← Chapters

စိတ်စွမ်းအား ထိုးဖောက်သွားပြီ

Vol. 34 Ch. 4.18

စိတ်စွမ်းအား ထိုးဖောက်သွားပြီ

Vol. 34 Ch. 4.18

ရှေ့သို့ဆက်၍ လျှောက်လာရင်း လုရွှမ်သည် မကြာမီခင်မှာပဲ ခူးရုန်မြက် အပြုံလိုက် ပေါက်နေတာကို တွေ့လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ၄ပင်သာ ဖြစ်သော်ငြားလည်း စစချင်း နေ့တစ်ဝက်လောက် ရှာနေတဲ့ အခြေအနေထက် ပိုကောင်းလာသည်။

ဆေးရည်အဖြစ် သန့်စင်ပြီးနောက် ရှေ့ဆက်လျှောက်လာခဲ့သည်။

သုံးပင်၊ ငါးပင်၊ ဆယ့်သုံးပင်!

လုရွှမ် ရုတ်တရက် ခူးရုန်မြက် ရှာဖွေရတာ ပိုမိုလွယ်ကူလာတာကို ရုတ်တရက် တွေ့လိုက်ရပြီး တစ်ခါတွေ့တိုင်းလည်း ပိုပိုများလာခဲ့သည်။

ဘာဖြစ်တာလဲ? ဒါက ဘာတွေများ ဖြစ်​နေတာလဲ?

သုံးလေးနာရီအကြာတွင် လုရွှမ်ဟာ ခူးရုန်မြက် ၈၃ပင်ရဲ့ ဆေးရည်ကို စုပ်ယူ​ပြီးနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ် စွမ်းအားကလည်း ၁၈ကို ထိုးဖောက်နိုင်ဖို့ အရမ်း နီးကပ်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် လုရွှမ်ရဲ့ နှလုံးခုန်သံတွေ အနည်းငယ် မြန်ဆန်နေပြီး မယုံနိုင်လောက်အောင်ပင် အံ့သြနေမိသည်။ ဂူလမ်းကြောင်း၏ ဆွေးမြေ့နေသော ထောင့်တစ်နေရာ၌ နောက်ထပ် ခူးရုန်မြက် အပင်၅၀လောက်ကို ထပ်ရလိုက်ပြန်၏။

ဝူး!

လုရွှမ် သူ့စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဘဲ ချက်ချင်း ရိတ်သိမ်းလိုက်သည်။

ဒီခူးရုန်မြက် ပမာဏနဲ့ဆို စိတ်စွမ်းအား ၁၈အထိ ထိုးဖောက်ဖို့ အားလုံးကို စုပ်ယူဖို့ မလိုအပ်ပေ။ စိတ်စွမ်းအား အတိုင်းအတာ ၁၈ဆိုတာဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နဲ့ ညီနေပြီ။ နောက်တစ်ကြိမ် လျိုမိသားစု ဘိုးဘေးနဲ့ တွေ့ရင်တောင် ပြန်တိုက်ဖို့ အင်အားမရှိမှာ မပူရတော့ဘူး။

ခူးရုန်မြက်များ အားလုံးကို စုဆောင်းပြီး အပင် ၁၇ ပင်သာယူ၍ ကျန်တာတွေကို ကျောက်စိမ်းပြားထဲ၌ ချန်ထားလိုက်သည်။ အပင် ၁၇ ပင်ကို ပေါင်းစည်း၍ ဆေးရည်အဖြစ် သန့်စင်လိုက်သည်။

ထိုဆေးရည်များကို သူ့ဗိုက်ထဲသို့ မျိုချလိုက်ပြီး မကြာမီတွင် သူ့ စိတ်ဝိညာဉ်စွမ်းအားတွေ လျင်မြန်စွာ မြင့်တက်လာတယကို ခံစားလိုက်ရသည်။

ဗုန်း!

