ပြိုကျသွားပြီ
Vol. 35 Ch. 4.33
"မင်းမတတ်နိုင်ရင် လာပြောမနေနဲ့!"
လုရွှမ်ရဲ့ စကားကို ကြားပြီးနောက် ချက်ချင်းပင် စိတ်သဘောထား ကောင်းခဲ့တဲ့ စားပွဲထိုးရဲ့ အမူအရာလည်း ပြောင်းသွားတော့သည်။
တော်ဝင်အင်ပါယာ နံပါတ်တစ် မိသားစုဖြစ်တဲ့အတွက် လျိုမိသားစုဟာ သဘာဝအားဖြင့် မာနထောင်လွှားသော ခံစားချက်တို့ ရှိနေပေသည်။ ဘိုးဘေးရဲ့ သေဆုံးမှု သတင်း ပြန့်နှံ့သွားသော်လည်း လျိုမိသားစု၏ ထိပ်တန်း ကျွမ်းကျင်သူ၏ သေဆုံးခြင်းသာ ဖြစ်သည်။
ကျန်နေတဲ့ အခြေခံအုတ်မြစ်ကတော့ မပျက်စီးသေးပေ။
ဖြောင်း!
လုရွှမ် သူ့ကို တိုက်ရိုက် ပါးရိုက်ပစ်လိုက်ပြီး
"မင်းက ဘာလဲ? မင်းငါ့ကို ဒီလိုမျိုး ပြောဖို့ သတ္တိရှိတယ်ပေါ့!!"
ဒီတစ်ခါတော့ ပြဿနာ လာရှာတာကြောင့် ဒီကိုရောက်လာတာနဲ့ လုံးဝယဉ်ကျေး မနေတော့ဘူးလေ။
"လူတစ်ယောက် ပြဿနာ ရှာနေပြီ!"
စားပွဲထိုးက အရိုက်ခံရပြီးနောက် အော်ဟစ်လိုက်တော့သည်။ လျိုမိသားစုရဲ့ လူကို ဒီလိုနေရာမှာ ရိုက်နှက်ဝံ့သူ တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းသာ ဖြစ်သည်။
သူ့အော်သံကြားတော့ အစောင့်အကြပ် တော်တော်များများက ချက်ချင်း ပြေးချလာကြသည်။
"ကောင်လေး!! မင်းဆေးမှား သောက်လာတာလား? မင်းကဒီမှာ ပြဿနာ ရှာရဲတယ်ပေါ့!"
အစောင့်များသည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။ ၎င်းတို့ လက်ထဲတွင်ရှိသော လက်နက်များ အားလုံးသည် တစ္ဆေနယ်ပယ် အလယ်အလတ် အဆင့် လက်နက်များဖြစ်ပြီး ကျင့်ကြံမှု အခြေခံများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂တွင် ရှိကြသည်။
ဒီလို စွမ်းအားမျိုးနဲ့ တချို့တော်ဝင် အင်ပါယာတွေမှာ လွှမ်းမိုးနိုင်တဲ့ တည်ရှိမှု ဖြစ်သော်လည်း ဒီနေရာမှာတော့ အစောင့်တစ်ဦး ဖြစ်ရန်သာ လုံလောက်သည်။
"ငါက ပြဿနာရှာရုံတင် မကဘူး... လူပါ သတ်ဦးမှာ!"
ရုတ်တရတ် ပြုံးလိုက်ရင်း လုရွှမ် ရုတ်တရက် လှုပ်ရှားလိုက်ကာ ထိုလေးယောက်ကို တစ်ယောက်ပြီး တစ်ယောက် လေးကြိမ်ဆက်တိုက် ထိုးပစ်လိုက်သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ အစောင့် လေးယောက်သည် လေထဲသို့ တိုက်ရိုက် ခေါက်တင် ခံလိုက်ရပြီး နံရံမှာ ပြေးကပ်နေကြတော့သည်။
ဝုန်း အုန်း ဗုန်း!
ပေါက်ကွဲသံ တစ်ခုကြားရပြီး အစောင့်လေးယောက်က နံရံကို ပြေးဆောင့်ပစ်လိုက်ရာ ကြီးမားတဲ့ အင်အားက နံရံကို တိုက်ရိုက် ပြိုကျသွားစေရုံ သာမက အဆောက်အဦး တစ်ခုလုံးပါ ပြိုကျသွားစေသည်။
"သေစမ်း!"
"ဘာလဲကွာ!"
"ဘာဖြစ်တာလဲ?"
ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထိုအဆောက်အဦးဟာ ဧည့်ခန်းမလိုပဲ။ အင်အားကို ခိုင်ခံ့စေတဲ့ အခင်းအကျင်းမျိုး လုံးဝ မရှိချေ။ လုရွှမ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ကို တစ်ချက်လှုပ်ရုံနဲ့ သတ်နိုင်တဲ့ စွမ်းအားကြောင့် သဘာဝကျကျ နံရံကလည်း မလွဲမသွေ ပြိုကျသွားမှာပင်။
အပျက်အစီးများ ကြားမှ ကျင့်ကြံသူများ ခုန်ထွက်လာရင်း ကျိန်ဆဲနေကြသော်လည်း ရောက်ရှိလာသော လူများ အားလုံးမှာ ဉာဏ်ရည် ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့ရှေ့မှ လူငယ်သည် လျိုမိသားစုကို ပြောင်ပြောင်တင်းတင်း စော်ကားရဲတာသောကြောင့် အကြောက်အလန့် မရှိမှန်း သိသာလေသည်။
ဆူပူကြိမ်း မောင်းတာတွေ စောဒကတက်တာတွေနဲ့ ဘယ်သူမှသွားပြီး အနှောင့်အယှက် မပေးဝံ့ပေ။
ငါးများနှင့် နဂါးများ ရောနှောနေသော မြို့ထောင်ချီ မဟာမိတ် အဖွဲ့ကဲ့သို့ နေရာမျိုးတွင် ရှင်သန်နေသည့် လူများသည် မည်သူမှ ငတုံး မဟုတ်ကြဘူးလေ။
သို့သော် ထိုသို့သော အုံကြွမှုကြီးသည် လျိုမိသားစုမှ လူများကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ စစ်တပ်တစ်ခုကဲ့သို့ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော ကျင့်ကြံသူများ တစ်စုပြီးတစ်စု ပေါ်လာသည်။
အလယ်မှာ ရပ်နေတဲ့ လုရွှမ်ကတော့ သူ့မျက်နှာပေါ်မှာ အေးတိအေးစက် မျက်နှာထားကိုသာ တပ်ဆင်ထား၏။
လျိုမိသားစု၏ ကျွန်ဈေးကွက်သည် အလွန်ကြီးမားသော ဧရိယာကို သိမ်းပိုက်ထားသည်။ အခြေခံအားဖြင့် ၎င်းသည် မြို့ငယ်လေးလို ဖြစ်မေပြီး အထဲတွင် ကျွန်သန်းပေါင်းများစွာ ရှိသည်။ ဒီလိုအကျယ်အဝန်းနဲ့ ကြီးမားတဲ့ အကာအကွယ် အခင်းအကျင်းမျိုး မရှိနိုင်ဟု လုရွှမ် ယုံကြည်သည်။
အကာအကွယ် အခင်းအကျင်းရဲ့ ဖိအားသာ မရှိပါက လုရွှမ် ဤနေရာတွင် ဖြစ်လာမည့် ပြဿနာ တစ်စုံတစ်ရာ အတွက် လုံးဝစိတ်မပူဘဲ ထွက်ခွာသွားနိုင်သည်။
တပ်ဖွဲ့ တစ်ခုပြီးတစ်ခု ချဉ်းကပ်လာသည်နှင့်အမျှ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူများလည်း ပြေးလာခဲ့သည်။ ဤကျင့်ကြံသူများ ရောက်လာသောအခါ အစက စုရုံးနေသော လူအုပ်ကြီးသည် ချက်ချင်းရပ်လိုက်ပြီး အမိန့်ကို စောင့်ကာ သပ်ရပ်စွာ မတ်တပ်ရပ်လိုက်သည်။
"သတ်ပစ်!"
