ပျံသန်းသွားခြင်း
Vol. 32 Ch. 3.223
"မင်း မင်း"
ဘုရင်ကြီး ချန်ရှုံကို မဆိုင်းမတွ သတ်ဖြတ်သွားတဲ့ လူငယ်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရရင်း နောက်ဆက်တွဲ စကားတွေ ထပ်ပြောနေတာကိုပါ ကြားလိုက်ရသော် ရှောင်းယွမ်ထျန်းနှင့် ကျောင်းအုပ်ကြီး ဟောင်ယန်တို့မှာ အေးစက်စက် ချွေးတွေပင် ထွက်ကျလာတော့သည်။
တစ်ဖက်လူရဲ့ လေသံအရ ဆိုရင် တိုင်းပြည်ကို ဖျက်ဆီးခြင်းသည် ထမင်းစား ရေသောက်ခြင်းကဲ့သို့ ရိုးရှင်းနေသလိုပင်။
"မင်းတို့မှာ နောက်ဆုံးပြောစရာ စကားရှိလား"
သူတို့နှစ်ယောက်ဆီသို့ ခြေလှမ်း လှမ်းရင်း လုရွှမ် လှမ်းကြည့်လိုက်သည်။
"တိုက်ပွဲဆိုတာ အမြဲတမ်း အောင်နိုင်သူနဲ့ အရှုံးသမားပဲ ရှိတယ်... ငါမင်းကို မသတ်ခဲ့မိလို့ အခု ရွေးချယ်စရာ သေခြင်းတရားပဲ ရှိတော့တယ်... ဒါကို အရင်ကတည်းက ငါစဉ်းစားခဲ့ပြီးသား ငါ့မှာ ညည်းညူစရာ မရှိဘူး!"
ကျောင်းအုပ်ကြီး ဟောင်ယန်က အံကြိတ်ပြီး ဆက်ပြောလေ၏။
"ငါ့ရဲ့ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ကို လွှတ်ပေးဖို့ မျှော်လင့်တယ်... ကျောင်းသားတွေနဲ့ ဆရာတွေ အားလုံး အပြစ်ကင်းပါတယ်!"
ပေရွှီး တော်ဝင်အင်ပါယာကို ဖျက်ဆီးလိုသည်ဟု လူငယ် ပြောလိုက်သည်ကို ကြားသောအခါ သူ ထိတ်လန့်သွားခဲ့သည်။
သူစိတ်ဆန္ဒကြောင့် နန်ဟိုင်က ယင်းယန်ကျောင်းတောကို အဆုံးမဲ့ ဘေးဒုက္ခတွေ ယူဆောင်လာမိမှာကို စိုးရိမ်မိသေးသည်။
ကောင်လေးက ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်း အကူအညီဖြင့် ဤနေရာတွင် ၎င်းတို့ကို သတ်လိုက်သလိုမျိုး နန်ဟိုင် တော်ဝင်အင်ပါယာကို ရောက်ရင်လည်း ဒီနည်းလမ်းကို ဆက်မသုံးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။
ကျောင်းကို ဒေါသထွက်ပြီး တစ်ကျောင်းလုံးကို သတ်ပစ်လိုက်ရင် သမိုင်းမှာ သူဟာ အပြစ်သား ဖြစ်သွားလိမ့်မည်။
"ငါနဲ့ လာမရှုပ်သရွေ့ စိတ်မ၀င်စားဘူး!"
သူသည် စိတ်ရှိတိုင်း သတ်နေသည့် လူသတ်သမား မဟုတ်ချေ။ နန်ဟိုင် တော်ဝင်အင်ပါယာက ယင်းယန်ကျောင်းတော်သာ သူ့ကို အနှောင့်အယှက် မပေးတော့ပါက ထိုနေရာကို သွားရန်ပင် စိတ်ဝင်စားမည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ်!"
