← Chapters

လမ်းညွှန်တံဆိပ်ပြား

Vol. 33 Ch. 4.13

လမ်းညွှန်တံဆိပ်ပြား

Vol. 33 Ch. 4.13

"လျိုကြီးရဲ့သားက လူမျက်နှာ နတ်ဆိုးပင့်ကူရဲ့ အဆိပ်မိထားတာ... အဆိပ်ဖြေဆေးက အရမ်းဈေးကြီးတယ် သုံးလအတွင်းမှာ ဝိညာဥ်ကျောက်တုံး တစ်သန်း မစုမိဘူးဆိုရင် အဲဒီကောင်လေး အသက်မရှင်နိုင်တော့ဘူး"

ဝမ်ကြီးမှာ ရှင်းပြနေစဥ်အတွင်း မျက်နှာသည် မည်းမှောင်နေ၏။

လူမျက်နှာ နတ်ဆိုးပင့်ကူ၏ အဆိပ်ကို ဖယ်ရှားရန် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အတင့်၈ အဂ္ဂိရတ်ပညာရှင်ထံမှ အဆိပ်ဖြေဆေးကို ယူ၍ ဖယ်ရှားရန် လိုအပ်သည်။ ဤဆေးအဆင့်သည် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ တန်နေတာ ပုံမှန်ပဲ ဖြစ်သည်။

"ဝင်သွားပြီး ခူးရုန်မြက် နည်းနည်းကို ရှာလာနိုင်ရင် လျိုကြီးရဲ့သားကို အဆိပ်ဖြေပေးနိုင်ရုံတင် မကဘူး... သူလည်း ငွေတွေအများကြီး ရလာနိုင်ပါတယ်"

တျယ်လုံက ပြုံးပြီး နှစ်သိမ့်ပေးသည့် အနေဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်လေးရဲ့ စကားကလည်း မှန်ပါတယ်"

လျိုကြီးက နှစ်ခါလောက် ရယ်လိုက်ပေမယ့် သူ့ရယ်သံထဲ အနည်းငယ် ဝမ်းနည်းနေ​​သေးတဲ့ အငွေ့အသက်တွေ ရောပါနေသေးသည်။

ရွှတ် ရွှတ်!

လူတိုင်း စကား ရပ်ပြောနေချိန်၌ တောသမင်ရိုင်း တစ်ကောင်သည် ဘာကြောင့်မှန်းမသိ လူအုပ်ဆီသို့ ရုတ်တရက် ပြေးလာ၏။ ကျင့်ကြံသူများလည်း ဘာဖြစ်နေလဲ မသိသောကြောင့် အချင်းချင်း ရှောင်သွားကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သမင်ရိုင်းသည် အပြာရောင် အလင်းတန်းထဲသို့ ခြေလှမ်းအနည်းငယ် မြှောက်လျက် ပြေးဝင်သွားခဲ့သည်။ ထိုအခိုက် ထိုသမင်ရိုင်းမှာ အသားများ ခြောက်ပြီး ကြွက်သားများ ပိန်လိမ်သွားတာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

တစ်ယောက်စီတိုင်း အသက်ရှုရပ်လျက် တိတ်ဆိတ်သွားကြသည်။

"ဒါ...."

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပထမဦးဆုံးအကြိမ် ရောက်လာသူတွေ အားလုံး အံ့သြသွားကြသည်။

ဒီအပြာရောင် အလင်းတန်းက လွယ်လွယ်နဲ့ ဖြတ်ကျော်သွားနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ဒီလောက်ထိ ကြောက်ဖို့ ကောင်း​နေမယ်လို့ မမျှော်လင့်ထားခဲ့ကြချေ။

"အပြာရောင် အလင်း တဖြည်းဖြည်း မှိန်သွားတဲ့အထိ စောင့်ရအောင်... ဒီနေရာရဲ့ သေခြင်းစွမ်းအင်တွေက ၉၉%လောက် လျော့သွားမှ ရှင်သန်ခြင်းဆေးကို သုံးပြီး အထဲကို ဝင်နိုင်မှာ"