သူ့စိတ်ထဲမှာ ဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာက ၁၈ကို ထိုးဖောက်နိုင်သွားပြီ.... စိတ်စွမ်းအားနဲ့တင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉နဲ့ ညီသွားပြီ"

လုရွှမ် ကျေနပ်စွာနဲ့ ပြုံးလိုက်သည်။

သူ့စိတ်အနည်းငယ် လှုပ်ရှားစွာဖြင့် သူ၏ စိတ်စွမ်းအားများကို ထုတ်လွှတ်လိုက်တဲ့အခါ မျက်စိရှေ့က ကျောက်တုံးများ ကြေမွသွား​လေသည်။

စိတ်စွမ်းအားကြောင့် ကျောက်တုံးဟာ ချက်ချင်း ပြာအဖြစ်သို့ ကြေမွသွားရ၏။ စိတ်စွမ်းအား ပြေးထွက်သွားရာ လမ်းကြောင်းမှာ အလွန် အသံတိတ်လှပြီး ဖုံးကွယ်ထားမှုမှာလည်း အလွန်ပြင်းထန်သည်။

ဒီကိစ္စမှာ ဝိညာဉ်စွမ်းအင် ကျွမ်းကျင်မှု တစ်စုံတစ်ရာ မရှိဘံ ရိုးရိုးရှင်းရှင်းပင် စိတ်စွမ်းအား၏ အံ့ဩဖွယ် အကျိုးသက်ရောက်မှုနဲ့ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

"ကောင်းပြီ... ရှီးမန်ဝေ့နဲ့ ထပ်တွေ့ရင် ငါသူ့ကို ချက်ချင်း သတ်နိုင်ပြီ... လျိုမိသားစုရဲ့ ဘိုးဘေးနဲ့ တွေ့ရင်လည်း တိုက်ကွက်တချို့ကို ​​ပြန်တိုက်ခိုက်ဖို့က ပြဿနာ မရှိ​လောက်​လောက်ဘူး!"

လုရွှမ် သူ့ရဲ့ လက်ရှိတိုက်ခိုက်ရေး စိတ်စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းပြီး ဆိုလိုက်၏။

စိတ်စွမ်းအား အတိုင်းအတာ ၁၈ ကို ဖြတ်ကျော်ပြီးနောက် လုရွှမ်သည် ခူးရုန်မြက်ပင်များကို တစ်ဖန်သန့်စင်ပြီး ဆေးရည်တစ်ဆုပ်ကို မျိုချလိုက်သည်။

ထို့နောက် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဤဆေးရည်များကို မျိုချလိုက်ပြီးနောက် သူ၏ ဝိညာဉ်စွမ်းအား လုံးဝ မတိုးလာတော့ပေ။

ဆိုလိုသည်မှာ စိတ်စွမ်းအား အတိုင်းအတာ ၁၈ကို ရောက်ရှိပြီးနောက် ခူးရုန်မြက်ရဲ့ အာနိသင်က ယခင်ကလို တိုးမြင့်လာမည် မဟုတ်တော့ချေ။

ဒါပေါ့ ခူးရုန်မြက်ကို သန့်စင်ပြီးတိုင်း စိတ်စွမ်းအားကလည်း တိုးလာမယ်ဆိုရင် စိတ်စွမ်းအား အတိုင်းအတာကို လေ့ကျင့်ရတာ ခက်ခဲတယ်လို့တောင် ပြောစရာ မလိုတော့ဘူးလေ။

ဝိညာဉ်စွမ်းအားများ တိုးလာသလို ခွန်အားလည်း တိုးလာခဲ့သည်။ လုရွှမ် အချိန်ကို တွက်ချက်ကြည့်လိုက်တော့ ဂူတစ်သောင်းဂူထဲကို ဝင်လာခဲ့တာ ဒီနေ့ဆို လေးရက်မြောက်နေ့ ဖြစ်သည်။

တကယ်လို့ သူနောက်နေ့မှာ အပြင်မထွက်ပါက အပြာဖျော့ဖျော့ အလင်းသည် သူ့အပေါ် ဖြန့်ကျက်ကာ ဖုံးလွှမ်းသွားမည် ဖြစ်ပြီး ရှင်သန်ခြင်းဆေးကလည်း မရဏစွမ်းအင် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားလိမ့်မည်။