ထိုကျင့်ကြံသူ ရောက်လာပြီးနောက် လုရွှမ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅မှာသာ ရှိနေတာကို တွေ့လိုက်ရပြီး ချက်ချင်း သတ်ရန် အမိန့်ပေးလိုက်သည်။ ဒီလိုအင်အားနဲ့ သူ့နောက်ကွယ်မှာ အင်အား ကြီးကြီးမားမား ရှိနေရင်တောင် သူ့ကြောင့်နဲ့တော့ လျိုမိသားစုနဲ့ စစ်ပွဲစရန် လုံးဝမဖြစ်နိုင်ပေ။
ဒါက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅လေးပဲလေ။ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်နေပါစေ လျိုမိသားစုကိုတော့ သူ့နောက်ခံက ပြဿနာ ရှာရဲမှာ မဟုတ်ဘူး။
စုရုံးလာတဲ့ တပ်ဖွဲ့ တစ်ခုစီတွင် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ ရှိကြသည်။ ဒီလူတွေဟာလည်း ကျွန်ဈေးကွက်ထဲက ကျွန်များဖြစ်သည်။ လျိုမိသားစုမှ အထူးနည်းလမ်းများဖြင့် ချုပ်ကိုင်ပြီးနောက်တွင် ၎င်းတို့ကို လျိုမိသားစု အစောင့်များအဖြစ် ပေါင်းထည့်လိုက်ကြသည်။
အမိန့်ရပြီးနောက် အားလုံးက တစ်ယောက်ပြီး တစ်ယောက် လူစုခွဲကာ အဖွဲ့ဖွဲ့ကြသည်။ အဖွဲ့ငယ် တစ်ခုစီတွင် လူ ၂၀ မှ ၃၀ ခန့်ရှိပြီး တိုက်ခိုက်ရေးပုံစံ အဖြစ် အားလုံး စုစည်းမိသွားကြသည်။
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဒါက လေ့ကျင့်ရေးတပ်ရဲ့ အသုံးအများဆုံးနဲ့ အတွေ့ အများဆုံး နည်းဗျူဟာပဲ ဖြစ်လေ၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ သောင်းနှင့်ချီသော လေ့ကျင့်ရေး သမားများသည် ကြီးမားသော ဖွဲ့စည်းမှု တစ်ခုအဖြစ် ဖန်တီးလိုက်ကြပြီး ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်ကို အနည်းငယ်သာ အာရုံစိုက်လိုက်ပါက သူတော်စင် တစ်ပိုင်းကိုပင် သတ်နိုင်လေပြီ။
ဒါက ဧကရာဇ် အင်ပါယာတို့ရဲ့ စစ်ပွဲကြီးမှာသာ ဖြစ်ပွားနိုင်တဲ့ အခြေအနေ တစ်ခုပဲ ဖြစ်ကာ မြို့ထောင်ချီမဟာမိတ်မှာတော့ ၎င်းကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။
သူတော်စင် တစ်ပိုင်းတွေက မြို့ထောင်ချီမဟာမိတ်ကို လာမည် မဟုတ်ပေ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ဆိုတာဟာ အထက်တန်း တော်ဝင်အင်ပါယာများတွင် ထိပ်တန်း တိုက်ခိုက်ရေး ကျင့်ကြံသူများ ဖြစ်ပြီး သောင်းနဲ့ချီတဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က ကျင့်ကြံသူများကိုတော့ မွေးထုတ်ပေးနိုင်ခြင်း မရှိချေ။
ထို့အပြင် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ်တွင်ရှိ ကျင့်ကြံသူများသည် အခြေခံအားဖြင့် နိုင်ငံကြီးများတွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြပြီး သောင်းနှင့်ချီ၍ စုစည်းကာ အခြားသူများ၏ ထိန်းကျောင်းခြင်းနှင့် အမိန့်ပေးခြင်းတို့ကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
အခုတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ကျင့်ကြံသူများသည် လုရွှမ်ကို တိုက်ခိုက်ဖို့ အာရုံစိုက်နေကြ၏။
လုရွှမ်ကတော့ ဒီလို တိုက်ခိုက်မှုမျိုးကို လုံးဝ ဂရုမစိုက်ချေ။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉တောင် သူရဲ့ခံစစ်ကို ဖြတ်ကျော်လို့ မရပေ။
သူ့ကိုယ်တွင်းအင်္ဂါများကို ထိတ်လန့်ကာ ပျက်စီးစေမည့် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကိုသာ အားကိုးနိုင်ခဲ့သည်။ အဆင့်၅နှင့် ညီမျှသော ဤတိုက်ခိုက်မှု စွမ်းအားသည် ၎င်းအတွက် လုံးဝ ခုခံနိုင်စွမ်းရှိသည်။
နီရဲရဲ အတောင်ပံတွေ ဖြန့်ထွက်လိုက်ပြီး လုရွှမ် သူ့ရဲ့သရုပ်မှန်ကို တိုက်ရိုက် ပြသလိုက်တော့သည်။ ရုတ်တရက် သူ့လက်ထဲမှာ ဝိညာဉ်နယ်ပယ် အထွတ်အထိပ် ကာလမှာရှိတဲ့ ဓားရှည်တစ်ချောင်း ထွက်ပေါ်လာပြီး အတောင်ပံတွေနဲ့အတူ မြန်မြန်ဆန်ဆန် လွင့်ထွက်သွား၏။
အလွန်ပေါ့ပါးသော မီးတောက်ဟာ ဖီးနစ်တစ်ကောင်လို တစ်ဖက်ရှိ အဖွဲ့သားတွေဆီကို လျင်မြန်စွာ ပြေးထွက်သွားရင်း သူ့လက်ထဲက ဓားရှည်ကြီးက ဆက်တိုက်ဆိုသလို ဝေ့ယမ်းပစ်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ လုရွှမ် အပေါ်ကို လှည့်ပျံပြီး လေထဲမှာ လွင့်မျောနေချိန်မှာတော့ မြေပြင်ပေါ်မှာ အသေအကြေ အပျက်အစီး အပိုင်းအစတွေ ရှိနေပြီ ဖြစ်ပြီး မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အဖွဲ့သားတွေ အားလုံး ခေါင်းဖြတ်ခံလိုက်ရလေပြီ။
ကြောက်စရာ ကောင်းလှပေ၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ရှိ ကျင့်ကြံသူများသည် တစ်ကြိမ်တည်းတွင် လူတစ်ရာကျော်ကို သတ်ပစ်ချင်ကြလျှင်ပင် ထိုမျှမြန်ဆန်ရန်မှာ မဖြစ်နိုင်ပေ။ ဖီးနစ် အတောင်ပံများ၏ အရှိန်ဖြင့်သာ လုရွှမ်တစ်ယောက် အလွန်ပြတ်သား သပ်ရပ်နေနိုင်ခြင်းသာ ဖြစ်သည်။
"လုရွှမ်! အဲဒါ လုရွှမ်ပဲ!"
