သတ်ဖြတ်ပြီ
Vol. 33 Ch. 4.5
"မင်းတို့နှစ်ယောက်က အမှိုက်ပဲကွ!! ငါအရိုက်ခံရတာကို မြင်တာတောင် ဘာလို့ မလှုပ်တာလဲ?? ပြန်ရောက်လို့ကတော့ ငါ့အစ်ကိုကို ပြောပြီး မင်းတို့ကို ကောင်းကောင်းကြီး အပြစ်ပေးခိုင်းလိုက်မယ်!"
ရှီးမန်ကျွင့်က ကျယ်လောင်စွာ ဟောက်လေသည်။
အနီးနားတွင် လူဦးရေ ပိုများလာပြီး စိတ်လှုပ်ရှားမှု များစွာဖြင့် စောင့်ကြည့်ရန်ပင် စုရုံးလာကြသည်။ မြို့တစ်ထောင်မဟာမိတ်၌ သုံးလမ်းသွားဇုန်၊ အကြီးမားဆုံး လက်သီးချက်များ၊ ပူးပေါင်းကြံစည်မှု၊ လျှို့ဝှက်တိုက်ပွဲများ စသည့် အရာများက ဆက်လက် ဖြစ်ပွားနေလို့ လူတိုင်းအတွက် မထူးဆန်းတော့ချေ။
မိသားစုကဲ့သို့ နေရာမျိုးမှာပင် နောက်ပြောင်ခြင်း၊ အချင်းချင်း နောက်ကွယ်တွင် မရေမတွက်နိုင်သော ဓားထိုး သစ္စာဖောက်မှုများလည်း ရှိနေတယ် မဟုတ်ပါလား။
တစ်ယောက် အင်အားနည်းသွားရင် နောက်တစ်ယောက်က အကျိုးခံစားခွင့် ရလာမယ်လေ။ သံကြေးစားအဖွဲ့နဲ့ ရှီးမန်ကျွင့်တို့ လူတွေ တိုက်ခိုက်တော့မယ် ဆိုတာ တွေ့လိုက်ရတဲ့အခါ လူတိုင်းဟာ ပညာရှိတွေလို စောင့်ကြည့်ချင်ကြလေသည်။
လူများစွာသည် မီးတောက်ကြီးလာအောင် လောင်စာ ထည့်ချင်ကြပြီး အင်အားစုနှစ်စု ချက်ချင်း သေတဲ့အထိ တိုက်ခိုက်ရင် ပိုတောင်ကောင်းလိမ့်မည်။
"အပြင်လူလေး နည်းနည်းကိုများ ဘာကို ကြောက်နေကြတာလဲ"
"ရှီးမန်မိသားစုက လူတွေ ဘယ်တုန်းက ဒီလောက် သူရဲဘောကြောင်ပြီး အရိုက်ခံရတာတောင် ပြန်မတိုက်ရဲအောင် ဖြစ်သွားတာလဲဟ!"
သေချာတာပေါ့။ တစ်စုံတစ်ယောက်ဟာ မီးတောက်ကို ချက်ချင်း လောင်စာထည့်တော့သည်။
"လုပ်လေ! အမှိုက်နှစ်ကောင်... အခုထိ မလုပ်သေးဘူးလား!"
ရှီးမန်ကျွင့်၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာပြီး ညာဘက်ရှိ အဆင့်၆ရှိ အစောင့်ကို ခြေဆန့်၍ ကန်ပစ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်လေး!"
အကန်ခံလိုက်ရသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ နောက်လိုက်သည် သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ဆိုလိုက်သည်။
"အပြစ်ပြုမိပါပြီ!"
လက်ဖဝါးကို ဆန့်လျက် ချန်စစ်ယန်ဆီသို့ ပြေးဝင်လာခဲ့သည်။
နှစ်ဘက်ကြားရှိ အကွာအဝေးသည် အလွန်နီးကပ်နေ၏။ ရှီးမန်ကျွင့်ရဲ့ အစောင့်က သူ့လက်ဖဝါးကို ရိုက်ချလိုက်သလိုပင် ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာ၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ရှိ ဟန်ရွှယ်နဲ့ တခြားလူတွေ အလျင်အမြန် နောက်ဆုတ်နေရသည်။
ဒီလူ တိုက်ခိုက်တာကို မြင်လိုက်ရတော့ လုရွှမ်ဟာ ချန်စစ်ယန် ခံနိုင်ရည်ရှိမှာ မဟုတ်မှန်း သိတာကြောင် မျက်မှောင်ကြုတ်ပြီး ခန္ဓာကိုယ်ကို မလှုပ်မရှားဘဲ လက်ချောင်းကိုသာ ဆန့်ကာ ထိုနောက်လိုက်အား တားဆီးထားလိုက်သည်။
ဗုန်း!
ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လက်ချောင်းနှင့် လက်ဖဝါး စွမ်းအင်တို့ တိုက်မိသွားကာ မြေပြင် တုန်ခါသွားပြီး တိုက်ပွဲပတ်ဝန်းကျင်လည်း ရှုပ်ပွသွားသည်။
ကံကောင်း ထောက်မစွာနဲ့ ကြမ်းပြင်ပေါ်မှာ အဆောက်အအုံကို အားဖြည့်ထားတဲ့ အခင်းအကျင်း ရှိနေတာကြောင့် မဟုတ်ပါက ဤအဆောက်အအုံသည် အလွယ်တကူ ပြိုကျသွားနိုင်သည်။
ဖူး!
ရှီးမန်ကျွင့်၏ အစောင့်သည် ပါးစပ်မှ သွေးတစ်လုတ် အန်ရင်း အထပ်ထပ် ဆုတ်သွားသည်။ တစ်ဖက်လူရဲ့ လက်တစ်ချောင်းတည်းက သူရဲ့ အတွင်းအင်္ဂါတွေကို ကွဲအက်သွားစေပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွား၏။
"သေစမ်း!"
ဒဏ်ရာရပြီးနောက် လုရွှမ်ရဲ့ ကျင့်ကြံမှုအဆင့်က သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့် ၅မှာပဲ ရှိသေးတာကို မြင်လိုက်ရသည်။ ထိုအခါ ထိုလူသည် အရူးမူး ဟိန်းဟောက်ကာ နောက်တဖန် ပြေးထွက်သွားတာကို တွေ့လိုက်ရသည်။
"ဘယ်လို အသက်ရှင်ရကောင်းမှန်း မသိဘူးပဲ!"
သူ သနားညှာတာပြီး လျှော့ပေါ့ပေးလိုက်တာကို တစ်ဖက်လူက အပြေးအလွှား တိုက်ခိုက်လာတာကို မြင်လိုက်ရသဖြင့် လုရွှမ် ခေါင်းယမ်းကာ သူ့လက်ညိုးကို တစ်ဖန် ဆန့်လိုက်သည်။
ဗုန်း!
အလွန် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အစောင့်အကြပ် ရှေ့သို့ မရောက်မီတွင် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို ဖြတ်ကျော်ပြီးပြီးချင်း အဆင့်၇က ကျန်းရှောက်ထျန်းကို သတ်ပစ်ခဲ့ပြီးပြီ။ နောက်ပြီး ဒီလထဲ လေ့ကျင့်ခဲ့လို အလယ်အလတ် ကာလကိုတောင် ရောက်နေပြီ။
အဆင့်၆က လူတစ်ယောက်ကို သတ်ပစ်ဖို့ဆိုတာ သူ့အတွက် တကယ့်ကို အလွယ်လေးပင်။
"မင်း မင်းက ငါ့လူကို သတ်ရဲတယ်ပေါ့!"
ရှီးမန်ကျွင့် ထိတ်လန့်သွားပြီး အကြိမ်ကြိမ်နောက်ဆုတ်သွား၏။
တစ်စုံတစ်ယောက်ကတော့ မြို့တစ်ထောင်မဟာမိတ်ထဲတွင် သူ၏နောက်လိုက်များကို ပြောင်ပြောင်တင်းတင်း သတ်ပစ်ရဲတဲ့ သတ္တိ ရှိနေပြီ။
"ငါ့အစ်ကို ဘယ်သူလဲ မင်းသိလား?"
တစ်ဖက်လူကို မြို့ထဲ ဝင်လာတဲ့ သဲအိတ်ကလေးလို့ ထင်ထားတာ လူသတ်နတ်ဘုရား ဖြစ်နေမယ်လို့ မထင်ထားချေ။ ရှီးမန်ကျွင့်ရဲ့ မျက်နှာက ရုပ်ဆိုးလာပေမယ့် သူ့နောက်ကွယ်က စွမ်းအားကို အားကိုးလျက် အော်ဟစ်လိုက်သည်။
"ငါ့အစ်ကိုက ရှီးမန်ဝေ့.... တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ တတိယအဆင့်ပဲ!! ငါတို့ ရှီးမန် မိသားစုထဲက လူကို သတ်တဲ့ မင်းအတွက် သေချာပေါက် သေလမ်းပဲ ရှိတော့တယ်ကွ!"
"အင်ပါယာထိပ်သီး စာရင်းမှာ အဆင့်၃??"