ထိုအခါ ဂူတစ်သောင်းဂူထဲက လူတိုင်း သေကြရမည်သာ ဖြစ်သည်။

ခဏလောက် စဉ်းစားပြီးမှ တစ်ဖန် လမ်းတလျှောက် ထွက်လာခဲ့ရာ ခူးရုန်မြက် အများကြီးကို စုဆောင်းထားနိုင်ပေမယ့် တခြား ကျင့်​ကြံသူတွေကိုတော့ တစ်ချက်ကလေးမှ မတွေ့ရချေ။ လုရွှမ်လည်း ဒီနေရာဟာ ထောင်ပေါင်းများစွာသော လိုဏ်ဂူတွေထဲကို ထိုးဖောက် ဝင်ရောက်နေမိပြီ ဆိုတာ ချက်ချင်း သဘောပေါက်သွားသည်။

ယေဘူယျအားဖြင့် ဂူတစ်သောင်းဂူထဲကို ဝင်သော ကျင့်ကြံသူများသည် သုံးရက်မြောက်သော နေ့တွင် ပြန်လှည့်ကြသည်။ မဟုတ်ပါက အပြင်ထွက်ရန် အချိန် မရှိကြပေ။ ထိုကျင့်​ကြံသူများ သွားရာလမ်းသည် လှည့်ပတ်နေသော ဝင်္ကပါ လိုဏ်ဂူများနှင့် လုံးဝတူသော်လည်း လုရွှမ်သည် ကျောက်နံရံရှိ မျဉ်းဖြောင့်အတိုင်း ရှေ့သို့ရွေ့လျားရန် ရွှေအရှိန် အထူးစွမ်းရည်ကို အသုံးပြုခဲ့သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် လုရွှမ် ခူးရုန်မြက်ပင် အမြောက်အမြားကို ရရှိရာ နေရာသည် ဂူတစ်သောင်းဂူထဲတွင် ခူးရုန်မြက်ပင်များကို စုဆောင်းရန် ရှားပါးသော နေရာ သို့မဟုတ် ဘယ်သူမှ မရောက်ဖူးသော နေရာတစ်ခု ဖြစ်သည်။

နှစ်ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီ၍ မျိုးပွားပြီးနောက် ဤနေရာများရှိ ခူးရုန်မြက်များသည် အတိုင်းအတာ တစ်ခုအထိ အစွမ်းထက်နေပြီ။ လုရွှမ် စုဆောင်းရခဲ့တဲ့ ခူးရုန်မြက်တွေဟာ အနည်းဆုံး နှစ်ထောင်ချီ ကျင့်ကြံခြင်းကဲ့သို့ အကျိုးသက်ရောက်နိုင်သည်။

ဒါကိုရှာဖွေ တွေ့ရှိပြီးနောက် လုရွှမ်လည်း အလွန်ပျော်ရွှင် သွားတော့သည်။ သူ ခွန်အားအပြည့်နဲ့ လိုဏ်ဂူလမ်းပေါင်း တစ်သောင်းကို အမြန်လျှောက်လှမ်းခဲ့ရင်း ခူးရုန် မြက်ပင်တွေကို ကျောက်စိမ်းပြားထဲ အဆက်မပြတ် စုဆောင်းထားခဲ့သည်။

အချိန်တွေ လျင်မြန်စွာ ကုန်လွန်သွားသည်နှင့် လုရွှမ်သည် ခူးရုန်မြက်ပင်များကို စုဆောင်း၍ အချိန်ကုန်ခါနီးပြီဟု ခန့်မှန်းမိလိုက်သဖြင့် တျယ်လုံ ပေးထားသည့် လမ်းညွှန်တံဆိပ်ပြားကို ထုတ်ယူကာ ကျောက်ဆောင်များဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

