ခရမ်းရောင်မီးခို အဆိပ်
Vol. 35 Ch. 4.35
ဒေါက်! ဒေါက်!
မြို့ထောင်ချီမဟာမိတ် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရှိ အခန်းတစ်ခန်းထဲတွင် အဂ္ဂိရတ်ဆရာ တစ်ဦးသည် အဂ္ဂိရတ်သန့်စင်နေစဥ် အတွင်း တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ဘာကိစ္စရှိလို့လဲ?"
ထိုအဂ္ဂိရတ်ပညာရှင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒုဥက္ကဌကို သတင်းပို့ပါတယ်... လျိုမိသားစုက လျိုယွင်ဖုန်း ရောက်လာပါတယ်"
အပြင်မှ လူတစ်ဦးက အသံတိုးတိုးဖြင့် သတင်းပို့လာလေသည်။
"ကောင်းပြီ... ခဏ စောင့်ခိုင်းထားလိုက် ငါချက်ချင်း လာခဲ့မယ်"
လျိုမိသားစုထံမှ လူလာကြောင်း ကြားလိုက်ရတဲ့အခါ ဒုဥက္ကဌက ချက်ချင်း တုံ့ပြန်လိုက်သည်။
လျိုယွင်ဖုန်း ဆိုသည်မှာ မကြာသေးခင်က လုရွှမ် တိုက်ခိုက်ရန် အမိန့်ပေးခဲ့သော အဆင့်၈ ကျင့်ကြံသူ ဖြစ်သည်။ အရပ်ရှည်ပြီး သန်မာသော လူများစွာသည် ဒုဥက္ကဌ ရောက်လာသည်ကို မြင်သည်နှင့် ချက်ချင်းပဲ မတ်တတ်ထရပ်လိုက်သည်။
"ဒုဥက္ကဌချန်!"
"ယွင်ဖုန်း အားမနာပါနဲ့... စကားမစပ် မင်းငါ့ကို ဘာအတွက် တွေ့ချင်တာလဲ"
ဒုဥက္ကဌချန်မှ မေးလိုက်သည်။
"အစောတုန်းက လုရွှမ် ကျုပ်တို့ လျိုအိမ်ကို ဒုက္ခပေးဖို့ ရောက်လာတာ ကောင်းကင်မှာ ပြန့်ကျဲနေတဲ့ အဆိပ်ငွေ့တွေကြောင့် သူ အဆိပ်မိသွားပြီ!"
လျိုယွင်ဖုန်း ချက်ချင်း ပြန်ပြောလိုက်သည်။
"ကောင်းတယ်... ခရမ်းရောင် အဆိပ်ငွေ့ပဲ... သူက သူတော်စင်တစ်ပိုင်း မဟုတ်သေးသရွေ့ သေကို သေလိမ့်မယ်!"
