လက်ဝါးတစ်ချက်တည်း
Vol. 34 Ch. 4.25
"ဒါက ယွမ်စံအိမ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိပါဘူး... အရိပ်လူသတ်ခန်းမက အရေးပါတဲ့ လူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ တာဝန် တောင်းဆိုမှုကို လက်ခံရရှိတဲ့အခါ ကျွန်တော်တို့ကို သီးသန့်ဆက်သွယ်ဖို့ လိုအပ်တယ်... ကျွန်တော်တို့က လုပ်ကြံသတ်ဖြတ်ခြင်းရဲ့ အကျိုးဆက်တွေကို အကဲဖြတ်ဖို့ လိုပါတယ်... တချို့တာဝန်တွေကိုတော့ လက်ခံလို့ မရပါဘူး"
"ဥပမာ တချို့ အထက်ပိုင်း ဧကရာဇ်အင်ပါယာကြီးတွေက လူတွေဆိုရင် သူတို့ကို မတော်တဆ ထိမိလိုက်တာနဲ့ အကြီးအကျယ် ဒုက္ခ ရောက်ရလိမ့်မယ်.... အစ်ကိုလုသာ ခန်းမသခင် ရာထူးကို သိမ်းပိုက်မယ်ဆိုရင် ကျွန်တော် သူတို့နဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကို ပြောပြနိုင်ပါတယ်"
ယန်လိထန်းက ဆက်လက် ရှင်းပြလေသည်။
"ညီလေးလု... အရိပ်လူသတ်ခန်းမက မြို့ထောင်ချီမဟာမိတ်က ထိပ်တန်းတပ်ဖွဲ့ ဆယ်ခုထဲမှာ ပါတယ်... တကယ်လို့ အကယ်၍ မင်းသာ အုပ်ချုပ်မယ်ဆိုရင် မြို့ထောင်ချီမဟာမိတ်ရဲ့ အကျိုးကျေးဇူးတွေကို မျှဝေခံစားနိုင်မှာ.... ဒါ တော်တော် ကံကောင်းတာနော်"
ရွှီရှင့်လုံက စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ဆိုလေသည်။
ဤစကားကို ပြောပြီးနောက် လုရွှမ် မြို့ထောင်ချီမဟာမိတ်ရဲ့ အကြောင်းတချိုကို နားလည်ခဲ့သော်လည်း အမှန်တကယ်တွင် ၎င်းအား အင်အားစု အမျိုးမျိုးမှ အခိုင်အမာ ထိန်းချုပ်ထားသေးသည်။
ဤတပ်ဖွဲ့များ သီးသန့် ညှိနှိုင်းထားသည့် အမျိုးမျိုးသော စည်းမျဉ်းများကြောင့် မြို့ထောင်ချီမဟာမိတ်သည် ချောင်ချိသော ဧရိယာတွင် ပုံမှန်အစီအမံကို ထိန်းသိမ်းထားနိုင်ပြီး လုံးဝ ဖရိုဖရဲဖြစ်ရပ်တွေလည်း ဖြစ်လာမည် မဟုတ်ပေ။
"အစ်ကိုလုသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်နဲ့အတူ ယွမ်စံအိမ်ကို လိုက်ခဲ့လို့ ရပါတယ်။ အဓိက အင်အားစုအားလုံးရဲ့ ကိုယ်စားလှယ်တွေကို ခေါ်လိုက်မယ်.... ပြီးတော့ အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အခင်းအကျင်းကို ထိန်းချုပ်ဖို့ အချက်အချာကျတဲ့ နေရာကို အစ်ကိုလုကို တရားဝင် လွှဲပေးမယ်... ဒီလိုနည်းနဲ့ အစ်ကိုက အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် ဖြစ်လာလိမ့်မယ်"
ယန်လိထန်းက လုရွှမ်ကို နူးညံ့သိမ်မွေ့စွာ ပြုံးပြရင်း ဆိုလိုက်သည်။
သူသည် မြို့ထောင်ချီမဟာမိတ်၏ အဓိကတပ်များက အသိအမှတ် ပြုခံရပြီး အရိပ်လူသတ်ခန်းမ၏ ကာကွယ်မှုပုံစံကို ကျွမ်းကျင်ပိုင်နိုင်သည်ဟု ကြားသိရသည်နှင့် တစ်ပြိုင်နက် လုရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
"သွားကြည့်ရအောင်....မြို့ထောင်ချီမဟာမိတ်ရဲ့ အဓိက တပ်ဖွဲ့တွေ ဘာတွေရှိလဲဆိုတာ ကြည့်ရအောင်"
မြို့ထောင်ချီမဟာမိတ်ကို လာရောက်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ နဂါးနှလုံးကို ရှာဖွေရန် ဖြစ်သည်။ အခုအချိန်မှာ အဲဒီအရာနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ မရသေးပေ။ ကျီးကန်းတောင် ထိုအရာကို အာရုံမခံနိုင်သေးဘူး။ အရင်က ဖီးနစ်အမွေးလိုပဲ အစီအရင် တစ်ခုနဲ့ တံဆိပ်ခတ်ထားမှာ စိုးရိမ်ရသည်။
"အစ်ကိုလု ကျေးဇူးပြုပြီး ကြွပါ!"
