အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Vol. 32 Ch. 3.216
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ကို ထိုးဖောက်ဖို့ လှောင်အိမ်ရဲ့ ဖိအားကို သုံးချင်နေတာလား?"
လူအုပ်ထဲက တစ်ယောက်က ထအော်လိုက်သည်။
"ဘာ? သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို ထိုးဖောက်ဖို့??"
"သူအခု သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်ပဲ ရှိသေးတယ်မလား?... ပုံမှန် ဖြတ်ကျော်ချင်ရင် ယွမ်ချီနဲ့ စိတ်စွမ်းအားကို လိုက်ဖက်ညီအောင် ညှိထားဖို့ လိုတယ် ဒါမှ ဟဲလင်နယ်ပယ်ကို ရောက်နိုင်မှာ... အခုက ကျန်းရှောက်ထျန်းရဲ့ ယေဘုယျ လှောင်အိမ် လမ်းကြောင်းကို စုပ်ယူပြီး အလားအလာကို လှုံ့ဆော်ဖို့ ပြင်ပအင်အားကို အသုံးပြုမယ်ပေါ့... ခန္ဓာကိုယ်အတွင်းက ခွန်အားနဲ့ စိတ်စွမ်းအားကို အပြည့်အဝ ပေါင်းစပ်မယ်တဲ့လား!"
ခုနက ပြောခဲ့တဲ့လူက မယုံနိုင်စရာ စကားလုံးတွေနဲ့ ခေါင်းရှုပ်သွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ် ပြီးပြည့်စုံသော ကာလတွင် ယွမ်ချီ၊ ခန္ဓာကိုယ် ခွန်အားနှင့် စိတ်စွမ်းအားတို့ကို ပေါင်းစည်းထားရမည်။
ထိုးဖောက်ချင်ပါက သဘာဝကျကျ ထိုအရာများကို ပေါင်းစည်းထားရမည်။ အဆင့်၄ ပြီးပြည့်စုံသော ကာလရောက်သည်နှင့် အပြင်ထွက်၍ သေရေးရှင်ရေး ကိစ္စများကို တွေ့ကြုံခံစားကာ မိမိစိတ်အခြေအနေကိုလည်း သဘောပေါက်ထားရမည်။
ဤနည်းဖြင့်သာလျှင် စိတ်စွမ်းအားနှင့် ခန္ဓာကိုယ် ခွန်အားသည် ပဲ့တင်ထပ်ကာ အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
လုရွှမ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ကို ဖြတ်သွားသည်မှာ သုံးလေးရက်သာ ရှိသေးသည်။
အခုလို လုပ်နေတာက ရူးများ ရူးသွားတာလား?
"သူ ရူးနေတာတော့ဘူးကွ... သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေတာ!"
လူတစ်ယောက်က သူ့ကိုယ်သူ ရေရွတ်နေသကဲ့သို့ ခပ်တိုးတိုးလေး သက်ပြင်းချလိုက်ပေ၏။
"ယုံကြည်မှု ရှိနေတာ? ငါကတော့ သူ့သေလမ်းသူ ရှာနေတယ်လို့ပဲ ထင်တယ်!"
လူတစ်ယောက်က လက်မခံနိုင်ဟန် ထအော်လေ၏။ ထိုလူ၏ စကားများကို ကြားပြီးနောက် တခြားလူတွေကလည်း တစ်ချိန်တည်းတွင် ခေါင်းညိတ်ကြသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄နှင့် အဆင့်၅ကြားတွင် ဝိညာဉ်စွမ်းအား၊ ရုပ်ခန္ဓာနှင့် ယွမ်ချီစသည့် ကဏ္ဍများစွာ ပါဝင်သည်။ နည်းနည်းလေး မှားသွားရင်တောင် ရူးသွားလိမ့်မည်။
နောက်ဆုံးတွင် စိတ်စွမ်းအား၊ ရုပ်ခန္ဓာ ခွန်အားနှင့် ယွမ်ချီတို့သည် အကောင်းဆုံး အသုံးချနိုင်သည့် နေရာသို့ မရောက်ရှိနိုင်ပါက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုများကို ပျက်စီးသွားစေနိုင်သည်။
ဒီကောင်ကတော့ တော်ပါပေ၏။ တခြားသူတွေနဲ့ တိုက်ခိုက်နေချိန်မှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ရဲ့ ဖိအားတွေကို အသုံးချပြီး အဆင့်တက်ဖို့ ရွေးချယ်လိုက်တယ်တဲ့။
ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ?