သူ့ရှေ့က မြင်ကွင်းကို ကြည့်လိုက်ရင်း တျယ်လုံက လေးနက်စွာ ပြောလိုက်သည်။

အပြာရောင် အလင်းတန်းသည် အလွန်ပြင်းထန်သော အသေခံ စွမ်းအင်များဖြင့် ဖွဲ့စည်းထား​လေသည်။

သူတို့လို ကျင့်​ကြံသူတွေတောင် ရှင်သန်ခြင်းဆေး သောက်ထားပေမယ့် သည်းမခံနိုင်ဘူး။ အဲဒီထဲကိုဝင်ပြီး မကြာခင်မှာ သူတို့ခန္ဓာကိုယ်ကို တိုက်ခိုက်ခံရလိမ့်မယ်။ နာရီအနည်းငယ် ကြာတဲ့အခါမှာတော့ တောသမင်တစ်ကောင်လို ရှုံ့တွန့်နေတဲ့ အလောင်းအဖြစ် ပြောင်းလဲသွားလိမ့်မည်။

"ကြည့်လိုက်!! အပြာရောင် အလင်းက မှိန်စပြုနေပြီ!"

ဘယ်သူက ထအော်လိုက်တယ် မသိ။ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အရှိန်အဟုန်နဲ့ အလင်းရောင်ဟယ မှိန်ဖျော့သွားတော့တာကို တွေ့လိုက်ရပြီး အဆုံးမှာတော့ တွင်းကြီးထဲက မီးခိုးရောင် အခိုးအငွေ့ တစ်ခုပဲ ရှိတော့၏။ ဆိုလိုသည်မှာ ဂူတစ်သောင်းဂူ ပေါ်ထွက်လာခြင်း ဖြစ်သည်။

"ညီလေးလုရွှမ်.... မင်းဝင်သွားလို​က်ပါ ငါ့နယ်ပယ်က အရမ်းနိမ့်နေတယ်... ​​ငါအခု ဝင်သွားရင် သက်ရှိပစ်မှတ် တစ်ခုလို ဆက်ဆံခံရလိမ့်မယ်!"

တျယ်လုံက ဆို၏။

"ကောင်းပြီ ဒါဆို မင်း တိုက်ရိုက် ပြန်သွားလိုက်ပါ... ငါးရက်ကြာပြီးရင် ငါတို့ကို လာစောင့်နေ!"

လုရွှမ် ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ တျယ်လုံက ဂူတစ်သောင်းဂူထဲကို မဝင်ရဲကြောင်း လမ်းမှာကတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသား ဖြစ်သည်။

ကျန်းဝူ တော်ဝင်အင်ပါယာမှာတုန်းက သူဟာ ဝူအဆင့်၆လောက်သာ ရှိသေးသည်။ သံကြေးစားအဖွဲ့ ဌာနချုပ်ကို ပြန်ရောက်ပြီးနောက် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့လို့ အဓိပတိနယ်ပယ်သို့ ရောက်ခဲ့သည်။

ဂူတစ်သောင်းဂူ အထဲကို ဝင်ကြသူများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅နဲ့အထက် ကျင့်ကြံသူများ ဖြစ်ပြီး သူသာဝင်သွားရင် သေသွားမှာ သေချာလေ၏။

ဂူတစ်သောင်းဂူထဲတွင် ခူးရုန်မြက်ကို တွေ့တာနဲ့ လူတိုင်းက တိုက်ပွဲဝင်ကြမှာပင်။ သူ့ဘာသာ သံကြေးစား လူငယ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဖြစ်နေပါစေ အရင် သတ်ပြီးမှ ဆက်ပြောကြမှာ ​ဖြစ်သည်။ ဂူက အင်မတန် ကျယ်ပြီး လူကလည်း များပြားလွန်းရာ လူသေပြီးလို့ လက်စားချေမယ် ဆိုရင်တောင် သိပ်မဖြစ်နိုင်ပေ။

"ဝင်လို့ရပြီ!"

