ကျွန်ဈေးကွက်
Vol. 35 Ch. 4.32
အလောင်း လေးလောင်းကို ချန်ထားခဲ့ပြီးနောက် လုရွှမ်သည် အရိပ်လူသတ်ခန်းမသို့ ပြန်လာခဲ့သည်။
သူပြန်ရောက်ပြီးချင်းမှာပဲ မော့ကောင်းရွှမ်း ရောက်လာသည်။ သူတစ်ယောက်တည်း မလာဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့် ၃က လူတစ်ယောက်ကို သူ့လက်ထဲမှာ ကိုင်ထားလေ၏။
"သခင်လေး... အရိပ်လူသတ်ခန်းမရဲ့ အဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ လူတစ်ယောက်ကို ကျွန်တော် ဖမ်းမိခဲ့ပါတယ်... အရိပ်လူသတ်ခန်းမကို တိုက်ခိုက်နေတဲ့ လူတွေက နန်ဟိုင် တော်ဝင်အင်ပါယာ လျိုမိသားစုနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့ကပါ...."
မော့ကောင်းရွှမ်းရဲ့ အရှိန်က နှေးတော့မနှေးချေ။ သူသည် လုပ်ကြံသူကို အသက်ရှင်လျက် ဖမ်းခေါ်လာခဲ့၏။
"ငါသိပြီးပြီ" လုရွှမ်လည်း ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ကို လက်စားချေတဲ့ ကိစ္စတွေ လုပ်စေချင်သလား?"
မော့ကောင်းရွှမ်းဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ကာလက ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ ရန်သူက အကာအကွယ် အစီအရင်ထဲမှာ ပုန်းကွယ်မနေဘူးဆိုရင် သူ့လက်ထဲက ထွက်ပြေးဖို့ ခဲယဉ်းပါလိမ့်မည်။
"အဂ္ဂိရတ်ပညာရှင် အဖွဲ့ကိုတော့ အရင်လွှတ်လိုက်ဦး... မင်းတစ်ချက် ရှာကြည့်လို့ရတာက လျိုမိသားစုက မြို့ထောင်ချီမဟာမိတ်ရဲ့ ဘယ်နေရာမှာလဲ? တခြား ဘယ်သူတွေ ရှိသေးလဲ? ဒီမှာ ဘာလုပ်နေတာလဲ? ဒါတွေပဲ"
လုရွှမ်က အမိန့်ပေးလိုက်သည်။
"လျိုမိသားစုက မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ ကျွန်ကုန်သွယ်မှု တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်.... သူတို့ရဲ့ အနေအထားက ရှာရလွယ်ပါတယ်"
မော့ကောင်းရွှမ်းက ဆိုပါ၏။ သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ ကျင့်ကြံသူ တစ်ဦးကိုသာ ဖမ်းမိခဲ့ပေမယ့် သူရလာတဲ့ အချက်အလက်တွေက လုရွှမ်ထက်တော့ ပိုများလေသည်။
တကယ်တမ်း လျိုမိသားစုကို တော်ဝင်အင်ပါယာထဲမှာ ပထမတန်းစား မိသားစုလို့ ခေါ်ထိုင်ပေ၏။ မြို့ထောင်ချီ မဟာမိတ်လို အထူးနေရာလေးမှာ သူ့ရဲ့ စွမ်းအားဖြန့်ဖြူးမှု ရှိရမယ်လေ။ မြို့ထောင်ချီမဟာမိတ် ဆိုတာ အာဏာပြချင်သူတွေ စုဝေးရာ နေရာပဲ။
တော်ဝင်အင်ပါယာများ အကြားတွင် အဆင့်အတန်း အနိမ့်အမြင့် မိသားစုကြီးများ ရှိပြီး မြို့ထောင်ချီမဟာမိတ်တွင်လည်း ၎င်းတို့က အားပြိုင်ရင်း အချင်းချင်း လုပ်ကြံနေကြသူများ ဖြစ်သည်။
တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ် လျိုမိသားစုက သတိထားစရာ ဖြစ်ပြီး စုံစမ်းရ လွယ်ကူလေသည်။
"ကောင်းပြီ သူတို့ကို ပြဿနာလေး နည်းနည်းလောက် သွားပေးလိုက်ရအောင်!"