ဒုဥက္ကဌချန်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး
"လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ပဲ ရှိသေးတာလေ... မကြာခင်မှာပဲ သူသေသွားတဲ့ သတင်းကို မင်းကြားရလိမ့်မယ်"
ခရမ်းရောင် အဆိပ်ငွေ့ဆိုတာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ဝှက်ဖဲတွေထဲက တစ်ခုလို့ ဆိုနိုင်၏။
မြို့ထောင်ချီမဟာမိတ်လို ရုပ်ထွေးတဲ့ နေရာမျိုးမှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့ဟာလည်း အခြေအနေ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတတ်သည်။ လျိုမိသားစုရဲ့ ဘိုးဘေးတွေတောင် မဖြေရှင်းနိုင်တဲ့ တည်ရှိမှု တစ်ခုရှိလာတာနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့အနေနဲ့ တန်ပြန် အရေးယူမှုများ ပြုလုပ်ကြသည်။
အဂ္ဂိရတ်ပညာရှင် တစ်ဦးသည် ကျင့်ကြံသူများ၏ ကျင့်ကြံမှုကို တိုးတက်စေပြီး နယ်ပယ်ကို ချိုးဖျက်နိုင်သည့် ဆေးလုံးများကို သန့်စင်ပေးနိုင်သလို အမျိုးမျိုးသော အဆိပ်ဆေးများကိုလည်း သန့်စင်ပေးနိုင်သည်။
ခရမ်းရောင် အဆိပ်ငွေ့တွေဟာ ဆိုရင် သူတော်စင်တစ်ပိုင်း ထက်နိမ့်တဲ့ လူတွေကိုပင် သေဆုံးစေနိုင်၏။ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှာတောင် ဖြေဆေး ၃လုံးပဲ ရှိလေသည်။ ဒီအဆိပ်ပြင်း မီးခိုးမျိုးကို မြို့ထောင်ချီမဟာမိတ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့တောင် မိမိတို့ဘာသာ မသန့်စင်နိုင်ကြပေ။
အဆိပ်ပြင်း မီးခိုးမျိုးကို အမြောက်အမြား သန့်စင်နိုင်သည်နှင့် တစ်ပြိုင်နက် မြို့ထောင်ချီမဟာမိတ်ရှိ အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် မဖြေရှင်းနိုင်သော ပြဿနာများ ဖြစ်လာနိုင်ပြီး စီးပွားရေးလည်း လုံးဝ ပျက်စီးစေနိုင်သည်။
ဒီအခြေအနေကို အထက်ပိုင်း ဌာနချူပ်က မမြင်ချင်သလို ဖြစ်လာအောင်လည်း ခွင့်မပြုထားချေ။
ကျောက်စိမ်းပြားထဲရှိ လုရွှမ်သည် အဆိပ်ဖြေဆေး အများအပြားကို ဆက်တိုက် သန့်စင်သော်ငြား ၎င်းတို့ကို သောက်သုံးပြီး နောက်တွင် အဆိပ်ပြေသွားခြင်း မရှိခဲ့ချေ။
သူ့ခမျာ တဖြည်းဖြည်း ဒေါသထွက်လာသလို အားကိုးရာမဲ့ လာခဲ့သည်။
ယခု သူ့တွင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုရှိပြီး မြင့်မားသော အဆင့်ရှိ အဆိပ်ဖြေဆေးကို သန့်စင်နိုင်ပါက ခန္ဓာကိုယ်ထဲက အဆိပ်ကို လုံးလုံး ချေဖျက်ပစ်နိုင်ပြီ။
ဒါမှမဟုတ် သူ့လက်ထဲမှာ ပိုအဆင့်မြင့်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ ရှိနေခဲ့ရင် လက်ရှိမိနေတဲ့ အဆိပ်အတောက်တွေကို ချေဖျက်နိုင်တဲ့ ဆေးကို သန့်စင်နိုင်လောက်သည်။
သို့သော် ယခုမှာ ထိုအခြေအနေ နှစ်ခုနှင့် လုံးဝ ကိုက်ညီမနေချေ။
လက်ရှိ အချိန်၌ အကောင်းဆုံး နည်းလမ်းမှာ အဆိပ်ဖြေဆေး အမြောက်အမြားကို သန့်စင်ပြီး အဆိပ်သင့်မှုအား ခေတ္တတားဆီးရန်သာ ဖြစ်တော့သည်။
ထိုအကြောင်းကို တွေးရင်း လုရွှမ် စိတ်ဓာတ်ကျသွားသည်။ အနာဂတ်မှာ သူနဲ့အတူ တစ်ကမ္ဘာလုံးက အဆိပ်ဖြေဆေး အမြောက်အမြား ယူသွားပြီး အဆိပ်တစ်ခုမိတိုင်း ဖြေဆေးသောက်ရမယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါက စိတ်ပျက်စရာ ကောင်းလွန်းတယ် မဟုတ်ဘူးလား။
"လူမိုက်! တကယ်လူမိုက်ပဲ!"