သူ့ထဲမှ ကတိစကားကို ကြားတော့ ဟောင်ယန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ မျက်လုံးမှိတ်လျက် သေခြင်းတရားကို စောင့်ဆိုင်းနေလေသည်။
ဗုန်း!
ပူဖောင်းက ပေါက်ကွဲသွားပြီး တခြားသူတွေလိုပဲ အမှုန့်ဖြစ်သွားလေသည်။
အရင်ဘဝက သူသည် ကမ္ဘာ၏ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သောကြောင့် သဘာဝအားဖြင့် စိတ်ပျော့သောလူ မဟုတ်ပေ။ တစ်ဖက်လူသည် သူ့ကိုသတ်ရန် မိုင်ထောင်ချီ ခရီးထွက်လာဖို့အထိ ရွေးချယ်ခဲ့ခြင်းကြောင့် သေဖို့သာ ပြင်ဆင်ပေးရပေမည်။
"လုရွှမ်... ဒါ ငါတို့ ရှောင်းမိသားစုရဲ့ အမှားပါ... ကျေးဇူးပြုပြီး ငါတို့ကို အမှားပြင်ဆင်ဖို့ အခွင့်အရေးပေးပါ"
လူငယ်ကို လှမ်းကြည့်ရင်း ရှောင်းယွမ်ထျန်းက အလန့်တကြားနဲ့ အော်လိုက်သည်။
"အမှား? စိတ်မကောင်းပါဘူး ဒီကမ္ဘာကြီးမှာ အမှားမရှိဘူး... အသက်ရှင်ခြင်းနဲ့ သေခြင်းပဲရှိတယ်။ ငါသာ မပြင်ဆင်ထားဘူး ဆိုရင် အခုဆို ငါမင်းတို့ ရှောင်းမိသားစုရဲ့ တစ္ဆေ ဖြစ်လာမှာတောင် ကြောက်ရတယ်!"
တစ်ဖက်လူ၏ အသနားခံခြင်းကို လျစ်လျူရှုလိုက်ကာ။
"စိတ်မပူပါနဲ့... မင်းသေပြီးရင် ရှောင်းမိသားစုကို မင်းနဲ့အတူ ဖျက်ဆီးပစ်လိုက်မယ်!"
လက်ဖဝါးကို လှုပ်ယမ်းလိုက်သည်။
ဗုန်း!
ရှောင်းယွမ်ထျန်းလည်း ပေါက်ကွဲသွားသည်။
နန်ဟိုင် တော်ဝင်အင်ပါယာနှင့် ယင်းယန်ကျောင်းတော်ကို သူလွှတ်ပေးနိုင်သည်။ နောက်ဆုံးမှာ သူတို့က ကျောင်းသားတွေ ဖြစ်ပြီး တော်တော်များများက သူ့ကိုမသိကြပေ။
ရှောင်းမိသားစုကိုတော့ သူလွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိချေ။
သူ့ရှေ့ရောက်လာတဲ့ ရှောင်းချင်ထျန်းနဲ့ ရှောင်းယွမ်ထျန်းတို့ နှစ်ယောက်စလုံးက သူ့ကို သတ်ပစ်တော့မလိုချည်း ရောက်လာခဲ့ကြသည်။ ထိုမိသားစု သုတ်သင်ရှင်းလင်းပြီး သူ့အပေါ် အခွင့်ကောင်း ယူချင်သူတိုင်းကို အလွတ်မပေးဘူး ဆိုတာ သတိပေးရမည်။
ဝူး!
ထိုလူအားလုံးကို ခေါင်းဖြတ်သတ်ပြီးနောက် လုရွှမ်သည် သူ့လက်ကို နောက်သို့ ပစ်လျက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"ငါ့ကိုသတ်ချင်နေတဲ့ လူရှိသေးလား? တက်လာခဲ့... ငါဒါကိုချက်ချင်း ဖြေရှင်းပေးနိုင်တယ်!"
