ချစ်ခြင်းမုန်းခြင်းများဖြင့်လူ
Vol. 008 Ch. 725
ရီဖူရှင်း လက်ထပ်မည့်သတင်းက အရှေ့မြေရိုင်းဒေသ တစ်ခုလုံး ကြားသိရသည့်ကိစ္စ ဖြစ်သည်။ လူအများအပြားက လက်ထပ်ပွဲကို တက်ရောက်ရန် စာအုပ်တောင်ကို စတင်ခရီးနှင်ကြ၏။
လက်ထပ်ပွဲ သတင်းထွက်ပြီး မကြာမီရက်ပိုင်းအတွင်း လျိုနိုင်ငံ၌ ကြီးမားသော အဖြစ်အပျက်တစ်ခု ကြုံတွေ့ခဲ့ရသည်။
ရီဝူချင်းက လျိုနိုင်ငံ၏မင်းသမီး လျိုချန်းယွီနှင့် မင်းသား လျိုဖေးယွန်တို့အား ခေါ်ဆောင်ကာ လျိုနိုင်ငံကို ရောက်လာခဲ့သည်။ လျိုနိုင်ငံကို အုပ်ချုပ်မင်းလုပ်နေကြသော မှူးမတ်များ၊ ဝန်ကြီးများနှင့် နိုင်ငံခေါင်းဆောင် အတော်များများ သွေးချောင်း စီးသွားခဲ့ကြသည်။ လျိုနိုင်ငံဘုရင်အပေါ်တွင် ယခင်က သစ္စာဖောက်ဖျက်သူများ အားလုံးကို ရီဝူချင်းက အညှာအတာကင်းစွာ သတ်ဖြတ် လက်စားချေခဲ့သည်။ အမှန်တကယ်အားဖြင့် ထိုကိစ္စမှာ ရီဝူချင်းကိုယ်တိုင် စီမံရန် စာအုပ်တောင်က လက်လွှတ်ပေးထားသော အရာတစ်ခုလည်း ဖြစ်သည်။
ထိုနေ့ရက်က မြန်ဆန်စွာ ရောက်လာခဲ့မည်ဟု မည်သူကမှ မထင်ထားကြပေ။ အချိန်ကား ဘယ်လောက်မှ မကြာသေးပေ။
ရီဖူရှင်းကား နှစ်အနည်းငယ် အတွင်း၌ပင် ထိပ်သီး နိုဘယ်တစ်ယောက် ဖြစ်နေကာ ရီဝူချင်းကို တွေ့မြင်သူများက ယခင် လျိုနိုင်ငံဘုရင်နှင့် စွမ်းအားချင်း မတိမ်းယိမ်းသို့ပင် ရောက်နေပြီဟု ဆိုကြသည်။
အကယ်၍ ရီဝူချင်းပင်လျှင် ထိုမျှ စွမ်းအားမြင့်လာခဲ့သည် ဆိုလျှင် အရှေ့မြေရိုင်းဒေသ၏ နာမည်ကျော် ပါရမီရှင်နှစ်ယောက် ဖြစ်သော ရီဖူရှင်းနှင့် ယူချင်းတို့က မည်မျှ အားကောင်းလာမည်ကို အားလုံးက စိတ်ဝင်စားကြသည်။
သူတို့က ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသော ရှီအဆင့်သို့ ရောက်ရှိနေကြပြီလား...။
အရှေ့မြေရိုင်း ဒေသတွင်ကား ရှီတန်ခိုးရှင်များက မမျှော်မှန်း မမှန်းဆနိုင်သော ဒဏ္ဍာရီလာ တန်ခိုးရှင်များ ဖြစ်ကြသည်။
