်းယန်မှာ မခွဲချင်သော်လည်း ချင်မူ့ကို နှုတ်ဆက်ရုံသာ တတ်နိုင်လေသည်။
“သူ့အမြစ်တွေက ဒီမှာလို့ ပြောသွားတယ်... သူလည်း သေချာပေါက် သစ်ပင်ပဲ နေမှာပါ... ငါ့ဇာမဏီမီးငှက်သိုက်က ဘယ်တော့များမှ ဇာမဏီတွေကို ဆွဲဆောင်နိုင်ပါ့မလဲ...” မိန်းကလေးသည် အနာဂတ်သို့ စောင့်မျှော်နေ၏။
ချင်မူ ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့၏ အိမ်တော်သို့ ရောက်လာသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ကျန်းယွင်ကျန့်ကို လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအကြောင်း သင်ကြားပေးနေ၏။ သူတို့တွင် ကျန်းချင်းကျိုးဟု ခေါ်သော ငါးနှစ်အရွယ် သမီးငယ်လေးတစ်ယောက်လည်း ရှိလေသည်။
“မရီး၊ ညီလေး အကြာကြီး အကျဉ်းကျနေမှာ မဟုတ်ပါဘူး”
ချင်မူက ကျန်းယွင်ကျန့်ကို ညွှန်ပြပေးရင်း ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့် ကောင်းကင်နတ်မြစ်ကျင့်စဉ်များ သင်ကြားပေးနေသည်။ ထို့နောက် ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးထံ ပြောနေ၏။ “စိတ်မပူပါနဲ့ သူ ပြန်လာမှာပါ... သူမလာသေးတဲ့ အတောအတွင်း ကျွန်တော် မရီးနဲ့ ကလေးတွေ မပူပင်ရအောင် အစားအစာတွေ၊ အဝတ်အစားတွေ ပို့ခိုင်းပေးထားပါ့မယ်... မရီးက ကျွန်တော့်တူနဲ့ တူမကို ကောင်းကောင်းသင်ကြားပေးဖို့သာ အာရုံစိုက်ပါ”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ကျေးဇူးတင်စကားဆိုသော်လည်း မယုံသင်္ကာ ဖြစ်နေသည်။ “ဘာကြောင့် ကောင်းကင်ရတနာနှစ်ခုတည်းလဲ... ကျန်တာတွေကရော”
ချင်မူ ရယ်လိုက်သည်။ “လူတစ်ယောက် အဲဒါတွေ ဖန်တီးပြီးတာ စောင့်ရဦးမယ်... သိတော့ သိရမှာပါ... အဲဒါက ကျွန်တော့်ရဲ့ ကောင်းကင်ရတနာတွေထက် သာမယ်လို့ မျှော်လင့်တယ်.. ယွင်ကျန့်သာ နောက်နှစ်အနည်းငယ်အတွင်း ဒီကောင်းကင်ရတနာတွေကို ဖွင့်နိုင်လို့ကတော့ သေချာပေါက် အထင်ကြီးစရာကောင်းမှာပဲ.... သူ့ကို လေ့ကျင့်ခိုင်းထားလိုက်... ကျွန်တော် နောက်နှစ်ကျ ပြန်လာပြီး သူ့အတွက် အရူးဆရာတစ်ယောက် ရှာပေးမယ်”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “အရူးဆရာ ဟုတ်လား... ဂိုဏ်းသခင် ဘယ်သူ့ကို ပြောချင်တာလဲ မသိဘူး...”
....
