စစ်မှန်တဲ့ နဂါးနှလုံး
Vol. 34 Ch. 4.26
လူတိုင်းမှာ မယုံနိုင်ကြသေးဘဲ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဥ် ခြံဝင်းနံရံ အပြင်ဘက်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မင်းငါ့ကို ခိုးဝင် တိုက်ခိုက်ရဲတယ်ပေါ့!"
အစောက အရိုက်ခံလိုက်ရသော လူသည် တစ်ဖန် ပြန်ရောက်လာကာ သူ့မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သော အရှက်တရားက သူ့ကို ရူးသွပ်သွားစေသည်။
အရိုက်ခံလိုက်ရတာက သူ့မျက်နှာကို ဖောင်းကားသွား စေပေမယ့် သူ့ခန္ဓာကိုယ်က ထိခိုက်မှု သိပ်မရှိသေးချေ။
လုရွှမ်ရဲ့ ခွန်အားက အားနည်းနေတာ မဟုတ်ဘဲ သူ့ရဲ့လက်ဖဝါးက သူ့ခန္ဓာကိုယ် ခွန်အားနဲ့ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရန်သာ ဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းအားကို အသုံးမပြုခဲ့ပေ။
လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားက အလွန် လျင်မြန်စွာ ဖိနှိပ်ထားသောကြောင့် တစ်ဖက်လူက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်တာလို့ ထင်သွားခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ခေါင်းထဲ မူးဝေနေတဲ့အထိ ဖိနှိပ်ခံနေရပြီး လုရွှမ် ရွေ့လျားလာတဲ့ အရှိန်ကလည်း မြန်လွန်း၍ ခိုးဝင် တိုက်ခိုက်ရန် အခွင့်အရေးကို ယူလိုက်သလို ထင်သွားစေသည်။
ထို့အပြင် လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၁၈အထိ ရောက်နေပြီလို့ ပြောလိုက်ရင်တောင် အဲဒီ တစ်စုံတစ်ယောက်က ယုံကြည်ဖို့ လိုအပ်သေးသည်။
သူ့ရဲ့ စိတ်စွမ်းအား သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ မဟုတ်တော့ဘဲ အဆင့်၉နဲ့ ညီမျှနေပြီ ဖြစ်သည်။
"ခိုးဝင် တိုက်ခိုက်တယ်!"
လုရွှမ် ခေါင်းခါလိုက်သည်။
"မင်း ခိုးဝင်တိုက်ခိုက်တာ မဟုတ်ရင် ဘယ်လိုလုပ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅က အဆင့်၈ငါ့ကို ရိုက်ထုတ်နိုင်မှာလဲကွ!"
"ဒါဆို မင်းဒီတစ်ခါ အဆင်သင့် ဖြစ်ပြီပေါ့!"
လုရွှမ်က အာရုံစိုက်ရမှာ ပျင်းလွန်းလို့ ခပ်ပေါ့ပေါ့လေး ပြန်ပြောလိုက်သည်။
"ဘာကို အဆင်သင့် ဖြစ်ရမှာလဲ? ဒီတစ်ခါ ငါအလှည့်ပဲကွ!"
ထိုကျင့်ကြံသူက ရုတ်တရက် လုရွှမ်ဆီ ပြေးလာ၍ လက်ဖဝါး စွမ်းအင် တစ်ချက်ဖြင့် လွှဲရိုက်လိုက်သည်။
သူတိုက်ခိုက်တာတာကို မြင်တဲ့အခါ လုရွှမ် နောက်ပြန်မဆုတ်သွားဘဲ တစ်ဖက်လူရဲ့ လက်ဝါး သူ့အနားရောက်ခါနီးမှာ စိတ်စွမ်းအားတွေကို လွှတ်ထုတ်လိုက်သည်။
ဗုန်း!
