အဆိပ်မိခြင်း
Vol. 35 Ch. 4.34
သူ့စွမ်းအားတွေ ရပ်တန့်သွားရုံ သာမကဘဲ အလင်းတန်းများဆီသို့ တိုက်ခိုက်လိုက်သော အခါတွင်ပင် စွမ်းအင်လှိုင်းတစ်ခုက သူ့ရဲ့တိုက်ခိုက်မှုကို တိုက်ရိုက် အရည်ပျော်သွားစေသည်။
လုရွှမ် ရောင်ခြည်များ ဖြာထွက်နေသော အလင်းကွင်းဆက်ထဲသို့ တိုက်ရိုက် ထိမှန်သွားသည်။ သူ စိတ်မပူမိသေးချေ။ သူ့ခန္ဓာကိုယ်က အဆင့်မြင့် ဝိညာဉ်နယ်ပယ် လက်နက်တစ်ခုနဲ့ တူညီပြီး ဒဏ်ရာရရန် အလွန်ခက်ခဲသည်။
ပြန်ကန်လာတဲ့ တွန်းအားတစ်ခု ချက်ချင်း ခံစားလိုက်ရပြီး ခန္ဓာကိုယ်က မထိန်းနိုင်ဘဲ မတ်တပ်မရပ်ခင်အထိ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ရသည်။
အခင်းအကျင်း တံဆိပ်ပြား များကို ပေါင်းစပ်ခြင်း၏ ပေါင်းစပ် အခင်းအကျင်းသည် သူ၏ တိုက်ခိုက်မှု စွမ်းအားကို အားနည်းစေရုံ သာမက သူ့ကိုပါ ပိတ်မိစေသည်။
ဆိုလိုသည်မှာ သူသည် ပိတ်မိနေသော အခင်းအကျင်း အထဲမှာသာ နေထိုင်နိုင်ပြီး အပြင်က တိုက်ခိုက်လညခြင်းကို ခံရနိုင်သည်။ ပုံမှန်အဆင့် စွမ်းအင်၏ ၇၀% ခန့်အထိ လျှော့ချထားတဲ့ အလွှာတစ်ခုက သူ့ကို ဖိနှိပ်ထားမှာပဲ ဖြစ်သည်။
လုရွှမ်ကို ထောင်ချောက်ဆင်ပြီးနောက် အရပ်ရှည်ရှည်နဲ့ ကျင့်ကြံသူ တစ်ယောက် ပေါ့ပါးစွာ ပျံသန်းလာ၏။ ထိုလူသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“သူ့ကို သတ်ပစ်!”
ထိုကျင့်ကြံသူသည် ရောက်လာပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်သည်။
ထိုကျယ်လောင်သော အော်သံကြောင့် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ရှိ ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် အတူတကွ လှုပ်ရှားလိုက်ကြသည်။ လက်ဝါးရာများသည် အလင်းတန်းများ အဖြစ် လုရွှမ်ဆီကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်ကြသည်။
လုရွှမ် သူ့ခန္ဓာကိုယ် အရေပြားပေါ်က အနည်းငယ်သော နာကျင်မှုကို ခံစားခဲ့ရပြီး ခုနစ်လှမ်း ရှစ်လှမ်း နောက်ပြန် ဆုတ်သွားသော်လည်း ဒဏ်ရာတော့ မရရှိခဲ့ပေ။
လူပေါင်းများစွာ၏ တိုက်ခိုက်မှုများသည် ပြင်းထန်သော်လည်း ဆင်သံချပ် ရွှေရောင်ကိုယ်ထည်၏ ခုခံကာကွယ်မှုကို မချိုးဖျက်နိုင်ခဲ့ပေ။
လက်ရှိ လုရွှမ်သည် လူသားလက်နက် တစ်ခုလိုပင်။ ပြိုင်ဘက်သည် အင်အားကောင်းပြီး သူကိုယ်တိုင်က ပိတ်မိနေသော်လည်း သူ့ကို ဒဏ်ရာရစေဖို့ မဖြစ်နိုင်သေးပေ။
"ဒီစွမ်းအားလေးပဲလား?"
လုရွှမ် ရယ်သွေးသွမ်းလျက် ဆိုလိုက်သည်။
ဒီလို တိုက်ခိုက်မှုများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူနဲ့ နှိုင်းယှဉ်နိုင်နေပြီ။ ဆင်သံချပ် ရွှေကိုယ်ထည်နှင့် စိတ်ဝိညာဉ်စွမ်းအားကို အားကိုး၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်သေးသည်။
"ကောင်လေး.... သိပ်မာနကြီးမနေနဲ့!"