ပြီးတော့ ဒီလိုလုပ်ဖို့ သတ္တိရှိရအောင် သူ့မှာ ဘယ်လောက်တောင် ယုံကြည်မှု ရှိနေတာလဲ?
"သူက တကယ်ကို သူ့ကိုယ်သူ ယုံကြည်မှုရှိနေတာ! သူ လှောင်အိမ်စွမ်းအင် မစခင်ကတည်းက သူ့မျက်လုံးတွေက သံလို အေးစက်နေပြီး အန္တရာယ်ရှိတာကို စိုးရိမ်ပုံမပေါ်ဘူး.... ဒါကို သူအရင်ကတည်းက စီစဉ်ခဲ့တာ ဖြစ်နိုင်တယ်... ငါမှန်းတာသာ မှန်ရင် သူက ပြိုင်ဘက်ရဲ့လှောင်အိမ် စွမ်းအားကိုသုံးပြီး သဘာဝတရားရဲ့ နားလည်မှုဖြစ်စဉ်ကို ရှောင်ရှားဖို့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် ခွန်အားကို အတင်းအကျပ် ညှစ်ထုတ်ချင်တာပဲ ဖြစ်နိုင်တယ်!"
ပထမလူက ဆက်ပြောပြလေသည်။
ဟဲလင်နယ်ပယ်။ စိတ်စွမ်းအားနှင့် ခန္ဓာကိုယ် ခွန်အား ပေါင်းစပ်ခြင်းသည် ကျောက်တုံးများထဲမှ ရေကို ထုတ်ယူရသလိုပဲ သဘာဝနှင့် ကမ္ဘာကြီးကို နားလည်မှသာ သူသည် သူ့ကိုယ်သူ ပိုမိုကောင်းမွန်အောင် ထိန်းညှိနိုင်မည် ဖြစ်သည်။
ယခု တစ်ဖက်လူသည် ဤအဆင့်ကို ချန်လှပ်ထားကာ စိတ်ဝိညာဉ်ကို ညှစ်ရန် တစ်ဖက်သား၏ ပြင်းထန်သော စွမ်းအားကို တိုက်ရိုက် အသုံးပြုကာ မိမိကိုယ်ကို အတင်းအကြပ် ဖိအားပေးနေ၏။
ဒါဟာ ရိုးရိုးရှင်းရှင်း အစွန်းရောက်တဲ့ ရူးသွပ်မှုကြီးပင်။
မာန်မာနက အကန့်အသတ်တောင် မရှိတော့ဘူး။
ဒီလိုလုပ်ရင်း သတိမထားမိရင် သေသွားနိုင်တယ် ဆိုတာ မသိဘူးလား?
တခြားသူတွေရဲ့ အမြင်မှာတော့ ကျဉ်းမြောင်းတဲ့ လမ်းကြောင်းထဲ ဝင်သွားတဲ့အတွက် လွတ်မြောက်မှုက သူ့ရှေ့မှာ ဘာမှမရှိဘူးလို့ ထင်နေကြသည်။
"ဒီလူက အရူးပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူကတကယ့်ကို ဉာဏ်ကြီးရှင်ပဲ!"
ဖြစ်ပျက်နေတာကို နားလည်ဖို့ ကြိုးစားရင်း လူတစ်ယောက်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ဒါက သာမာန်လူတွေ လုပ်ရဲတဲ့ အရာမဟုတ်တော့ဘူး။ လုံးဝကို ရူးသွပ်နေတဲ့ လူတွေပဲ လုပ်နိုင်တာ။
ဖြတ်ကျော်ရမယ့် အန္တရာယ်ကို ဘေးဖယ်ထားပြီး သူသည် သေရေးရှင်ရေး တိုက်ပွဲကြားတွင် ရှိနေသည်ဟု ပြောရုံဖြင့် တစ်ဖက်မှ ကျန်းရှောက်ထျန်းက သူ့အား စိတ်အေးချမ်းသာစွာဖြင့် ဖြတ်ကျော်ရန် အချိန်ပေးနိုင်မယ်တဲ့လား။
"မဟုတ်ဘူး.... သူ့ကို သတ်မှဖြစ်မယ် မဟုတ်ရင် ဒီလူက ငါတို့အတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာမှာ သေချာတယ်!"