အားကြီးသော စွမ်းအားတစ်ခုက ပြိုင်ဘက်ကို ဖုံးအုပ်ထားပြန်သည်။ သူ့ရဲ့ လက်ဝါးက လေထဲမှာ အေးခဲနေသလို သို့မဟုတ် ပုလင်းထဲတွင် ပိတ်မိနေသော ပိုးကောင်လေး တစ်ကောင်လို ဘယ်လောက်ပဲ လှုပ်ရှားနေပါစေ လုံးဝ မရွေ့နိုင်ဘဲ ဖြစ်နေသည်။
ဖြောင်း!
ရုတ်တရက် ကောင်လေးရဲ့ လက်ဖဝါးက တက်လာပြန်၏။
အစောကအတိုင်း ပါးရိုက် ခံလိုက်ရသော်လည်း ယခုတစ်ကြိမ်တွင် လုရွှမ် စိတ်စွမ်းအားကို ထပ်လောင်း ထည့်ထားလိုက်သည်။
ဝုန်း!
ဧရာမ တောင်ကြီးတစ်တောင်က ထိုလူရဲ့ မျက်နှာကို ဝင်ရောက် ရိုက်ထုတ်လိုက်သည့်နှယ့် တစ်ကိုယ်လုံး ဝေ့ယမ်းသွားသည်။ ဒီတစ်ခါတော့ အရင်ကလို ကံမကောင်းတော့ဘဲ သူ့ခမျာ ချက်ချင်း သွေးတွေ ထွက်လာပြီး ခေါင်းကလည်း ပေါက်ကွဲလုနီးပါး ဖြစ်လာသည်။
လေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးနောက် ထိုလူဟာ မြေပြင်ပေါ် လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားသည်။
သူနဲ့ရင်းနှီးနေတဲ့ ကျင့်ကြံသူ တစ်ဦးသည် ချက်ချင်း ပြေးချလာပြီး လဲကျနေတဲ့လူကို သေသေချာချာ စမ်းသပ်လိုက်တော့မှ စိတ်သက်သာရာ ရသွားခဲ့သည်။
ကံကောင်းစွာနဲ့ မသေသေးချေ။
ဒီအခြေအနေမှာ လူနှစ်ယောက်ကြား သေရေးရှင်ရေး ကိစ္စမျိုး ကြုံလာခဲ့ရင် သေချာပေါက် တစ်ဖက်လူက သူ့မိတ်ဆွေကို အသေသတ်သွားလို့ ရ၏။
ဒဏ်ရာများကို ကုသနိုင်သော အဂ္ဂိရတ်ဆေး တစ်လုံးကို ထိုအဆင့်၈ ကျင့်ကြံသူ၏ ပါးစပ်ထဲ ထည့်ကျွေးလိုက်ပြီးနောက် ထိုလူသည် ဂနာမငြိမ်သော မျက်လုံးများကို ဖွင့်လျက် သတိရလာခဲ့သည်။
"ဘယ်သူများ မျှမျှတတ ဆက်ပြိုင်ချင်သေးလဲ?"
လုရွှမ်သည် စင်မြင့် အလယ်တွင် ရပ်ကာ မေးလိုက်သည်။
"ဟားဟား... ညီလေးလုက ဘာတွေ ပြောနေတာလဲ? မင်းက ရှီးမန်ဝေ့ကို သတ်လိုက်တာလေ... အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် နေရာက သေချာပေါက် မင်းအတွက်ပဲ ဖြစ်သင့်တာပေါ့"
"ဟုတ်ပါတယ် ညီလေးလု...ညီလေးက တကယ်ကို အစွမ်းထက်ပါတယ်.. မင်းနဲ့ပြိုင်ချင်တဲ့ လူတွေထဲမှာဆို ကျုပ်အရင် ငြင်းမှာပဲ!"