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူသည် ဒီအခြေအနေကို အစောကတည်းက မျှော်လင့်ထားပုံရပြီး သူက ထိတ်လန့်မနေဘဲ ဆေးလုံးတစ်လုံးကို ထုတ်၍ အခင်းအကျင်း အလွှာထဲသို့ ပစ်ချလိုက်သည်။
ဆေးလုံးသည် အခင်းအကျင်း ကြမ်းပြင်းပေါ်သို့ ပြုတ်ကျသွားပြီး ခရမ်းရောင် မီးခိုးများ ချက်ချင်း ပျံ့နှံ့လာခဲ့သည်။ လုရွှမ်လည်း မတော်တဆ အနည်းငယ် ရှူသွင်းလိုက်မိရာ ရုတ်တရက် မူးဝေသွားပြီး သူ့တစ်ကိုယ်လုံး အနည်းငယ်မျှ အားနည်းသွားသလို ခံစားလိုက်ရသည်။
"အဆိပ်ပြင်း မီးခိုး!"
လုရွှမ်လည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက လူဟာ ဒီလိုလှည့်ကွက်မျိုး သုံးလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
ကျင့်ကြံသူများ၏ နယ်ပယ်သည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် ခန္ဓာကိုယ်သည် သာမာန်အဆိပ်များနှင့် အဆိပ်မိစေဖို် လုံးဝ အသုံးမဝင်တော့ပေ။ အသွင်ပြောင်းနယ်ပယ်မှ ကျင့်ကြံသူများကို အဆိပ်သင့် စေနိုင်သော အဆိပ်ကို ရှာဖွေရန် ခဲယဉ်းသလောက်ပင်။
တော်ဝင်အင်ပါယာထဲမှာတောင် ရှာရခက်တာကို ဒီလူ့ဆီမှာ ရှိနေတာက တကယ်ကို မမျှော်လင့်ထားမိတဲ့ အရာပင်။
"အဂ္ဂိရတ်ပညာရှင်အဖွဲ့"
လုရွှမ် ချက်ချင်း သဘောပေါက်သွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို အဆိပ်သင့်စေနိုင်တဲ့ အဆိပ်ကို အဂ္ဂိရတ်ပညာရှင် အဖွဲ့ကသာ သန့်စင်ပေးနိုင်သည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့ နဲ့ လျိုမိသားစုက သူ့ကိုသတ်ဖို့ စိတ်ပိုင်း ဖြတ်ထားပုံရသည်။
တျယ်လုံရဲ့ လက်ကနေတစ်ဆင့် ရှင်သန်ခြင်းဆေးလုံးတွေ အများကြီး ရောင်းခဲ့ပြီး ဒီအရာတွေကို ဘယ်သူလုပ်တယ် ဆိုတာကို ဖုံးကွယ်မထားတာကြောင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့က စုံစမ်းချင်ရင် လွယ်ကူလေသည်။
အဂ္ဂိရတ်ပညာရှင်အဖွဲ့အတွက် လုရွှမ်က သူတို့ရဲ့ အဓိကအချက်ကို ချိုးဖောက်ခဲ့တာပဲ ဖြစ်သည်။ သူက ရှင်သန်ခြင်းဆေးကို အမြောက်အများ သန့်စင်ခဲ့ပြီး သူ့အကျိုးအတွက် ရောင်းချခဲ့လို့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အတွက် သူတို့ရဲ့စီးပွားနဲ့ သြဇာကို အားနည်းသွားစေလိမ့်မည်။
ဂူတစ်သောင်းဂူက အနှစ်ငါးဆယ်မှာ တစ်ကြိမ်သာ ပွင့်ပြီး ပွင့်လိုက်တိုင်း ရှင်သန်ခြင်းဆေးကို ရောင်းချခြင်းမှ ရသော အမြတ်ငွေသည် မြို့ထောင်ချီမဟာမိတ်၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့အတွက် ဆယ်စုနှစ်များစွာ စားသုံးရန် လုံလောက်လေသည်။
ရှင်သန်ခြင်းဆေးကို အားကိုးပြီး အချိန်အတော်ကြာ မှီခိုအားထားနေရသော မြို့ထောင်ချီမဟာမိတ်၏ အဂ္ဂိရတ်ပညာရှင် အဖွဲ့အတွက် လုရွှမ်ရဲ့ လုပ်ရပ်က ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့သည်။
ဒီလို အနေအထားကို ရောက်သွားရင် ဆက်ဆံရေးကို ဂရုတစိုက် ထိန်းသိမ်းထားဖို့ လိုအပ်သည်။ ရှင်သန်ခြင်းဆေးရဲ့ အရောင်းအ၀ယ် ပြဿနာ ကြုံလာတဲ့အခါ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အဖွဲ့ချုပ်ကြီးပါ ပါဝင်လာနိုင်၏။