တစ်ဖက်လူရဲ့ တည်နေရာကို အတည်ပြုပြီးပြီ ဆိုတော့ ကိုင်တွယ်ရတာ လွယ်ကူသွားပြီ။ အဂ္ဂိရတ်ပညာရှင် အဖွဲ့အနေနဲ့ကတော့ လျိုမိသားစုကို ရိုက်ချပြီးတဲ့အထိ သူ့ရှေ့မှာ မတ်တပ်လာရပ်ဝံ့ရင်တော့ ကြီးကြီးမားမား ရိုက်ချက်ပေးရတော့မှာပေါ့။
"ကျွန်တော် မေးခဲ့ပါတယ်.... သူတို့တွေက လျိုမိသားစုနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့က ငှားရမ်းထားတဲ့ လေလွင့် ကျင့်ကြံသူတွေပါ... တိကျတဲ့ အထောက်အထား မရှိပါဘူး"
မော့ကောင်းရွှမ်းမှ ပြောလေသည်။
"လျိုမိသားစုရဲ့ ဘိုးဘေးတွေ အားလုံးကို ငါသတ်ပစ်လိုက်တာ.... သူတို့ကို ဒုက္ခပေးဖို့ ဘာအထောက်အထားတွေ လိုသေးလို့လဲ? ဒါပေမဲ့ လျိုမိသားစုက မြို့ထောင်ချီမဟာမိတ်မှာ အာဏာ ရှိနေသေးတာကိုတော့ မမျှော်လင့်ထားဘူး"
တစ်ဖက်လူက သူ့ကို ပြဿနာ လာရှာပြီးပြီလေ။ အတည်ပြုစရာ အထောက်အထားများ လိုအပ်နေသေးလို့လား?
ဟာသပဲ!
ကြီးမားတဲ့ လက်သီးချက်က သက်သေပဲ။ သေသွားတဲ့ လူကတော့ တရားမျှတမှုကို ပြန်လာရှာနိုင်မှာ မဟုတ်ဘူးလေ။
"စကားမစပ် ငါတစ်ယောက်တည်း သွားရင် ရပြီ... မင်းက အရိပ်လူသတ်ခန်းမထဲမှာ နေပြီး တခြားလူတွေကို ကြည့်ထား မတော်တဆမှုမျိုး မဖြစ်စေနဲ့"
လုရွှမ် အမိန့်ပေးလိုက်သည်။
လုရွှမ်၏ ယာယီအစီအစဉ်တွင် မော့ကောင်းရွှမ်းသည် အခြားလူများကို ကာကွယ်ရန်သာ ဖြစ်ပြီး ဒီနေရာမှာ လျိုမိသားစု၏ ဘိုးဘေးကဲ့သို့ သိုင်းပညာရှင်ကြီး တစ်ယောက် ပေါ်လာပါက ဖက်တီးမှလွဲ၍ ပြန်လည် တိုက်ခိုက်ရန် စွမ်းအား မရှိကြပေ။
လျိုမိသားစုရဲ့ ဘိုးဘေးတွေ သူတို့ကို မထင်မှတ်ပဲ တိုက်ခိုက်လာခဲ့ရင်တောင် ဖက်တီးက အချိန်ဆွဲထားနိုင်လိမ့်မည်။
