ရှီးမန်ကျွင့်
Vol. 33 Ch. 4.4
လုရွှမ် အသံကို ပျော့ပျောင်းပြီး တန်ခိုးအာဏာကိုလည်း လျှော့ပေါ့လိုက်တော့မှ အဓိပတိနယ်ပယ်လေးက နောက်ဆုံးမှာ ပြောလာ၏။
"ဒီဓား အပိုင်းအစကို ကောင်းလူဧကရာဇ်အင်ပါယာ မီးလျှံမြို့ အပြင်ဘက်က သစ်ရွက်ကွဲချိုင့်ဝှမ်းမှာ ကောက်ရလာခဲ့တာ"
"ကျေးဇူးတင်ပါတယ်"
လုရွှမ် သူ့လက်ထဲက ကျိုးနေတဲ့ ဓားအပိုင်းအစကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး မလိုပါဘူး... အဆင်ပြေပြီဆိုရင် ငါအရင် သွားလိုက်ဦးမယ်!"
ရှုပ်ပွနေသော ဆံပင်အမွေးအမှင်တွေနဲ့ အဓိပတိနယ်ပယ်က လုရွှမ်နှင့် အခြားသူများ ဒီလောက်နဲ့ ရပ်မသွားမှာကို စိုးရိမ်နေသေးသဖြင့် အမြန်နှုတ်ဆက်ပြီး ထွက်သွားသည်။
ဒီနေ့ငွေ အလုံအလောက် ရပြီမို့ မတော်တဆမှုတွေ မဖြစ်ချင်တော့ပေ။
"ကောင်းလူဧကရာဇ်အင်ပါယာ... မီးလျှံမြို့"
လုရွှမ်သည် ကျိုးနေသော ဓားအပိုင်းအစပေါ်ကို လက်ဖဖြင့် ပွတ်သပ်ရင်း ညည်းညူလိုက်သည်။ ဒီနေရာက ကိစ္စတွေပြီးလို့ အချိန်ရရင် သွားကြည့်ရမည်။
"သူဌေး... ကျွန်တော်က ကောင်းလူဧကရာဇ် အင်ပါယာကပါ!"
ဖက်တီးက တစ်ချိန်တည်းမှာပဲ ဆိုလာသည်။
"မီးလျှံမြို့တော်က လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်က ကောင်းကင်ကနေ မီးတောက်တစ်ခု ပြုတ်ကျလာပြီး မီးလျှံမြို့က နေရာတော်တော်များများကို ပျက်စီးစေခဲ့တယ်လို့ ပြောကြတယ်... အဲဒီတုန်းက လူနည်းနည်းလောက်က ရတနာတွေကို ရခဲ့တယ်လို့ သတင်းထွက်လာလို့ ဧကရာဇ် အင်ပါယာအတွင်း ပြည်တွင်းစစ်တွေတောင် ဖြစ်ခဲ့သေးတယ်... သူတော်စင်တစ်ပိုင်းတွေတောင် အများကြီး သေခဲ့သေးတယ်တဲ့"
ဖက်တီး ဤပုံပြင်ကို ပြောပြလာ သောအခါ လုရွှမ်၏ နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
"အခွင့်အရေး ရတဲ့အထိ စောင့်ရအောင်... ပြီးရင် မင်းရဲ့ ကောင်းလူ အင်ပါယာကို သွားကြည့်ကြမယ်!"