"ဒါပဲလေ...ကျုပ်လည်း ဒီကိစ္စအတွက် ညီလေးလုက အသင့်တော်ဆုံးလို့ ထင်တယ်"
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပြီး ၎င်းတို့၏ အခေါ်အဝေါ်များကို ညီအစ်ကိုလုဟုပင် ပြောင်းလဲခဲ့သည်။
ရောက်လာတဲ့ လူတွေထဲမှာ ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြပါဘူး။ လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလမှလူကို အနိုင်ယူနိုင်ကြောင်း အသေအချာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။
သူတို့အားလုံးဟာ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ ပါဝင်နေပြီး ကွာဟချက်ကတော့ အခြေခံအားဖြင့်တော့ သိပ်မကြီးပါ။ သူတို့ရဲ့ ခွန်အားက ဒီကောင်လေးထက် ပိုသန်မာနေပေမယ့်လည်း သေသေချာချာ နှိုင်းယှဥ်ပြီး စဥ်းစားကြည့်ရရင် ဒီလူကို လွယ်လွယ်နဲ့ မသတ်နိုင်ဘူးဆိုတာ တွေ့ရ၏။
တစ်နည်းအားဖြင့် ပြောရရင် ဒီကောင်လေးက သူတို့ကို ချက်ချင်း သတ်ပစ်နိုင်စွမ်း ရှိလေသည်။
"ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ပါပြီ!"
အခင်းဖြစ်ပွားရာ နေရာရှိ လူတိုင်းက သဘောတူကြပြီး လူတိုင်းကန့်ကွက်ခြင်း မရှိတော့သောအခါ ယန်လိထန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။
"အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် နေရာကို အစ်ကိုလုက ဆက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ယွမ်စံအိမ်မှာ ပွဲကြီးတစ်ခု လုပ်ပေးပါ့မယ်... အားလုံး ဒီမှာပဲနေကြပါ!"
ယန်လိထန်းက သူ့ဆန္ဒအတိုင်း ပြုံးပြလိုက်ရင်း ခပ်ကျယ်ကျယ် အော်လိုက်သည်။ ပွဲကိုတော့ ဒီမှာ ကျင်းပမှာ မဟုတ်သလို အစည်းအဝေး ခန်းမထဲမှာ ကျင်းပမှာလည်း မဟုတ်ပါဘူး။
ယွမ်စံအိမ်၏ အနောက်ဘက် ဥယျာဉ်ထဲတွင် စားပွဲပေါင်း တစ်ဒါဇင်ကျော်နဲ့ တိုင်းနိုင်ငံအသီးသီးမှ အထူးထုတ်ကုန်များကို သောက်သုံးရေတွေလို ပေါများစွာ ပြင်ဆင်ထားလေသည်။
နောက်ဖေးပန်းခြံထဲ ဝင်လိုက်တာနဲ့ လုရွှမ် စိတ်ထဲကနေ ကျီးကန်းရဲ့ အော်သံကို ရုတ်တရက်ကြားလိုက်ရ၏။
"လုရွှမ်... တကယ့်နဂါးရဲ့နှလုံး!! နဂါးနှလုံးက ဒီအနီးနားမှာပဲ!"
"ဘာ!" လုရွှမ်ရဲ့ အမူအရာလည်း ပြောင်းသွားသည်။
နောက်ဆုံးအကြိမ်က ဖီးနစ်အမွေးသည် ဝူယန်တော်ဝင် အင်ပါယာနန်းတော်ထဲတွင် ပေါ်လာခဲ့ပြီး ယခုတစ်ကြိမ်တွင် နဂါးနှလုံးသည် ယွမ်စံအိမ်တွင် ပေါ်လာခဲ့သည်။ ဤရှားပါးရတနာများသည် အလွန် လျှို့ဝှက်ထားသည့် နေရာများတွင် ရှိနေခြင်းလား။
"အနောက်ဖက်ကို လမ်းလျှောက်သွားလိုက်... အတိအကျ တည်နေရာကို သိရင် ငါပြောမယ်!"
ကျီးကန်းသည် သူ့အသံကို ကျောက်စိမ်းပြားမှ တဆင့် လုရွှမ်၏ အသိစိတ်ဆီသို့ တိုက်ရိုက် ပေးပို့နေသည်။
"ညီလေးလု.... ဘယ်သွားမလို့လဲ?"
