နဂါးရုပ်တု
Vol. 32 Ch. 3.226
"ဟုတ် ဟုတ်ကဲ့... ချန် ချန်ယန်နန်းဆောင်ထဲမှာပါ"
မိန်းမစိုးက တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေ၏။
သေချာတာကတော့ ဒီမိန်းမစိုးကြီးရဲ့ အဝတ်အစားတွေက အပြင်ဘက်မှာ ရှိတဲ့ မိန်းမစိုးတွေနဲ့ သိသိသာသာ ကွဲပြားလေ၏။ ဒါ့အပြင် သူက အသက်ပိုကြီးတဲ့ အတွက် သူ့မှာ ရာထူး တစ်ခုခုတော့ ရှိလိမ့်မည်။
"ကျုပ်တို့ကို ခေါ်သွားပေး!"
"ဟုတ်ကဲ့...ဟုတ်ကဲ့"
မိန်းမစိုးကြီးက ထပ်ခါတလဲလဲ ခေါင်းညိတ်လျက် ပြန်ဖြေလေ၏။
ဘုရင်မင်းမြတ် ချန်ရှုံ၏ ချန်ယန်နန်းဆောင်သည် များသောအားဖြင့် အစောင့်များစွာရှိပြီး မရေမတွက်နိုင်သော နန်းတွင်းသူများနှင့် မိန်းမစိုးများ ရှိသည်။ ဤအခိုက်အတန့်တွင်တော့ လူသူကင်းမဲ့သွားကာ မည်သူကိုမျှ မမြင်ရတော့ပေ။
ပင်မခန်းမကို ဖြတ်၍ နောက်ဖေး ဥယျာဉ်ကို ဖြတ်လျှောက်လာခဲ့သည်။ ကြီးမားပြီး ဇိမ်ခံအိပ်ခန်းထဲသို့ ဝင်လိုက်ရာ မိန်းမစိုးက တုန်တုန်ယင်ယင်ဖြင့်
"ရတနာခန်းက ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်း အောက်ထဲမှာ ရှိပါတယ်... ဒါပေမဲ့ ဘယ်လိုဖွင့်ရမလဲ ဆိုတာ ကျုပ်တကယ် မသိပါဘူး"
"သွားလို့ရပြီ"
လုရွှမ်လည်း ထိုလူအား ထွက်သွားဖို့ အချက်ပြလိုက်သည်။
ထွက်သွားနိုင်ပြီဟု ကြားသောအခါ မိန်းမစိုးသည် မြှားတစ်စင်းလို လမ်းတစ်လျှောက်လုံး ပြေးထွက်သွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်လုံးထဲမှာ လုရွှမ်နဲ့သာ ခဏလောက် ဆက်နေမယ်ဆိုရင် သူသေရမယ့် အချိန်က ပိုနီးကပ်သွားလိမ့်မယ်။
ထိုမိန်းမစိုး လုရွှမ်ကို လှည့်စားရဲမည် မဟုတ်ချေ။ ရတနာအခန်းသည် ဤအိပ်ခန်းထဲတွင် ရှိရမည်ဖြစ်ပြီး ရတနာအခန်းကို ဖွင့်ရန် ယန္တရားဟာလည်း ဤအခန်းတွင်း၌ ရှိရမည်။
သို့သော် ဘုရင်၏အိပ်ခန်း ဖြစ်သောကြောင့် အခန်းသည် သဘာဝအတိုင်း အလွန်ကျယ်ဝန်းပြီး အဆိုပါ ယန္တရားမှာ ဘယ်နေရာတွင် ရှိနေလဲ ဆိုတာကို ရှာဖွေဖို့တော့ အနည်းငယ် ခက်ခဲနိုင်၏။
ထိုအခိုက် လုရွှမ်ရှေ့မှာ စိမ်းမြတဲ့ သစ်သားချောင်း တစ်ချောင်း ရုတ်တရက် ပေါ်လာပြီး ၁၆ ပမာဏရှိတဲ့ စိတ်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ သစ်သားနှလုံးသားဟာ ကြမ်းပြင်ထဲကို တိုက်ရိုက် ထိုးဆင်းသွားတော့သည်။
