အရှက်မရှိကြသူများ
Vol. 32 Ch. 3.220
ပြိုင်ပွဲစင်မြင့်၏ အဝေးတစ်နေရာ၌ ဟန်ရောင်၊ မုယန်ဖုန်းနှင့် အခြားသူများသည် စင်မြင့်ပေါ်က အဖြစ်အပျက်တွေကို ကြည့်ဖို့ ထောင့်တစ်နေရာတွင် ရပ်နေကြ၏။
"သွားပြီ... သခင်လေး မှန်းထားတဲ့ အတိုင်း သူတို့က တကယ်လှုပ်ရှားချင်နေတာပဲ!"
ချူဝမ့်ရှန်း နှင့် အခြားသူများ ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရသောအခါ မုယန်ဖုန်းရဲ့ မျက်နှာမှာ ရုပ်ဆိုးလာတော့သည်။
အစပိုင်းမှာတော့ သခင်လေးက တစ်ဖက်လူတွေက ဒီအခွင့်အရေးကို လက်လွှတ်မခံဘူးလို့ ပြောခဲ့ပေမယ့် သူမယုံသေးဘူး။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ တစ်ဖက်လူက အဆင်သင့်ဖြစ်ရုံ မကဘဲ ကူညီပေးသူကိုလည်း ရှာတွေ့သွားပုံရလေ၏။
"ဘာလုပ်မလဲ? အဲဒီလူတွေက ခွန်အား မနည်းဘူး... သခင်လေး အန္တရာယ်ဖြစ်မှာကို ကြောက်ရတယ်"
ကြည့်ရှုပြီးနောက် မုယန်ဖုန်းမှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
သူသည် လုံလုံလောက်လောက် မကျင့်ကြံထားနိုင်လို့ ရှောင်းယွမ်ထျန်းနဲ့ ကျောင်းအုပ်ကြီး ဟောင်ယန်တို့ရဲ့ ကျင့်ကြံမှု ခွန်အားကို မမြင်နိုင်သော်လည်း ချူဝမ့်ရှန်းနဲ့ ဘုရင်မင်းမြတ် ချန်ရှုံတို့ပါ ရှိနေမှတော့ ဘယ်လိုလုပ် ရိုးရှင်းပါတော့မလဲ။
"သူတို့ထဲက အတော်များများက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ပြီးပြည့်စုံခြင်း ကာလက လူတွေ... တချို့ဆို အင်ပါယာရဲ့ အင်အားကြီးစာရင်းမှာပါ အဆင့်သတ်မှတ် ခံထားရသူတွေပဲ"
တစ်ဖက်မှ မော့ကောင်းရွှမ်းကလည်း ပြောသည်။
မုယန်ဖုန်း မမြင်နိုင်သော်လည်း အဆင့်၉ နယ်ပယ်က လူတစ်ယောက် အနေနဲ့ တစ်ဖက်လူရဲ့ ခွန်အားနဲ့ နာမည်ကိုပင် ပြောနိုင်လေ၏။
"အင်အားကြီး ထိပ်သီးစာရင်းထဲက အားကောင်းတဲ့ လူတွေတဲ့လား?"
မုယန်ဖုန်းနှင့် ဟန်ရောင်တို့ တစ်ယောက်ကို တစ်ယောက် တစ်ချက်စီ ကြည့်လိုက်ပြီး သူတို့မျက်လုံးထဲမှာ ထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။
ကျေးဇူးပြုပြီး အကြီးအကဲ ထွက်လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်!"
"ငါလှုပ်ရှားရမယ်? သခင်လေး မသွားခင်က ပြောခဲ့တာကို မင်းမေ့သွားပြီလား"
မော့ကောင်းရွှမ်းမှာ သက်ပြင်း အသာခါချရင်း ခေါင်းခါယမ်းလိုက်သည်။
သခင်လေးသည် သူတို့အား လုံးဝ ပါဝင်ခွင့် မပြုခဲ့ပေ။ သူတို့သည် စိုးရိမ်သောကများနှင့် တိုက်ပွဲကို စောင့်ကြည့်ရန် လာခဲ့ကြသူများ ဖြစ်သည်။ သူတို့ကိုသာ သခင်လေး တွေ့သွားပါက သေချာပေါက် အရိုက်ခံရမည် ဖြစ်သည်။
"ဒါပေမဲ့..."