ရီဖူရှင်း လက်ထပ်တော့မည့် သတင်းက အရှေ့မြေရိုင်းဒေသ တစ်ခုတည်းသာ မဟုတ်ဘဲ မြေရိုင်းပြည်နယ် တစ်ခုလုံး ကြားသိရသော ကိစ္စလည်းဖြစ်သည်။ ကောင်းကင်မြေရိုင်း အဆင့်မှ ထိပ်သီး အင်အားစုများနှင့် အင်အားစုငယ်များ၊ တသီးပုဂ္ဂလ တန်ခိုးရှင်များ၊ ခြေသလုံးအိမ်တိုင် တန်ခိုးရှင်များ အားလုံးက လက်ထပ်ပွဲကို တက်ရောက်ရန် ပြင်ဆင်ကြသည်။ ရီဖူရှင်းက သူတို့အား ဖိတ်ကြားခြင်း မပြုသည့်တိုင် သူတို့အားလုံးက လာရောက်ကြမည် ဖြစ်သည်။
ရီဖူရှင်းက ထိုအရာများကို သိနားလည်ခြင်း မရှိသလို အာရုံစိုက်ခြင်းလည်း မရှိပေ။ သူက စာအုပ်တောင်တွင် လေ့ကျင့်ကာ တခြားအချိန်များတွင် ဟွာဂျီယူထံတွင် သွားရောက် အဖော်ပြုသည်။
တစ်နေ့တွင် စွမ်းအားမြင့် တန်ခိုးရှင်တစ်စု စာအုပ်တောင်ကို ရောက်လာကြသည်။ သူတို့ကား စုချွဲ၊ ဟောင်ကျူဂီ၊ ယွန်စွေ့ရှင်း၊ ကျောင်းလီနှင့် တခြားသော ရီဖူရှင်း၏အသိမိတ်ဆွေများ ဖြစ်ကြသည်။
“မင်း လက်ထပ်တော့မယ်လို့ ငါကြားတယ်…” စုချွဲက ရီဖူရှင်းထံကို လျှောက်လာကာ ပြောသည်… “ဂုဏ်ပြုပါတယ်...”
ရီဖူရှင်းက စုချွဲ၊ ဟောင်ကျူဂီနှင့် တခြားလူများကို ကြည့်သည်။ သူက ပြုံးလျက်ပြောသည်… “မင်းတို့ ဖြစ်ခဲ့တာတွေအတွက် ငါ မတောင်းပန်ရသေးဘူး…” စုရှမ်းနှင့် ဟောင်စီတို့က စစ်ပွဲထဲ ပါဝင်ခဲ့ကြသည်။ သူတို့ပါဝင်ခြင်းက စုချွဲနှင့် ဟောင်ကျူဂီတို့ စနက်ဖြစ်ကြောင်း သူကောင်းကောင်း သိသည်။ ထို့အပြင် ပိုင်စီအား သတ်ဖြတ်ခဲ့သူများထဲတွင် စုချွဲနှင့်ကျွေ့ချိန်ချူတို့ ပါဝင်ကြောင်း သူသိပြီးဖြစ်သည်။
“မင်း ဘာပြောနေလဲ ငါမသိဘူး…” စုချွဲက ပခုံးတွန့်သည်။
“ငါမင်းကို ပြောစရာ တစ်ခုရှိတယ်… အခု ငါလည်း တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်နေတယ်…”
ရီဖူရှင်းက ဟောင်ကျူဂီကို ကြည့်သည်။
“ဘာလဲ… ထူးဆန်းလို့လား…” ဟောင်ကျူဂီက ပြုံးလျက်ပြောသည်… “တော်ဝင်ကျဲနန်းတော်မှာ အခုနန်းတော် ခေါင်းဆောင်မရှိဘူး… နန်းဆောင်သခင်တွေ အားလုံးက မင်းပြန်လာဖို့နေ့ကို စောင့်နေကြတယ်… ဒါတောင်မှ မင်းက ဒီမှာ လက်ထပ် နေနိုင်သေးတယ်…”
“ဆရာ ဘယ်လိုနေလဲ…” ရီဖူရှင်းက မေးသည်။
“အရှင်ထောင်ကျန်းက သက်သာလာပြီ..” စုချွဲက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ စိတ်သက်သာရာ ရသွားသည်။