ထိပ်သီးစာရင်းတွင် တော်ဝင်အင်ပါယာရှိ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက သခင်များ အားလုံး ပါဝင်သည်။
တိမ်ပင်လယ် နယ်မြေတွင် အဆင့်မြင့် တော်ဝင်အင်ပါယာကတင် သုံးထောင်ကျော် ရှိသည်။ အင်ပါယာ တစ်ခုစီတိုင်းတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလနှင့် အဆင့်၉များ ၁၀ယောက် အနည်းဆုံး ရှိတတ်၏။
ထိပ်သီးစာရင်းမှာဆို လူဦးရေ ၃၀၀၀၀ခန့် ရှိသည်။ ဒီလိုထဲမှာ တတိယအဆင့်မှာ ရှိနေတယ်ဆိုတော့ ရှီးမန်ဝေ့ရဲ့ အရည်အချင်းကလည်း မသေးလောက်ပေ။
ဒါပေမဲ့ အဲဒါက အဆင့်၈ ပြီးပြည့်စုံခြင်း ကာလက သခင်တစ်ဦးသာ ဖြစ်သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံခြင်းကာလက မော့ကောင်းရွှမ်း သူ့အနားမှာ ရှိသလို သူသည် သူတော်စင် တစ်ပိုင်းသို့ ဝင်ရောက်နေပြီ ဖြစ်သည်။
အဆင့်၈ ပြီးပြည့်စုံသော ကာလနှင့် အဆင့်၉ ပြီးပြည့်စုံသော ကာလဆိုတာဟာ နယ်ပယ်တစ်ခု ကွာခြားတယ် ဆိုတာလောက် မရိုးရှင်းတော့ပေ။ တိုက်ခိုက်ပါကလည်း အနိုင်အရှုံး အင်မတန် ရှင်းနေပြီ ဖြစ်သည်။
"ဘာလဲ? ကြောက်နေပြီလား? ကြောက်ရင် ချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်... မင်းအလောင်း တစ်ခုလုံးကို ထားခဲ့ပေးဖို့ စဥ်းစားပေးလို့ ရတယ်.... ဒီမိန်းမတွေ အတွက်ကတော့ ငါ့ကို ခစားရလိမ့်မယ်.. ငါ့ကို နှောင့်ယှက်တဲ့အတွက် တန်ရာတန်ကြေး ပြန်ပေးရမယ်!"
ရှီးမန်ကျွင့်သည် အရူးအမူး ဟောက်ရင်း သူ့မျက်လုံးများက ရက်စက်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ချန်စစ်ယန်၊ မော့ချုံ၊ မင်းသမီးလော့ရုံ ဘယ်သူပဲဖြစ်ဖြစ် သူတို့အားလုံးဟာ တစ်သန်းမှာ တစ်ယောက်သာ ရှိတဲ့ အလှလေးတွေ ချည်းပဲ။ ဒီလိုအလှလေးတွေကို တစ်ချိန်တည်းမှာ မြင်လိုက်ရတော့ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။
"ဆူလွန်းတယ်!"
တစ်ဖက်လူက ပိုပို၍ ပျော်ရွှင်လာပြီး စိတ်လှုပ်ရှားလာတာကို မြင်ရတဲ့အခါ လုရွှမ် ခေါင်းအသာယမ်းကာ လက်ညိုးကို ထပ်မံလှုပ်ရှားလိုက်သည်။
"မလုပ်ပါနဲ့!"
နောက်ထပ် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆လူက ဝင်အော်လေ၏။ အခုနက လုရွှမ်နဲ့ ယှဉ်တိုက်ခဲ့တဲ့ ခွန်အားရှိသူသာ သူ့ရဲ့ အဖော်ဖြစ်ပြီး ဒီသခင်လေးက သူတို့ရဲ့ ကာကွယ်မှုအောက်မှာ သေဆုံးသွားရင် သူတို့အသက်လည်း ဆုံးသွားရလိမ့်မည်။
ရှီးမန်ကျွင့် သေသွားရင် သူ့အစ်ကိုက လက်စားချေဖို့ သူတို့ကို အရင်လာသတ်မှာ သေချာလေသည်။ ခန္ဓာကိုယ်ကို ဆန့်တန်းပြီး အရှေ့တွင် ဝင်ရပ်လိုက်သည်။
"လူကြီးမင်း ကျေးဇူးပြုပြီး သက်ညှာပေးပါ..."
အခြွေအရံက ကမန်းကတန်း ပြောသော်လည်း သူစကားမဆုံးမီတွင် ရှီးမန်ကျွင့်ရဲ့ အသံကို ကြားလိုက်ရသည်။
"မင်းဘာကို တောင်းဆိုနေတာလဲ? ဘယ်က ထွက်လာမှန်း မသိတဲ့ အဖုအထစ်လေးပဲလေ.... သူငါ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူးကွ!"