ချင်မူက မြို့တော်၏ အပြင်ပိုင်းသို့ ရောက်လာသည့်အခါ တည်ရှိနေပြီးသော မြို့တော်၏အပြင်၌ မိုင်တစ်ထောင်စီခြား၍ မြို့အသစ်တစ်မြို့ စီတည်ဆောက်ထားကြောင်း မြင်ရသည်။ မြို့အသစ်များသည် ပြည်သူများအတွက် နေစရာပေးရန်သာ ဖြစ်၍ နားနေရန်မျှသာ သင့်တော်လောက်ရုံ ရှိသည်။ အလွန်ရိုးရှင်းပြီး ခြောက်ကပ်နေ၏။
လယ်မြေများ ထွန်ယက်ခြင်း၊ ရေလမ်းဖောက်ခြင်း၊ လမ်းသွယ်ခြင်းများ ပြုလုပ်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များလည်း ရှိကြသည်။ ဤအရာများက အလျင်လိုဆုံးအလုပ်များ ဖြစ်လေသည်။
ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများကို သွားတွေ့သည်။ ဆေးဆရာသည် ကျောင်းသားများကို ဦးဆောင်လျက် လယ်မြေများ ထွန်ယက်နေပြီး ဖန်ဆင်းပညာသုံးကာ ကောက်ပဲသီးနှံများ စိုက်ပျိုးနေကြ၏။ ရွှေအနှင့် ကျန်ရှိသူများက ကုန်ထုတ်စက်ရုံကို ပြန်တည်ဆောက်နေကြသည်။ ရွာလူကြီးနှင့် ကျန်သူများတွင်လည်း အလုပ်ကိုယ်စီ ရှိကြသည်။
ဆေးဆရာက ချင်မူ့ခန္ဓာကိုယ်ကို စစ်ဆေးရင်း ရယ်နေသည်။ “ဘာမှမစိုးရိမ်ရဘူး.. စားချိန်စား၊ သောက်ချိန်သောက်၊ သွားချင်တဲ့ နေရာသွား”
ချင်မူက ပြောသည်။ “ကျွန်တော်က အဆင်ပြေပါတယ်... ရွာလူကြီးနဲ့ ကျန်တဲ့သူတွေသာ စိတ်အပူလွန်နေတာ”
ဆေးဆရာမှာ သူ ထွက်သွားသည်ကို ကြည့်နေသည်။ ရွာလူကြီးက ပြောသည်။ “ဆေးဆရာ၊ ငါ လောကသခင်ခန္ဓာကိစ္စ မင်းကို မလျှို့ဝှက်ထားခဲ့ဘူး... မင်းလည်း ငါ့ကို လျှို့ဝှက်မထားနဲ့.. မူအာ့အခြေအနေ ဘယ်လိုနေလဲ”
ဆေးဆရာမှာ ပြောသင့်မပြောသင့် တွေးနေပြီးနောက် ခေါင်းယမ်းသည်။ “သိပ်မကောင်းဘူး... သူ့ရဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က သိပ်အားကောင်းပေမယ့် ထာဝရတောင့်ခံနိုင်တဲ့အထိတော့ မဟုတ်ဘူး... သူက လေထဲက ဖယောင်းတိုင်မီးတောက်လိုပဲ အချိန်မရွေး ငြိမ်းသွားနိုင်တယ်”
ရွာလူကြီး တုန်လှုပ်သွားသည်။
ဆေးဆရာက ပြောသည်။ “သူ့ကိုယ်ထဲမှာ တစ်ခုခု မွေးဖွားလာနေသလို အသက်ဓာတ်တစ်မျိုး စုဝေးနေတာကိုလည်း ငါ ခံစားရတယ်... ဖန်ဆင်းစွမ်းအားနဲ့ မတူညီတဲ့ စွမ်းအားမျိုးပဲ.. မျှော်လင့်ချက်တော့ ရှိပါသေးတယ်... သူ ပိုးအိမ်ထဲက ထွက်ပြီး လိပ်ပြာဖြစ်လာနိုင်မလားတော့ ငါလည်း မပြောတတ်ဘူး”
ရွာလူကြီးမှာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပြောသည်။ “လောကသခင်ခန္ဓာက အစစ်ဖြစ်ပါစေလို့တောင် ငါ မျှော်လင့်မိတယ်”
ချင်မူက ယန်ချီလင်းနှင့် တွေ့သည်။ ယန်ချီလင်းက ပြောလေသည်။ “ငါ ကောင်းကင်နတ်ဘုံကို ပြန်မှဖြစ်မယ်... အရှင်မင်းကြီးရဲ့အနားမှာ ပြန်နေရလိမ့်မယ်... အောက်ဘုံမှာ ဆက်နေလို့မရဘူး”
ချင်မူက ပြောသည်။ “နင့်ဆရာရဲ့မိန်းမက သူမသေခင် နင့်ကို စောင့်ရှောက်ပေးဖို့ ငါ့မှာခဲ့တယ်...”