သို့နှင့် ယန်လိထန်းနဲ့အတူ ယွမ်စံအိမ်သို့ လျှောက်သွားခဲ့သည်။
၎င်းသည် မြို့ထောင်ချီမဟာမိတ်၏ အမည်ခံ အမြင့်ဆုံး အာဏာဖြစ်သောကြောင့် ယွမ်စံအိမ်၏ နေထိုင်ရာသည် သဘာဝကျကျ တြိဂံဧရိယာထဲတွင် ရှိပြီး ဗဟိုအကျဆုံး နယ်မြေ၌ ဖြစ်သည်။
ထိုနေရာသို့ လှမ်းကြည့်လိုက်လျှင် မြို့ထောင်ချီမဟာမိတ်၏ အဂ္ဂိရတ်ဆရာအသင်းနှင့် အခြားသော အင်အားစုများစွာသည် တူညီသော လမ်းမပေါ်တွင် တည်ရှိနေတာကို ချက်ချင်း တွေ့နိုင်သည်။
မကြာခင်မှာပဲ မြင့်မားတဲ့ တံခါးချပ်ကြီးပေါ်မှာ ချိတ်ဆွဲထားတဲ့ "ယွမ်စံအိမ်" ဆိုတဲ့ စာလုံးပါတဲ့ အဆောက်အအုံကြီးဟာ သူတို့မျက်စိရှေ့မှာ ပေါ်ထွက်လာ၏။ တံခါးရှေ့မှာ ရပ်နေတဲ့ အစောင့်တွေ အားလုံးဟာ အဓိပတိနယ်ပယ် အထွတ်အထိပ်က ကျင့်ကြံသူတွေ ဖြစ်ကြ၏။
အဓိပတိနယ်ပယ် အထွတ်အထိပ် ဆိုတာ အဆင့်နိမ့် တော်ဝင်အင်ပါယာ၌ ထိပ်တန်း ဖြစ်သော်လည်း မြို့ထောင်ချီမဟာမိတ်၏ ယွမ်စံအိမ်တွင်တော့ သူသည် ဂိတ်စောင့် အစောင့်တစ်ဦးသာ ဖြစ်သည်။
အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ရောက်လာသောအခါ ယွမ်စံအိမ်၏ စံအိမ်သခင်က မတ်တပ်ထရပ်လိုက်ပြီး
"ကျုပ်ဘေးနားက လူက မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ လူကြီးမင်း လုရွှမ်ပါ...လူတိုင်း သိကြမယ်လို့ ထင်ပါတယ်"
"အစ်ကိုလုနဲ့ ရှီးမန်ဝေ့ အငြင်းအခုံ ဖြစ်ရင်း နှစ်ယောက်သား တိုက်ခိုက်ခဲ့ကြတယ်... နောက်ဆုံး အစ်ကိုလုက အနိုင်ရခဲ့တယ်.... ထုံးစံအတိုင်း အစ်ကိုလုက ရှီးမန်ဝေ့ရဲ့ အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် ရာထူးကို လွှဲပြောင်းယူနိုင်တယ်... ဒီကလူတွေမှာ ကန့်ကွက်စရာရှိလား?"