သူ့အစ်ကိုသည် မြို့တစ်ထောင် မဟာမိတ်တွင် အတတ်နိုင်ဆုံး စွမ်းဆောင်နိုင်ခဲ့သည်။ ဤဂုဏ်ဒြပ်ကို အားကိုးရုံဖြင့် သူ့ကို ဘယ်သူကမှ ထိရဲမှာ မဟုတ်ပေ။
အခြွေအရံများက သူ့ရှေ့တွင် ရပ်ကာ သူ့အသံက တဆတ်ဆတ် တုန်၍ ကြောက်လန့်သွားသလို ခံစားနေတာက သူ့ကို အလွန်စိတ်ဆိုးသွားစေသည်။
"မင်းကို ဘာမှ မလုပ်ရဲဘူး?"
လုရွှမ် တစ်ချက်ကြည့်လိုက်သည်။
"မှန်တယ် ကောင်လေး!! မင်းငါ့ကိုထိရဲရင် ငါ့အစ်ကိုက မင်းရဲ့မျိုးဆက်ကို ကိုးဆက်အထိ သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်"
ရှီးနမ့်ကျွင့် အေးစက်စွာ ပြုံးလိုက်ပြီး စကား ဆက်ပြောတော့မယ့် အချိန်မှာပဲ ရုတ်တရက် သူ့မျက်လုံးတွေ မှုန်ဝါးသွားသည်။ တစ်ချိန်တည်းတွင် လူတစ်ယောက်ဟာ သူ့လည်ပင်းကို လက်ငါးချောင်းဖြင့် ဖိလျက် ရှေ့တွင် ပေါ်လာ၏။
လုရွှမ်ရဲ့ လှုပ်ရှားမှုတွေက မြန်လွန်းလို့ သူ့ပတ်ဝန်းကျင်က လူတွေတောင် ဘာတွေ ဖြစ်နေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ အလွန်မောက်မာနေတဲ့ ရှီးမန်ကျွင့်တစ်ယောက် ကြက်တစ်ကောင်လို လည်ပင်းညှစ် ခံထားရတာကိုပဲ တွေ့လိုက်ကြသည်။
"မင်း မင်း"
ရှီးမန်ကျွင့်မှာ သူဒီလောက် ခြိမ်းခြောက်ထားတာတောင် လှုပ်ရှားရဲလိမ့်မည်ဟု မမျှော်လင့်ထားဘဲ သူ့မျက်နှာမှာ ထိတ်လန့်တကြား ဖြူဖျော့သွားခဲ့သည်။
"အဟဲ! ဒီကညီလေး... ကျုပ်က ရွှီရှင့်လုံပါ... မှော်တစ်ထောင်စံအျမ်က ကျုပ်ရဲ့ ပိုင်ဆိုင်မှု နည်းနည်းလေးလို့ မှတ်ယူလို့ ရပါတယ်... သနား ညှာတာတဲ့ အနေနဲ့ ရှီးမန်မိသားစုရဲ့ ဒုတိယမြောက် သခင်လေးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
ဝတ်ရုံဖြူနှင့် လူကြီးတစ်ယောက်ဟာ လေလံစင်မြင့် အနောက်က ခပ်မြန်မြန်လေး ထွက်ပေါ်လာ၏။
"အကြီးအကဲ ရွှီရှင့်လုံက တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၉ပဲ... မှော်တစ်ထောင်စံအိမ်ကိုလည်း သူပိုင်တာ မှော်တစ်ထောင်စံအိမ် ဆိုတာ အဆင့်မြင့် တော်ဝင်အင်ပါယာတွေထဲမှာ အကိုင်းအခတ်တွေ ရှိတယ်.. စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ အဓိကအင်ပါယာ အားလုံးမှာ ထိပ်တန်းငါးဦး စာရင်း ဝင်ပါတယ်... ရှားပါးတဲ့ အရင်းအမြစ်တွေလည်း ရှိတယ် လူကြီးမင်းသာ သူ့ကို မျက်နှာသာ ပေးမယ်ဆိုရင် ဆေးလုံးဖြစ်ဖြစ် ရှားပါးတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေပဲ ဖြစ်ဖြစ် လိုချင်ရင် ပြဿနာရှိမှာ မဟုတ်ဘူး!"
ရှီးမန်ကျွင့်ရဲ့ အစောင့်ဖြစ်သူက လျင်မြန်စွာ ရှင်းပြလာသည်။
ဝိညာဥ်ချီ အရင်းအမြစ်များဟာ အထူးသဖြင့် ကျင့်ကြံသူများစွာ လိုအပ်နေသော အရာဖြစ်သည်။ လုပ်ငန်းကြီးတစ်ခု၏ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပါက အမျိုးမျိုးသော ဝိညာဥ်ချီ အရင်းအမြစ်များကို ရယူရာတွင် အကျိုးကျေးဇူးများစွာ ရရှိလာလိမ့်မည်။
ကျင့်ကြံသူ အများစုအတွက် စီးပွားရေး လုပ်ငန်းကြီးတွေကို မစော်ကားမိတာက ပိုကောင်းလေသည်။