လုရွှမ်ကတော့ မတူပါ။ လျိုမိသားစုရဲ့ ဘိုးဘေးတွေကို ရင်ဆိုင် တိုက်ပွဲဝင်နိုင်တဲ့ စွမ်းအားတွေရှိထားတယ်။ ပြီးတော့ သူ ထွက်သွားချင်တယ် ဆိုရင် ဖီးနစ်အတောင်နဲ့ ရွှေအရှိန် ရှိတာကြောင့် လျိုမိသားစုရဲ့ ဘိုးဘေးတွေ သူ့ကို လုံးဝ မတားနိုင်ဘူး။
ကျွန်ရောင်းဝယ်ရေး စျေးကွက်၏ တည်နေရာကို မေးမြန်းပြီးနောက် လုရွှမ် မရပ်မနား တိုက်ရိုက် လျှောက်လာခဲ့သည်။ ကျွန်ရောင်းဝယ်သည့် ဈေးကွက်သည် မြို့ထောင်ချီမဟာမိတ်၏ တောင်ဘက်စွန်းတွင် ရှိလေသည်။
အရှေ့ကို လှမ်းမျှော်ကြည့်လိုက်တော့ စျေးတစ်ခုလို မဟုတ်ဘဲ မြို့ကြီးတစ်ခုလို အဆောက်အဦးတွေ တစ်ခုပြီးတစ်ခု ပေါ်လာတာ တွေ့ရသည်။
အလယ်ရှိ ခမ်းနားထည်ဝါဆုံး အဆောက်အအုံသို့ သွားပြီးနောက် ကျယ်ဝန်းသော ခန်းမကြီးတစ်ခု ပေါ်လာ၏။ အထဲတွင် လူများစွာ ဖြတ်သန်း သွားလာနေကြပြီး ခဏကြာတော့ မလှမ်းမကမ်းမှ လမ်းလျှောက်လာနေတဲ့ လူငယ်တစ်ဦးက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့မျက်နှာကို ကြည့်ကာ နှုတ်ဆက်လာသည်။
"သူဌေး... ဘယ်လိုကျွန်မျိုး လိုချင်လဲ?"
"ဒီမှာ ဘယ်လိုကျွန်မျိုးရှိလဲ"
"သူဌေးက ဘာအတွက် သုံးချင်တာလဲ? ဘယ်လို အဆင့်နယ်ပယ်မျိုး လိုချင်တာလဲ?"
ထိုလူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။ ဤတွင် သူဌေးဟု ခေါ်သော လူအားလုံးသည် စီးပွားရေး သမားများသာ ဖြစ်သည်။
"လူတွေကို သတ်ဖို့ အမြင့်ဆုံးအဆင့်ပဲ လိုချင်တယ်"
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အလယ်အလတ်ကာလ... ဝိညာဉ်ကျောက်တုံး ဆယ်သန်း!"
ထိုလူက ချက်ချင်း ပြောလာသည်။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အဆင့်ရှိတဲ့ ကျွန်တစ်ယောက်လား?"
လုရွှမ် အံ့အားသင့်သွားကာ မယုံနိုင်လောက်အောင် ဖြစ်သည်။ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်ရှစ်ဆင့်ရှိသူ တစ်ဦးက ကျွန်တစ်ယောက် ဖြစ်လာတယ်တဲ့လား?