"စိတ်မပူပါနဲ့ သူဌေး... ကျွန်တော်တို့ နေရာကို ရောက်ရင် အရသာရှိတဲ့ အစားအသောက်တွေ အကုန် ကျွေးမယ်"
ဖက်တီးဟာ သူ့သူဌေးက ဒီစကားကို ကြားတော့ မာန်မာန အပြည့်နဲ့ ကတိတစ်ခု ပေးလိုက်လေသည်။ သူပြောနေချိန်မှာပဲ ဒုတိယထပ်တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
"ကောင်းပြီ... ဒုတိယထပ်က တံခါးပွင့်သွားပြီ သွားကြည့်ရအောင်"
လုရွှမ် ပြောလိုက်စဥ် ဖက်တီးကလည်း အလျင်စလို ထောက်ခံလာ၏။
"အဆင့်အမြင့်ဆုံး အရောင်းအ၀ယ် နေရာကို သွားကြည့်ရအောင်"
ဒုတိယထပ်ကို ဝင်လိုက်တာနဲ့ အငွေ့အသက်၊ အပြင်အဆင်၊ ပတ်ဝန်းကျင် ပုံစံတို့ လုံးဝ ကွဲပြားသွားတာ တွေ့လိုက်ရသည်။ အလွန်တိတ်ဆိတ်လျက် ရှိကာ ပထမထပ်မှာ ဆူညံပွက်လော ရိုက်နေတဲ့ လေထုနဲ့ လုံးဝ ဆန့်ကျင်ဘက်ပင်။
အလယ်တွင် လေလံစင်မြင့်ရှိပြီး တစ်ဖက်တွင် လေလံပွဲ လာသူများအတွက် သက်တောင့်သက်သာရှိသော ထိုင်ခုံတန်းများ ရှိသည်။
များမကြာမီပင် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ ဒုတိယထပ်ရှိ တံခါးများသည် ကိုးနာရီတွင် ပွင့်လာပြီး ကိုးနာရီခွဲတွင် တရားဝင် စတင်၏။ ထို့ကြောင့် ဤကာလအတွင်း လူများ အဝင်အထွက် အလွန် လျင်မြန်လာသည်။
အဆင့်မြင့် ကတ်တစ်ကတ်ဖြင့် လူတစ်စုကို ခေါ်ဆောင်လာခြင်းက ပြဿနာမရှိပေ။ နောက်ဆုံးတွင် အဆင့်ရှိသူ တစ်ဦးသည် နောက်လိုက် တစ်အုပ်စုရှိတာက ပုံမှန်ပဲ ဖြစ်သည်။
"ညီအစ်ကိုလုရွှမ်!"
အံ့သြနေတဲ့ အသံတစ်ခုက ရုတ်တရက် ထွက်လာ၏။
လုရွှမ်လည်း ထူးဆန်းသလို ခံစားလိုက်ရသည်။ မြို့တစ်ထောင်မဟာမိတ်မှာ အသိအကျွမ်း မရှိသော်လည်း အသံကတော့ အလွန်ရင်းနှီး နေသလိုပင်။ အသံ၏ရင်းမြစ်ကို ကြည့်လိုက်ရာ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် သူ့မျက်နှာပေါ်တွင် ကြည်နူးဖွယ် အပြုံးဖြင့် လမ်းလျှောက်လာနေတာကို တွေ့လိုက်ရသည်။
"ခေါင်းဆောင်တျယ်လုံ... ခင်ဗျားဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
လူရောက်လာတာကို မြင်တော့ လုရွှမ်လည်း သံကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင် တျယ်လုံ ဆိုတာကို မှတ်မိလိုက်သည်။ ကျန်းဝူတော်ဝင်အင်ပါယာမှာ ရှိတုန်းက ဝမ့်ဖုန်းချိုင့်ဝှမ်းမှာ တွေ့ခဲ့ခြင်း ဖြစ်သည်။