ရွှီရှင့်လုံ လှည့်ကြည့်သော် လုရွှမ်က မထိုင်သေးဘဲ လှည့်ပတ်သွားနေတာကို တွေ့လိုက်တာကြောင့် သူ မမေးဘဲ မနေနိုင်ခဲ့ချေ။
"အစ်ကိုရွှီ.... ကျုပ်အတွက် နေရာတစ်နေရာလောက် ယူထားပေးပါ ကျုပ်ခဏ လမ်းလျှောက်ပြီး လိုက်လာခဲ့မယ်"
လုရွှမ်က ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။
"ကောင်းပါပြီ.... ဝေးဝေးမသွားဖို့တော့ သတိပေးချင်တယ်...ယွမ်စံအိမ်ကြီးမှာ အခင်းအကျင်း အစီအရင်တွေ ရှိတယ်... အကာအကွယ် အခင်းအကျင်း တစ်ခုကို ထိမိရင် ဒုက္ခဖြစ်လိမ့်မယ်"
ရွှီရှင့်လုံက မျက်မှောင်ကြုတ်ပြီး သတိပေးလာသည်။
ယွမ်စံအိမ်သည် မြို့ထောင်ချီမဟာမိတ်၏ အရေးကြီးဆုံး နေရာဖြစ်ပြီး ကြီးမားသော အစီအရင်များကို သူတော်စင် တစ်ပိုင်းမှ စီစဉ်ပေးထားသည်။ ထိမိလိုက်တာနဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နဲ့ ယှဉ်နိုင်တဲ့ စွမ်းအားရှိရင်တောင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားမည် ဖြစ်သည်။
"အင်း!"
လုရွှမ်လည်း ခေါင်းညိတ်လိုက်ပြီး ကျီးကန်းရဲ့ ညွှန်ကြားချက်အတိုင်း လျှောက်ထွက်လာခဲ့သည်။
"ဟုတ်ပြီ... ဘယ်ဘက်ကို ဆယ်မီတာ ဆက်သွားလိုက်..အဲဒါ နဂါးနှလုံးရဲ့ တည်နေရာပဲ!"
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ကျီးကန်းရဲ့ အသံထွက်ပေါ်လာသည်။
လုရွှမ် သူ့မျက်လုံးများကို ပင့်လျက် အပေါ်ကို ကြည့်လိုက်ရာ ရေကန်အလယ်တွင် ရွှေနဂါး ရုပိတု၏ ဦးခေါင်းက ထွက်ပြူနေပြီး နဂါး၏ပါးစပ်မှ ရေစီးကြောင်း တစ်ခုက ပန်းထွက်နေတာကို တွေ့လိုက်ရသည်။
"စစ်မှန်တဲ့ နဂါးနှလုံးက ဒီရွှေနဂါး ရုပ်တုထဲမှာ ဖြစ်နိုင်တယ်"
လုရွှမ် တိတ်တဆိတ် မှန်းဆလိုက်သည်။
တည်နေရာကို အတည်ပြုပြီးနောက် လုရွှမ်သည် ၎င်းကိုရယူရန် အလျင်စလို မလုပ်ခဲ့ဘဲ ပွဲစရန် စောင့်ဆိုင်းနေသည့် ရွှီရှင့်လုံတို့ ရှိရာ စားပွဲဆီသို့ ပြန်သွားခဲ့သည်။
စစ်မှန်တဲ့ နဂါးနှလုံးသည် ဤနေရာတွင်ရှိနေပြီ။ ၎င်းအား ပိတ်ဆို့ထားရန် အထူးအခင်းအကျင်း တစ်ခု ပြုလုပ်ထားပြီး တစ်စုံတစ်ယောက်ကလည်း ဒီအကြောင်းကို သိလိမ့်မည်။ အလျင်စလို လှုပ်ရှားလိုက်ရင် သူ့ရဲ့ လက်ရှိခွန်အားနဲ့ ရတနာကို ရနိုင်မယ်လို အာမခံနိုင်မှာ မဟုတ်ချေ။