"သွားရအောင်!"

အော်ဟစ်သံများ လှိုင်းလုံးများလို ထွက်ပေါ်လာသည်။ လုရွှမ်၏ သံသယမျက်လုံးများ အောက်တွင် ဤလူများသည် ဖက်ထုပ်ကို ရေနွေးပူထဲ ပစ်ချလိုက်သလို တွင်းကြီးထဲသို့ တစ်ယောက်ပြီး တစ်ယောက် တိုက်ရိုက် ခုန်ဆင်းသွားကြသည်။

တျယ်လုံနှင့်အတူ ပါလာသော သံကြေးစားအဖွဲ့မှ သန်မာသော လူအများအပြားကလည်း ဆင်းဖို့ အဆင်သင့် ဖြစ်နေကြပြီ။

"ခေါင်းဆောင်လေး... သခင်လေးလုရွှမ် ကျွန်တော်တို့ အရင် သွားနှင့်ပါ့မယ်!"

ကြေးစားအဖွဲ့မှ အဖွဲ့ဝင် အများအပြားသည် လုရွှမ်နှင့် မနေချင်ကြပေ။ ဤရတနာ အမဲလိုက်ခြင်း ခရီးစဉ်တွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခြင်းက သာ၍ကောင်းလေ၏။ မဟုတ်ပါက ခူးရုန် မြက်ပင်များကို ဘယ်သူက ရှာတွေ့နိုင်တော့မလဲ။

စကားပြော ပြီးသောအခါတွင် အဖွဲ့သားတချို့လည်း ခုန်ဆင်းသွားကြသည်။

"ငါလည်း ဆင်းတော့မယ်!"

တျယ်လုံကို နှုတ်ဆက်ပြီးနောက် လုရွှမ်လည်း ခုန်ဆင်းဖို့ ပြင်လိုက်သည်။

"ခဏလေး!"

တျယ်လုံ ကမန်းကတန်း အော်လိုက်သည်။

"ဘာ​ဖြစိလို့လဲ"

တျယ်လုံသည် သူ့လက်ထဲမှ တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ပြီး

"ဒါက အချက်ပြ လမ်းညွှန်ပဲ... ဂူတစ်သောင်းဂူထဲမှာ မရေမတွက်နိုင်တဲ့ ဂူတွေရှိတယ်... ဒါကြောင့် မင်းရဲ့အာရုံကို ရှုပ်ထွေးစေဖို့ အရမ်းလွယ်တယ်... ဒီအပြားပေါ်က ညွှန်တံက ထွက်ပေါက်ရဲ့ ဦးတည်ရာကို အမြဲညွှန်ပြနေပါလိမ့်မယ်... မင်းထွက်လာချင်တဲ့အခါ ဒီညွှန်တံအတိုင်းသာ လိုက်ခဲ့လိုက်"

"ကျေးဇူးတင်ပါတယ်!"

လုရွှမ် ထွက်လာဖို့က နည်းနည်းတော့ ဒုက္ခဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားချေ။ အခုလို ညွှန်ပြ​ပေးနိုင်တဲ့ တံဆိပ်ပြားမျိုး မရှိခဲ့ရင် တျယ်လုံပြောသလို များပြားလှတဲ့ ဂူလမ်းကြောင်းတွေကြားမှာ ထွက်ပေါက်ကို ရှာရခက်သွားနိုင်သည်။

"ငါးရက်လောက် ကြာတော့ အပြာရောင်အလင်းတန်းက ဂူတစ်ထောင်လုံးကို ပြည့်သွားတော့မှာမို့ ဒီအချိန်အတွင်းမှာ မင်းတို့ထွက်လာရမယ်!"