“လက်ထပ်ပွဲပြီးရင် မင်းပြန်သင့်တယ်…” စုချွဲက ထပ်ပြောသည်… “မင်းပြန်လာဖို့ မျှော်လင့်နေသူတွေ အများကြီးပဲ… မင်းက အရှေ့မြေရိုင်း ဒေသမှာပဲ နေတော့မှာလား… ပြီးတော့ ငါကလည်း ရှီနန်းတော်ထဲကို ဝင်ခွင့်ရဖို့ မင်းရဲ့ ခွင့်ပြုချက်ကို ရဖို့လိုသေးတယ်…” စုချွဲက ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောသည်။
“…” ရီဖူရှင်းက သူ့အားကြည့်ကာ ဆွံ့အသွားရသည်။ ထို့ကြောင့်ပင် သူ့အား တော်ဝင်ကျဲနန်းတော်ကို ပြန်ရန် စုချွဲက တိုက်တွန်း နေသည်လား။
ရှီနန်းတော်ကား တော်ဝင်ကျဲနန်းတော် အတွင်းမှ ရှန့်ထိုအမွေအနှစ် ပညာရပ်များအား လက်ဆင့်ကမ်းပေးရာ နေရာလည်းဖြစ်သည်။ မြေရိုင်းပြည်နယ်တွင် ထိုနေရာသို့ မဝင်ရောက်လိုသောသူ မရှိပေ။ လက်ရှိ နန်းတော်သခင် ဖြစ်သော ရီဖူရှင်းက ထိုအခွင့်အာဏာအား ပေးအပ်နိုင်သည်။
ရီဖူရှင်းက ဘာမှ ပြန်မပြောပေ။ စုချွဲက ဆွံ့အစွာဖြင့် ပြောသည်… “ကောင်းပြီ … ဒီကိစ္စမှာ ငါက သိပ်အသုံးမဝင် လောက်တော့ဘူး… ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် အဘိုးကြီးတွေကလည်း နောက်ရက်နည်းနည်းဆို ရောက်လာကြလိမ့်မယ်…”
“ရှန့်ထိုတိုက်ပွဲမတိုင်ခင် ငါတို့ အချိန် ဘယ်လောက် ရှိသေးလဲ...” ရီဖူရှင်းက ရုတ်တရက် ထမေးသည်။
“အဲဒါက နှစ်၂၀ တစခါ ကျင်းပတဲ့ ပြိုင်ပွဲပဲ… ငါတို့မှာ ဆယ်နှစ်ထက် နည်းတဲ့အချိန်ပဲ ကျန်တော့တယ်…” စုချွဲက ထပ်ပြောသည်… “ကောင်းကင်မြေရိုင်း အဆင့်က လူတွေတောင်မှ ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ဖူးကြဘူး… အဓိက တိုက်ခိုက်ခဲ့ကြတာက တခြားပြည်နယ်က လူတွေပဲ… နန်းတော်သခင် ချွန်ရန်က အဲဒီပြိုင်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တယ်…”
“တကယ်ပဲ တိုလွန်းတယ်…” ရီဖူရှင်းက မိမိကိုယ်ကိုယ် ရေရွတ်သည်။ တော်ဝင်ကျဲနန်းတော်က ရှန့်ထိုတစ်ပါး မွေးဖွားရန် မြန်ဆန်စွာ အားထုတ်သည်မှာ မထူးဆန်းတော့ပေ။ ထိုမျှ တိုတောင်းသော အချိန်အတွင်း ပိုင်လွေလီက ကွန်းရှီအဆင့်ကို တက်လှမ်းရန်ပင် ခက်ခဲပေသည်။ ထို့ကြောင့် နိုဘယ်တစ်ယောက်သာ ဖြစ်သော ရီဖူရှင်းအတွက်လည်း ပိုမို၍ပင် ခက်ခဲပေသည်။