"သူဌေး စိတ်မပူပါနဲ့... အဲဒါက လုံးဝလုံခြုံပြီး စိတ်ချရပါတယ် အဲဒီကျွန်ကို အထူးအဆိပ် ကျွေးထားတယ်.... သူ့အသက်ရှင်တာနဲ့ သေတာကို ထိန်းချုပ်ထားပါတယ် သူဌေးရဲ့အမိန့်ကို ဘယ်တော့မှ ချိုးဖောက်မှာ မဟုတ်ဘူး"
ထိုလူက ရှင်းပြလေ၏။
"ကောင်းပြီ"
လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်ဖို့ အဆိပ်သုံးတဲ့ နည်းလမ်းကလည်း ဖြစ်နိုင်ချေ ရှိပါသည်။ သို့သော် ဒီသေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အလယ်အလတ်ကာလမှာ ရှိတဲ့ ကျွန်မျိုးတွေက ဘယ်ကများ ရောက်လာတာလဲ။
ဒီမေးခွန်းက သူ့ခေါင်းထဲမှာ ပေါ်လာတုန်းရှိသေး ထိုလူငယ်က အရမ်းသတိထားပြီး ဖြေရှင်းချက်ပေးဖို့ အစပြုလာခဲ့လေသည်။
"သူဌေး စိတ်မပူပါနဲ့ အဲဒီအဆင့်၈ နယ်ပယ်ကို အထက် ဧကရာဇ်အင်ပါယာက ရလာတာပါ.... နောက်ခံ လုံးဝ ကင်းရှင်းပါတယ် သူဌေးကို လုံးဝ ဒုက္ခမပေးစေရဘူး"
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဆိုတာသာ တော်ဝင်အင်ပါယာနဲ့ မြို့ထောင်ချီမဟာမိတ်လို နေရာမျိုးမှာ သူတို့ရဲ့နောက်ခံ အင်အားက အများကြီး ရှိလေသည်။ သူတို့ကို ကျွန်အဖြစ် ဝယ်လိုက်တာနဲ့ သူတို့နောက်ကွယ်က အင်အားကို လှုပ်ရှားလာစေဖို့ အလားအလာ ရှိသွားပြီ။
ဒါပေမဲ့ ဧကရာဇ်အင်ပါယာတွေက မတူပါ။
ဧကရာဇ် အင်ပါယာအတွင်းတွင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အများအပြား ရှိပြီး ပြတ်ပြတ်သားသား လမ်းမများပေါ်တွင်ပင် မရေမတွက်နိုင်အောင် လျှောက်သွားနေကြသည်။
၎င်းတို့အားလုံး စကားနားမထောင်ပါက ခွေးတစ်ကောင်လို အရိုက်ခံရပြီး အမှိုက်လို တိုက်ရိုက် ဖမ်းဆီး၍ ကျွန်ဈေးကွက်ထဲသို့ ပစ်ချခံရတတ်ကြသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ မှာ ဧကရာဇ်အင်ပါယာတွင် အဆင့်နိမ့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း ဒီဘက်မှာတော့ သူသည် ရှားပါးသော ပစ္စည်းတစ်ခုအဖြစ် နေထိုင်နိုင်သော သခင် ဖြစ်သည်။ ထိုကဲ့သို့သော ကျွန်မျိုးကို ဝယ်ပြီး ပြန်သွားပါက တော်ဝင်အင်ပါယာတွင် ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုကြီး ဖြစ်သွားပြီ။
ဝိညာဉ်ကျောက်တုံး ၁၀သန်းဆိုတဲ့ စျေးနှုန်းက အနည်းငယ် ကြောက်စရာ ကောင်းလှသည်။ မြို့ထောင်ချီမဟာမိတ်လို နေရာမျိုးမှာတောင် လူတော်တော်များများ မတတ်နိုင်ဘူးလို့ ဆိုရမည်။
ဒါပေါ့။ အဂ္ဂိရတ်ပညာရှင် အဖွဲ့ကတော့ တတ်နိုင်လောက်တယ်လေ။ ဒီတစ်ခေါက် ရှင်သန်ခြင်းဆေး ရောင်းချရာမှ အမြတ်ငွေနဲ့ပင် သူတို့ထဲမှ အများအပြားကို တိုက်ရိုက် ဝယ်ယူနိုင်ပြီ။
လုရွှမ် အံ့သြမှု မဆုံးခင်မှာ ကျယ်လောင်စွာအော်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။
"ကျုပ်တို့ရဲ့ လော့ရှာ ဧကရာဇ်အင်ပါယာက ဖိရွှယ်နယ်ပယ် အဆင့်နဲ့ အထက်မှာရှိတဲ့ ကျွန်တပ်သားတွေ လိုနေတယ် စုစုပေါင်း လူဦးရေ ၁သိန်း!"