"စံအိမ်သခင် ဒါက မှားနေတယ်လေ"
ယန်လိထန်း ပြောပြီးတာနဲ့ လူကြီးတစ်ယောက်က ကန့်ကွက်ဖို့ ချက်ချင်း ထရပ်လိုက်၏။
"စည်းမျဥ်းစည်းကမ်းအရ တော်ဝင်အင်ပါယာ ထိပ်သီး စာရင်းမှာရှိတဲ့ ပထမဆုံး ၁၀ယောက်ကသာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလမှာ ရှိကြတာ.... ခန်းမသခင် နေရာက အဲ့လိုအဆင့်ပဲ ဖြစ်သင့်တယ်... အဆင့်၅ပဲ ရှိတဲ့ လူကိုနေရာ လွှဲပြောင်းပေးတာက စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ မဟုတ်လား။"
"ဟုတ်တယ်!"
ချက်ချင်းပဲ တစ်စုံတစ်ယောက်က ထပ်ထွက်လာပြန်၏။
"ကျုပ်တို့လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဖြစ်တဲ့အတွက် အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် နေရာအတွက် ပြိုင်ဆိုင်မှုမှာ ပါဝင်ချင်တယ်!"
"ဟုတ်တယ် တရားမျှတတဲ့ ပြိုင်ဆိုင်မှုမျိုးပဲ ဖြစ်သင့်တယ်!"
ချက်ချင်းပင် လူတစ်ဒါဇင် ကျော်လောက်က မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လာကြသည်။
ရုတ်တရက် ခုန်ထွက်လာသော ထိုကျင့်ကြံသူ အုပ်စုကို ကြည့်လိုက်ရင်း လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်က လှောင်ပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ ဒီလူတွေ အားလုံးက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလများ ဖြစ်လေသည်။
သူက အဆင့်၅ နယ်ပယ်လေးမို့ ဈေးဆစ်ချင်နေကြတာပဲ ဖြစ်သည်။
လျိုမိသားစုရဲ့ ဘိုးဘေးကို ခေါင်းဖြတ်သတ်လိုက်တဲ့ အချိန်တုန်းက အဲဒီလူတွေထဲက ဘယ်သူမှ သွားမကြည့်ရဲခဲ့ဘူး။ သူတို့ရဲ့ အမြင်အရတော့ လုရွှမ်ရဲ့ ကြံ့ခိုင်မှုဟာ သိပ်မကောင်းဘဲ အင်အားကြီးတဲ့ အစောင့်အကြပ်ကို မှီခိုအားထား နေတဲ့လူသာ ဖြစ်ပေသည်။
ရှီးမန်ဝေ့ကို ခေါင်းဖြတ်လိုက်တုန်းကလည်း ဘယ်သူမှ မရှိတာကြောင့် သူသတ်လိုက်တာလို့လည်း မသိထားကြချေ။
ဒီလိုတွေးရတဲ့ အကြောင်းရင်းက ပထမ အချက်တော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ဟာ အဆင့်၈ ပြီးပြည့်စုံသော ကာလကို သတ်ဖို့ အစွမ်းသတ္တိရှိတယ်လို့ ဘယ်သူမှ မယုံကြသလို ဒုတိယ အချက်ကတော့ အရိပ်လူသတ်ခန်းမရဲ့ အကျိုးအမြတ်က အရမ်း ကြီးလွန်းလှသည်။။
ရှီးမန်ဝေ့ ရှိစဥ်က ဘယ်သူမှ မပြောရဲကြသော်လည်း အခုအချိန်မှာတော့ ချက်ချင်းဆိုသလို လူတိုင်းရဲ့ မျက်လုံးထဲမှာ ခန်းမသခင် နေရာကို အကြိုက်တွေ့သွားကြသည်။
"တရားမျှတတဲ့ ပြိုင်ဆိုင်မှုလား? ဟုတ်ပြီ!"
လုရွှမ် သူ့မျက်တောင်တွေကို တစ်ချက်ပင့်ကာ ကြည့်လိုက်သည်။
"မင်းသဘောတူတာ ကောင်းတာပေါ့... ပြိုင်ပွဲ စင်မြင့် ပြင်လိုက်ရအောင်.... အနိုင်ရတဲ့သူက အရိပ်လူသတ်ခန်းမကို တာဝန်ယူရမယ်။ ဒါပေမဲ့ တရားမျှတတဲ့ တိုက်ပွဲဖြစ်တဲ့ အတွက် မင်းရဲ့အစောင့်တွေနဲ့ အခင်းအကျင်းကို သုံးလို့မရဘူး.... မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကိုပဲ သုံးလို့ရမယ်!"