အရှေ့မြေရိုင်းဒေသမှ အင်အားစုများ အားလုံးနီးပါး လာရောက်ခြင်းက စာအုပ်တောင်ကို ကြီးစွာ လူထူထပ်စေသည်။
ရီဖူရှင်း၏ လက်ထပ်ပွဲ သတင်းအပြင် နောက်ထပ် ထွက်လာသော သတင်းများအရ ယူချင်းနှင့် ရီဝူချင်းတို့ကလည်း ရီဖူရှင်းနှင့် တစ်နေ့တည်း လက်ထပ်ကြမည် ဖြစ်သည်။
ယူချင်းနှင့် ရီဝူချင်းတို့က ရီဖူရှင်း၏ နာမည်ကျော်ကြားမှု အောက်တွင် တိမ်မြုပ်နေဟန် ရသော်လည်း အရှေ့မြေရိုင်းပြည်နယ်၏ လူငယ်မျိုးဆက်ထဲတွင် အလွန်အမင်း ကျော်ကြားသူများ ဖြစ်ကြသည်။ သူတို့ကို မသိသောလူလည်း မရှိပေ။ အသက်သုံးဆယ်ပင် မပြည့်သေးသော ရီဝူချင်းက လျိုနိုင်ငံမှ ထိပ်သီး တန်ခိုးရှင်များအား ချွေးတစ်စက်မှပင် မကျခဲ့ဘဲ လွယ်လင့်တကူ သတ်ဖြတ်ခဲ့သည်။ သူ၏ကြောက်မက်ဖွယ် ပါရမီကို အားလုံးက မြင်ကြရသည်။
လက်ထပ်ပွဲကို တက်ရောက်မည့်လူများထဲတွင် မြေရိုင်းပြည်နယ်မှ လူများလည်းပါဝင်သည်ဟု အရှေ့မြေရိုင်းဒေသမှ လူများက ကြားသိကြရသည်။ သည်လက်ထပ်ပွဲကား အမှန်ပင် ကြီးကျယ် ခမ်းနားပေလိမ့်မည်။
လက်ထပ်ပွဲက နီးကပ်နေပြီ ဖြစ်သည့်တိုင် ရီဖူရှင်းကား စာအုပ်တောင်ထိပ်၌ တိတ်ဆိတ်စွာ လေ့ကျင့်နေဆဲဖြစ်သည်။ လေပြင်း တသုန်သုန် တိုက်ခတ်နေပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။
တိတ်ဆိတ်ကာ ပေါ့ပါးသော ခြေလှမ်းသံများကို နောက်မှ ကြားသည်တွင် ရီဖူရှင်း၏ မျက်တောင်များ အနည်းငယ် ကွေးသွားသည်။ သူ့နောက်မှ လှမ်းလာသောသူက ရီဖူရှင်း၏ ဘေးနားတွင်ထိုင်ကာ အဝေးမှ တိမ်ပင်လယ်အား ကြည့်သည်။
ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ ဘေးမှ အဘိုးအိုကို ကြည့်သည်။ အဘိုးအိုကား ယခင်ကဲ့သို့ တည်ငြိမ် အေးဆေးကာ မည်သည့် ထူးခြားမှုမှ မရှိပေ။
ရီဖူရှင်းက အကြည့်ကို လွှဲလိုက်ကာ အဝေးမှ တိမ်ပင်လယ်ကို ငေးကြည့်သည်။
ထိုအခိုက်တွင် ထိုနေရာက ပုံမှန်ထက်ပင် တိတ်ဆိတ် သွားဟန်ရသည်။
ရီဖူရှင်းက ထိုအဘိုးအိုအား ပြောဆိုစရာ မေးမြန်းစရာများစွာ ရှိသော်လည်း ထိုအခိုက်တွင် ဘာပြောရမည်ကို သူမသိပေ။ သူ့အား လေးစားရမည်လား မုန်းတီးရမည်လား သူနားမလည်ပေ။