“နင့်ကိုယ်နင်သာ အရင်ဂရုစိုက်ပါဦး”
ယန်ချီလင်းသည် တောက်ပစွာ ပြုံး၍ ပြော၏။ “ကောင်းကင်နတ်ဧကရာဇ်က နင့်ကို မသေစေချင်ပေမယ့် နင့်ကို သေစေချင်တဲ့လူတွေ အများကြီးရှိသေးတယ်... ကမ္ဘာဦးဘုံက ကောင်းကင်နတ်ဘုံရဲ့ လက်ထဲ ရောက်သွားပေမယ့် ကောင်းကင်နတ်ဧကရာဇ်က ကမ္ဘာဦးဘုံကို ထိန်းချုပ်ထားတဲ့ ကောင်းကင်နတ်ဘုံစစ်တပ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူး... ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အာဏာရှင်တွေက ကောင်းကင်နတ်ဧကရာဇ်တစ်ယောက်တည်း ကမ္ဘာဦးဘုံကို အုပ်စိုးခွင့် ဘယ်လိုမှ ပေးမှာမဟုတ်ဘူး... သူတို့ရဲ့နားတွေ၊ မျက်လုံးတွေ၊ အင်အားတွေ သေချာပေါက် ချထားလိမ့်မယ်... နင်က အခု ဝိညာဉ်တောင် မရှိတော့ဘူးလေ... သူတို့ နင့်အသိစိတ်အလျဉ်ကို ဖျက်စီးလိုက်ရင် နင် သေလိမ့်မယ်... နင်က ကောင်းကင်နတ်ဧကရာဇ်အတွက် ရတနာဟုတ်ပေမယ့် သူတို့အတွက်တော့ ရတနာ မဟုတ်ဘူး”
သူမသည် အတွင်းသတင်းများစွာ ကြားထားရဟန်တူ၏။ “ကမ္ဘာဦးဘုံမှာ နင့်ကို ရှင်းပစ်မယ့် နတ်ဘုရားတွေ၊ မိစ္ဆာတွေ ရောက်နေပြီ... ဂရုစိုက်ပါ... နှုတ်ဆက်ပါတယ်”
ချင်မူ လက်ပြနှုတ်ဆက်လိုက်သည်။
ကျဲ့ဟွလီက လမ်းလျှောက်လာပြီး ချင်မူ့မျက်ဝန်းများကို စိုက်ကြည့်၏။ ထို့နောက် မေးလေသည်။ “ဂိုဏ်းသခင်ချင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မျှော်လင့်ချက်ရှိသလား”
“ဓားမကနေတစ်ဆင့် လမ်းစဉ်ထဲ ဝင်ရောက်သွားတဲ့ လူတစ်ယောက်အနေနဲ့ ဒီမေးခွန်းကို မမေးသင့်ဘူး”
ချင်မူက ပြောသည်။ “အဲဒီလိုမေးလိုက်လို့ မင်းရဲ့ ဓားမကို သိက္ခာချရာရောက်တယ်”
ကျဲ့ဟွလီသည် ရယ်မောလိုက်၏။ “ငါက မင်းအတွက် စိတ်ပူရုံပါ.... မင်း အသက်ရှင်နေရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်လို့ ရသေးတယ်... မျှော်လင့်ချက် ရှိသေးတယ်... ဒါပေမဲ့ မင်း သေသွားရင် ငါ ဒီကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူး”
ချင်မူက အားပါးတရ ရယ်လိုက်သည်။ “မပူနဲ့ မင်း ဒီမြေမှာပဲ တစ်သက်လုံး နေရလိမ့်မယ်”
ကျဲ့ဟွလီလည်း ကျယ်လောင်စွာ ရယ်ရင်း ထွက်သွားသည်။
ချင်မူ နဂါးချီလင်၏ခေါင်းပေါ်တွင် လိုက်ပါ၍ နန်းစိုက်မြို့တော်မှ ထွက်လာသည်။ ယန်အာက နဂါးချီလင်ကို စွမ်းအင်ဆေးလုံးများ ကျွေးနေပြီး ကောင်းကင်မှာ မှောင်ရီပျိုးစပြုလာ၏။ ညအမှောင်သို့ ရောက်သည့်အခါ ချင်မူက အမှောင်ထုကို အခွင့်အရေးယူ၍ လင်ယွိရှို့၏ အစအနတစ်ခုအား ထုတ်သည်။ ထို့နောက် ဝိညာဉ်လမ်းညွှန်ဖြင့် လင်ယွိရှို့၏ ဝိညာဉ်အစိတ်အပိုင်းများကို ပြန်စုစည်းပေးလိုက်သည်။
ချင်မူမှာ ဝိညာဉ်မရှိသော်လည်း သိုင်းအခြေခံနှင့် အသိအမြင်များ ရှိသေးသည့်အတွက် လင်ယွိရှု၏ ဝိညာဉ်ကို ပြန်ဆင့်ခေါ်ရန် မကြာလိုက်ပေ။
လင်ယွိရှို့၏ ဝိညာဉ်က တိမ်မည်းအမှောင်များကြားမှ ချင်မူ့ကို စိုက်ကြည့်နေသည်။ ချင်မူက ပြောသည်။ “အရှင့်သား၊ မရဏတမန်တော်က အရှင့်သားကို ယိုတုဆီ ပို့ဆောင်ပေးဖို့ ယိုတုကနေ လာနေပါပြီ... ကျေးဇူးပြုပြီး ဧကရာဇ်ယန်ဖုန်းကို မမုန်းပါနဲ့... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက်ပဲ တွေးပေးတာမလို့ပါ”