လုရွှမ်ကိုကြည့်၍ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက လူတစ်ယောက်က ထပြောလာ၏။
ယန်လိထန်း လက်ဝါး ဖြန့်လိုက်တဲ့အခါ ယွမ်စံအိမ်ထဲ ဝင်လာတဲ့ လူတိုင်းကို ပိတ်မိနေစေတဲ့ အခင်းအကျင်းငယ် တစ်ခု ပေါ်လာခဲ့သည်။
ယွမ်စံအိမ်ရဲ့ အစည်းအဝေး ခန်းမမှာ တချို့ကိစ္စတွေကို အဆုံးအဖြတ်ပေးလို့ မရချေ။ သဘောမတူပါက တိုက်ပွဲတစ်ခု စတင်လာနိုင်သည်။ ထို့ကြောင့် အခင်းအကျင်းရှိတဲ့ ပြိုင်ပွဲစင်မြင့်က အသင့်တော်ဆုံး ဖြစ်သည်။
ယန်လိထန်း ကိုင်ထားတာက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉က ကျင့်ကြံသူတွေတောင် အလွယ်တကူ ဖောက်ထွက်မသွားနိုင်တဲ့ အခင်းအကျင်း ဖြစ်ပေ၏။
ဒီလိုအခင်းအကျင်းထဲမှာ တိုက်ခိုက်ခြင်းက အပြင်ဘက်က အရာတွေကို ထိခိုက်စေမည် မဟုတ်ချေ။
"လုရွှမ်... မင်းငါနဲ့ တိုက်ရဲလား!"
မုတ်ဆိတ်မွေး သုံးချောင်းကို အလှချထားတဲ့ လူတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။
"ဟမ့်!"
လုရွှမ် သူ့ခန္ဓာကိုယ်ကို ငှက်မွေးတောင်လို့ ပေါ့ပါးစေကာ စင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ ဘာမှ မလှုပ်ရှားရသေးခင် သူ့ရဲ့စိတ်စွမ်းအားက ချက်ချင်းပင် ပျံ့နှံ့သွားပြီး တစ်ဖက်က ကျင့်ကြံသူကို ဖိနှိပ်ထားလိုက်သည်။
တစ်ပြိုင်နက်တည်း ထိုအဆင့်၈ရှိ ကျင့်ကြံသူသည် မုန်တိုင်းအတွင်းမှ လှေငယ်လေးလို သူ့ကိုယ်သူ လုံးဝ မထိန်းနိုင်တော့ချေ။ လုရွှမ်ဆီကို ဘာမှ မတုံ့ပြန်နိုင်ခင်မှာပဲ အမြင်အာရုံက မုန်ဝေဝါးလာသည်။
ဝူး!
နောက်အခိုက်အတန့်မှာတော့ လုရွှမ် တစ်ဖက်လူရှေ့ကို အလွန်မြန်စွာ ရောက်ရှိသွားပြီး လက်ပြန်ရိုက်ချလိုက်သည်။
ဖြောင်း!
ထိုလူမှာ သတိမေ့မြောမှုကနေ မသက်သာသေးခင်မှာပဲ လက်ဝါးတစ်ဖက်က ရိုက်ချလာတာကြောင့် လွင့်ထွက်သန်းပြီး ခြံဝင်းနံရံကို ထိမှန်သွားခဲ့သည်။ ဝုန်းကနဲ ပေါက်ကွဲသံနဲ့တူ လူပုံသဏ္ဌာန်ရှိတဲ့ အပေါက်ကြီးပါ ဖြစ်သွားသည်။
"ဒါ..."
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅က အဆင့်၈ကို လွင့်ထွက်သွားအောင် ရိုက်ပစ်တယ်ပေါ့??"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါ မျက်စိများ ကန်းသွားတာလား"
"မဟုတ်ဘူး... တစ်ခုခု မှားနေတာ ဖြစ်ရမယ်"
ခဏလောက် တိတ်ဆိတ်သွားပြီး နောက်တော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅က အဆင့်၈ကို လွင့်ထွက်သွားအောင် ရိုက်ပစ်လိုက်နိုင်တယ် ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီးလေ။