ထပ်ခါထပ်ခါ သတ်ပြီ
Vol. 32 Ch. 3.222
"ဒါက သခင်လေးရဲ့ ဝှက်ဖဲလား? ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို လက်ဝါးတစ်ဖက်တည်းနဲ့ ထိန်းချုပ်နေတာလား?"
အခင်းအကျင်း ဖွဲ့စည်းမှုမှ အလင်းတန်းများဖြင့် လုရွှမ် ကျန်းရှောက်ထျန်းကို အလွယ်တကူ ခေါင်းဖြတ်သတ်တာကို မြင်လိုက်ရသော် မော့ကောင်းရွှမ်း၏ သူအိမ်ငယ်များ ကျုံ့သွားခဲ့သည်။
သခင်လေးတစ်ယောက် ယုံကြည်မှု လွန်ကဲနေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်နိုင်တယ် ဆိုတာ ကျောင်းတော်ကြီး တစ်ခုလုံးရဲ့ ဘဝတံခါးကို ထိန်းချုပ်ထားသလိုပဲလေ။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူ မပြောနဲ့ သူ့လိုလူတောင် ပြေးချင်တိုင်း ပြေးလို့မလွတ်မှာ ကြောက်ရသည်။
"ကံကောင်းလို့ ငါက တစ္ဆေအစောင့်ရဲ့ ကတိကို နာခံပြီး သစ္စာရှိခဲ့လို့ပေါ့.... မဟုတ်ရင် အရင်ကတည်းက အသတ်ခံလိုက်ရမှာတောင် ကြောက်မိတယ်"
ထိုအချက်ကို တွေးကြည့်ပြီး နောက်မှာတော့ သူ့ကျောပြင်ကနေ အေးစက်တဲ့ ချွေးတွေ ထွက်ကျလာတော့သည်။
တစ္ဆေအစောင့် အဖွဲ့မှာ ပါဝင်ခဲ့တဲ့ အချိန်တုန်းက သူဟာ သစ္စာရှိပါမည့်အကြောင်း ကျိန်ဆိုခဲ့သည်။ ဒါပေမဲ့ လုရွှမ်ရဲ့ ကျင့်ကြံမှုက နိမ့်လွန်းပြီး အသက်ကလည်း ငယ်ရွယ်နေတာကို မြင်တဲ့အခါ သူ့သခင်လေးအဖြစ် ဂါဝရပြုဖို့ အနည်းငယ် တွန့်ဆုတ်နေခဲ့သေးသည်။
အခုတော့ သူတော်တော်လေး ကံကောင်းသွားပြီ။ ဒီလူငယ်လေးကိုသာ စော်ကားမိရင် ကာကွယ်ရေး အခင်းအကျင်းထဲက လူတွေထဲမှာ သူလည်း ပါဝင်မိသွားနိုင်၏။
"တစ္ဆေအစောင့်တွေကို အမိန့်ပေးနိုင်တဲ့ သခင်လေး ဆိုတဲ့အတိုင်းပဲ... သူ့ရဲ့ နည်းလမ်းတွေနဲ့ အရည်အချင်းတွေက ငါထင်ထားတာထက်ကို ကျော်လွန်သွားပြီ.... မုယန်ဖုန်း ပြောသလို အနာဂတ်မှာ သူ့အပေါ် သစ္စာရှိရမယ်"
မော့ကောင်းရွှမ်း သူ့စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
တစ်ဖက်လူရဲ့ အင်အားက သူ့လောက် မမြင့်တော့ရော ဘာဖြစ်လဲ? သူ့မှာ လှည့်ကွက်တွေ ဝှက်ဖဲတွေ ဒီလောက်များနေတာ သူတကယ် ခုခံရဲတယ်ဆိုရင် မကြာခင်မှာပဲ ခေါင်းဖြတ်ခံလိုက်ရလိမ့်မယ်။
ပြီးပြည့်စုံတဲ့ သစ္စာရှိမှုကသာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သည်။
"ကျုပ်သိပြီ"
တစ်ယောက်တည်း အတွေးတွေနဲ့ ရှုပ်ယှက်ခတ်နေချိန်မှာပဲ တစ်ဖက်က မုယန်ဖုန်းက ရုတ်တရက် စကားစလိုက်တော့သည်။
"ဘာသိတာလဲ?"
မော့ကောင်းရွှမ်း နှင့် ဟန်ရောင်တို့ တစ်ချိန်တည်း လှည့်ကြည့်လိုက်ကြသည်။
"သခင်လေး ဒီကာကွယ်ရေး အခင်းအကျင်းကို ဘာဖြစ်လို့ လက်ဝါးတစ်ဖက်တည်းနဲ့ ထိန်းချုပ်နိုင်တယ် ဆိုတာလေ"
မုယန်ဖုန်းက ဆိုလိုက်သည်။
"အိုး?"
နှစ်ယောက်သားမှာ မယုံသင်္ကာဖြင့်။
ဒီရက်တွေထဲမှာ သူတို့သည် သခင်လေးနဲ့ အတူ မရှိခဲ့သော်လည်း သခင်လေး ယင်းယန်ကျောင်းတော်ထဲ ဝင်သွားပြီးနောက်ပိုင်း သတင်းတွေကိုတော့ ကြားနေရသေးသည်။
ရှန့်ခုန်းချိုင့်ဝှမ်းက ပြန်လာပြီးနောက် ယင်းယန်ရေကန်ထဲကို ဝင်ရောက်လေ့ကျင့်သလို ပြန်ထွက်လာတော့လည်း ဆက်ပြီး လေ့ကျင့်နေ၏။ ယင်းယန်ကျောင်းမှာ ဒီလို အခင်းအကျင်းကြီး ရှိနေတာကို ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။
"ကျုပ်တို့ ဒီကျောင်းတော့ စရောက်တော့ သခင်လေးက ကျုပ်ကိုခေါ်ပြီး ရက်အတော်ကြာအောင် တစ်ကျောင်းလုံးကို လျှောက်သွားနေခဲ့ဖူးတယ်... တစ်နေရာကို မရောက်ခင်မှာ ခဏရပ်ပြီး တစ်ခုခုကို လေ့လာနေခဲ့သလိုပဲ ကျုပ်က ဒီအတိုင်း သခင်လေး တစ်ခုခုကို လေ့လာနေတယ်လို့ပဲ ထင်ခဲ့တာ... အခုစဥ်းစားကြည့်တော့ ဒီအခင်းအကျင်းကြီးကို ထိန်းချုပ်ဖို့ နည်းလမ်း ရှာနေခဲ့တာ ဖြစ်နိုင်တယ်"
မုယန်ဖုန်းမှာ ပြန်စဥ်းစားရင်း ရှင်းပြလိုက်သည်။
ယင်းယန်ကျောင်းတော်ကို စတင် ဝင်ရောက်တုန်းက လုရွှမ်က သူ့ကိုခေါ်ပြီး နေရာများစွာကို လှည့်ပတ် သွားလာခဲ့ဖူးသည်။ အဲဒီအချိန်က သူဘာမှ မသိခဲ့သော်လည်း သခင်လေးကတော့ ဒီနေ့အတွက် အစီအစဥ်တွေကို တွက်ချက်ထားခဲ့ပုံ ရသည်။
"ဒါ..."
ဒါကိုကြားတော့ ဟန်ရောင်နဲ့ မော့ကောင်းရွှမ်းတို့မှာ ပိုလို့တောင် အံ့သြသွားတော့သည်။
ရောက်လာတာနဲ့ ကြိုပြီးပြင်ဆင် ထားလိုက်တယ်ပေါ့။ သခင်လေးရဲ့ တွက်ချက်ထားနိုင်တဲ့ အရည်အချင်းကလည်း ကြောက်စရာ ကောင်းလွန်းနေပြီ မဟုတ်ဘူးလား။
သူတို့ဖက်မှာ ဆွေးနွေးနေကြစဥ် စင်မြင့်ဖက်မှာလည်း တိုက်ပွဲက ပြန်လည် စတင်နေပြီ။
ချူဝမ့်ရှန်းနှင့် အခြားသူများ ပူးပေါင်းဖွဲ့စည်းထားသော တိုက်ခိုက်မှုကို လုရွှမ်သည် သူ့ထံကို မရောက်လာမီတွင် လက်ဝါးတစ်ချက်ဖြင့် တားဆီးထားလိုက်သည်။
ကာကွယ်ရေး အခင်းအကျင်းရဲ့ အကူအညီနဲ့ သူဟာ ယခုအချိန်တွင် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးနှင့် တူနေပြီ။
ယင်းယန်ကျောင်းတော်၏ ကာကွယ်ရေး အခင်းအကျင်းကို သူတော်စင်တစ်ပိုင်း ပညာရှင်က ရေးဆွဲပေးခဲ့ခြင်းသည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် သူတော်စင်တစ်ပိုင်းတွေပင် ပြေးမလွတ်နိုင်ရာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈လောက်က စကားထဲပင် ထည့်ပြောစရာ မလိုတော့ချေ။
ဤမျှကြီးမားသော စွမ်းအားကြီးကို အခြားသူတစ်ဦးမှ ရုတ်တရက် ထိန်းမနိုင်တော့သော်လည်း လုရွှမ်ကတော့ မတူချေ။ သူ၏ယခင်ဘဝတွင် သူတော်စင် နယ်ပယ်များကို ဘယ်လောက်တောင် သတ်ခဲ့လဲပင် မမှတ်မိတော့ပေ။
သူတော်စင်တစ်ပိုင်းက ချန်ခဲ့တဲ့ အခင်းအကျင်းလောက်ကတော့ လွယ်လွယ်ကလေးပင်။
"မဖြစ်နိုင်ဘူး!"
ချူဝမ့်ရှန်း နှင့် အခြားသူများ၏ မျက်နှာများမှာ ဖြူဖျော့နေကြပြီ။ သူတို့လူတွေ အများကြီး ပူးပေါင်းထားတာတောင် တစ်ဖက်လူက လွယ်လွယ်လေးပဲ ပိတ်ဆို့ထားလိုက်တယ်။
"ဘာမှ မဖြစ်နိုင်တာ မရှိဘူး... မင်းငါ့ကိုသတ်ချင်တယ် ဆိုမှတော့ အဆုံးသတ်ကို ကြိုတွေးထားရမှာပေါ့!"
လုရွှမ်၏လေသံသည် ညင်သာ တည်ငြိမ်သော်ငြား သူ့လက်ဝါးက ထိန်းချုပ်ထားတဲ့ ဓားကြီးကတော့ ချူဝမ့်ရှန်းကို ထိုးဖောက်ဖို့ ပြေးသွားပြီ။
"မဟုတ်ဘူး... မင်းငါ့ကိုသတ်လို့ မရဘူး မင်းငါ့ကိုသတ်ရင် ယင်းယန်ကျောင်းတော် ဌာနချုပ်က တစ်ယောက်ယောက်ကို သေချာ စုံစမ်းဖို့ လွှတ်လိုက်မှာ....မင်းလည်း သေဘေးက လွတ်မှာ မဟုတ်ဘူး"
ဧရာမဓားကြီး ပြေးလာတာကို မြင်တဲ့အခါ ချူဝမ့်ရှန်းက ကျယ်လောင်စွာ ဟောက်လိုက်လေသည်။
ဒီလိုအဆင့်ထိ ရောက်အောင် နှစ်ပေါင်း ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရလဲတောင် မသိတော့ဘူး။ ဒီအတိုင်းတော့ သူမသေသွားချင်ဘူး။
"ငါ မင်းကို အခွင့်အရေး ပေးပြီးပြီ... ဒါပေမဲ့ ကံမကောင်းတာက မင်းအဲဒါကို ဘယ်လို တန်ဖိုးထားရမှန်း မသိတာပဲ!"
လုရွှမ်က ခေါင်းယမ်းပြီး သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပေသည်။
ဗုန်း!
