နဂါးဦးခေါင်း ရေကန်
Vol. 34 Ch. 4.28
ယွမ်စံအိမ်အား ယခုလိုအင်အားဖြင့် တိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာအတွင်း မကြုံစဖူးသော အရာတစ်ခု ဖြစ်သည်။ နံနက် မိုးလင်းချိန်တွင် မြို့ထောင်ချီမဟာမိတ် အဖွဲ့အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အလွန်ထိခိုက် လွယ်သော အနံ့ခံအာရုံ ရှိသူတချို့သည် မြို့ထောင်ချီမဟာမိတ်တွင် ကြီးကြီးမားမား တစ်ခုခု ဖြစ်သွားနိုင်ကြောင်း ခံစားလာရသညအ။
လုရွှမ် အတွက်ကတော့ မနေ့ညကဟာမှာ အသေးအဖွဲ့ ကိစ္စမျှသာဖြစ်ပြီး နောက်နေ့မနက်တွင် ပုံမှန်အတိုင်း ဆက်လက် သွားလာနေခဲ့သည်။
အရိပ်လူသတ်ခန်းမရဲ့ အရေးကိစ္စများ အားလုံးကို မော့ကောင်းရွှမ်းထံ လွှဲပြောင်း ပေးခဲ့ပြီမို့ သူ့အတွက် ကိုင်တွယ် ဖြေရှင်းစရာ ဘာမှ သိပ်မရှိတော့ပေ။
ဘာမှလုပ်စရာ မရှိသလို တလမ်းလုံး လျှောက်လာခဲ့ရာ မကြာမီတွင် ယွမ်စံအိမ်သို့ ရောက်လာသည်။
"ဘယ်သူလဲ? ဒါက ယွမ်စံအိမ်.... မင်းမှာ ဘာမှလုပ်စရာ မရှိရင် ရှောင်ထွက်သွားတာ အကောင်းဆုံးပဲ!"
အစောင့်တစ်ယောက်က လုရွှမ်ကို ရှင်းရှင်းလင်းလင်း မသိထားဘဲ သူ့ကိုမြင်တာနဲ့ အသံကျယ်ကျယ်နဲ့ အော်လိုက်သည်။
"လုရွှမ် အလည်လာတယ်လို့ ယန်လိထန်းကို အကြောင်းကြားလိုက်ပါ"
လုရွှမ် စိတ်ထဲမထားဘဲ ပြောလိုက်သည်။
"လုရွှမ်!"
"အရိပ်လူသတ်ခန်းမရဲ့ ခေါင်းဆောင်အသစ်!"
"လျိုမိသားစုရဲ့ ဘိုးဘေးကိုလည်း သူသတ်လိုက်တာ ဆိုပဲကွ!"
ချက်ချင်းဆိုသလို အစောင့်အကြပ် တော်တော်များများဟာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မတိုင်ခင်က လုရွှမ်ကို ကြိမ်းမောင်းခဲ့တဲ့ အစောင့်မှာလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။ လုရွှမ်ကို မသိပေမယ့် ဒီနာမည်ကိုတော့ မကြာခဏ ကြားနေရတယ်လေ။
"ဆရာကြီးလုကိုး!" အစောင့်က ချက်ချင်း လေသံကို ပြောင်းလိုက်ပြီး
"ခဏစောင့်ပါ... ဒီငယ်သားက ချက်ချင်း သတင်းပို့လိုက်ပါ့မယ်!"
ပြောပြီးသည်နှင့် သူသည် အလျင်အမြန် သတင်းပို့ရန် ပြေးထွက်သွား၏။ လုရွှမ် ဒေါသကိုတော့ မဆွရဲပါ။ လုရွှမ်က လူသတ်တဲ့နေရာမှာ ရက်စက်ကြောင်း ကောလဟာလများ ထွက်နေသည်။ သူ့ကို ကြိမ်းမောင်းမိခဲ့လို့ စိတ်ဆိုးပြီး သူ့ကို သတ်ပစ်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။
မြန်မြန် သတင်းပို့လိုက်တာ အကောင်းဆုံးပဲ။
အစောင့် ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ယန်လိထန်းရဲ့ ပုံရိပ်က တံခါးဝမှာ ပေါ်လာခဲ့သည်။ လုရွှမ်ကို မြင်တာနဲ့ ချက်ချင်းပြုံးပြီး
"အစ်ကိုလု လာ လာ.... လာမယ်ဆို ကျွန်တော်ကိုယ်တိုင် လာကြိုမှာပေါ့ဗျာ ကျေးဇူးပြုပြီး အထဲဝင်ပါ"
"စံအိမ်သခင်က ယဉ်ကျေးလွန်းနေပါပြီ!"