မုယန်ဖုန်းနှင့် ဟန်ရောင်တို့မှာ အနည်းငယ် စိုးရိမ်နေမိဆဲပင်။
"စိတ်မပူပါနဲ့... ငါ သခင်လေးနဲ့ တွေ့တာမကြာသေးပေမယ့် သူက မဆင်မခြင် လုပ်တတ်တဲ့ လူမဟုတ်ဘူး ဆိုတာ သိတယ်.... တစ်ဖက်ဖက်က လှုပ်ရှားဖို့ မျှော်လင့်ထားတယ် ဆိုကတည်းက သူ့မှာ ယုံကြည်မှု အပြည့်ရှိရမယ်!"
မော့ကောင်းရွှမ်းသည် လူငယ်၏ တည်ငြိမ်သော မျက်နှာကို မြင်ယောင်ကြည့်ရင်း သူ့နှလုံးသားထဲတွင် နက်နဲသော ခံစားချက်ကို ခံစားလိုက်ရသည်။
ကြီးကျယ်ခမ်းနားတဲ့ အဆင့်၉ ကျင့်ကြံသူဖြစ်တဲ့ သူတောင်မှ ကြောက်လန့်နေရတာ။ သခင်လေးမှာ ဝှက်ဖဲ မရှိဘူးလို့ ပြောရင်တော့ အသေသတ်ရင်တောင် ယုံမှာ မဟုတ်တော့ဘူး။
"သခင်လေးကိုပဲ ယုံကြည်ထားရတော့မယ်!"
သခင်လေး၏ အဆုံးမဲ့ လှည့်ကွက်များကို တွေးတောရင်း မုယန်ဖုန်းသည် သူ၏ယုံကြည်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
ချိုင့်ဝှမ်းထဲမှာ ပိတ်မိနေတဲ့ အချိန်တုန်းကတောင် သခင်လေးဟာ သေချာပေါက် သေလိမ့်မယ်လို့ လူတိုင်းက ထင်ခဲ့ကြပေမယ့် ဒဏ်ရာလုံးဝမရဘဲ သူ့ကို လိုက်ဖမ်းတဲ့သူတွေသာ သုတ်သင်ရှင်းလင်း ပစ်သွားခဲ့သည်။
တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့၏။
"ကျောင်းအုပ်ချူက ဘယ်လိုလုပ် ဒီကိုရောက်ချလာတာလဲ? ပြီးတော့ ဘုရင်မင်းမြတ် ချန်ရှုံရောပဲ!"
"ဒါတွေက ဘယ်သူတွေလဲ? ကြည့်ရတာ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မနိမ့်လောက်ဘူး!"
"အဲဒီလူတွေက တခြား တော်ဝင်အင်ပါယာတွေက လာတဲ့လူတွေလို့ ငါကြားတယ်!"
"ဒါ လုရွှမ်နဲ့ စီနီယာ ကျန်းရှောက်ထျန်း တို့ရဲ့ တရားမျှတတဲ့ ပြိုင်ဆိုင်မှု မဟုတ်ဘူးလား? သူတို့ ဘာလုပ်ဖို့ အပြေးအလွှား လာနေကြတာလဲ?"