စိတ်စွမ်းအား ၁၅ရှိစဥ်က သစ်သားနှလုံးသားကို တစ်ကီလိုမီတာ အကွာအဝေးအတွင်း ရွှေ့လျားစေဖိူ့ ထိန်းချုပ်နိုင်သည်။ အခုတော့ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁၆အထိ ထပ်မံတိုးတာကြောင့် လွယ်ကူစွာ ထိန်းချုပ်နိုင်ပြီး နှစ်ကီလိုမီတာ အကွာအဝေး အတွင်းမှာ ပြဿနာမရှိပေ။
အခြေခံအားဖြင့် နှစ်ကီလိုမီတာ အကွာအဝေးသည် ပေရွှီး နန်းတော် တစ်ခုလုံးကို ခြုံငုံထားနိုင်သည်။ ထို့ကြောင့် အိပ်ခန်းထဲတွင်ရှိ ရတနာအခန်းရှာရန် အလွန်လွယ်ကူလှသည်။
မကြာမီတွင် လုရွှမ်သည် သစ်သားနှလုံးသားကို သုံး၍ မြေဆီလွှာ အထဲကို သိသိသာသာ ထိုးဖောက်ဝင်ရောက် သွားတာကို ခံစားလိုက်ရသည်။ မြေကြီးထဲ လှည့်ပတ်သွားလာရန် ၎င်းကို ထိန်းချုပ်ကာ မြေပြင် အက်ကွဲကြောင်းမှ တစ်ဆင့်ကျောက်စိမ်းသင်္ကေတ တစ်ခုကို တွေ့လိုက်သည်။
လုရွှမ်သည် တစ်နေရာသို့ လျှောက်သွားကာ အရှေ့ကို ညွှန်ပြပြီး
"အကျယ်က သုံးမီတာ... အနက်က နှစ်ဆယ့်ငါးမီတာ"
"ဟုတ်ကဲ့ပါ သခင်လေး"
မော့ကောင်းရွှမ်း နားလည်ဟန် ခေါင်းညိတ်ပြ၍ လုရွှမ်ညွှန်ပြတဲ့ နေရာကို သွားလိုက်သည်။
"ဗုန်း!"ကနဲ အသံတိုးတိုးလေး ထွက်လာပြီး မော့ကောင်းရွှမ်းသည် သုံးမီတာ ကျယ်၍ နှစ်ဆယ့်ငါးပေ နက်သော မြေကြီးထဲသို့ အပေါက်တစ်ခုကို တိုက်ရိုက် ဖိချလိုက်သည်။ အတိုင်းအတာသည် အလွန်တိကျသောကြောင့် ၎င်းကိုတိုင်းတာရန် ကိရိယာကိုပင် မလိုတော့ချေ။
ကျယ်ဝန်းသော ခန်းမကြီးကို ထိုတွင်းကြီးအတိုင်း အောက်တွင် မြင်နိုင်၏။
"ဆင်းရအောင်!"
နှစ်ယောက်သား မြေအောက်ထဲသို့ ခုန်ဆင်းလိုက်သည်။
ဆင်းပြီးနောက် ဤရတနာခန်းကြီးသည် အလွန် ကြီးမားသော အခန်းဖြစ်ကြောင်း ထင်ရှားစွာ တွေ့လိုက်ရသည်။ အပေါ်ယံ အပါအဝင် ဘေးဘက် အရပ်ရပ်၌ ညလင်းပုလဲများ ထည့်ထားသော မီးအိမ်များစွာရှိပြီး ရတနာအခန်း တစ်ခုလုံးကို နေ့ကဲ့သို့ တောက်ပစေသည်။
"ဝိညာဉ်ကျောက်တုံးတွေ!”
ရတနာအခန်း အလယ်ရှိ စားပွဲဝိုင်းကြီး အများအပြားမှာ ဝိညာဉ်ကျောက်တုံးများနှင့် ပြည့်နေသည်။ ၎င်းတို့သည် ရှန့်ခုန်းမြို့ဟောင်းလို မဟုတ်ပေမယ့် နှစ်သန်းမှ သုံးသန်းအထိ ရှိသေးသည်။
"တစ္ဆေနယ်ပယ် အလယ်အလယ်အဆင့် လက်နက်တွေ!"