"ဟာဟား... ငါတို့ သံကြေးစားအဖွဲ့ရဲ့ ဌာနချုပ်က မြို့တစ်ထောင်မဟာမိတ်မှာ ရှိတယ်လေ.. ကျန်းဝူတော်ဝင်အင်ပါယာက ငါတို့ရဲ့ ဌာနခွဲလေး တစ်ခုပဲ"
တျယ်လုံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
လုရွှမ်လည်း ခေါင်းအသာ ညိတ်လိုက်သည်။ သံကြေးစားအဖွဲ့ဟာ အကြီးစား ကြေးစားအဖွဲ့တစ်ဖွဲ့ ဖြစ်ပုံရသည်။ ၎င်း၏ ဌာနချုပ်သည် မြို့တစ်ထောင်မဟာမိတ်တွင် ရှိပြီး ကျန်းဝူတော်ဝင် အင်ပါယာ ကဲ့သို့သော နိုင်ငံငယ်များ၌ပင်လျှင် အကိုင်းအခက်များ ရှိသည်။
ဒါဟာ သံကြေးစားအဖွဲ့ရဲ့ အကိုင်းအခတ်ဟာလည်း အနိမ့်ပိုင်း၊ အလယ် အလတ်တန်းစားနဲ် အမြင့်မားသော အင်ပါယာများသို့ ပျံ့နှံ့လုနီးပါး ဖြစ်နေတာကို သက်သေပြနေ၏။
"ကျုပ်တို့က မြို့တစ်ထောင်မဟာမိတ်ကို မကြာသေးခင်ကမှ ရောက်လာတာ... နောက်ကျရင်လည်း ခေါင်းဆောင်တျယ်လုံက ကျွန်တော်တို့ကို ဂရုစိုက်ပေးပါဦး"
လုရွှမ် ပြုံး၍ ပြော၏။ သံကြေးစားအဖွဲ့ကလည်း မြို့တစ်ထောင်မဟာမိတ်၏ အရေးကြီးသော အင်အားစုများထဲမှ တစ်ခု ဖြစ်နိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ သူနဂါးနှလုံးကို ရှာဖွေချင်ရင်တော့ သံကြေးစားအဖွဲ့ရဲ့ အကူအညီ လိုနိုင်လောက်သည်။
မှော်တစ်ထောင်စံအိမ် ကုန်စည်ပြပွဲ၏ ဒုတိယထပ်သို့ နောက်လိုက် အုပ်စုများနှင့်အတူ ဝင်ရောက်နိုင်တဲ့ တျယ်လုံရဲ့ အဆင့်အတန်းက သံကြေးစားအဖွဲ့မှာ မနိမ့်ကျကြောင်း ထင်ရှားလေသည်။
"ဟာဟား... ညီလေးလုရွှမ် မြို့တစ်ထောင်မဟာမိတ်မှာ ကိစ္စတစ်ခုခုရှိရင် သံကြေးစားအဖွဲ့က တျယ်လုံဆိုတဲ့ နာမည်ကိုသာ ခေါ်လိုက်!"
တျယ်လုံက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လူငယ်လေး.... ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင် ကာကွယ်ထားရင် မြို့တစ်ထောင်မဟာမိတ်မှာ အေးဆေး လျှောက်သွားနိုင်တယ်။"
တျယ်လုံနောက်က သန်မာတဲ့ လူတစ်ယောက်က ပြုံးပြီးပြောလေ၏။
လုရွှမ် ခဏအကဲခတ်လိုက်သော် ဒီသန်မာတဲ့လူဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆မှာ ရှိနေကြောင်း သိလိုက်သည်။ ဖက်တီးပင် ဧကရာဇ်အင်ပါယာ မိသားစုကြီးက လူတစ်ယောက် ဖြစ်သော်ငြား အဆင့်၇ အစောင့်တစ်ယောက် ရှိထားလေသည်။
ဒီကောင်လေး တျယ်လုံဟာ တကယ်တော့ လူငယ်အဖွဲ့ရဲ့ အကြီးအကဲဖြစ်ပြီး သူ့ရဲ့ အဆင့်အတန်းက ထူးထူးခြားခြားပင်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျန်းဝူအင်ပါယာမှာ တွေ့တုန်းက ဘာကြောင့် သူ့ကျင့်ကြံမှုက နိမ့်နေလဲ ဆိုတာကိုတော့ အတိအကျ မသိနိုင်သေးချေ။