ကံကောင်းထောက်မစွာနဲ့ လုရွှမ်ဟာ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ ဘာမှလုပ်စရာ မရှိတဲ့အခါ အဂ္ဂိရတ်ဆေး အမျိုးမျိုးကို သန့်စင်နေတတ်ပြီး အဆိပ်ပြင်း မီးခိုးလိုမျိုး အဆိပ်ကို ဖြေနိုင်တဲ့ ဖြေဆေး အများအပြားကိုလည်း သန့်စင်ထားခဲ့သည်။
သူအဆိပ်မိနေတဲ့ မီးခိုးငွေ့များရဲ့ ပါဝင်မှုကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိသောကြောင့် အဆိပ်ဖြေဆေးကို တိုက်ရိုက်ထုတ်ပြီး မျိုချလိုက်သည်။ ဤအဆိပ်ဖြေဆေးသည် အလုံးစုံ အစွမ်းထက်ပေသည်။
အဆိပ်၏ နိယာမမှာ လူ့ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည်။ တစ်ကိုယ်လုံးရှိ ကိုယ်ခံစွမ်းအားကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ထားပါက အဆိပ်၏ တိုက်ခိုက်မှုကို သဘာဝအတိုင်း ခံနိုင်မည် ဖြစ်သည်။
အဆိပ်ဖြေဆေးကို မျိုချပြီးနောက် လုရွှမ် သူ့ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ လေစီးကြောင်းများ ရုတ်တရက် စီးဆင်းသွားသလို ခံစားလိုက်ရသည်။ မတိုင်ခင်က မူးဝေခြင်းနှင့် မသက်မသာ ခံစားရခြင်းတို့ကို ချက်ချင်းပင် ပျောက်ကွယ်သွားစေသည်။
နောက်ထပ် မဆိုင်းမတွဘဲ လုရွှမ် သူ့လက်ကောက်ဝတ်ကို လှန်လိုက်ပြီး သူ့လက်ထဲမှာ အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။
ရှန့်ခုန်းရှေးဟောင်းမြို့မှာ အဆင့်မြင့် အခင်းအကျင်း တံဆိပ်ပြားများစွာကို သူရထားသော်လည်း အပြင်ကို ထုတ်ယူဖို့ ဆန္ဒမရှိခဲ့ပေ။ အခုတော့ အန္တရာယ်များနေပြီမို့ များများစားစား တွေးမနေတော့ပေ။
အခင်းအကျင်း တံဆိပ်ပြားကို ချက်ချင်း အသက်သွင်းလိုက်သည်။ ပုံရိပ်ယောင် ကျားတစ်ကောင်သည် အလင်း ကွင်းဆက်များဖြင့် ဖွဲ့စည်းထားသော အခင်းအကျင်းဆီသို့ အပြေးအလွှား တိုးဝင်သွားသည်။
ထိုပုံရိပ်ယောင် ကျားသည် သူ့ရဲ့လက်သည်းများကို မြှောက်လျက် အခင်းအကျင်းကို ရိုက်ချလိုက်သည်။ ဝုန်းကနဲ အသံကြီးက တောင်ကို ဖြိုခွဲလိုက်သလို ထွက်ပေါ်လာပြီး ချိတ်ပိတ်ထားသော အခင်းအကျင်းမှ အက်ကြောင်းတစ်ခု ပေါ်လာသည်။
လုရွှမ် ဖီးနစ်အတောင်တို့ကို ဖြန့်လျက် ထိုအက်ကြောင်းကနေ တစ်ဆင့် တိုက်ရိုက် ခုန်ထွက်လိုက်ကာ လုံးဝ မရပ်တန့်ဘဲ အရိပ်လူသတ်ခန်းမ ရောက်တဲ့အထိ ပျံသန်းလာခဲ့၏။
အဆိပ်ဖြေဆေးကို သောက်ပြီးနောက် သူ့ခန္ဓာကိုယ်က ပြန်ကောင်းနေပုံ ရပေမယ့် အဆိပ်ပြင်းတဲ့ မီးခိုးတွေက အလွန်ပြင်းထန်မှန်း သိသာသည်။ ဖြေဆေးပ အဆိပ်ကို ထိန်းထားပြီး ဆေးရဲ့ အစွမ်းက ပျောက်ကွယ်သွားတဲ့အခါ အဆိပ်တောက်က ဆက်ထွက်နေဦးမှာပင်။
အခု အရေးအကြီးဆုံး အလုပ်က ခန္ဓာကိုယ် အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ အသင့်တော်ဆုံး ဖြေဆေးကို ပြန်လည်သန့်စင်ဖို့ပဲ ဖြစ်သည်။
အနီရောင် အလင်းတန်း တစ်ခုသည် အရိပ်လူသတ်ခန်းမထဲသို့ ပစ်ကျလာ၏။ လုရွှမ် ခဏမျှသာ ပျံသန်းခဲ့ပြီး သူ့တစ်ကိုယ်လုံးရှိ ဝိညာဥ်ချီများနှင့် သွေးများ လူးလာကာ အဆိပ်အတောက်များ ထပ်ထွက်လာတာကြောင့် မူးဝေသွားရာ အနည်းငယ် မထိန်းနိုင်တော့ပေ။
အရိပ်လူသတ်ခန်းမ၏ မြေပြင်ပေါ်တွင် ရပ်နေသော လုရွှမ်သည် နောက်ထပ် အဆိပ်ဖြေဆေးကို ထုတ်ယူပြီး သောက်လိုက်တော့မှ အနည်းငယ် ပုံမှန် ပြန်ဖြစ်လာသည်။
"သခင်လေး!"