ဂူတစ်သောင်းဂူ၏ ထွက်ပေါက်ရှိရာအတိုင်း မျဥ်းဖြောင့်ပုံသဏ္ဌာန်ဖြင့် ဖော်ပြနေ၏။ ဂူထွက်ပေါက်ကတော့ ဂူတစ်သောင်းဂူရဲ့ အထက်မှာ ရှိလေသည်။

ကျင့်ကြံသူများသည် ဂူတစ်သောင်းဂူထဲမှ ခုန်ထွက်ကာ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပျံသန်း ဝိညာဉ်သားရဲများထံ အမြန်ခုန်တက်၍ ထွက်ခွာသွားကြသည်။

ခူးရုန်မြက်များကို စုဆောင်းနိုင်ခဲ့သော ကျင့်ကြံသူများသည် မြို့ထောင်ချီမဟာမိတ် ချက်ချင်း ပြန်သွားကာ ခူးရုန်မြက်ကို ရောင်းချ၍ သူတို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူကြလေသည်။

သာမန် ကျင့်ကြံသူများသည် လုရွှမ်လို သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်အတွက် ခူးရုန်မြက်ပင်များကို စားသုံးရန် မဖြစ်နိုင်သော်လည်း ၎င်းတို့အား အဂ္ဂိရတ်ဆေး အဖြစ် သန့်စင်လိုက်သောအခါ နောက်တစ်ဆင့်သို့ တက်ရန် အခွင့်အရေး ရှိသေးသည်။

ထို့ကြောင့် အဂ္ဂိရတ်ပညာရှင်၊ လက်နက်သန့်စင်သူ သို့မဟုတ် အခင်းအကျင်း ပညာရှင် ဖြစ်ပါစေ ဒီဝိညာဉ်မြက်ပင်မျိုးသည် အလွန်လိုအပ်​ကြသည်။ စိတ်ဝိညာဉ် စွမ်းအား၏ အတိုင်းအတာသည် ၎င်းတို့၏ အဆင့်နှင့် တိုက်ရိုက် ဆက်စပ်နေသည်။

ဤအဂ္ဂိရတ် ပညာရှင်များမှာ ငွေမလောက်တာမျိုး မရှိတတ်ပေ။ အဂ္ဂိရတ်ပညာရှင် အဖွဲ့တွင် ဆေးလုံးများကို စျေးနှုန်းကြီးမြင့်စွာ ရောင်းချကြပြီး ရရှိသော ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကြသည်။

ဤနည်းအားဖြင့် ၎င်းတို့၏ ဝိညာဉ်စွမ်းအား အတိုင်းအတာကို စရိတ်စက တိုးမြှင့်ရန် ခူးရုန်မြက်ပင် အမြောက်အမြားကို ရယူနိုင်သည်။

သေချာတာပေါ့။ ဒီလူတွေက မြန်မြန်ထွက်သွားရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုလည်း ရှိပါသေးသည်။ ဂူတစ်သောင်းဂူရဲ့ အဝင်ဝမှာ ရှီးမန်ဝေ့နဲ့ လျိုမိသားစုရဲ့ ဘိုးဘေးတို့က တိတ်တဆိတ် စောင့်ကြပ်နေလို့ပင်။

ရှီးမန်ဝေ့ကို တွေ့သောအခါ လူများစွာ ချက်ချင်း လှည့်ပတ်ပြေးကြသည်။ ဤအရိပ်လူသတ်ခန်းမ၏ ခန်သမသခင်သည် လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်ပြီး လူသတ်မှုများစွာကို ပြုလုပ်ထားသောကြောင့် သူသည် ဓားပြတစ်ယောက်ကို ကြောက်စရာ ကောင်းပေသည်။

ဒီလူနှစ်ယောက်က လူတွေကို သတ်ပြီး ခူးရုန်မြက်ပင်တွေကို လုယူဖို့ ရှိနေတာလား။ ဒီအရာအပေါ် တခြားလူတွေဟာ မသေချာသလို မကြိုးစား ရဲကြတဲ့အတွက် အခင်းဖြစ်ပွားရာကနေ ချက်ချင်း လှည့်ထွက်ပြေးကြသည်။