“ဖူရှင်း… မင်း ခန့်မှန်းမိမယ် ဆိုတာ ငါသိတယ်…” အဘိုးအိုက ညင်သာစွာ ပြောသည်။
“သူ၏ အစ်ကိုကြီးကား ဓားမိစ္ဆာကို ပိုင်ဆိုင်သည်… ဂျီယူကား ရှန့်ထိုတန်ခိုးရှင် တစ်ပါး၏ ဝင်ပူးခြင်းကို ခံရသည်။ သူတို့က မိမိ၏အရင်းနှီးဆုံး လူများဖြစ်ကြသည်။ ဤလူများက မိမိအတွက် အသက်ပေးရန် ဝန်မလေးသူများလည်း ဖြစ်ကြသည်။ ယူချင်းကလည်း မိစ္ဆာပညာကို လေ့ကျင့်သည်။ ရီဖူရှင်းက မခန့်မှန်းနိုင်ဘဲ မည်သို့ ရှိမည်နည်း။
“ဒွန်ဟိုင်မြို့တော်မှာလည်း ခင်ဗျားဘဲ မလား…” ရီဖူရှင်းက တီးတိုးမေးသည်… “ဘာလို့ အဘိုးကို သေဆုံးစေတာလဲ… ဘာလို့ဂျီယူကို ဒီလို ခက်ခဲ ကြမ်းတမ်းအောင် လုပ်တာလဲ…” သူ၏အသံကား အလွန်အမင်း ထိခိုက်နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သူကား ထိုကံဆိုးမိုးမှောင် ကျမှုများ အားလုံးကို အလွယ်တကူ တားဆီးနိုင်စွမ်း ရှိသော်လည်း မလုပ်ခဲ့ပေ။
“မင်းရဲ့ အမြင်မှာ ငါက ဘယ်လိုလူလဲ…” အဘိုးအိုက တီးတိုးမေးသည်။
ရီဖူရှင်း၏ အတွေးများက ဆယ်စုနှစ်တစ်ခု အကြာသို့ ပြန်ရောက်သွားသည်။ သူနှင့် ယူချင်းတို့က ထိုအဘိုးအို၏ စောင့်ရှောက်မှု အောက်တွင် ကြီးပြင်းလာခဲ့ကြသည်။
“ကြင်နာတယ်… နွေးထွေးတယ်.. အေးစက်တယ်…” ရီဖူရှင်းက ပြောသည်။ အဘိုးအိုကား သူ့အပေါ်တွင် နွေးထွေး ကြင်နာသလောက် ယူချင်းအပေါ်တွင် အေးစက်ကာ ပြင်းထန်ပေသည်။
“အစစ်အမှန်က ဘယ်တစ်ယောက်လို့ မင်းထင်လဲ...” အဘိုးအိုက ထပ်မေးသည်။
“အေးစက်ပြီး ရက်စက်တဲ့လူ…” ရီဖူရှင်းက ပြန်ဖြေသည်။
အဘိုးအိုက ပြုံးလျက် ပြောသည်… “ကလေး.. မင်းမြင်တာက ဘာမှ မဟုတ်သေးဘူး... ငါက မင်း ထင်ထားတာထက် အေးစက်ပြီးတော့ ရက်စက် ကြမ်းတမ်းတယ်… ငါ့လက်မှာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ သွေးတွေ စွန်းထင်းခဲ့ပြီးပြီ… ငါသတ်ဖြတ်ခဲ့တဲ့ လူတွေကို ငါက ရေတွက်ရမှာကိုတောင် ပျင်းရိသွားခဲ့ပြီ… ငါသတ်ဖြတ်ခဲ့တာတွေက မင်းမှန်းဆလို့ရတဲ့ အရာတွေထက် အများကြီး ကျော်လွန်တယ်…”