တစ်ဖက်လူ ပြောတာကို ကြားတော့ မော့ကောင်းရွှမ်းက သူ့နှုတ်ခမ်းတွေကို တွန့်ချိုးကာ ဂရုမစိုက်လိုဟန် ပြလိုက်သည်။
မြို့တစ်ထောင်မဟာမိတ်ကို လာရာလမ်းမှာ လုရွှမ်ဟာ သူရဲ့ဒဏ်ရာ ဟောင်းများကို ကုသဖို့အတွက် သွေးကြောဖျက် ဆေးလုံးကို သန့်စင်ထားခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် မော့ကောင်းရွှမ်းမှာ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၉ အထွတ်အထိပ်ကာလကို ရောက်ရှိသွားကာ နောက်ဆုံးအဆင့်ကို အချိန်မရွေး ချိုးဖျက်ပြီး နတ်ဘုရားတစ်ဝက် ခန္ဓာကိုယ် ရရှိလာတော့မှာ ဖြစ်သည်။
သူ နားမလည်တာက သံကြေးစားအဖွဲ့ကသာ အကူအညီမဲ့ ဖြစ်ရမှာ မဟုတ်ဘူးလား။ တော်ဝင်အင်ပါယာ၌ သူတော်စင် တစ်ပိုင်းများပင် မရှိကြချေ။
အဆင့်အတန်း မြင့်သော တော်ဝင်အင်ပါယာ တစ်ခု၌ပင် သူတော်စင်တစ်ပိုင်းသည် ပြိုင်ဘက်ကင်းကာ အလွန်အမင်း အနှောင့်အယှက် ပေးရဲသူ လုံးဝ မရှိနိုင်သော တည်ရှိမှု တစ်ခုဖြစ်သည်။
"အိုး... ရှောင်လုံလေး ဒါတွေအားလုံး မင်းရဲ့ သူငယ်ချင်းတွေလား!"
အသံတစ်သံ နဲ့အတူ ခပ်ဖျော့ဖျော့ လမ်းလျှောက်နေတဲ့ လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။
"ရှီးမန်ကျွင့်... မင်းမှာ ဘာမှလုပ်စရာ မရှိဘူးဆိုရင် ဟိုဘက်ကို သွားလိုက်.... ငါတို့ ညီအစ်ကိုတွေ စကားပြောနေတာကို မနှောင့်ယှက်နဲ့!"
ထိုလူရောက်လာတာကို မြင်တဲ့အခါ တျယ်လုံရဲ့ မျက်နှာမှာ ချက်ချင်းကို မည်းမှောင်သွားသည်။
"ဟာဟား... ကံကြမ္မာက လာဆုံစေတော့ ငါတို့က သူငယ်ချင်းတွေပဲလေ.... မင်းပြောတာ မှားနေပြီ!"
ရှီးမန်ကျွင့်ဟု ခေါ်သော လူငယ်လေးသည် ဟန်ပန်အမူအရာ အပြည့်ဖြင့် ပေါ်လာ၏။
"အိုး... ဒီကောင်မလေးတွေက တော်တော်လေး ကြည့်ကောင်းသားပဲ"
ရှီးမန်ကျွင့်၏ မျက်လုံးများသည် မင်းသမီးလော့ရုံနှင့် အခြားသူများ အပေါ်တွင် ကျရောက်နေသည်။ ချန်စစ်ယန်က အနီးဆုံး ဖြစ်တာကို မြင်လိုက်ရသဖြင့် လက်ဆွဲနှုတ်ဆက်ရင်း
"ဒီအလှလေး... ကျွန်တော်က"
ဖြောင်း!
စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး သူစကားမဆုံးမီတွင် ချန်စစ်ယန်က အားပြင်းပြင်းနဲ့ သူ့ကို ပါးရိုက်ချလိုက်သည်။
"မင်း!"