လုရွှမ်လည်း ရယ်မောပြီး အထဲကို လိုက်ဝင်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လုရွှမ် လက်ကောက်ဝတ်ကို လှည့်ကာ ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါက မြို့ထောင်ချီမဟာမိတ်ကို ပထမဆုံး ရောက်ဖူးတာပဲ... တချို့စည်းမျဉ်းတွေကို အများကြီး မသိပါဘူး။ မနေ့က ညီအစ်ကိုယန်ရဲ့ မိတ်ဆက်ပေးမှုကြောင့် အရိပ်လူသတ်ခန်းမကို ထိန်းချုပ်နိုင်ခဲ့တဲ့ အတွက် တကယ်ကို ကံကောင်းခဲ့ပါတယ်.... ဒီစိတ်ဝိညာဥ်ဆေးက ကျုပ်ရဲ့စိတ်ရင်း အစိတ်အပိုင်းကို ဖော်ပြတဲ့ အရာတစ်ခုပါ ကျေးဇူးပြုပြီး ညီအစ်ကိုယန်က လက်ခံပေးပါ"
"စိတ်ဝိညာဉ်ဆေး!"
လုရွှမ် လက်ထဲက စိတ်ဝိညာဉ်ဆေးကို မြင်လိုက်ရတော့ ယန်လိထန်းလည်း အနည်းငယ် အံ့သြသွားမိသည်။
စိတ်ဝိညာဥ်ဆေး ဆိုတာ မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ဆရာအသင်းကသာ သန့်စင်နိုင်ပြီး နှစ်၅၀မှာ တစ်ကြိမ်သာ ရရှိနိုင်သည်။ သန့်စင်တဲ့ အခါတိုင်းလည်း အများစုကို ဌာနချုပ်မှ သိမ်းသွားကာ အနည်းငယ်ကိုသာ သူတို့ဘာသာ ဖြန့်ဝေနိုင်သည်။
ဒီပစ္စည်းကို သန့်စင်ပြီးတိုင်း ရနိုင်ချေက အလွန်နည်းပါးလှသည်။ ယွမ်စံအိမ်က စံအိမ်သခင် ဆိုရင်တောင် လွယ်ကူမှာ မဟုတ်ချေ။
ယွမ်စံအိမ်သည် မြို့ထောင်ချီမဟာမိတ်မှာ အမြင့်ဆုံး အာဏာပိုင် ဖြစ်သော်လည်း အဂ္ဂိရတ်ဆရာအသင်းရဲ့ ဌာနချုပ် ရှေ့မှာတော့ အရေးမပါသေးသဖြင့် ၎င်းတို့ကို ထိုလူများက အာရုံစိုက်ရန် မလိုအပ်ပေ။
"အစ်ကိုလု... ဒါကျွန်တော့်ကို ပေးချင်တာ သေချာရဲ့လား?"