ရတနာခန်းတစ်ဝိုက်တွင် ချိတ်ဆွဲထားသော လက်နက်များစွာလည်း ရှိသည်။ ဤလက်နက်များသည် အဆင့်နိမ့် မဟုတ်ဘဲ တစ္ဆေနယ်ပယ် အနိမ့်ဆုံးအဆင့်မှ အလယ်အလတ် အဆင့်ထိ ရှိတဲ့ လက်နက်တွေ ဖြစ်ကြောင်း ထင်ရှားလေသည်။ အဆင့်နိမ့် ဝိညာဉ်နယ်ပယ် လက်နက်များလည်း ရှိသေး၏။
သစ်သားဘောင်၏ တစ်ဖက်တွင် တစ္ဆေနယ်ပယ် အဆင့်နိမ့်မှ အထွတ်အထိပ် အဆင့်ထိ ရေးသားထားသော လေ့ကျင့်ရေး နည်းလမ်း အားလုံး၏ အမည်များဖြင့် လက်ရာမြောက်သော သေတ္တာများစွာထဲ ထည့်သိမ်းထားသည်။
သူ၏လက် ဝှေ့ယမ်းမှုနှင့်အတူ ပေရွှီး တော်ဝင်မိသားစုမှ စုဆောင်းထားခဲ့သော မိသားစုပိုင် ပစ္စည်းများ အားလုံးကို လုရွှမ်ဟာ သူ့အပိုင်အဖြစ် သိမ်းဆည်းခဲ့သည်။
ရှန့်ခုန်း ရှေးဟောင်းမြို့တော်ရဲ့ ရိတ်သိမ်းခြင်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပေမယ့်လည်း တန်ဖိုးတော့ ရှိပါသေးသည်။
"သိမ်းစေ"
ဘေးတွင်ရှိနေသည့် မော့ကောင်းရွှမ်းသည် လုရွှမ်၏ အမှတ်တမဲ့ လက်ဝေ့ယမ်းတာကို တွေ့လိုက်ရပြီး အခန်းတွင်းရှိ အရာများသည် ချက်ချင်း ပျောက်ကွယ်သွားရာ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားသည်။
အာကာသ မှော်လက်နက် ဆိုတာ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ ဘယ်သူမှ မကြားဖူးသလို မော့ကောင်းရွှမ်းလည်း မသိရာ ဒီသခင်လေးမှာ ဘယ်လို နောက်ခံများ ရှိနေတာလဲ ဆိုတာကို တွေးရင် ပိုလို့တောင် ကြောက်လာမိ၏။
လုရွှမ်သည် သူ၏အမူအရာကို မြင်ပြီး လျှို့ဝှက်စွာ ခေါင်းညိတ်ပြလိုက်သည်။ အာကာသ မှော်လက်နက်ကို တမင်တကာ ပြသနေသည်မှာ တစ်ဖက်လူကို စမ်းသပ်နေခြင်းသာ ဖြစ်ပေသည်။
သူသည် အခြားစိတ်ကူးများနှင့် မိမိအား အမှန်တကယ် အသုံးချဝံ့ပါက နောင်တွင် ချက်ချင်း သတ်ပစ်လိုက်မည် ဖြစ်သည်။ အခု ဒီမော့ကောင်းရွှမ်းကတော့ အလွန်ယုံကြည် စိတ်ချရပုံ ပေါ်သည်။
တစ်ဖက်လူကို လျစ်လျူရှုပြီး လုရွှမ်သည် ရှေ့သို့ ဆက်လျှောက်သွားကာ စင်ပေါ်ရှိ ဆေးပုလင်းများကို ကြည့်လိုက်သည်။
"အဆင့်၇ ဟွေယွမ်ဆေးလုံး...အဆင့်၈ စိတ်ဝိညာဉ်အားဖြည့်ဆေးနဲ့ အဆင့်၉ ဖော့ရွှမ်ဆေးလုံး"
လုရွှမ်သည် ပုလင်းများပေါ်ရှိ စာများကို ဖတ်ရင်း သူ့လက်ကို ဝှေ့ယမ်း၍ ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်၏။
"စိမ်းပြာသတ္တုရိုင်း၊ ကြယ်တာရာငွေအမြုတေ၊ ကောင်းကင်မီးတောက်သံ!"