ကျယ်လောင်သော အသံနှင့်အတူ ချူဝမ့်ရှန်းမှာ အလယ်မှ နှစ်ခြမ်း ကွဲထွက်သွားပြီး ချက်ချင်း အသက်ချုပ်သွားခဲ့သည်။
တောင်ဖောက်နဂါးကို ရိုက်ခိုင်းစဥ်က သင်ခန်းစာတစ်ခု သင်ယူခဲ့ဖူးပြီး နောင်တရကြောင်း သိခဲ့ရင် ဒီကိစ္စကို ဆက်လုပ်ဖို့ သူ့အနေနဲ့ စိတ်မ၀င်စားပေမယ့် အဆုံးမှာတော့ သူ့ကိုပြဿနာရှာပြီး သတ်ပစ်ချင်တဲ့အထိ တွန်းအားပေးလာခဲ့တယ်လေ။
ငါ့ကိုသတ်မှာ မဟုတ်ဘူးလား?
အဲ့တော့ မင်းသေရတော့မှာပေါ့!
"ကျောင်းအုပ်ကြီး အသတ်ခံလိုက်ရတာလား?"
"ကျောင်းအုပ်ကြီး သေပြီ ဟုတ်လား?"
အနီးနားရှိ ကျောင်းသားများနှင့် အကြီးအကဲများ အားလုံး အံ့အားသင့်သွားကာ မယုံနိုင်စွာဖြင့် တုန်လှုပ်သွားကြသည်။
ဒါက ကျောင်းအုပ်ကြီး မဟုတ်ပါလား။
ပေရွှီး တော်ဝင်အင်ပါယာ နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် လူတိုင်းတွေ့ဆုံရန် အလွန်ခက်ခဲသော်လည်း လုရွှမ်သည် တစ်ချက်လှုပ်ရှားရုံဖြင့် သတ်ပစ်လိုက်ပြီး ခုခံချိန်ပင် မရှိခဲ့ပေ။
"မင်း အလှည့်ပဲ!"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တစ်ချက်လှုပ်ရုံဖြင့် သတ်လိုက်ပြီးနောက် လုရွှမ်သည် အသေးအဖွဲ့ အရာတစ်ခုကို လုပ်လိုက်ပုံရဖြင့် အေးစက်စွာ ဆို၍ သူ့လက်ထဲက ဓားကြီးကို ထပ်မံ ပင့်မြှောက်လိုက်သည်။
ဝူး!
သေမျိုး အသွင်ပြောင်းခြင်း အဆင့်ရှစ် ပြီးပြည့်စုံသော ကာလရှိ နောက်ထပ်သန်မာသော အမျိုးသားတစ်ဦး လဲကျသွားပြီး သွေးများက ပြိုင်ပွဲစင်မြင့် တစ်ခုလုံး ဖိတ်စင်သွားခဲ့သည်။
"ပြေး!"
ရှောင်းယွမ်ထျန်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် အခြားသူများသည် ချူဝမ့်ရှန်းတစ်ယောက် အလွယ်တကူ ခေါင်းဖြတ် ခံလိုက်ရကြောင်း တွေ့တာနဲ့ သူတို့က ပြိုင်ဘက်တွေ မဟုတ်နိုင်ကြောင်း နားလည်သွားကြသည်။
ယခင်က မဟာမိတ် ဖွဲ့ထားသူများမှာ မျက်စိတစ်မှိတ်အတွင်း တစ်ကွဲတပြားဖြစ်လျက် အသည်းအသန် လှည့်ပြေးကြတော့သည်။
"ထွက်ပြေးချင်တယ်ပေါ့? အခုက အရမ်းနောက်ကျသွားပြီ!"
လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို ပြင်းပြင်းထန်ထန် ဖျစ်ညှစ်လိုက်သည်။
ဗုန်း!
ရုတ်တရက် မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြန်၏။ ထွက်ပြေးသွားသော လူများအားလုံး မတုံ့ပြန်နိုင်မီတွင် ၎င်းတို့၏ ခန္ဓာကိုယ်သည် လေပူဖောင်းများဖြင့် ဖုံးအုပ်ထားသလို တင်းကျပ်လာသည်ကို ခံစားလိုက်ရသည်။
ဤပူဖောင်းများသည် ဖောက်ထွင်းမြင်ရပြီး အလွန်နုနယ်နေပုံ ရသော်လည်း ဘာကြောင့်မှန်းမသိ ရှောင်းယွမ်ထျန်းနှင့် အခြားသူများသည် ၎င်းတို့အား ခွန်အားအပြည့်ဖြင့်ပင် မဖျက်စီးနိုင်ကြပေ။
"သေလိုက်တော့!"