"မင်းသား၇ ဒီဘက်ကို ကြွပါ!"
ချက်ချင်းပင် တာဝန်ယူထားပုံရသည့် အလွန်ရင့်ကျက်သော လူလတ်ပိုင်း တစ်ဦးသည် ထိုလူအား ဖော်ရွေသော မျက်နှာဖြင့် နှုတ်ဆက်လိုက်ကာ အသေးစိတ် ဆွေးနွေးရန် ပိုမိုအဆင့်မြင့်သော နေရာကို သွားရန် အချက်ပြလိုက်သည်။
လုရွှမ်လည်း အံ့အားသင့်သွားသည်။ တကယ်ကို ကြီးကျယ်ခမ်းနား လွန်းလှပါ၏။ ဖိရွှယ်နယ်ပယ်အထက် ကျင့်ကြံသူ တစ်သိန်းဟာ သာမန် အလယ်အလတ်အဆင့် တော်ဝင်အင်ပါယာကို သိမ်းပိုက်ရာမှာ ပြဿနာရှိမှာ မဟုတ်ဘူး။ လော့ရှာ တော်ဝင်အင်ပါယာက ဒီလိုစစ်တပ်မျိုးနဲ့ ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ချေ။
လုရွှမ်သည် လော့ရှာ တော်ဝင်အင်ပါယာ အကြောင်းကို တစ်ခါမှ မကြားဖူးသော်လည်း လော့ရှာ တော်ဝင်အင်ပါယာရဲ့ မင်းသား၇က အော်ဟစ်လိုက်သောအခါ သူ လျိုမိသားစု၏ စွမ်းအားကို အနည်းငယ် အံ့သြစပြုလာသည်။
ဤသို့သော အကြီးစား ကျွန်လုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်းကြောင့် လျိုမိသားစုသည် တော်ဝင်အင်ပါယာ၌ နံပါတ်တစ် မိသားစုဘွဲ့ကို ရယူဖို့ အမှန်တကယ် ထိုက်တန်ပုံရသည်။
ဤမိသားစုသည် မည်သည့် နိုင်ငံကိုမဆို တိုက်ခိုက်လိုသော ခိုင်ခံ့သည့် ကျွန်စစ်တပ်ကို အလွယ်တကူ ဖွဲ့စည်းနိုင်မည်ဟု ခန့်မှန်းရသည်။ ဤစစ်တပ်ကို အရပ်ရပ်တိုင်းတွင် တိုက်ခိုက်ရန် အသုံးပြုပါက အဆင့်မြင့်နိုင်ငံ များစွာပင် ယှဉ်ပြိုင်ရန် ခက်ခဲပြီး အလွယ်တကူ ဖျက်ဆီးခံရနိုင်သည်။
ဒါပေမဲ့ နံပါတ်တစ် မိသားစုက ထူးကဲ သန်မာနေတော့ရော ဘာဖြစ်လဲ?
လုရွှမ်ဆိုတဲ့ အရူးဧကရာဇ်ကို နှောင့်ယှက်ရဲပြီး စော်ကားရဲမှတော့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ခံနိုင်ရည် ရှိရတော့မှာပေါ့။ သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ အသက်ရှုသံကို ထုတ်လွှတ်၍ လက်ဖဝါးကို စားပွဲပေါ် ရိုက်ချ၍ မျက်နှာကို မည်းမှောင်ပစ်လိုက်ကာ။
"ဝိညာဥ်ကျောက်တုံး ဆယ်သန်း?? အရမ်းစျေးကြီးမနေဘူးလား? မင်းတို့က လုယက်ချင်နေတာလား?? ....မင်းရဲ့သူဌေးကို ငါနဲ့ စကားပြောဖို့ ထွက်လာခိုင်းလိုက်!"