ရှီးမန်ဝေ့နဲ့ လျိုမိသားစုရဲ့ ဘိုးဘေးက သူတို့စုဆောင်းထားတဲ့ ခူးရုန်မြက်ပင်တွေကို စိတ်မဝင်စားဘဲ လုရွှမ် ပေါ်လာတာကို စောင့်နေတယ် ဆိုတာ ဒီလူတွေက လုံးဝမသိကြပေ။

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားကာ ဂူတစ်သောင်းဂူ ပြန်မပိတ်မီ နာရီဝက်သာ လိုတော့သည်။

ရှီးမန်ဝေ့ နှင့် လျိုမိသားစု၏ ဘိုးဘေးတို့သည် တစ်ယောက်ကို တစ်ယောက် အချင်းချင်း သံသယ မျက်လုံးများဖြင့် ကြည့်နေကြသည်။

အဲဒီလူ အထဲမှာ သေများသေသွားတာလား?

နှစ်နာရီ ကြာပြီးနောက်တွင် ဂူတစ်သောင်းဂူထဲကနေ ကျင့်ကြံသူ တစ်ယောက်မှ ခုန်ထွက်လာတာကို မတွေ့ခဲ့ရပေ။ ဝင်သွားတဲ့ လူတွေဟာ လှိုဏ်ဂူထဲကနေ နာရီပေါင်းများစွာ ကြိုပြီး ထွက်ခွာရမယ့် အခြေအနေမျိုး ရှိလေသည်။

ဘယ်သူကများ ကိုယ့်အသက်ကို ကစားစရာလို လုပ်ပြီး အခုအချိန်ထိ မထွက်လာသေးတာလဲ?

"သူက မြေကြီးထဲကိုဝင်ပြီး လွတ်အောင်လုပ်တဲ့ နည်းကို သိတယ်.... သူ မြေကြီးထဲကနေများ လွတ်မြောက်သွားတာလား?

ဘယ်သူမှ ထွက်မလာတဲ့ ဂူတစ်သောင်းဂူ အဝကို ကြည့်ရင်း ရှီးမန်ဝေ့ မကျေမနပ်ဖြင့် ပြောလိုက်သည်။ အဲဒီလို ဆိုရင်တော့ သူနဲ့ လျိုမိသားစု ဘိုးဘေးဟာ ဒီနေရာမှာ တစ်ရက်ထက်မက စောင့်နေလည်း အကျိုးမရှိနိုင်ပေ။

"ငါတို့စောင့်နေတာ ကြာပြီပဲ...ဆက်စောင့်ရအောင်!" လျိုမိသားစု၏ ဘိုးဘေးက ဆို၏။

"နာရီဝက်ကြာရင် အပြာရောင် အလင်းတန်းက ဂူတစ်သောင်းဂူ ပေါက်ဝကို ဖုံးလွှမ်းသွားတော့မှာ... အဲဒီအချိန်ထိ အဲဒီကောင်လေး ပေါ်မလာရင် ငါတို့ပြန်သွားကြမယ်!"

အပြာရောင် အလင်းတန်း ဂူတစ်သောင်းဂူကို ဖုံးအုပ်လိုက်တာနဲ့ ဘယ်အဆင့်က ကျင့်ကြံသူမဆို သေသွားနိုင်သည်။

ဝွီး!

လုရွှမ် လွတ်မြောက်သွားပြီဟု သူတို့ထင်လိုက်သော အချိန်တွင် မီးတောက်တစ်ခုသည် ဂူပေါက်ဝမှ ပျံတက်လာခဲ့သည်။ လုရွှမ်သည် သူ၏ ဖီးနစ်အတောင်ပံများကို ဖြန့်ကာ ဂူအောက်ခြေမှ တိုက်ရိုက် ပျံသန်းထွက်လာခဲ့လေသည်။

All Chapters