မတိုင်ခင်က လုရွှမ်ကိုသတ်ဖို့ အမိန့်ပေးခဲ့သော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အလယ်အလတ် ကာလရှိ ကျင့်ကြံသူသည် အနီရောင်တောက်နေသော အတောင်ပံများကို မြင်သောအခါ အော်ဟစ်၍ အဝေးကို ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
"လျိုမိသားစုက လူတွေ ထွက်ခဲ့!"
လေထဲမှာ လွင့်မျောနေတဲ့ လုရွှမ်ရဲ့ အသံက ခြိမ်းခြောက်မှု အပြည့်ဖြင့် မြို့ထောင်ချီမဟာမိတ်ရှိ လူတိုင်း ကြားနိုင်လောက်၏။
"အရိပ်လူသတ်ခန်းမကို နောက်ကွယ်ကနေ တိတ်တဆိတ် တိုက်ခိုက်ရဲပြီးတော့ အခု ထွက်လာခဲ့!"
လုရွှမ် သူ့နောက်ကျောကို လက်နှစ်ဖက် ပစ်လျက် အေးစက်စွာ ပြောလိုက်သည်။
"လုရွှမ်... အရမ်းကြီး မာနကြီး မနေနဲ့!"
အသံတစ်ခုက ဦးစွာ ထွက်ပေါ်လာသည်။
များမကြာမီတွင် ကျွန်ရောင်းဝယ်ရေး ဈေးကွက်ထဲ ဧရိယာအတွင်း လူတစ်ဒါဇင်ကျော် ရှိသော ကျင့်ကြံသူများ ပြေးချလာသည်။
လုရွှမ် တစ်ချက် ကြည့်လိုက်သော် ထိုလူများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလကို ရောက်နေကြပြီး အဆင့်၉နဲ့ ခြေတစ်လှမ်းသာ ကွာတော့သည်။
သူတို့က ရောက်လာတာနဲ့ လုရွှမ်ကို ဝန်းရံထားလိုက်၏။
ဝှစ်!
သူတို့ရောက်တာနဲ့ သူတို့ရှေ့က လူငယ်လေးရဲ့ ခြိမ်းခြောက်နိုင်မှုကို သိပုံရပြီး မဆိုင်းမတွ လက်နှစ်ဖက်ကနေ အခင်းအကျင်း တံဆိပ်ပြားတွေကို အသီးသီး ထုတ်ပစ်လိုက်ကြသည်။ ထိုအခိုက် အလင်းတန်းတွေက လုရွှမ်ကို အလယ်မှာ တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်ပေသည်။
ပေါင်းစပ် အခင်းအကျင်း တစ်ခုပင်။
"အမ်?"
ပြိုင်ဘက်၏ တိုက်ခိုက်မှုသည် အခင်းအကျင်း ပုံစံတစ်မျိုး ဖြစ်နေတာကို မြင်လိုက်ရသဖြင့် လုရွှမ် မျက်မှောင်ကြုတ်ကာ သူ့လက်ဖဝါး စွမ်းအင်ကို ရှေ့သို့ ပြေးရိုက်လိုက်သည်။ သူ၏ ခွန်အားမှာ ၇၀% သုံးခဲ့သော်ငြား သိသာထင်ရှားစွာ ရပ်တန့်နေခဲ့ပြီး သူသည် ကျောက်တုံးထဲတွင် ပိတ်မိနေသလို ခံစားလိုက်ရ၏။