သူ့အသံက ပတ်ဝန်းကျင် တစ်ခုလုံး ပဲ့တင်သံ ထပ်သွားပြီး လူတိုင်းရဲ့နားကို တဝီဝီ မြည်သွားစေသည်။
"မလုပ်ရဲပါဘူး!"
"ချူဝမ့်ရှန်းနဲ့ ချန်ရှုံတို့က သူတို့ရဲ့ သေခြင်းတရားကို မြတ်နိုးကြတာပဲလေ... သူတို့နဲ့ ထိုက်တန်ပါတယ်!"
လူငယ်လေး၏ ရိုးစင်းသော လေသံဖြင့် အကျပ်ကိုင်ခြင်းကို ခံစားရတဲ့အခါ လူတိုင်းသည် ပေါက်ကရ စကားများ မပြောဝံ့ကြဘဲ တစ်ချိန်တည်း တုန်လှုပ်သွားကြသည်။
တစ်ဖက်လူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်တွေကို မျက်စိတစ်မှိတ် အတွင်း သတ်ပစ်လိုက်တဲ့ လူလေ!
"ကောင်းတယ်!"
ဒီတိုက်ခိုက်မှုက လူတိုင်းကို လုံးဝ ထိတ်လန့်သွားမှန်း သိတာကြောင့် လုရွှမ် သူ့လက်ဖဝါးကို ဝေ့ယမ်းကာ သူ့လက်ထဲမှာရှိတဲ့ ဓားရှည်ကြီးနဲ့ ကျောင်းတစ်ဝိုက်က အလင်းရောင်တွေကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေလိုက်သည်။
အလောင်းတွေနဲ့ ခြစ်ချထားသလို အသားစတွေ ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲနေလို့သာ မဟုတ်ရင် အခု မြင်ကွင်းက အစစ်အမှန် ဟုတ်မဟုတ် သံသယ ဖြစ်မိနိုင်သည်။
"မော့ကောင်းရွှမ်း!"
ယင်းယန်ကျောင်းတော်ကြီးကို ဖုံးအုပ်ထားတဲ့ စွမ်းအင် အမြောက်အများကို ရုပ်သိမ်းပြီးနောက် လုရွှမ် တစ်ချက် ရေရွတ်လိုက်၏။ ထိုလူ အနီးအနားတွင် ရှိနေရမည်ကို သူသိသောကြောင့် ပြန်သွားရှာရန် မလိုအပ်တော့ချေ။
"သခင်လေး!"
ဟူး!
စကားတွေ ပြီးသွားတဲ့အခါ ပြိုင်ပွဲစင်မြင့်ပေါ်၌ အသွင်အပြင် တစ်ခု ဖျတ်ကနဲ ပေါ်လာ၏။
"ဒါ..."
"သူဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
"ဒီအမြန်နှုန်းက ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနဲ့ တခြားသူတွေထက် အများကြီး ပိုမြန်နေသလိုပဲ!"
"ကျောင်းအုပ်ကြီးထက် ပိုမြန်တယ်ဆိုတော့ ဧကန္တ ပိုအားကောင်းတာများလား?"
မော့ကောင်းရွှမ်းရဲ့ လေထက်မြန်တဲ့ အလျင်ကို တွေ့သောအခါ လူတိုင်း လန့်ဖြတ်သွားသည်။
လူအုပ်ကြီးထဲတွင် ပါရမီရှင် များသာမက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အကြီးအကဲ များစွာလည်း ရှိသည်။ မော့ကောင်းရွှမ်း၏ တကယ့်အစွမ်းသတ္တိကို မမြင်နိုင်သော်လည်း ၎င်း၏ ကြီးကျယ်ခမ်းနားသော စွမ်းအားဟာ မြစ်ရေကဲ့သို့ စီးဆင်းနေကြောင်း ခံစားရနိုင်ကြသည်။
"ဒီလူရဲ့ ခွန်အားက ဘုရင်မင်းမြတ် ချန်ရှုံနဲ့ တခြားသူတွေထက် အများကြီး အားကောင်းနေရမယ်... ဒီလို အစွမ်းထက်တဲ့လူက လုရွှမ်ကို သခင်လေးလို့ ခေါ်လိုက်တာလား?"