လုရွှမ် ရှုံးနိမ့်သွားချိန်မှာပဲ ကျီးကန်းဟာ ကျောက်စိမ်းပြားထဲမှ တဖျတ်ဖျတ် ပျံသန်းလာခဲ့သည်။
"ကျီးကန်း မင်းမှာ ဘာနည်းလမ်းရှိလဲ"
လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။ အဆိပ်ခတ်ခံရတဲ့ အချိန်မှာတောင် ဒီသေနာကျီးကန်းက ရွဲ့စောင်း ပြောနေသေးသည်။
"မင်းကို ငတုံးလို့ ခေါ်တာ မဆန်းပါဘူး... တကယ် တုံးလွန်းတယ်!" ကျီးကန်းက ဆိုလေ၏။
"ဒါက အဆိပ်သက်သက်ပဲ မဟုတ်လား? ပြဿနာကြီးလည်း မဟုတ်ဘဲနဲ့"
"မင်းငါ့ကို အဆိပ်ဖြေပေးနိုင်လား?"
လုရွှမ် ရုတ်တရက် အလွန်ဝမ်းသာသွားသည်။ ဒီကျီးကန်းက ဘယ်ကနေ ရောက်လာမှန်း မသိပေမယ့် ရှန့်ခုန်းချိုင့်ဝှမ်းကနေ ထွက်လာပြီးနောက် သူသိလိုက်တာက ဒီကျီးကန်းမှာ လျိုဝှက်ချက်တွေ တော်တော် များနေတယ် ဆိုတာပင်။
ကျီးကန်း သူ့ကို အဆိပ်ဖြေပေးနိုင်တာလား?
"စစ်မှန်တဲ့ နဂါးနှလုံးသား! နဂါးနှလုံးလေ!"
ကျီးကန်းက ကျယ်လောင်စွာ အော်လေသည်။
"နဂါးနှလုံးနဲ့ ပေါင်းစပ်လိုက်ရင် မင်းမှာ တကယ့်နဂါးနဲ့တူတဲ့ နှလုံးသား ရှိလာမယ်... မင်းရဲ့ခန္ဓာကိုယ်ကလည်း အရမ်း တိုးတက်လာလိမ့်မယ်.... ဒီအဆိပ်လောက်က စိုးရိမ်စရာ မရှိသလို မိနစ်ပိုင်းအတွင်း ပျောက်ကင်းသွားလိမ့်မယ်"
လုရွှမ်လည်း အံ့အားသင့်သွားသည်။
အဆိပ်သည် ကျင့်ကြံမှုအဆင့်အောက် အစွန်းဆုံးကို ရောက်သွားရင် ကျင့်ကြံသူအတွက် လုံးဝ အသုံးမဝင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံမှုနယ်ပယ်သည် အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားတဲ့ ကိုယ်ခန္ဓာဟာ ပုံစံ ပြောင်းလဲသွားပြီး အဆိပ်တွေဟာ လူ့ခန္ဓာကိုယ်ထဲက လုပ်ငန်းဆောင်တာများကို ဖျက်ဆီးရန် နည်းလမ်း မရှိနိုင်တော့ပေ။
နဂါးနှလုံးနဲ့ တကယ့်နဂါးရဲ့ ခန္ဓာကိုယ်ဟာ သာမန်လူသားများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သည်။ သူ့မှာ နဂါးအစစ်ရဲ့ နှလုံးသားတစ်ခု ရှိသွားရင် ဒီအဆိပ်အတောက်ကို မိနစ်ပိုင်းအတွင်း အပြီးအပိုင် ရှင်းထုတ်သွားနိုင်မှာ ဖြစ်သည်။
"မင်းဘာကို စောင့်နေတာလဲ? နဂါးသွေးသံကို မြန်မြန်တူးပြီး နဂါးနှလုံးကို ထုတ်ယူလိုက်တော့လေ!"