လင်ယွိရှို့သည် သူ့ကို ဆက်၍ စိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်မှာ မှုန်မှုန်ဝါးဝါး ဖြစ်နေသည်။ “ငါက ငါ့ညီမတော်နဲ့ ဘယ်တော့မှ မယှဉ်နိုင်ခဲ့ဘူး... သူ့မှာ ငါ့မှာမရှိတဲ့ ငါ့ခမည်းတော်လို စိတ်ဓာတ်အားမာန်မျိုး ရှိတယ်... အဲဒီနေ့က သူ ငါ့ကို ခေါ်လိုက်ကတည်းက ယွိရှို့ကို ကာကွယ်ဖို့ ငါ့ကို စတေးတော့မှာမှန်း ငါ သိခဲ့ပါတယ်.. ဒါပေမဲ့ ငါ သိသိကြီးနဲ့ စတေးပေးချင်တုန်းပဲ”
ဤအချိန်တွင် အမှောင်ထုထဲ၌ မီးအိမ်အလင်းရောင် ထွက်ပေါ်လာသည်။ မရဏတမန်တော်သည် စက္ကူလှေကို ထိန်းချုပ်လျက် ယိုတုထဲမှ ထွက်လာပြီး လင်ယွိရှုက လှေပေါ် တက်စေ၏။
လင်ယွိရှုသည် လှေပေါ် မတက်ဘဲ ချင်မူ့ကိုသာ စိုက်ကြည့်နေလေသည်။
ချင်မူက ပြောသည်။ “အရှင့်သားမှာ မပြည့်သေးတဲ့ ဆန္ဒတွေ ရှိသေးလို့လား”
“ငါ့ညီမတော်နဲ့ ဝေးဝေးနေ” လင်ယွိရှုက ပြော၏။
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ မရဏတမန်တော်က လင်ယွိရှုအပေါ်သို့ မီးအိမ်ဖြင့် ထွန်းလင်းကာ ခေါ်ဆောင်သွားသည်။ လင်ယွိရှုက လှေပေါ်မှ လှမ်းအော်နေသည်။ “မင်း သူ့ကို အခု လက်ထပ်ရင် လက်ထပ်... မဟုတ်ရင် ဝေးဝေးနေ... မင်း လျှောက်ပွေနေတာ ငါ ကြားရင် မင်းကို ငါ လိုက်ခြောက်မယ်... မင်းအိပ်မက်ထဲထိ လာပြီး ခြောက်မယ်”
မရဏတမန်တော်က ချင်မူ့ဆီသို့ ကျောက်စိမ်းလည်ဆွဲတစ်ခု လှမ်းပစ်ပေး၏။ ချင်မူ အနည်းငယ် မှင်သက်သွားသည်။ ကျောက်စိမ်းလည်ဆွဲ၏ မျက်နှာပြင်ထက်တွင် ‘ချင်’ စာလုံး ရေးထားကြောင်း မြင်ရသည်။ ဤကျောက်စိမ်းလည်ဆွဲက ချင်စာလုံးမြေပြင် ရှိခဲ့သောနေရာ ဖြစ်လေသည်။
“မင့်အစ်ကိုကြီးက ယိုတုကနေ ထွက်သွားပြီး သူ့မိဘတွေနဲ့အတူ ရွှင်ပျော်ပျော်ကျေးရွာဆီ လိုက်သွားတယ်.... အဲဒီမှာ ခိုင်ဧကရာဇ်က သူတို့ကို ကာကွယ်ပေးလိမ့်မယ်”
မရဏတမန်တော်က ပြောသည်။ “သူ အဲဒီမှာ ပိုအန္တရာယ်ကင်းတယ်... မြေအောက်ဘုံအရှင်သခင်လည်း သူ့ကို စိတ်ပူစရာမလိုတော့ဘူး... မြေအောက်ဘုံအရှင်သခင် ပြောပုံအရ သူက မြေအောက်ဘုံအရှင်လေးစစ်စစ် ဖြစ်နေပြီတဲ့... မင်း ဘေးမှာနေရင်း သူ အင်အားကြီးထွားလာတာ မြန်ခဲ့တယ်... ဒီကျောက်စိမ်းလည်ဆွဲက သူ့ကို ဖမ်းချုပ်ဖို့ သုံးခဲ့တဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုပဲ.... ကျောက်စိမ်းလည်ဆွဲက မင်းကို ယိုတုနဲ့ ဆက်သွယ်နေစေတဲ့အရာလည်း ဖြစ်တယ်... မြေအောက်ဘုံအရှင်သခင်က ဒီလည်ဆွဲက မင်းအတွက်လို့ ပြောလိုက်တယ်”
ချင်မူ ကျောက်စိမ်းလည်ဆွဲကို ယူ၍ အသေအချာ ကြည့်မိသည်။ ကျောက်စိမ်းလည်ဆွဲထဲရှိ ချင်စာလုံးမြေပြင်မှာ သူ အဆုံးသတ်မြို့ပျက်ဆီမှ ယူလာခဲ့သော ချောက်တွင်းသံမဏိများနှင့် အရှင်မယွမ်မု၏ ခေါင်းတလားမှအပ ဗလာကျင်းနေကြောင်း မြင်လိုက်ရ၏။
ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ချိဧကရာဇ်၊ မဟာနေဧကရာဇ်၊ ဗုဒ္ဓအိုကြီးနှင့် ကျန်ရှိသူများ ထွက်သွားကြချေပြီ။