"ဒီလုရွှမ်က ဘယ်လို နောက်ခံများ ရှိနေတာလဲ?"
"ဟိုဝိညာဥ်သားရဲကို ထည့်မပြောဘဲ ဒီလူကြီးကို ခေါ်ထုတ်လိုက်ရင်ကို ကျောင်းအုပ်ကြီးနဲ့ တခြားသူတွေ သူ့ကိုဘာမှ လုပ်ရဲမှာ မဟုတ်တော့ဘူး"
ကျောင်းအုပ်ကြီးချူထက် သန်မာတဲ့ လူတစ်ယောက်က လုရွှမ်ကို သခင်လေးလို့ တိုက်ရိုက် ပြောနေတာကို တွေ့လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေ ပေါက်ကွဲသွားပြီး အားလုံးက ကြောက်ရွံ့မှု အပြည့်နဲ့ လုရွှမ်ကို ပြန်ကြည့်လိုက်ကြသည်။
ယခင်ကဆိုလျှင် လုရွှမ်ဟာ ကျင့်ကြံသူများစွာကို ခေါင်းဖြတ်ရန် ကာကွယ်ရေး အခင်းအကျင်းကို မှီခိုအားထား နေတယ်လို့ ထင်ခဲ့ကြပေမယ့် မော့ကောင်းရွှမ်းကို မြင်ပြီးမှသာ သူနည်းလမ်း များစွာက သာလွန်နေကြောင်း သိသွားခဲ့သည်။
ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို မဖွင့်ဘဲ သူ့ရဲ့လက်အောက် ငယ်သား တစ်ယောက်ကို ခေါ်ထုတ်လိုက်ရင်ကို အားလုံး ပွဲသိမ်းပြီ။
ပြတ်ပြတ်သားသား ပြောရလျှင် ချူဝမ့်ရှန်းနှင့် အခြားသူများ စီစဥ်ထားသော အစီအစဉ်များသည် ထိုလူရှေ့တွင် ရိုးရိုးရှင်းရှင်း ဟာသတစ်ခုသာ ဖြစ်သွားနိုင်၏။
အကြွင်းမဲ့ ခွန်အားနှင့် ပူးပေါင်းကြံစည်မှု အားလုံးကို ချေမှုန်းပစ်လိမ့်မည်။
မော့ကောင်းရွှမ်းသည် သူ့ရဲ့စကားလုံးက လူတိုင်းကို တုန်လှုပ်သွားစေကြောင်း သိသော်လည်း သူ့အဆင့်ကိုလည်း နည်းနည်းလေးမှ ဖုံးကွယ်ထားခြင်း မရှိပေ။
"ပေရွှီး တော်ဝင်မိသားစုကို ဖျက်ဆီးဖို့ ငါနဲ့လိုက်ခဲ့!"
လုရွှမ်လည်း တစ်ဖက်လူရဲ့ သဘောထားကို သိသောကြောင့် စကားသိပ်မပြောဘဲ ပေါ့ပေါ့ပါးပါး အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့!"
မော့ကောင်းရွှမ်းလည်း ခေါင်းညိတ်လိုက်သည်။
ပေရွှီး တော်ဝင်မိသားစုတွင် သြဇာအာဏာအရှိဆုံး လူမှာ ဘုရင်မင်းမြတ် ဖြစ်သည်။ ယခုသေဆုံးသွားပြီမို့ သူ့အောက်တွင် ငါးကြီးကြီးနှင့် ငါးသေးသေးလေး ၃ ကောင်ခန့်သာ ကျန်ရှိနိုင်သည်။
"သွားကြရအောင်!"