ကျီးကန်းသည် လုရွှမ် ပတ်ပတ်လည်ကို လှည့်ပတ်ပျံသန်း နေသည်။
"မလောပါနဲ့... ငါ နောက်ထပ် အဆိပ်ဖြေဆေးတွေကို သန့်စင်တဲ့အထိ စောင့်ရအောင်!"
လုရွှမ် မျက်လုံးများ တောက်ပလျက် ဆိုလာသည်။
ခန္ဓာကိုယ်ထဲရှိ အဆိပ်ဖြေဆေး ပမာဏ မလုံလောက်ပါက နဂါးနှလုံးကို တူးဖော်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အဆိပ်ကသူ့ကို ပြဿနာ ရှာလာနိုင်သည်။
"မြန်မြန်လုပ် မြန်မြန်!"
ကျီးကန်းက နှစ်ကြိမ် ဆက်တိုက် တိုက်တွန်းလာ၏။
ဆေးမီးဖိုကို ဖွင့်လိုက်ပြီး လုရွှမ် လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းများကို ပစ်ချလိုက်သည်။ အနည်းငယ် ပိုစျေးကြီးသော ဆေးဖက်ဝင်ပစ္စည်းများ နှစ်မျိုးသုံးမျိုးမှလွဲ၍ ကျန်များသည် အလွန်အသုံးများသော ဆေးပင်များသာ ဖြစ်သည်။
ကျောက်စိမ်းပြား၏ နေရာသည် အလွန်ကျယ်ဝန်းပြီး အရေးပေါ် အသုံးပြုရန် အတွက် အရန်ပစ္စည်းများ များစွာ ရှိလို့ အဆိပ်ဖြေဆေး သန့်စင်ရန်ဖို့က ပြည့်စုံလုံလောက်ပါသည်။
တစ်နာရီ ကြာပြီးနောက်
လုရွှမ်သည် ကျောက်စိမ်းပြား နေရာလွတ်ထဲတွင် အဆိပ်ဖြေဆေးကို အိတ်ကြီးတစ်လုံး သန့်စင်လို့ ပြီးသွား၏။ မော့ကောင်းရွှမ်းနဲ့ တခြားသူတွေကို နှုတ်ဆက်ကာ ယွမ်စံအိမ်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
"ခန်းမသခင်လု!"
ယွမ်စံအိမ်ကြီး၏ အစောင့်များသည် လုရွှမ် ချဉ်းကပ်လာတာကို မြင်တဲ့အခါ လေးစားစွာ ဂါဝရပြုကြသည်။ ဒီတစ်ခါတော့ ဘယ်သူမှ မအော်ရဲကြတော့ချေ။
လုရွှမ်လည်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ယွမ်စံအိမ်ကြီးထဲသို့ လှမ်းဝင်ကာ အနောက်ဘက် ဥယျာဉ်ဆီသို့ တိုက်ရိုက် လျှောက်လာခဲ့သည်။
နဂါးဦးခေါင်းရှိရာ ရေကန်ရှေ့ကို ရောက်သွားတော့ ယန်လိထန်းက
"လုရွှမ်.. မနက်အစောကြီး နယ်မြေကို အလှဆင်ဖို့ ရောက်လာပြီလား!"
"ဟုတ်တယ် အစ်ကိုယန် ခင်ဗျားရဲ့နေရာကို ခဏလောက် ငှားပေးပါဦး!"