ဘုရင်ကြီး ချန်ရှုံသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့မျက်နှာမှာ အလွန်ရုပ်ဆိုးသွားလေသည်။ တစ်ဖက်က ကျောင်းသားတွေတောင် မြင်နိုင်တဲ့ ပြဿနာကို သူ ဘယ်လိုလုပ် မမြင်နိုင်ဘဲ နေပါ့မလဲ။
ဖြတ်ကျော်နိုင်ဖို့ ဒီနည်းလမ်းကို အသုံးချရဲတယ်။ ဒီလို အရည်အချင်းနဲ့ သတ္တိတွေ မွေးလာဖို့ ပိုအရေးကြီးတာက ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လပင်။
ဒီလိုလူမျိုး မသေရင်တော့ သူ့အနာဂတ်မှာ အောင်မြင်မှုတွေက အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။
ဒီနေ့သာ သူ့ကိုမသတ်ဘဲ လွတ်မြောက်ခွင့် ပေးလိုက်ရင် အနာဂတ်မှာ ဆိုးရွားတဲ့ အရာတွေကို တွေ့ကြုံလာရပြီး ပေရွှီး တော်ဝင်အင်ပါယာ တစ်ခုလုံးလည်း လုံးဝ ပျက်စီးသွားလိမ့်မည်။
"အခု လှုပ်ရှားတော့မှာလား?"
ချူဝမ့်ရှန်းက လက်သီးတွေကို ဆုပ်ထားပြီး မနေနိုင်စွာ မေးလိုက်သည်။
"အရင်ဆုံး မလောနဲ့ဦး သူ့ကို ချောချောမွေ့မွေ့ ဖြတ်ကျော်ခွင့် မပေးပါဘူး.... သူ ဒဏ်ရာရသွားရင် ဝိညာဥ်သားရဲ ပေါ်လာမှာ သေချာတယ်!"
ဘုရင်ကြီး ချန်ရှုံ သူ့လက်ကို ကာပြရင်း အလောတကြီး မလုပ်ဖို့ ပြောလိုက်သည်။
"ကောင်းပြီ!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ခေါင်းညိတ်လိုက်ပြီး စကားရပ်လိုက်ကာ နှစ်ယောက်သား ငြိမ်သွားပြန်သည်။
"ဟူး... နာမည်ကြီးတာကလည်း အသုံးမဝင်ဘူး တကယ့်ငတုံးပဲ!"
ချူဝမ့်ရှန်းရဲ့ လုပ်ရပ်ကို မြင်လိုက်ရတော့ ကျောင်းအုပ်ကြီး ဟောင်ယန်ကလည်း မကူညီနိုင်ဘဲ ခေါင်းသာခါလိုက်ရသည်။
သူတို့ရဲ့ နန်ဟိုင် တော်ဝင်အင်ပါယာက ယင်းယန်ကျောင်းတော်ကို လုရွှမ်က ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပြီး ကျောင်းသားတွေနဲ့ ဆရာတွေ အများကြီး သေဆုံးခဲ့ရသည်။ လက်စားမချေရပါက သူတို့ကျောင်းကို လှောင်ပြောင်ကြလိမ့်မည်။
ချူဝမ့်ရှန်းကတော့ မတူချေ။ ထိုသို့သော ပါရမီရှင်အတွက် မိမိမျက်နှာကို ခဏဘေးဖယ်ထားလိုက်လို့ အနာဂတ်မှာ အကန့်အသတ် မရှိတဲ့ အောင်မြင်တွေ ရရှိလာရင် ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲ။
ကျောင်းအုပ်ကြီး အနေနဲ့ ပေရွှီးက ယင်းယန်ကျောင်းကို ရာထူးတိုးလာမယ့် ကိစ္စကို လွှတ်ထားလိုက်ပြီး ကိုယ့်သိက္ခာအတွက်ကိုပဲ တွေးနေတာ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ။
ချူဝမ့်ရှန်းရဲ့ ရည်ရွယ်ချက်က လုရွှမ်ကိုသတ်ဖို့ ဖြစ်သော်လည်း သူကတော့ လုရွှမ်ကို သူ့စိတ်နှလုံး အောက်မှ စိုက်ကြည့်နေမိသည်။
ကိုယ့်ကျောင်းတော်က အံ့ဖွယ်ပါရမီရှင် တစ်ယောက်ကို မကာကွယ်ထားဘဲ တခြားသူတွေနဲ့ ပူးပေါင်းပြီးတောင် သတ်ဖို့ ကြိုးစားနေတယ်တဲ့။ ကမ္ဘာပေါ်မှာ ဘာကြောင့် ဒီလို မိုက်မဲတဲ့ လူမိုက်တွေလည်း ရှိနေပါလိမ့်။
"ဒီပါရမီရှင်က ငါတို့ ရှောင်းမိသားစုက မဟုတ်တာ နှမြောစရာပဲ!"
တစ်ဖက်မှ ရှောင်းယွမ့်ထျန်းသည်လည်း ခံစားချက် တစ်ခုဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
သူတို့ရဲ့ ရှောင်းမိသားစုကို နိုင်ငံအတွင်း လူသိများသော မိသားစုကြီး တစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ကံမကောင်းစွာပဲ ရှောင်းချင်ထျန်းမှ လွဲ၍ မျိုးဆက်ဆက်များထဲမှ ဘယ်သူမှ ထူးချွန်ခြင်း မရှိလာခဲ့ပေ။
သူတို့မိသားစုတွင် ထိုသို့သော ပါရမီရှင်တစ်ယောက် ပေါ်လာလျှင် ၎င်းတို့သည် သေချာစွာ ကာကွယ်ပြီး ပြုစုပျိုးထောင် ပေးမည်သာ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ၎င်းသည် ရန်လိုသောဆက်ဆံရေးတစ်ခုသာ ဖြစ်လာခဲ့၏။ ဒါကြောင့် တစ်ဖက်က ပျိုးပင်လေး အညွန့် မထွက်လာခင် ကြီးထွားခွင့်မပေးတာ အကောင်းဆုံးပင်။
မဟုတ်ရင် ရှောင်းမိသားစု တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
လုရွှမ်ကတော့ လူတိုင်း ဘာတွေတွေးနေလဲ ဆိုတာကို တွေးကြည့်ဖို့ အချိန်မရှိခဲ့ပါဘူး။ ဒီအခိုက်အတန့်မှာတော့ သူဟာ ပျော့ပျောင်းတဲ့ရေတွေလို လှောင်အိမ်ထဲမှာ ပိတ်မိနေပြီး လေနဲ့မိုးခြိမ်းသံလို စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ လှုပ်လှုပ်ရွရွ လှုပ်ရှားနေရာ သူ့ရဲ့ပြင်းထန်တဲ့ စွမ်းအားတွေက ပေါက်ကွဲတော့မယ့်ပုံ ပေါ်နေ၏။
ယခင်ကျောင်းသား ပြောခဲ့သည့်အတိုင်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စတုတ္ထအဆင့်ကို ဖြတ်ကျော်ခြင်းသည် အလွန်ဒုက္ခများပြီး သတိမထားပါက ပျက်စီးသွားမည် ဖြစ်သည်။
ပျော့ပျောင်းသော ရေကဲ့သို့ လှောင်အိမ်စွမ်းအင် လမ်းကြောင်းသည် သာမာန်အားဖြင့် ခွန်အားတိုးလာခြင်း၏ အန္တရာယ်ကို ရှောင်ရှားနိုင်သော်လည်း တိုးတက်မှုမှာ အလွန်အကန့်အသတ် ရှိကြောင်း သိပါသည်။ ထိုနည်းလမ်းသည် အစွန်းရောက်ပုံ ပေါက်သော်လည်း အောင်မြင်သည်နှင့်အမျှ အကျိုးကျေးဇူးများလည်း ကြီးမားလိမ့်မည်။
ဆင်သံချပ် ရွှေကိုယ်ထည် အဆင့်၄ အကြီးစား အောင်မြင်မှုအဆင့်ကို ရောက်နေပြီ။ ဒီတစ်ကြိမ် မထိုးဖောက်နိုင်ရင် နောက်၁၀နှစ် အနှစ်၁၀၀ အတွင်း နောက်ထပ် ထိုးဖောက်အောင်မြင်ရန် ခက်ခဲသွားပေမည်။
ဤနည်းလမ်းကို သူ့အနေဖြင့် လက်တွေ့ လေ့လာခဲ့ခြင်း မရှိသော်လည်း ယခင်ဘဝရှိ ရွှမ်ချင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးမှ မှတ်တမ်းတင်ထားခဲ့ဖူးသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ သေချာစွာ စဉ်းစားပြီး နောက်တွင် ပြဿနာ ကြီးကြီးမားမားမရှိသည်ကို တွေ့ရှိသောကြောင့် အသုံးပြုခဲ့သည်။
မဟုတ်ရင်တော့ သူဟာ အရူးဧကရာဇ် ဖြစ်နေရင်တောင် မိမိသေရမယ့် လမ်းကြောင်းအတွက် အလျင်စလို ပြေးဝင်နေမှာ မဟုတ်ချေ။