လုရွှမ် ခန္ဓာကိုယ်ကို လှည့်လိုက်သည်နှင့် ဖီးနစ် အတောင်များ သူ့နောက်ကျောမှ ဖြန့်ထွက်လာကာ နန်းတော်ဆီသို့ ချက်ချင်း ပျံတက်သွားတော့သည်။
သူ၏ လက်ရှိခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅သို့ ရောက်ရှိသွားပြီး သူ၏ စိတ်စွမ်းအားသည် ၁၆ သို့ ရောက်ရှိသွားခဲ့သည်။ ဖီးနစ်အတောင်ပံ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
လိုချင်တပ်မက်သူ မည်သူမဆို အဆိုးဆုံးကိုတော့ ကြိုတွေးထားရလိမ့်မည်။
လုရွှမ် တိုက်ရိုက်ပြေးသွားသဖြင့် မော့ကောင်းရွှမ်းသည် တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်သို့ ခြေဖဝါးဖြင့် နင်းကာ ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို ထုတ်လွှတ်၍ လေထဲတွင် ဖြောင့်တန်းစွာ ပြေးထွက်သွားခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အထွတ်အထိပ် ကာလသည် သူတော်စင် တစ်ပိုင်းနှင့် တစ်လှမ်းသာ ဝေးတော့သည်။ သူ မပျံသန်းနိုင် သေးသော်လည်း လေကို ခဏတာ ထိန်းချုပ်ရန် သို့မဟုတ် အချိန်ကာလတစ်ခုအထိ လေထဲတွင် ရှိနေရန် အလွန်လွယ်ကူပေသည်။
"ဘာ?"
"ပျံသွားတာလား? လုရွှမ်က ပျံနိုင်တယ်?"
"သူ့ရဲ့လက်အောက် ငယ်သားကို ကြည့်လိုက်.... သူလည်း ပျံသန်းနိုင်တယ် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများလား?"
"သူတော်စင်တစ်ပိုင်း မဟုတ်ဘူး.... သေမျိုး အသွင်ကူးပြောင်းခြင်း အဆင့်၉ အထွတ်အထိပ်ပဲ။ အခုမှပဲ သူက အရှိန်အဟုန်နဲ့ ထွက်လာတော့ ငါခံစားလိုက်ရတာ... ငါ့ခွန်အားက သူ့ရှေ့မှာဆို ပုရွက်ဆိတ် တစ်ကောင်နဲ့တော့ မကွာလောက်တော့ဘူး"
"သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အထွတ်အထိပ်?? တော်ဝင်အင်ပါယာ တစ်ခုလုံးမှာ ဒီလောက် တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ် မရှိဘူး မဟုတ်လား?"
"ဟုတ်တယ်... အဲဒီလို လက်အောက် ငယ်သားနဲ့ဆို ဒီလုရွှမ်ရဲ့ နောက်ခံက သေချာပေါက် မရိုးရှင်းဘူး... သူ့မှာ စွမ်းအင် ဘယ်လောက်တောင်များ ရှိနေပါလိမ့်"
နှစ်ယောက်သား ပျံသန်းသွားကာ ကောင်းကင်ထက်၌ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့ အားလုံး၏ ပါးစပ်ထောင့်များ တုန်လှုပ်သွားလေသည်။
ပျံသန်းနိုင်တဲ့ မှော်လက်နက်၊ အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ အထွတ်အထိပ် စွမ်းအားကို သူတို့ကိုယ်တိုင် မျက်စိနဲ့ မမြင်ခဲ့ရရင်တော့ လုံးဝ ယုံနိုင်စရာ မရှိချေ။
လုရွှမ်သည် အရင်းအနှီး ရှိသောကြောင့် ယခုအချိန်အထိ မာနထောင်လွှားနေကြောင်း သဘောပေါက်လာခဲ့သည်။