"တရားမျှတတဲ့ ပြိုင်ဆိုင်မှု? မင်းမသိသေးဘူးလား? လုရွှမ်က သူ့ရဲ့ ဝိညာဥ်သားရဲနဲ့ ကျောင်းအုပ်ချူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားခဲ့တာလို့ ကြားတယ်... သူက လက်စားချေချင်လို့ လုရွှမ်ကို သတ်ဖို့ ကြံနေတာပေါ့ကွ"
"ဘာ? သတ်မယ်? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူလည်းဖြစ် ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်လည်း ဖြစ်တဲ့လူက ကျောင်းသားလေး တစ်ယောက်ကို သတ်မယ်?? ပြီးတော့ တခြားသူတွေနဲ့ပါ ပူးပေါင်းလိုက်တာလား?"
"ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ!"
ပြိုင်ပွဲစင်မြင့် အောက်တွင် စိတ်လှုပ်ရှားစွာ ကြည့်ရှုခဲ့ကြသော ကျောင်းသား အများအပြားမှာ ဒေါသတကြီး ဆွေးနွေးလာကြတော့သည်။
တရားမျှတသော ပြိုင်ပွဲဟု ခေါ်တွင်သော တိုက်ပွဲကို ကြည့်ရှုရန်သာ လာခဲ့ကြသည်။ ရလဒ်ကတော့ ကျန်းရှောက်ထျန်းက ဤနေရာတွင် ပြိုင်ဘက်ကို အနိုင်မယူနိုင်ဘဲ ကျောင်းအုပ်ချူပါ ပေါ်လာခဲ့သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူတွေကလည်း ကျောင်းသားငယ်ကို ဝိုင်းရံထားကြသေး၏။
ကျင့်ကြံသူများ အနေဖြင့် ၎င်းတို့သည် မျှတသော တိုက်ပွဲကို မကန့်ကွက်ကြသော်လည်း ထိုမျှလောက် အားကြီးသော လူများစွာသည် လူငယ်တစ်ဦးကို သတ်ဖြတ်ရန် ရုတ်ချည်းဆိုသလို ပေါ်လာကြသည်ကို တွေ့ချင်ကြမည် မဟုတ်ပေ။
"ကျိန်ဆဲတာက ဘာအသုံးဝင်မှာလဲ? မင်းတက်ပြီး ကူညီချင်သေးလို့လား..."
"ငါ"
လူအုပ်ထဲက ဘယ်သူက အော်လိုက်ဟစ်မှန်းမသိ ဖြောင့်မတ်တဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေအားလုံး ရှက်ရွံ့သွားကြသည်။
သူတို့အထဲမှာ အသန်မာဆုံးက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ မှာသာ ရှိပါသည်။ စင်မြင့်ပေါ်က လူတိုင်းနဲ့ ယှဉ်ရင် ကွာဟချက်က တကယ့်ကို ကြီးမားလွန်းလှသည်။
တက်သွားပြီး ကူညီဖို့ မပြောနဲ့ စင်မြင့်ပေါ် မရောက်ခင် အသတ်ခံလိုက်ရမှာ သေချာလေ၏။
"စီနီယာ လုရွှမ် ခံနိုင်ရည် ရှိမယ်လို့ မျှော်လင့်ရမှာပဲ!"
လူငယ်တစ်ဦးက စိတ်မကောင်းစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
"ခံနိုင်ရည် ဟုတ်လား? ဒီလောက်အဆင့်မြင့်တဲ့ လူတွေ အများကြီး ဝိုင်းရံထားတာကို ဘယ်လိုလုပ် တောင့်ခံနိုင်တော့မှာလဲ?"
"ဟူး... အံ့ဖွယ် ပါရမီရှင် မျိုးဆက်တစ်ခုကတော့ ဒီအတိုင်း သေသွားရတော့မယ့်ပုံပဲ!"