ယန်လိထန်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ ဒီလက်ဆောင်က အရမ်းတန်ဖို့ ရှိလွန်းတယ်လေ။
ခူးရုန်မြက်ပင် တစ်ပင်သည် ထောင်ပေါင်းများစွာသော ဝိညာဉ်ကျောက်တုံးများလို တန်ဖိုးရှိပြီး စိတ်ဝိညာဉ်ဆေးရဲ့ တန်ဖိုးမှာလည်း မြို့ထောင်ချီမဟာမိတ်လို နေရာမျိုးမှာ ဝိညာဉ်ကျောက်များနဲ့ လုံးဝ အဖိုးမဖြတ်နိုင်ပေ။
တချို့သော မိသားစုကြီးများ အတွက် စိတ်ဝိညာဉ် အားဖြည့်ဆေးလုံးသည် အဆင့်မြင့် အဂ္ဂိရတ်ဆရာ၊ လက်နက်သန့်စင်သူ သို့မဟုတ် အခင်းအကျင်း ပညာရှင်များကိုပါ ပြုစုပျိုးထောင် ပေးနိုင်သည်။
ထိုသို့သော အထူးကျွမ်းကျင်သူများ အတွက် ရာထူးတိုးမြှင့်ခြင်းသည် မိသားစု တစ်ခုလုံး၏ စွမ်းအားကို မြင့်မားသော အဆင့်သို့ အပြည့်အဝမြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်လေသည်။
"စိတ်မပူပါနဲ့... အဲဒါက စိတ်ဝိညာဉ်ကို အာဟာရဖြည့်စေတဲ့ ဆေးတစ်လုံးပါပဲ"
လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်မှာ စိတ်ဝိညာဉ်ဆေးလုံး ဒါဇင်များစွာ ရှိနေဆဲ ဖြစ်ပြီး တစ်လုံးကို ထုတ်ပေးလိုက်တာလောက်ကတော့ နှမြောစရာ မရှိချေ။
"ကောင်းပြီ... အစ်ကိုလု အစ်ကို အကူအညီလိုရင် ကျုပ်ကို တိုက်ရိုက်သာ ပြောလိုက်... တခြားနေရာတွေ မှာတော့ မပြောဝံ့ပေမယ့် မြို့ထောင်ချီမဟာမိတ်မှာတော့ ကျုပ်က အင်အားတစ်ခုတော့ ရှိပါတယ်"
ယန်လိထန်း မတွန့်ဆုတ်တော့ဘဲ စိတ်ဝိညာဥ်ဆေးကို လက်ခံလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကတော့ သူ့မျက်လုံးများထဲတွင် ဖျတ်ခနဲ ဖျတ်ခနဲ တောက်ပလျက်။
"အစ်ကိုယန်နဲ့ တတ်နိုင်သမျှ တွဲလုပ်နိုင်ရင် လုံလောက်ပါပြီ... မနေ့က ပွဲက ကျုပ်အတွက် မျက်စိပွင့်စရာတွေ အများကြီး ရခဲ့တယ်... အစ်ကိုယန်ရဲ့ မြို့ထောင်ချီမဟာမိတ်မှာ ထူးခြားတဲ့ ကုန်ပစ္စည်းတွေ အများကြီး ရှိမယ်လို့ တစ်ခါမှ မထင်ထားဘူး"
လုရွှမ်က ရယ်လျက် ဆိုလေ၏။
"ဒါဆို သွားရအောင်...နောက်ထပ် တစ်ခုလောက် သောက်ကြတာပေါ့!"
လုရွှမ်က သူ့ကို မျက်နှာသာပေးဖို့ ရည်ရွယ်ထားခဲ့တာကြောင့် ယန်လိထန်းလည်း မငြင်းဆန်တော့ချေ။ ဒါက စားသောက်ခြင်းမျှသာ ဖြစ်ပြီး မြို့ထောင်ချီမဟာမိတ်မှာ အရပ်ရပ်မှ အထူးပစ္စည်းများ ပြတ်တောက်မှု မရှိချေ။
တကယ်တော့ သူက မြို့ထောင်ချီမဟာမိတ်ရဲ့ မျက်နှာပြင်ပေါ်မှာ အမြင့်ဆုံး စွမ်းအင်ကို ထိန်းချုပ်ထားလို့ နေရာများစွာမှာတော့ အဆင်ပြေရန် သူ့ကိုလိုအပ်ကြသည်။
"မနေ့က ပွဲကျင်းပတဲ့ နေရာက အရမ်းလှတဲ့ ရှုခင်းတွေ ရှိတယ်... ငါ အရမ်းကြိုက်တယ် အဲဒီကိုပဲ သွားကြရအောင်!"