ချင်မူ သက်ပြင်းချရင်း ချည်ကြိုးတစ်ကြိုး ထုတ်၍ ကျောက်စိမ်းလည်ဆွဲတွင် ချည်နှောင်ကာ လည်ပင်း၌ ဆွဲထားလိုက်သည်။
“ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင် ထွက်သွားပြီ... မဟာနေဧကရာဇ်ကတော့ ယိုတုဆီ ပြန်သွားတယ်... ချိဧကရာဇ်က ချိမင်နတ်ဘုရားသားတော်နဲ့ တွေ့ပြီး ချိမင်ရွှမ်းခုံးကမ္ဘာဆီ ပြန်လိုက်သွားတယ်... ဗြဟ္မဘုံရဲ့ ဗြဟ္မဗုဒ္ဓလည်း ကျိန်းနေရာက နိုးလာလို့ ဗုဒ္ဓအိုကြီးကို ပြန်ခေါ်သွားတယ်”
မရဏတမန်တော်က ပြောသည်။ “သားသတ်ဒယ်အိုးက အားချိုနဲ့ ဆိုင်တဲ့ ပစ္စည်းပဲ... မြေအောက်ဘုံအရှင်သခင်က သူက အားချိုမဟုတ်တော့ဘူး၊ မင်းက အားချိုဖြစ်သွားပြီလို့ ပြောတယ်... ဒါကြောင့် သားသတ်ဒယ်အိုးက မင်းအတွက်ပဲ... အဲဒါက နောင်တစ်ချိန် အခက်အခဲတွေတွေ့ရင် အကူအညီဖြစ်ကောင်း ဖြစ်မှာပါ”
သူက ချင်မူ့ကို စိုက်ကြည့်နေပြီးနောက် အတန်ကြာသော် ရုတ်တရက် အရိုအသေပေးလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဂရုစိုက်ပါ”
ချင်မူလည်း ပြန်လည်အရိုအသေပေးလိုက်၏။
သူ ခါးပြန်မတ်လိုက်သည့်အချိန်တွင် မရဏတမန်တော်နှင့် လှေကလေးသည် အစအနပင် ရှာမရအောင် ပျောက်သွားချေပြီ။
“မင်းရဲ့ ချီစွမ်းအင်ကို မလှည့်ပတ်နဲ့... အသိစိတ်အလျဉ် ထိခိုက်သွားလိမ့်မယ်” မရဏတမန်တော်၏အသံသည် အခြားကမ္ဘာမှ ပျံ့လွင့်လာ၏။
ချင်မူမှာ ချောင်းတဟွတ်ဟွတ် ဆိုးနေပြီး ချောင်းဆိုးလိုက်တိုင်း ကောင်းကင်ရတနာများ တုန်ခါသွားသည် ခံစားနေရသည်။ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို တည်ငြိမ်အောင် ထိန်းထားရန် ခက်လေသည်။
အချိန်တချို့ကြာသော် ကောင်းကင်ရတနာများ ငြိမ်သက်သွားသည်။ သို့သော် ချီစွမ်းအင် ယိုစိမ့်နေသည်ကို ခံစားနေရသေးသည်။
ဝိညာဉ်မပါလျှင် ရုပ်ခန္ဓာသည် အမြစ်မရှိသော သစ်ပင်နှင့်တူ၏။ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့်ပင် သူ့ကိုယ်ထဲရှိ ဧရာမချီစွမ်းအင်များကို မထိန်းချုပ်ထားနိုင်သဖြင့် ယိုစိမ့်ခြင်း ဖြစ်ပေါ်လာသည်။
ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်က ယိုစိမ့်ခြင်းကို နှေးကွေးစေနိုင်သော်လည်း ထို့ထက်ပို၍ မလုပ်ပေးနိုင်ပေ။
ချင်မူ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်လျှင် ချိဧကရာဇ်လို ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်သည်။ ထိုအခါ ဝိညာဉ်မရှိလျှင်ပင် အချိန်အကြာကြီး အသက်ရှင်နိုင်လိမ့်မည်။ သို့သ်ော ယခု ထိုသို့မစွမ်းဆောင်နိုင်ချေ။
သူ့မှာ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် အနန္တကပ်ဘေးသုတ္တန်ကိုသာ အားကိုးရင်း အသိစိတ်အလျဉ်မပြိုကွဲသွားအောင် ထိန်းသိမ်းနေရသည်။
ချင်မူသည် နဂါးချီလင်၏ ခေါင်းအကြီးကြီးအပေါ်တွင် ထိုင်၍ မျက်လုံးပိတ်ကာအ နားယူနေ၏။ မသိလိုက်မသိဖာသာဖြင့် သူ အိပ်ပျော်သွားပြီး နဂါးချီလင်မှာ ဦးတည်ရာမဲ့ ပျံသန်းနေတော့သည်။
ချင်မူက တစ်ချက်တစ်ချက် နိုးလာတတ်ပြီး ယန်အာ ပြင်ပေးထားသော အရသာရှိသည့် အစားအစာများကို စားတတ်သည်။ နေ့ရက်များသည် သာယာအေးချမ်းနေ၏။
....