သူ့မျက်နှာ တစ်ခြမ်းကို အုပ်ထားရင်း ရှီးမန်ကျွင့်တစ်ယောက် မျက်နှာတစ်ခုလုံး တင်းမာလာသည်။ ချန်စစ်ယန်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျင့်ကြံသူမို့ အဓိပတိနယ်ပယ်က သူ့ခမျာ ခံလိုက်ရရှာသည်။
တကယ်တော့ သူမဟာ လုရွှမ်ရဲ့ မျက်စိရှေ့မှာတင် မဟုတ်ပဲ မှော်တစ်ထောင်စံအိမ်လို နေရာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာသာ ဆိုပါက ဒီလိုလူကို ချန်စစ်ယန် သေတဲ့အထိ ပါးရိုက်ပစ်လိုက်မှာ သေချာ၏။
"ကောင်မလေး!! မင်းက ငါ့ထက် ပိုမြင့်တယ်ဆိုတိုင်း ပါးရိုက်နိုင်တယ်လို့ မထင်နဲ့... မင်းငါ့ကို မြို့တစ်ထောင်မဟာမိတ်ထဲမှာ တွေ့ရင် မင်းဘာသာ နဂါးဖြစ်နေရင်တောင် ဖမ်းပြီး ခေါ်သွားမယ်ကွ!"
ရုပ်ဆိုးလာသော မျက်နှာဖြင့် ရှီးမန်ကျွင့်မှာ ချန်စစ်ယန်ကို လက်ညှိုးထိုးပြပြီး မောက်မာစွာ အော်ဟစ်လိုက်သည်။
"ဒု ဒုတိယသခင်လေး... ဒါ ဒါက အဆင်မပြေဘူး ထင်တယ်!"
ရှီးမန်ကျွင့် အနောက်က အစောင့်နှစ်ယောက်ဟာ ချီတုံချတုံနဲ့ ပြောလိုက်လေ၏။
ရှီးမန်ကျွင့်သည် အဓိပတိနယ်ပယ်ထက် ဘာမှမပိုချေ။ သူ့မျက်လုံးများတွင် ဤလူအုပ်စု၏ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်ပေ။ သူ၏ မသိစိတ်ထဲတွင် လူငယ်များသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်တစ်နှင့် အဆင့်နှစ်သာ ရှိမည်ဟု ထင်နေ၏။
သူခေါ်လာတဲ့ အစောင့်အကြပ်တွေထဲမှာ နှစ်ယောက်က အသွင်ပြောင်းခြင်း အဆင့်၆ ရှိပြီး တခြားသူတွေက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄မလို့ သူတို့ရှေ့က လူငယ်တစ်စုကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်လိမ့်မည်။
သို့သော်လည်း ထိုအစောင့် နှစ်ယောက်ကတော့ အဲဒီလို မထင်ချေ။
လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅တွင် ရှိပြီး တိုက်ခိုက်မှုကို စတင်ခဲ့သော ချန်စစ်ယန်သည် အဆင့်၄မှာ ရှိနေသည်။ သူ့နောက်က မော့ကောင်းရွှမ်းဟာ နောက်လိုက်တစ်ဦး ဖြစ်ပုံရ၏။
ယေဘူယျအားဖြင့် ပြောရလျှင် အစောင့်တစ်ယောက်သည် သူကာကွယ်ချင်တဲ့ လူရဲ့ ကျင့်ကြံမှုထက် ပို၍ မြင့်မားရမည် ဖြစ်သည်။
ထို့အပြင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ဖြစ်လို့ မော့ကောင်းရွှမ်းရဲ့ အဆင့်ကို မမြင်နိုင်ပေ။ ဤလူကြီးသည် အဆင့်၇ သို့မဟုတ် အထက်တွင် ရှိရမည်။ ဤကဲ့သို့သော ခွန်အားမျိုးဖြင့် ၎င်းတို့နှစ်ဦး ပူးပေါင်းလိုက်လျှင်ပင် ထိအောင်ရိုက်ဖို့ မဖြစ်နိုင်ချေ။