စားပွဲတွင် မြို့ထောင်ချီမဟာမိတ် ယွမ်စံအိမ်ရဲ့ လွန်ကဲစွာ ပြင်ဆင်ထားမှုကို တွေ့လိုက်ရသည်။
အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့် တော်ဝင်အင်ပါယာမှ မရေမတွက်နိုင်သော အထူးထုတ်ကုန်များနှင့် လုရွှမ် သူ့ယခင်ဘဝက နာမည်များကိုသာ ကြားသိခဲ့ရပြီး မမြင်ဖူးခဲ့တဲ့ အထူးအစားအစာ တချို့ကိုပါ နှစ်မျိုးသုံးမျိုး တွေ့ရလေသည်။
မြို့ထောင်ချီမဟာမိတ်။ အဆင့်အတန်း မြင့်သော နိုင်ငံပေါင်း သုံးထောင်၏ စုစည်းဖြန့်ဝေရာ နေရာသည် မရေမတွက်နိုင်သော ရှားပါး ရတနာများကို သဘာဝကျကျ စုဆောင်းထားနိုင်သည်။
ပွဲအပြီးတွင် လုရွှမ် မြို့ထောင်ချီမဟာမိတ်၏ ပုံစံများကို ပိုမို နားလည်လာခဲ့သည်။ ရွှီရှင့်လုံနှင့် မှော်တစ်ထောင်စံအိမ်ကို ပြန်လာခဲ့ပြီးနောက် လုရွှမ် လူသတ်အရိပ်ခန်းမသို့ တိုက်ရိုက် ထွက်လာခဲ့သည်။
အရိပ်လူသတ်ခန်းမမှ လူများ သည် ၎င်းတို့အုပ်စု ရောက်ရှိလာသည်ကို မြင်သောအခါ အရပ်ရပ်သို့ ချက်ချင်း ထွက်ပြေးသွားကြသည်။
ခန်းမသခင် နေရာအတွက် ဒီလူတွေကို အကြောင်းကြားခြင်း မရှိသေးသောကြောင်း သူတို့မှာ မသိကြသေးချေ။ မြို့ထောင်ချီမဟာမိတ်က လူအားလုံးကလည်း သူတို့နည်းတူ လုရွှမ်ဟာ ရှီးမန်ဝေ့ကို သတ်နိုင်တဲ့အထိ ကြောက်စရာကောင်းကြောင်းသာ သိထားသည်။
လူတွေ ထွက်ပြေးသွားတာကို မြင်သော်လည်း လုရွှမ် ၎င်းတို့အား ရပ်တန့်ခိုင်းရန် စိတ်မ၀င်စားခဲ့ပေ။
အရိပ်လူသတ်ခန်းမကို သိမ်းပိုက်ရခြင်း အကြောင်းရင်းမှာ သူသည် ဝင်ငွေဟုခေါ်သော လောဘကြောင့် မဟုတ်ဘဲ မြို့ထောင်ချီမဟာမိတ်တွင် သူ့ကိုယ်ပိုင် နယ်မြေ ရှိနေရင် သူ့လုပ်ရပ် အားလုံးကို တခြားသူများ သတိမပြုမိစေရန် ဖြစ်သည်။
မှော်တစ်ထောင်စံအိမ်မှာ နေခြင်းဟာ အကာအကွယ် အခင်းအကျင်းကို ရွှီရှင့်လုံက အမြဲ ထိန်းချုပ်ထားလို့ တခြားလူက သူ့ကို ထိန်းချုပ်ထားသလို အမြဲ ခံစားနေရသည်။
ဒီနေရာမှာ အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အစီအရင်ရှိပြီး ဒါကို သူ ထိန်းချုပ်ထားနိုင်ရင် အစီအရင် ဗဟိုအချက်အချာဖြင့် ဒီနေရာကို အလုံခြုံဆုံး နေရာဟု သတ်မှတ်နိုင်သည်။