ရှေ့ကို ဆက်သွားကြည့်တဲ့အခါ ရှားပါးသတ္တုရိုင်းများနှင့် သတ္တု အပိုင်းအစများသည် လုရွှမ်ရဲ့ အာရုံကို ဖမ်းစားသွား၏။ ဤရှားပါးသတ္တုရိုင်းများနှင့် သတ္တုများစွာတို့သည် ရှာတွေ့ရန်ပင် အင်မတန် ခဲယဉ်းလှသည်။
ပေရွှီး တော်ဝင်မိသားစု၏ မရေမတွက်နိုင်သော နှစ်များအတွင်း သူတို့သည် ဥစ္စာပစ္စည်း အမြောက်အများကို စုဆောင်းထားခဲ့ကြသည်။
"၇ရွက်ပန်း၊ နဂါးအရိုးမြက်၊ မြေအူတိုင်အသီး!"
တချို့သော ဆေးဖက်ဝင် ပစ္စည်းများသည်လည်း သူ့အာရုံကို စွဲဆောင်လာခဲ့သည်။ တော်ဝင်မိသားစုသည် ဤအရာများနှင့် ရတနာများကို ရောင်းဝယ် ဖောက်ကားခြင်း မပြုခဲ့ရာ သူ့အတွက် အသုံးဝင်လာခဲ့မယ်လို့ ဘယ်သူက သိပါ့မလဲ။
"အဲဒါ!"
ထိုခဏတွင် လုရွှမ်၏ အကြည့်သည် အရောင်မျိုးစုံရှိသော အရည်များဖြင့် ပြည့်နေသော ပုလင်းများပေါ်တွင် ငြိမ်သက်သွားသည်။
"ရွှေမျောက်ဝံသွေး... ဖုန်းကျင် ကျားသစ်သွေး! မြေဝက်ဝံသွေး!"
ဝိညာဥ်သားရဲကောင်များ၏ သွေးအနှစ်သာရ ပုလင်းများက လုရွှမ် အာရုံကို စွဲဆောင်သွားပြန်၏။ ဆယ်စင်တီမီတာ မြင့်ပြီး အချင်းတစ် စင်တီမီတာရှိသည့် ပုလင်းတစ်လုံးကို တွေ့လိုက်ရတော့ လုရွှမ် ချက်ချင်း ရပ်သွားသည်။
"စိမ်းပြာသံချပ် နဂါးရဲ့သွေး!"
စိမ်းပြာသံချပ် နဂါးသည် နဂါးမျိုးရိုး၏ သွေးများပါ၀င်သည့် ဝိညာဉ်သားရဲ ဖြစ်ပြီး အလွန်သန့်စင်သည်။ တောင်ဖောက်နဂါး၏ နဂါးသွေးနှင့် နှိုင်းယှဉ်ပါက သွေးသန့်စင်မှုနှုန်း ပိုမိုမြင့်မားလေသည်။
ပို၍အရေးကြီးသည်မှာ ဤပုလင်းသည် စိမ်းပြာသံချပ်နဂါးရဲ့ သွေးဖြစ်သည်။
ဝိညာဉ်သားရဲသည် သွေးများစွာကို ထုတ်လွှတ်နိုင်သော်လည်း သွေး၏အနှစ်သာရသည် အလွန်မြင့်မားပြီး အစက်မည်မျှ အသုံးပြုသည်နှင့် ဘယ်လောက် အသုံးဝင်မလဲ လုံးဝ တွက်ချက်ထားရသည်။
လက်ချောင်း အရွယ်ထက်မပိုသော ဤပုလင်းငယ်သည် စိမ်းပြာသံချပ်နဂါး၏ အနှစ်သာရနှင့် သွေး ဖြစ်နိုင်သည်။ စိမ်းပြာသံချပ်နဂါးရဲ့ သွေးကို ကောက်ယူလိုက်တာနဲ့ တပြိုင်နက် ကျီးကန်းသည် ငိုယိုကာ ထွက်လာလေသည်။
"ဝူး....ဝူး... အမြန်... အမြန်လုပ်... နဂါးရုပ်တု ကမ္ဗည်းပြား နဂါးရုပ်တု ကမ္ဗည်းပြားကွ!"
ကျီးကန်းက ကျယ်လောင်စွာ အော်လိုက်သည်။
လုံလောက်သော နဂါးသွေးကို လိမ်းလိုက်စဥ်က နဂါးကမ္ဗည်းဟာ နဂါးနှလုံးသားရဲ့ တည်နေရာကို ညွှန်ပြနိုင်သည်။ ရှားပါးသော ရတနာ အဆင့်၁၃ ရှိသော စစ်မှန်တဲ့ နဂါးနှလုံးပင်။
ဖီးနစ်အမွေးသည် စစ်မှန်တဲ့ နဂါးနှလုံးထက် နိမ့်သော အဆင့်၁၈ သာ ရှိသည်။ စစ်မှန်တဲ့ နဂါးနှလုံးကို သန့်စင်ပေးနိုင်ပါက သူဘယ်လောက်တောင် တိုးတက်လာလိမ့်မလဲ ဆိုတာကို တွေးပြီး လုရွှမ် စိတ်လှုပ်ရှားလာသည်။
နဂါးကမ္ဗည်းပြား ထုတ်လိုက်ပြီး လုရွှမ်သည် သူ့လက်ထဲရှိ စိမ်းပြာသံချပ်နဂါး၏ သွေးကို ယူကာ နဂါးရုပ်တုပေါ်သို့ တစ်စက်ချင်း ချလိုက်သည်။
မကြာမီတွင် နဂါးကမ္ဗည်းပြားပေါ်ရှိ နဂါးရုပ်တုသည် ပြောင်းလဲလာပြီး အရောင် ပိုတောက်လာ၍ ကွက်ကွက်ကွင်းကွင်း ဖြစ်လာကာ ရုပ်ထုတစ်ခုလုံးသည် ပို၍အသက် ဝင်လာခဲ့သည်။
လုရွှမ် လက်ထဲရှိ စိမ်းပြာသံချပ်နဂါး၏ နောက်ဆုံး သွေးတစ်စက်ကို ချပြီးနောက် နဂါးရုပ်တုသည် ရုတ်တရက် လှုပ်ရှားလာ၏။
"ဘာဖြစ်တာလဲ?"
လုရွှမ် နည်းနည်း လန့်သွားသည်။ ဒီနဂါးကမ္ဗည်းပြားက နဂါးရုပ်တုကို တံဆိပ်ခတ်ထားလို့ အသက်ဝင်ဖို့အတွက် နဂါးသွေး အလုံအလောက် လိုအပ်နေတာ ဖြစ်နိုင်လား။
တကယ့် နဂါးကြီး တစ်ကောင်သာ ဆိုရင်တော့ သူနဲ့ မော့ကောင်းရွှမ်း ပူးပေါင်းလျှင်ပင် လုံးဝ မယှဉ်နိုင်ပေ။
"စိတ်မပူပါနဲ့... လှုပ်ရှားလာရင် ရပြီ!"
ကျီးကန်းက လုံးဝ စိတ်မပူရန်နှင့် တိတ်တိတ်လေး စောင့်ကြည့်ဖို့ အချက်ပြလိုက်သည်။
များမကြာမီတွင် နဂါးရုပ်တု၏ ကိုယ်ခန္ဓာ တစ်ခုလုံးသည် ရွေ့လျား ပြိုကွဲစပြုလာသည်။ ထို့နောက် သူတို့နှစ်ဦးရှေ့တွင် သုံးဖက်မြင် မြေပုံတစ်ခု ပေါ်ထွက်လာခဲ့သည်။
မြေပုံကို မြင်တော့ မော့ကောင်းရွှမ်းက အထိတ်တလန့်ဖြင့်။
"ဒါက မြို့ပေါင်းတစ်ထောင် မဟာမိတ်ပဲ!"