ယနေ့တွင် ကောင်းကင်ထဲ၌ လခြမ်းကွေးတစ်ခု ထွက်ပေါ်လာသည်။ လရောင်အတွင်း၌ ဖိတ်ခေါ်နေသော အမျိုးသမီးတစ်ယောက် ရှိနေ၍ နဂါးချီလင်က လရောင်ဆီ ပြေးသွားသည်။ ဤလခြမ်းကွေးသည် ကောင်းကင်မြေပုံ၏ ဦးချိုဖြစ်ပြီး အထဲ၌ လနန်းတော် ရှိနေ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖုံးလွှမ်းထားသော မူလကောင်းကင်မြေပုံမှာ စစ်မီးလျှံများကြောင့် ပျက်စီးသွား၍ တစ်ကွဲတစ်ပြားဝင်္ကပါများသာ ကျန်ခဲ့သည်။
ချင်မူတို့ လနန်းတော်တွင် အချိန်တစ်ခုအထိ နေထိုင်သည်။ တစ်ချိန်လုံး သူ၏ချီစွမ်းအင်မှာ ယိုစိမ့်နေပြီး သိုင်းအဆင့်မှာ တစ်နေ့ပြီးတစ်နေ့ နိမ့်ကျလာနေသည်။
မူလဝိညာဉ်သည် ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်ကို ပေါင်းစည်းထားခြင်း ဖြစ်၏။ သူ၏ဝိညာဉ်သန္ဓေသားက အစတုန်းက တောင်ကောင်းကင်မုခ်ဝနှင့် အလွန်နီးနေသော ကောင်းကင်နတ်မြစ်အပေါ်တွင် ရပ်နေခဲ့သည်။ ယခုတွင် ဝိညာဉ်မရှိတော့သည့်အခါ မှော်စွမ်းအင်ကို ထိန်းချုပ်ရခက်လာသည်။ ရလဒ်အနေဖြင့် သူ၏ဝိညာဉ်သန္ဓေသားမှာ တောင်ကောင်းကင်မုခ်ဝနှင့် ဝေးရာသို့ တစတစ ရွေ့သွားတော့သည်။
ဝိညာဉ်သန္ဓေသား၏ နေရာမှ ကြည့်လျှင် တောင်ကောင်းကင်မုခ်ဝမှာ ဝိုးတိုးဝါးတား ဖြစ်နေချေပြီ။
လနန်းတော်ထဲရှိ မိန်းကလေးက သူ့ကို ပြောသည်။ “ဒီမှာပဲ နေပါ... ငါ နင့်ကို တစ်သက်လုံး စောင့်ရှောက်ပေးမယ်”
သို့သော် ချင်မူသည် ထွက်သွားရန် ရွေးချယ်၏။ သူက ရယ်မောလျက် ပြောသည်။ “ဘဝဆိုတာ မသေချာမှုတွေပဲ ပြည့်နေတာလေ... ငါ နင့်ကို ချုပ်မထားချင်ပါဘူး”
မိန်းကလေးက လနန်းတော်အရှေ့တွင် ရပ်လျက် လှမ်းအော်သည်။ “ငါ ဂရုမစိုက်ဘူး... နှစ်ပေါင်းလေးသောင်းတောင် စောင့်လာခဲ့ပြီးပြီ... ငါ လုံးဝဂရုမစိုက်ဘူး”
“ဒါမဲ့ ငါကတော့ ဂရုစိုက်တယ်” သူက သူမကို လက်ပြနှုတ်ဆက်ပြီးနောက် လှည့်ထွက်လာခဲ့၏။
လနန်းတော်မှာ ဆင်းလာပြီးနောက် သူ့မှာ အတန်ကြာသည်အထိ ဝမ်းနည်းနေပုံရသည်။ သူ၏ချီစွမ်းအင်သည် လျင်မြန်စွာ ယိုစိမ့်လာပြီး ဝိညာဉ်သန္ဓေသားက ကောင်းကင်နတ်မြစ်မှ သစ်ပင်သန္ဓေဆီသို့ ကျဆင်းလာ၏။ ကျဆင်းနေမှုကား ရပ်တန့်မည့်ပုံမရပေ။
ဤအတိုင်း ဆက်လက်ကျဆင်းနေလျှင် မကြာခင် ယိုတု၊ သေခြင်းရှင်ခြင်းကောင်းကင်ရတနာဆီသို့ ရောက်တော့မည်။
....