ထွက်ပြေးနေသော လူအုပ်ကို ဖုံးအုပ်ရန် လေပူဖောင်းများကို ထိန်းချုပ်ရင်း လုရွှမ်သည် သူ၏ လက်ဖဝါးကို ညင်သာစွာ ပြန်ဖြန့်လိုက်၏။
ဖောင်း!
ထုပ်ပိုးခံထားရသော သခင်တစ်ဦး ချက်ချင်း အပိုင်းပိုင်း ကွဲသွားကာ သေသွားရှာသည်။
ဖောင်း ဖောင်း!
လက်ချောင်းများက အထပ်ထပ် အခါခါ ကခုန်နေလျက်။ ယခင်က သူ့ကိုဝိုင်းထားခဲ့သော သခင်များစွာထဲတွင် ရှောင်းယွမ်ထျန်း၊ ကျောင်းအုပ်ကြီး ဟောင်ယန်နှင့် ဘုရင် ချန်ရှုံတို့သာ ကျန်ရှိတော့သည်။
"လုရွှမ်.... မင်းငါ့ကိုမသတ်ရင် ပေရွှီး တော်ဝင်အင်ပါယာကို မင်းနဲ့မျှဝေဖို့ ဆန္ဒရှိပါတယ်.... မင်းတစ်တိုင်းပြည်လုံးမှာ အလှလေးတွေ၊ ရွှေငွေတွေ အများကြီးကို အပိုင်ယူနိုင်တယ်!"
လူငယ်လေး ချဉ်းကပ်လာတာကို မြင်သော် ဘုရင်ကြီး ချန်ရှုံ ကမန်းကတန်း ထပြောလိုက်သည်။ သူ့အမြင်အရတော့ ဒါက တစ်ဖက်သားရဲ့ နုပျိုတဲ့ စိတ်ကို မခံမရပ်နိုင် ဖြစ်စေလိမ့်မည်။
"ပေရွှီး တော်ဝင်အင်ပါယာ?"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
အဆင့်အတန်းမြင့်တဲ့ တော်ဝင်အင်ပါယာလေး တစ်ခု မပြောနဲ့ သူ့အရင်ဘဝက အဆင့်မြင့် ဧကရာဇ် အင်ပါယာကို လိုချင်ရင်တောင် တစ်စုံတစ်ယောက်က သူ့ကို စိတ်အားထက်သန်စွာ ပို့ပေးမှာ သေချာလေသည်။
သေးငယ်တဲ့ တော်ဝင်အင်ပါယာလေးမို့ သူ့အတွက် ဘာမှမရှိလောက်ပေ။
ဖောင်း!
လက်ညှိုးတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ပူဖောင်းက ပေါက်ကွဲသွားသည်။
ဘုရင်မင်းမြတ် ချန်ရှုံမှာ တုံ့ပြန်ရန်အချိန်ပင် မရှိသောကြောင့် ကွဲကြေပျက်စီးသွားခဲ့သည်။ သူသေခါနီးအချိန်၌ပင် တစ်ဖက်လူသည် တော်ဝင်အင်ပါယာထဲမှာ အုပ်စိုးရှင် ဘုရင်မင်းမြတ်ကို သတ်ဝံ့သောသူ ဖြစ်နေမည်ဟု မယုံနိုင်ခဲ့ပေ။
"ဒါက ပေရွှီး တော်ဝင်အင်ပါယာလေး တစ်ခုပါပဲ.... စိတ်မပူနဲ့ မင်းသေပြီးရင် ငါ ဖျက်ဆီးပစ်မယ်... ဒီနေ့ကစပြီး ဒီပေရွှီး တော်ဝင်အင်ပါယာက သမိုင်း တစ်လျှောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်.... မင်းကလည်း နောက်ဆုံးဘုရင်ပဲ ဖြစ်လာစေရမယ်"
ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန် ခေါင်းဖြတ်ပြီးနောက် လုရွှမ် ပေါ့ပါးသော အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်ပေ၏။