လုရွှမ်အတွက်တော့ ဒီကျောင်းသားတွေဟာ ချစ်ခင်ကြင်နာမှု သိပ်မရှိပေမယ့် သူတို့အားလုံးနီးပါးဟာ လုရွှမ်အကြောင်း ပုံပြင်တွေကို ကြားသိခဲ့ကြပြီး သူတို့ရဲ့ နှလုံးသားထဲမှာတော့ လေးစားမှု များစွာရှိနေဆဲ ဖြစ်သည်။
လူတိုင်းအတွက် အထင်ကြီး လေးစားရသော ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ဟာ တစ်လျှောက်လုံး တန်ပြန် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ အတွင်းစည်း တပည့်တွေရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်တဲ့ ကျန်းရှောက်ထျန်းကတောင် မယှဉ်နိုင်ခဲ့ချေ။
ဒီအချက်က ကျောင်းသား အားလုံးရဲ့ နှလုံးသားထဲမှာ နေရာယူထားပြီးလေပြီ။ ဒီအချိန်မှာ သူတို့လေးစားရတဲ့ လူက သေရတော့မှာကို မြင်တော့ စိတ်မသက်မသာ ဖြစ်မနေဘူးလို့ ပြောရင် မုသားစကားသာ ဖြစ်သွားလိမ့်မယ်။
"လုရွှမ်... မင်းရဲ့ ဝိညာဥ်သားရဲကို ထုတ်ပေးလိုက်.... မဟုတ်ရင် မင်းမှာ နောက်ထပ်အခွင့်အရေး ဘယ်တော့မှ ရှိနိုင်မှာ မဟုတ်တော့ဘူး!"
ပြိုင်ပွဲစင်မြင့်ပေါ်၌ ချူဝမ့်ရှန်း ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်က စကားသံများကို ဂရုမစိုက်ဘဲ လုရွှမ်အား စိုက်ကြည့်နေသည်။
"အိုး... ငါ့ကိုသတ်ဖို့အတွက် လုံလောက်တဲ့ လူအင်အားကို ပြင်ဆင်ထားပြီးပြီ မဟုတ်ဘူးလား!"
တစ်ဖက်လူရဲ့ မေးခွန်းကို မဖြေဘဲ လုရွှမ် သူ့မျက်ခွံများကို ပင့်မြှောက်လျက် ရှောင်းယွမ်ထျန်း နှင့် အခြားလူများကို ကြည့်လိုက်သည်။
ဤလူများမှာ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်နှင့် ရှောင်းမိသားမှ ထိပ်တန်းသခင်များ ဖြစ်သည်။ ၎င်းတို့ထဲမှာ ရှစ်ယောက်သာ ရှိသော်လည်း ကျင့်ကြံမှုအဆင့်က ချူဝမ့်ရှန်းနှင့် သိပ်မကွာပေ။
ကျောင်းတော်မှ အကြီးအကဲများစွာ၏ ပြီးပြည့်စုံသော စည်းလုံးမှုနှင့်အတူ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈များသည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးရှိ လေသည် လုံးဝအေးခဲသွားစေ၏။
"လုရွှမ်.... မင်းက ငါတို့မိသားစု ခေါင်းဆောင်ကို သတ်ပြီး ငါတို့ ရှောင်းမိသားစုက လူပေါင်းများစွာကို သတ်ပစ်လိုက်တယ်.... ဒီနေ့က မင်းရဲ့ သေနေ့ပဲ!"
ရှောင်းယွမ်ထျန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ရှောင်းမိသားစု?? ရှောင်းချင်ထျန်းရဲ့ မိသားစုလား?"
လုရွှမ် ဘာမှမထူးခြားသလို ပြန်ကြည့်နေသည်။
"ရှောင်းချင်ထျန်းလည်း အဲဒီတုန်းက ဒီလိုပဲပြောခဲ့တယ်... ဒါပေမဲ့ အဆုံးမှာ သူသေသွားတယ်!"
"မင်း မာနကြီးနေဖို့ မလိုဘူး... ချိုင့်ဝှမ်းထဲက အကြောင်းကို ငါတို့ကြားဖူးပြီးသား... မင်းတည်နေရာရဲ့ အနေအထားကိုပဲ အားကိုးတတ်တာလေ... ဒါက ယင်းယန်ကျောင်းတော်ပဲ.. မင်းဆင်လို့ရတဲ့ ထောင်ချောက်တွေ မရှိဘူး။ အခု မင်းရဲ့ ဝိညာဥ်သားရဲကို ခေါ်ထုတ်လိုက်... မဟုတ်ရင်တော့ သေဖို့ပဲ စောင့်နေလိုက်တော့!"