ထိုစကားများကို ပြောနေသော အဘိုးအို၏အသံက တည်ငြိမ် အေးဆေးလွန်း လှသည်။ သို့သော်လည်း သူဖြတ်သန်းခဲ့သော တိုက်ပွဲများ၏ အငွေ့အသက်များကို ထိုစကားလုံးမှ တစ်ဆင့် ခံစားသိရှိနိုင်သည်။ သူကား လူတိုင်းက အသံကြားရုံမျှဖြင့် ကြောက်ရွံ့ရသော အေးစက်ကာ ရက်စက်သော လူသတ်စက် တစ်ခုလည်း ဖြစ်သည်။
ရီဖူရှင်းက ခေါင်းငုံ့ကာ လက်သီးကို တင်းတင်းဆုပ်သည်… “ဒါဆိုလည်း ဘာလို့ တခြားလူတွေလို ကျွန်တော့်ကို သဘောမထားတာလဲ…”
“မင်းက သူတို့ကလေး ဖြစ်နေလို့ပဲ…” အဘိုးအိုက ရီဖူရှင်းကား နွေးထွေးကြင်နာကာ ချစ်ခင်သော မျက်လုံးများဖြင့် ကြည့်သည်။ ထိုမျက်လုံးများကို ရီဖူရှင်း သိသည်။ နှင်းလူဝံ အင်ပါယာနှင့် ဧကရာဇ်ရီချင်တို့ ကလည်း သူ့အား ထိုမျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်။
“ဘယ်သူတွေလဲ…” ရီဖူရှင်း၏အသံကား ဝမ်းနည်းသော အငွေ့အသက်များဖြင့် လွှမ်းခြုံလာသည်။
အဘိုးအိုက ခေါင်းယမ်းသည်။
ရီဖူရှင်းက အလွန် စိတ်ပျက်သွားကာ ထပ်မေးသည်.. “ခင်ဗျားနဲ့ ယူချင်တို့က မိစ္ဆာပညာကို လေ့ကျင့်ကြတယ်… အစ်ကိုကြီးကို မိစ္ဆာဓား ကိုင်ဆောင်စေတယ်… ဂျီယူကိုဝင်ပူးတဲ့ ရှန့်ထိုတောင်မှ မိစ္ဆာပညာကို လေ့ကျင့်သူ ဖြစ်ပုံရတယ်… ဒါဆို ဘာလို့ ကျွန်တော့ကို မိစ္ဆာပညာ မသင်ပေးတာလဲ…”
“မင်းက အင်ပါယာအဖြစ် မွေးဖွားလာတဲ့သူပဲ… မိစ္ဆာပညာကို လေ့ကျင့်လို့ မရဘူး…” အဘိုးအိုက ခေါင်းယမ်းကာ ပြောသည်.. “ဂျီယူကို ဝင်ပူးတဲ့သူက သူမအတွက် အထူးတလည် ပြင်ဆင်ပေးထားတဲ့သူပဲ.. သူက ကောင်းကင်စိတ်ဝိညာဉ် ပညာရှင်တစ်ယောက်ပဲ… ဂျီယူကို သူမထံအပ်နှင်းဖို့ စောသေးတယ်လို့ ငါထင်ပေမဲ့ ထိုက်ဟန်တောင်မှာ ဖြစ်ခဲ့တဲ့ကိစ္စက ငါ့ကို အလျင်လိုစေခဲ့တယ်… ဒါကြောင့်ပဲ ကျိုက်ရှင်း အိမ်တော်မှာ ဂျီယူကို သူမဆီမှာ အပ်နှင်းခဲ့တယ်… ဂျီယူက ဒီမတိုင်ခင် ခက်ခဲတဲ့အချိန်တွေ ရှိခဲ့တယ် ဆိုပေမဲ့လည်း နောက်ပိုင်း သူမက အားကောင်းတဲ့ စိတ်ဝိညာဉ်ပညာရှင် တစ်ယောက်ရဲ့ လမ်းညွှန်ပြသမှုကို ရရှိပြီး ပိုမိုအားကောင်း လာလိမ့်မယ်…”