ယနေ့တွင် ချင်မူတစ်ယောက် စိတ်ဓာတ်ကျနေသောအရိပ်အယောင် မရှိဘဲ တက်ကြွလန်းဆန်းလာ၏။ သူက လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်ရင်း ကျင့်ကြံနေသော်လည်း သူ၏ချီစွမ်းအင်မှာ ပို၍လျင်မြန်စွာ ယိုစိမ့်နေသည်။
ချင်မူ ကမန်းကတန်း ရပ်လိုက်ပြီး နှုတ်မှ စကားတချို့ ရွတ်နေသည်။ နဂါးချီလင်နှင့် ယန်အာသည် ဘေးမှ နားထောင်နေ၏။ ချင်မူ ရွတ်နေသည်မှာ ကျင့်ကြံခြင်းစနစ်ဟူ၍ မည်မည်ရရ မရှိသော ကျင့်ကြံခြင်းနည်းလမ်းပေါင်းစုံ ဖြစ်လေသည်။ သူကား မိစ္ဆာတစ်ကောင် ပူးကပ်နေသကဲ့သို့ ထင်ရ၏။
နှစ်ရက်နေသော် ချင်မူ အိပ်ပျော်နေသည့်အချိန်တွင် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပူစီဖောင်းကြီးတစ်လုံး ထွက်လာသည်ကို ချင်မူနှင့် ယန်အာ မြင်လိုက်ရသည်။ ချင်မူအသေးလေးများက သူ၏ခေါင်းထဲမှ ထွက်လာကြပြီး လူနားမလည်သော ဘာသာစကားတစ်ခုဖြင့် ပူစီဖောင်းထဲတွင် ရွတ်ဖတ်နေကြသည်။
ဤချင်မူကများ မတူညီသော ကျင့်စဉ်များကို ကျင့်ကြံနေကြ၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၊ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်၊ အန္တရဝ ဖန်ဆင်းကျမ်းစာ၊ ရှေးဟောင်းနဂါးကျင့်စဉ်၊ သိကြားကျမ်းစာ၊ ကောင်းကင်နှင့်မြေပြင်၏ နှလုံးသားလျှို့ဝှက်ချက်များ၊ သိုင်းပညာကောင်းကင်ကျင့်စဉ်၊ ယိုတုမိစ္ဆာနတ်ဆိုးတာအို၊ အမှောင်မိုကျားသုတ္တန် အစရှိသော ကျင့်စဉ်မျိုးစုံ ပါဝင်သည်။ အနန္တကပ်ဘေးသုတ္တန် ကျင့်ကြံရင်း ပူစီဖောင်းများအတွင်း၌ ပို၍ပင်သေးငယ်သော ပူစီဖောင်းလေးများ ပေါ်လာစေသည့် ချင်မူအသေးအလေးများပင် ရှိ၏။
“ဖက်တီးနဂါး သူ ဘာလုပ်နေတာလဲ” ယန်အာက မေးသည်။
နဂါးချီလင်သည် အတန်ငယ် တွေးကြည့်ပြီးနောက် ပြော၏။ “ဂိုဏ်းသခင်က အသက်ရှင်နိုင်ခြေကို တွက်ထုတ်ပြီး ဖြစ်နိုင်ခြေတွေကြားကနေ အသက်ရှင်နိုင်မယ့်လမ်းကို ရှာနေတာ”
“ဖက်တီးနဂါးက တော်တော်သိတာပဲ” ယန်အာက သူ့ကို ချီးကျုးရင်း စွမ်းအင်ဆေးလုံးတစ်လုံး ကျွေးလိုက်ကာ ပူစီးဖောင်းများအတွင်းရှိ ချင်မူသေးသေးလေးများကို ကြည့်နေသည်။
ပူစီးဖောင်းများအတွင်း၌ ချင်မူအသေးလေးတစ်ယောက်ပြီးတစ်ယောက် မတူညီသောနည်းလမ်းများဖြင့် သေဆုံးသွားကြသည်ကို သူမ မြင်တွေ့ရ၏။ ဤမြင်ကွင်းမှာ ကြောက်လန့်စရာကောင်းလေသည်။
တချို့က ကျင့်ကြံနေရင်းတန်းလန်း အသိစိတ်အလျဉ် ပျောက်ဆုံးသွားပြီး လျှာတန်းလန်းဖြင့် သေသည်။ တချို့က ချီစွမ်းအင်ကျဆင်းမှုကြောင့် သေသည်။ ရုတ်တရက် ဘုန်းခနဲ ပေါက်ကွဲမှုကြီး ထွက်ပေါ်လာ၏။ တချို့က အိပ်မက်ထဲတွင် သေဆုံးသွားပြီး မီးလောင်ပြာကျသွားသူများလည်း ရှိကြသည်။