လုရွှမ်လည်း ရွှင်လန်းစွာနဲ့ ပြောလိုက်သည်။
ဒီလူက ဒီနေရာကို စားဖို့သောက်ဖို့ လာခဲ့တာ မဟုတ်ဘူးလေ။ သူ့စိတ်ထဲမှာ နဂါးနှလုံးကို စိတ်မချနိုင်လို့ မနေနိုင်မထိုင်နိုင် လာကြည့်ရတာလေ။
"အဲဒါ အဆင်ပြေပါတယ်!"
ယန်လိထန်းက ချက်ချင်း သဘောတူလိုက်၏။
မနေ့တနေ့က သူတို့သည် ယွမ်စံအိမ်၏ အနောက်ဘက် ဥယျာဉ်တွင် ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့တဲ့ နေရာမှာပဲ သူတို့နှစ်ယောက်သား မျက်နှာချင်းဆိုင် သောက်ကြသည်။ နန်းဆောင်ငယ် အတွင်းရှိ ရေကန်မှ ထွက်လာသော ရွှေရေပိုက်ကို ကြည့်ရင်း လုရွှမ် ပေါ့ပေါ့ပါးပါး ဟန်ဆောင်ကာ
"အစ်ကိုယန်.... ဒီနဂါးခေါင်းရေပိုက်က ပစ္စည်းကောင်းလေးပဲ... ခင်ဗျား ဘယ်ကရတာလဲ"
"အိုး?"
လုရွှမ်ရဲ့ မေးခွန်းကို ကြားတော့ ယန်လိထန်း ခဏလောက် အေးခဲသွားပြီး
"အစ်ကိုလုက အဲဒီရေပန်းကို ဆိုလိုတာလား?"
"မှန်ပါတယ်... အဲဒီရေပန်းပဲ နဂါးခေါင်းနဲ့ ရေပန်း"
"အိုး... ဒါကြီးရှိနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ လောက်ကတည်းပဲ... ဘယ်လောက်တောင် ရှိပြီလဲတော့ မသိဘူး... ယွမ်စံအိမ် အရင်ကတည်း ရှိခဲ့ပုံရတယ်။ ဘယ်အချိန်လဲ ဆိုတာကို ကျွန်တော်လည်း အတိအကျ မသိဘူး... ယွမ်စံအိမ်ရဲ့ အရင်စံအိမ်သခင်က ဒီရွှေနဂါးကြောင့် ဒီမှာဆောက်ခဲ့တာလို့ ပြောကြတယ်... အဲဒီအောက်မှာ သဘာဝ ရေတွင်းတစ်ခု ရှိတယ် ဒါမှ ရေတွေ ဆက်စီးဆင်းနေနိုင်တာပေါ့"
ယန်လိထန်းက ပြောလေ၏။
"ဒီရွှေနဂါးကို ကျုပ် သဘောကျတယ်... စံအိမ်သခင် ကျုပ်ကို ရောင်းပေးလို့ရမလား?"
သူတကယ် မသိနားမလည်ပုံ ပေါက်နေတာကို မြင်တော့ လုရွှမ် အစမ်းသဘောနဲ့ မေးကြည့်လိုက်သည်။
"အစ်ကိုလု.... ခင်ဗျား ဖယ်ထုတ်ယူလို့ရရင် အဆင်ပြေပါတယ် အဲဒါက အလှဆင်မှု တစ်ခုပဲလေ... ဒါပေမဲ့ အစ်ကိုလုကို သတိမပေးမိဘူးလို့တောင် အပြစ်မတင်နဲ့နော် အဲဒီရွှေနဂါးကြီးက ဖယ်ရခက်တယ်"
လုရွှမ်ရဲ့ စကားကို ကြားတော့ ယန်ထိလန်းက မကျေနပ်တာ မရှိဘဲ ပြုံးကာ ခေါင်းခါပြလိုက်သည်။
"မဖြစ်နိုင်ပါဘူး!" လုရွှမ် အံ့အားသင့်စွာဖြင့်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြိုးစားခဲ့ပေမယ့် သူက လှုပ်တောင် မလှုပ်ဘူး!"