“ဒါပေမဲ့ ဒီလူတွေက ကျွန်တော် ဂရုစိုက်ရတဲ့လူတွေပဲ… ခင်ဗျား မလွန်ဘူးလား…” ရီဖူရှင်းက နာကျင်စွာ ပြောသည်။ ယူချင်း၊ အစ်ကိုကြီးနှင့် ဂျီယူတို့ အားလုံးက သူ့တွက် ကွဲပြားခြားနားသော တာဝန်များကို ယူခဲ့ကြတာ တူညီစွာပင် ခက်ခဲကြမ်းတမ်း ခဲ့ကြရသည်။
“ဒါက သူတို့အတွက် ဂုဏ်ယူစရာပဲ..” အဘိုးအိုက ထူးမခြားနားစွာ ပြောသည်။
“ဒါက ဘယ်လို အဓိပ္ပာယ် မရှိတာလဲ…ခင်ဗျားက လျူချန်းနဲ့ ဘာကွဲသွားလဲ…” ရီဖူရှင်း၏က တီးတိုးပြောသည်။
ထိုအရာက မည်သို့ ဂုဏ်ယူစရာ ဖြစ်မည်နည်း။
ထိုလူများအားလုံးက သူနှင့် ရင်းနှီးခင်မင်သူများ ဖြစ်ကြသည်။ သူအောင်မြင်ရန် ထိုလူများအားလုံး ထိခိုက် နာကျင်ရသည်။
အဘိုးအိုက အဝေးကို လှမ်းကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောသည်… “ငါက သူတို့ကို အတင်း မလုပ်ခိုင်းခဲ့ဘူး… မင်းအတွက် သူတို့ကပဲ လိုလိုလားလား လုပ်ပေးချင်ခဲ့ကြတာ.. မင်းက အပြစ်ရှိသလို ခံစားနေရရင်… ငါ့ကို မုန်းရင် ပိုပြီး သန်မာအောင်လုပ်…”
ရီဖူရှင်းက ခေါင်းငုံ့လိုက်သည်။
“ပြဿနာ မရှိဘူး… ဗိုလ်ချုပ် တစ်ယောက်ရဲ့ အောင်မြင်မှုဟာ သူ့စစ်သားတွေရဲ့ သွေးတွေ ချွေးတွေနဲ့လည်း သက်ဆိုင်တယ်… မင်းက ဒီထက် မသန်မာရင် အနာဂတ်မှာ ဒီထက် ထိခိုက်ကြရမှာပဲ… စိတ်ချပါ… နောက်ထပ် မင်းအတွက် မရေမတွက်နိုင်အောင် သေကြေကြရမယ် ဆိုရင်တောင် ငါက မျက်တောင်တစ်ချက် မခတ်ဘူး… မင်းကငါ့ကို ဘယ်လောက် မုန်းတီးပါစေ ဒါက ပြောင်းလဲမှာ မဟုတ်ဘူး…” အဘိုးအိုက ထရပ်ကာ ပြောသည်… “ငါက ကိစ္စတစ်ခုအတွက် ခရီးထွက်စရာရှိလို့ မင်းဘေးမှာ အချိန်တစ်ခုအထိ ရှိနေမှာ မဟုတ်ဘူး… ကိုယ့်ဘာသာ ဂရုစိုက်ပါ…”
လေပြင်းတစ်ချက်နှင့်အတူ အဘိုးအိုကား ထိုနေရာတွင် မည်သည့်အချိန်ကမှ မရှိခဲ့သလို ပျောက်ကွယ် သွားသည်။
အဘိုးအို ပျောက်ကွယ် သွားသည်ကို ကြည့်ကာ ရီဖူရှင်းက အလွန်အမင်း နာကျင်မှုကို ခံစားရသည်။ ထို့နောက် သူက တီးတိုးပြောသည်… “ကျွန်တော် ဒီထက် ပိုသန်မာအောင် လုပ်ပါ့မယ်.. မွေးစားအဖေ…”
သူ့ကို မုန်းတီးပါ၏လား။ မဖြစ်နိုင်ပေ… သူက မွေးစားအဖေကို မည်သို့ မုန်းတီးပါမည်နည်း။ မွေးစားအဖေကား သူ ငယ်ရွယ်စဉ်ကတည်းမှ ကြီးပြင်းလာသည်အထိ သူအလေးစားရဆုံးသော လူတစ်ယောက် မဟုတ်ပါလား။
***