တျယ်လုံက ကြင်နာစွာ ထပ်သတိပေးပြန်၏။

ငါးရက်တာအတွက် ဆေး၁၀လုံးဆိုတဲ့ အချိန်အတိအကျဟာ မြို့ထောင်ချီမဟာမိတ်မှာ နှစ်ထောင်ပေါင်းများစွာ ကတည်းက ဖွဲ့စည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းများ ဖြစ်သည်။ မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ မည်သူမဆို ထိုအကြောင်းကို သိလိမ့်မည်။

ကံကောင်းထောက်မစွာ တျယ်လုံက သူ့ကိုသတိပေးခဲ့သည်။ မဟုတ်ရင်တော့ အဲဒီအချိန်ရောက်ရင် တကယ်ကို အန္တရာယ်ရှိလာလိမ့်မည်။

ရှင်သန်ခြင်းကို မျိုချပြီးနောက် လုရွှမ် ခုန်ဆင်းကာ ဂူတစ်သောင်းဂူ၏ တွင်းကြီးထဲ၌ ပျောက်ကွယ်သွား၏။

တစ်ချက်ကြည့်လိုက်တော့ တွင်းရဲ့အောက်ခြေကနေ အပေါ်ထပ်ကို မီတာ ၅၀၀ လောက်ရှိပြီး လူတော်တော် များများက တွင်းရဲ့အောက်ခြေကို တိုက်ရိုက် ပြုတ်ကျသွားကြသည်။

တဝုန်းဝုန်း အသံများနဲ့အတူ ပြုတ်ကျသွားကြ၏။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှာရှိတဲ့ လူတွေဟာ မပျံသန်းနိုင်ကြလို့ မီတာရာ ပေါင်းများစွာ မြင့်သောအရပ်မှ ပြုတ်ကျလာတဲ့အခါ လက်ကို ပေါ့ပေါ့ဆဆ ရိုက်လိုက်လျှင်ပင် အရှိန်ကိုတော့ အတန်ငယ် ထိန်းနိုင်ပြီး တန်ပြန်လှုပ်ခတ်မှု၏ အကူအညီဖြင့် ဘာမှဖြစ်လာမည် မဟုတ်ပေ။

မြေပြင်ပေါ်သို့ လဲကျသွားပုံမှာ အလောင်းများကို ပစ်ချလိုက်သည့်နှယ် လူအားလုံး ပြန့်ကျဲသွားကြသည်။ ဂူတစ်သောင်းဂူ အတွင်း၌ အချိန်သည် ငွေဖြစ်ပြီး တစ်မိနစ်အတွင်း ခူးရုန်မြက်ပင်များကို တွေ့ပါက ငွေများစွာ ရရှိနိုင်မည် ဖြစ်သည်။

လုရွှမ် မြေပြင်ပေါ်သို့ ဆင်းခါနီးတွင် ဖီးနစ်၏ အတောင်ပံများကို ဖြန့်ကာ ပြင်းထန်စွာ ခတ်လျက် ချောမွေ့စွာ ဆင်းသက်လိုက်သည်။

ဖုန်း!

သူ့ဘေးနားက ကျင့်ကြံသူ တစ်ယောက်ဟာ အပေါ်ကနေ တိုက်ရိုက်ပြုတ်ကျပြီး ဖုန်မှုန့်တွေကြား နစ်ဝင်သွား၏။ သူ့ဘေးကလူက ဖီးနစ်တောင်ပံတွေ ဖြန့်နေတာကို မြင်လိုက်ရတော့ အံ့သြသွားလေသည်။

မီတာရာချီမြင့်သော အမြင့်တွင် အားကောင်းသော ဆွဲငင်အား၏ အရှိန်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ခတ်သွားရာ လူပုံသဏ္ဌာန် တွင်းကြီးတစ်ခုပင် ဖြစ်သွားသည်။