"ဒါဆို ကျုပ်စမ်းကြည့်မယ်"
လုရွှမ်က လုံးဝ မယုံကြည့်နိုင်သည့်နှယ် ဆိုလိုက်သည်။
"ရပါတယ်... အစ်ကိုလု အစွမ်းကုန် ကြိုးစားကြည့်လို့ရတယ်"
သေရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ယန်လိထန်းက ဝိုင်တစ်ငုံ သောက်လိုက်ကာ ပေါ့ပေါ့ပါးပါးလေး ဆိုလိုက်သည်။
လုရွှမ် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရေစပ်ရှိရာသို့ အမြန် သွားလိုက်သည်။ နဂါးခေါင်းကို ကြည့်လိုက်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားသလို ခံစားလိုက်ရသည်။ ဖီးနစ်အမွေးကြောင့် ဖြစ်လာတဲ့ အလှည့်အပြောင်းတွေ အားလုံးကို တွေးကြည့်တော့ နဂါးနှလုံးကို တွေ့ဖို့ ဒီလောက်ရိုးရှင်းမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ဒါက ရွှေနဂါး ရုပ်တုတစ်ကောင်မျှသာ ဖြစ်သည်။ သူ့ရဲ့လက်ရှိခွန်အားနဲ့ဆို ရွှေထက်အဆတစ်ရာ ပိုလေးတဲ့ ရွှေနဲ့ ပြုလုပ်ထားရင်တောင် ထိုအရာကို ထိုအရာကို အလွယ်တကူ ရွေ့ပြောင်းနိုင်သည်။
ရေကန်ဟု ဆိုပေမယ့် တကယ်တော့ ဧကဒါဇင်ပေါင်းများစွာ လွှမ်းခြုံထားတဲ့ ရေပြင်ကြီး ဖြစ်သည်။ နဂါးခေါင်းကလည်း ရေထဲကနေ ပြူးထွက်နေတာတောင် စားပွဲနှစ်လုံးစာလောက် ကျယ်လေ၏။
ဒီစကေးအရဆိုရင် နဂါးကိုယ်ထည် တစ်ခုလုံးရဲ့ အရှည်မှာ မီတာ ၁၀၀ ကျော် ရှိမည်ဟု ခန့်မှန်းရသည်။
ရေကန်ဆီသို့ လျှောက်သွားသောအခါ ယန်လိထန်းသည် သူ့နောက်တွင် ရှိနေဆဲဖြစ်ပြီး
"အစ်ကိုလု သတိထားပါ... ရေက အရမ်းနက်တယ်!"
"ကိစ္စမရှိပါဘူး!"
လုရွှမ် သူအဆင်ပြေကြောင်း ကတိတစ်ခု ပေးကာ ရေထဲသို့ ခုန်ချလိုက်သည်။ ဧကဆယ်ဂဏန်းရှိသော ရေကန်ငယ် တစ်ခုသာ ဖြစ်လို့ ဘယ်လောက်များ နက်နိုင်မှာလဲ။
ရေထဲသို့ဝင်ပြီးနောက် နဂါးဦးခေါင်းဆီသို့ ကူးခတ်ကာ ရေကန် အောက်ခြေကို ဆက်လက်ကူးခတ်၍ နဂါးရုပ်တု တစ်ခုလုံးကို တူး၍ ယူဆောင်သွားမည်ဟု ရည်ရွယ်ထားလိုက်သည်။
ခဏကြာ ရေကူးပြီးနောက် လုရွှမ်ရဲ့ မူလအစီအစဥ်ကို ပျောက်ကွယ်သွားစေတဲ့ အရာတစ်ခုက သူ့ကို အံ့အားသင့် သွားစေခဲ့သည်။ မီတာတစ်ထောင်လောက် ငုတ်ပြီးတာတောင် ရေကန်ရဲ့ အောက်ခြေကို မမြင်ရသေးပေ။
၎င်းသည် သေးငယ်သော ရေကန်တစ်ခု ဖြစ်သော်လည်း အမှန်တကယ်မှာ နားမလည်နိုင်လောက်အောင်ပင် နက်ရှိုင်းလွန်းလှ၏။