ပူစီဖောင်းများအတွင်းရှိ ချင်မူအသေးလေးများမှာ တဖြည်းဖြည်း လျော့နည်းလာသည်။ ဆယ်ရက်ကျော်ကြာသော် ပူစီးဖောင်းများအတွင်း၌ အလောင်းများ ဖွေးဖွေးလှုပ်နေတော့သည်။ သို့သော် ခေါင်းမာမာဖြင့် အသက်ရှင်ကျန်ခဲ့သည့် ချင်မူအသေးလေးတစ်ယောက် ရှိ၏။ သူ၏အသက်ရှူသံမှာ အားနည်းနေသော်လည်း သူက ပြုံးနေလေသည်။
ရုတ်တရက် ပူစီဖောင်းက ဖောက်ခနဲ ပေါက်ကွဲပျောက်ကွယ်သွားသည်။ ချင်မူက မျက်လုံးဖွင့်၍ အိပ်မက်မှ နိုးထလာပြီး သိမ်းဝေကာ ပြုံးနေသည်။ “မမကြီးယန်အာ၊ ကျွန်တော် ဗိုက်ဆာလာပြန်ပြီ”
ယန်အာက အလျင်အမြန် အစားအစာ စီစဉ်ပေးပြီး ချင်မူသည် စားပြီးနောက် ပြန်အိပ်သွား၏။
အိပ်မက်ကမ္ဘာသည် ပူစီဖောင်းများအဖြစ် ပြန်ဖွဲ့တည်လာပြီး ချင်မူအသေးလေးများက သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ပြန်ထွက်လာကြသည်။ ဤချင်မူများက အသက်ရှင်နိုင်မယ့်လမ်းကို မရှာကြဘဲ စုဝေးထိုင်ကာ နားမလည်နိုင်သော ဘာသာစကားဖြင့် စကားပြောနေကြသည်။
ဤသို့ဖြင့် ချင်မူအသေးလေးများသည် အိပ်မက်ကမ္ဘာထဲ၌ ဓားသိုင်းကျင့်ရင်း တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြ၏။ ဓားကွက်များ တစ်ကွက်ပြီးတစ်ကွက် ဖြာထွက်လာပြီး များစွာမကြာလိုက်ဘဲ ချင်မူအသေးလေးများစွာ တိုက်ခိုက်ရင်း သေဆုံးသွားကြသည်။
“ဖက်တီးနဂါး၊ သခင်လေး ဘာလုပ်နေတာလဲ” ယန်အာက မေးသည်။
နဂါးချီလင်မှာ မြင်နေရသည်ကို နားမလည်သဖြင့် ခေါင်းယမ်းကာ ပြောလိုက်၏။ “ကျွန်တော်လည်း နားမလည်ဘူး”
ယန်အာက မျက်မှောင်ကြုတ်ပြီး စွမ်းအင်ဆေးလုံးကို ကိုင်ထားကာ သူ့မကျွေးတော့ပေ။
နဂါးချီလင် စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျသွားသည်။
နောက်ဆုံးတော့ ဓားအလင်းတန်းတစ်တန်း ပေါ်လာ၏။ ကျန်ရှိသော ချင်မူအသေးလေးများက ဓားများကို ဝှေ့ယမ်းလျက် ချင်မူ၏အိပ်မက်ကမ္ဘာကို ဖွင့်ကာ အိပ်မက်ကမ္ဘာ၏အတွင်းမှ အပြင်သို့ တိုက်ခိုက်နေကြသည်။
ချင်မူမှာ အိပ်မက်မှ ရုတ်တရက် နိုးလာပြီး ထရပ်သည်။ ချင်မူအသေးလေးများ ပျောက်ကွယ်သွားချေပြီ။
“ငါက သန်မာအားကောင်းပေမယ့် ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်နေတယ်”
ချင်မူက ဓားကို ဆွဲထုတ်လျက် ကျယ်လောင်စွာ အော်ဟစ်ရင်း သူ၏ဓားကို ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းတော်အထဲသို့ ထိုးစိုက်လိုက်၏။