ထို့နောက် ချက်ချင်းပင် ထိုကျင့်ကြံသူသည် ရှက်ရွံ့စွာထ၍ သူ့ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ပွတ်သပ်ကာ အခြားသူများကဲ့သို့ ပြေးထွက်သွားလေသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ သို့မဟုတ် အဆင့်၇များသည် မီတာရာနှင့်ချီသော အမြင့်မှ ပြုတ်ကျလျှင်ပင် သူသည် အနည်းငယ် မူးဝေလာရုံသာ ဖြစ်ပြီး သူ့အသက်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ဂူတစ်သောင်းဂူက အလွန်ထူးဆန်းသည်။ ကျောက်နံရံများပေါ်တွင် အလင်းရောင် မှိန်မှိန်လေး လင်းနေသဖြင့် ထိုနေရာသည် လုံးဝမှောင်မသွားဘဲ မြင်ကွင်းတချို့ကို မြင်နေရသေးသည်။

လုရွှမ်ကတော့ နတ်မျက်စိအမှတ်ကို ဖွင့်ထားပြီးသား ဖြစ်သည်။ အဖြူရောင် အလင်းဖျော့ဖျော့၏ အကူအညီဖြင့် ဂူအတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဂူ၏အောက်ခြေ ဧရိယာသည် ထိပ်ပိုင်းထက် များစွာကျယ်ဝန်းပြီး ပတ်လည် ကျောက်နံရံများပေါ်တွင် ဂူလမ်းကြောင်း ဝင်ပေါက်များ ရှိလေ၏။

ဂူဝင်ပေါက်ကို အမှတ်တမဲ့ ရွေးလိုက်ရင်း လုရွှမ် တစ်ချက် လှုပ်ရှားကာ ပြေးဝင်သွားသည်။

ပတ်ဝန်းကျင် ဧရိယာသည် အရေပြားမှတဆင့် ခန္ဓာကိုယ် အတွင်းသို့ အဆက်မပြတ် စိမ့်ဝင်သွားနိုင်သော မီးခိုးရောင် သေလေများနှင့် ပြည့်နေသည်။

ဤမရဏ ရောင်ဝါများသည် အလွန်ထူးဆန်းပြီး ခုခံရန် ခဲယဉ်းလှပေသည်။ ဆင်သံချပ်ရွှေကိုယ်ထည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသော်လည်း တားဆီး၍ မရနိုင်ပေ။

၎င်းသည် အရေပြား၏ ချွေးပေါက်များမှ တစ်ဆင့် လုံးလုံးလျားလျား စိမ့်ဝင်ကာ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်လျက် ခန္ဓာကိုယ်၏ လုပ်နိုင်စွမ်းများကို ဖျက်ဆီးပစ်​နေသည်။

ရှင်သန်ခြင်းဆေးဟာ ပျော့ပျောင်းသော စွမ်းအင်ကို အဆက်မပြတ် ထုတ်လွှတ်ပြီး ထိုရောင်ဝါများကို ခုခံရန်အတွက် ခန္ဓာကိုယ်တစ်ဝိုက်တွင် အဆမတန် ဖြန့်ဝေပေးလျက် ရှိ​သည်။

နှစ်ဖက်လုံးက ဟန်ချက်ညီအောင် ထိန်းသိမ်းနေလို့ ကျင့်​ကြံသူဟာ မီးခိုးရောင် သေခြင်း စွမ်းအင်များ ပျံ့နှံ့သွားရာ လိုဏ်ဂူများအတွင်း ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်ပြီး ခြောက်သွေ့ အိုမင်းမသွားဘဲ နေနိုင်လေသည်။

ဘာသာ​​ပြန် = ဒီအပိုင်းမှာပါတဲ့ လူမျက်နှာပင့်ကူ (人面魔蛛 ရန်မြန့်မော်ကျူး)က soul land ထဲက အကောင်လိုပါပဲ။ မူရင်းအာသာကိုယ်တိုင် ရေးထားတာပါ။

All Chapters