ကျောင်းအုပ်ကြီး ဟောင်ယန်လည်း အေးစက်စွာ ပြုံးလိုက်သည်။
"မင်းက ဘယ်ကလာတဲ့ လူလဲ!"
လုရွှမ်က သူ့မျက်တောင်တွေကို တစ်ချက်ပင့်၍ ကြည့်လိုက်ပြီး
"ငါ လုရွှမ်က အမည်မသိတဲ့ လူကို မသတ်ဘူး!"
"မင်း"
ဂုဏ်သိက္ခာရှိသော ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ကြီးမှာ ယခုလို အပြောခံလိုက်ရတဲ့အခါ ဟောင်ယန်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းလာ၏။
"ငါက နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်က ကျောင်းအုပ်ကြီး ဟောင်ယန်ပဲ!! မင်းငါတို့ကျောင်းက အကြီးအကဲ လျိုယွင်ထန်းနဲ့ ထူးချွန်တဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို သတ်ပစ်ခဲ့တယ်... ဒီရန်ငြိုးတွေက လုံးဝ မဖြေရှင်းလို့ မဖြစ်ဘူး!"
"နန်ဟိုင်တော်ဝင် အင်ပါယာက ကျောင်းအုပ်ကြီးလား?"
လုရွှမ်က ခေါင်းခါလိုက်ပြီး
"မင်းငါ့ကို ပြဿနာ လာမရှာရင် ငါလည်းမင်းကိုရှာဖို့ စိတ်၀င်စားမှာ မဟုတ်ဘူး.... အနည်းဆုံးတော့ အသက်ပိုရှည် နိုင်သေးတာပေါ့ ကံမကောင်းချင်တော့ မင်းက သေချင်နေတာကိုး... ငါ့ကို အပြစ်မတင်နဲ့တော့!"
"ဒီမှာ ဖြီးဖြန်းတာကို ရပ်လိုက်တော့!! မင်းရဲ့ ပင်ကိုယ်စွမ်းရည်က ကောင်းပါတယ်... မင်းရဲ့ ဝိညာဉ်စွမ်းအားက ကြောက်စရာ ကောင်းတဲ့အတွက် မင်းကို ငါလေးစားမိတာတော့ အမှန်ပဲ... မင်းကို နှစ်အနည်းငယ်လောက် အသက်ရှင်ခွင့် ပေးလိုက်ရင် ငါတို့ တကယ်ကို မယှဉ်နိုင်လောက်တော့ဘူးလေ.... သနားစရာပဲ ငါတို့ မင်းကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး"
ရှောင်းယွမ်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး
"ကောင်းပြီ.... သူနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ရပ်လိုက်ပြီး သူ့ကို အတူတူ သတ်လိုက်ရအောင်... သူသေသွားသရွေ့ ဝိညာဥ်သားရဲ ရောက်လာရင်တောင် အရမ်းနောက်ကျသွားပြီ!"
"ကောင်းပြီ!"
"စလိုက်တော့!"
ရှောင်းယွမ်ထျန်းရဲ့ စကားကို ကြားတော့ ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် အခြားသူများ သည် တစ်ချိန်တည်းတွင် ရှေ့သို့ ခြေတစ်လှမ်း တိုးလာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့် (၈) ပြီးပြည့်စုံသော ကာလရှိ ကျင့်ကြံသူများ တစ်ချိန်တည်းတွင် ၎င်းတို့၏ ဝိညာဥ်ချီကို ထုတ်လွှတ်ခဲ့ပြီး ယင်းယန်ကျောင်းတော် တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းသော လေထုထဲဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။