လုရွှမ် ပြန်လာတာကို ခံစားလိုက်ရတာနဲ့ မော့ကောင်းရွှမ်း ချက်ချင်း ပေါ်လာသည်။
"ငါ အဆိပ်မိသွားတယ်!" လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။
"ဘယ်လိုလုပ်ရမလဲ?"
မော့ကောင်းရွှမ်းလည်း စိုးရိမ်သွားသည်။ သာမန်အားဖြင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ ကျင့်ကြံသူများသည် အဆိပ်မိရန် မလွယ်သလို လုံးဝ အဆိပ်သင့်ပါက ဖယ်ရှားရန်လည်း အလွန်ခက်ခဲသည်။
"ဖြေဆေးသန့်စင်မယ် ဘယ်သူမှ မနှောင့်ယှက်စေနဲ့!"
"ဟုတ်ကဲ့ပါ သခင်!"
လုရွှမ် ချက်ချင်းပင် ခြံနောက်ဖေးသို့ ရောက်ရှိလာပြီးနောက် ကျောက်စိမ်းပြား နေရာထဲသို့ ဝင်ခဲ့လိုက်သည်။
တင်ပျဉ်ခွေ ထိုင်ရင်း စိတ်စွမ်းအားကို အဆက်မပြတ် လှုပ်ရှားနေကာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ပါဝင်မှုကို ဂရုတစိုက် ရှာဖွေနေ၏။
ခဏကြာတော့ သူ စိတ်ပျက်သွားခဲ့သည်။
သူသည် ဤအဆိပ်၏ အစိတ်အပိုင်းများကို အကြမ်းဖျင်း ခွဲခြမ်းစိတ်ဖြာ နိုင်သော်လည်း ဤအဆိပ်အတွက် အဆိပ်ဖြေဆေးကို မည်ကဲ့သို့ သန့်စင်ရမည်ကို ယုံကြည်ချက် သိပ်မရှိချေ။
တိမ်ပင်လယ် နယ်မြေထဲတွင် သောင်းနှင့်ချီသော အဆိပ်များရှိပြီး အများစူမှာ တူညီသော ပါဝင်ပစ္စည်းများ ရှိသော်လည်း အမျိုးမျိုးသော ဆေးဖက်ဝင် ပစ္စည်းများ၏ ခွဲတမ်းများမှာ ကွဲပြားတတ်သည်။
သန့်စင်သော နည်းလမ်းများမှာ ကွဲပြားပါက အဆိပ်ဖြေဆေးကလည်း လုံးဝ ကွဲပြားသွားမည်။
အဆိပ် အမျိုးအစားမှာ များလွန်းလှသည်။ တချို့သော မိသားစုငယ်များပင်လျှင် ၎င်းတို့တွင် ထူးခြားသော ဆေးညွှန်းများသာ ရှိတတ်သည်။
လုရွှမ် ယခင်ဘဝက အရူးဧကရာဇ် တစ်ယောက်ဖြစ်ပြီး ဂိုဏ်းကြီးခြောက်ခု၏ စာကြည့်တိုက်များကို ဖြတ်ကျော် မွှေနှောက်နိုင်ခဲ့သော်လည်း တိမ်ပင်လယ် နယ်မြေရှိ အဆိပ်တစ်ခုစီအတွက် ဖြေဆေးများကို မစုဆောင်းနိုင်ခဲ့သေးချေ။