လုရွှမ် ပြောပြီးနောက် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်။ ယန်လိထန်းလည်း ခဏတာ အံ့အားသင့်သွား၏။
ဒီညီအစ်ကိုလုရဲ့ အလေ့အကျင့်က နည်းနည်း ထူးဆန်းလှသည်။ အစက သူလာမယ်လို့ ပြောပေမယ့် ရောက်လာရင် နှုတ်ဆက်စကားတွေ ဖလှယ်ဦးမယ် ထင်နေတာ။ မထင်မှတ်ပဲ သူ့အမေးကို ပြန်ဖြေပြီးတာနဲ့ ရေကန်ထဲကို ခုန်ဆင်းသွားတော့သည်။
တကယ်တော့ လုရွှမ်ဟာ ကျင့်ကြံရေးမှာ အရူးတစ်ပိုင်း ဖြစ်နေတာ မဟုတ်ဘဲ သူ့မှာ အလေးအနက် ထားရမယ့် ကိစ္စ ရှိနေတာကြောင့်ပင့။
နဂါးနှလုံးကို စောစော စုပ်ယူကာ အဆိပ်အတောက်များကို တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားနိုင်ရင် ဖြေဆေး ထုတ်စရာမလိုဘဲ သာမန်လူတစ်ဦး ပြန်ဖြစ်နိုင်ပြီ။
ရေကန်ထဲသို့ ဝင်ရောက်ပြီးနောက် လုရွှမ်သည် ရွှေအရှိန် စီးဆင်းမှုကို တိုက်ရိုက် ဖွင့်ထုတ်လိုက်ပြီး ယန်လိထန်းပင် မတွေးနိုင်သော အရှိန်ဖြင့် အလွန်လျင်မြန်စွာ ထိုးဆင်းသွားလေ၏။
မီတာတစ်သောင်း၊ မီတာနှစ်သောင်း။
မီတာတစ်သိန်း၊ မီတာနှစ်သိန်း။
မီတာတစ်သန်း၊ မီတာနှစ်သန်း။
မီတာသုံးသန်း။
လုရွှမ် သူ့ခြေထောက်တွေကို မြေကြီးပေါ်မှာ တင်းတင်းကြပ်ကြပ် ခြေကုပ်ယူလိုက်သည်။ သူ့ရှေ့မှာ ဆယ်မီတာလောက် နက်တဲ့ အပေါက်တစ်ခုကို တူးထုတ်လိုက်သည်။
ဒီနေရာက သူထွက်သွားတုန်းကလိုပဲ ရေအနက်က မီတာ သုံးသန်းရှိပြီး ဒီပတ်ဝန်းကျင်မှာ အသက်ရှင်သန်ဖို့တော့ ခက်ခဲလှသည်။ ရွှေအရှိန်သာ မရှိရင် သူတော်စင်တစ်ပိုင်းတွေတောင် ဆင်းနိုင်မှာ မဟုတ်ချေ။
သူ့လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်နှင့် လက်ထဲတွင် မိုးနတ်ဘုရားဓားရဲ့ အပိုင်းအစ ပေါ်လာခဲ့သည်။ ထို့နောက် ကြက်ဥအရွယ်ရှိ နဂါးသွေးသံကို စတင်တူးထုတ်တော့သည်။ မြေပြင်သည် အနည်းငယ် နိမ့်ဆင်းလာပြီး နဂါး နှလုံးနှင့် နီးကပ်လာသယောင်ပင်။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာပြီး လုရွှမ်လည်း ဘယ်လောက်ကြာသွားလဲ ဆိုတာကို မရေတွက်နိုင်တော့ချေ။ အမြင့်ကို မော့ကြည့်လိုက်တော့ နဂါးသွေးသံတုံး တစ်ခုလုံးကို မီတာ ၅၀ ကျော်အထိ တူးဖော်ပြီးသွားပြီ။
ဤအချိန်တွင် ကျီးကန်းတစ်ကောင်မှ မလိုအပ်တော့ဘဲ လုရွှမ် အောက်မှ ပေါက်ထွက်လာသော အစွမ်းထက်တဲ့ စွမ်းအင်ကို ခံစားရနိုင်လေပြီ။
အခါအားလျော်စွာ ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်ကို တစ်ချက် ရလိုက်တိုင်း လုရွှမ် သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေတဲ့ ယွမ်ချီတွေကို ခံစားနိုင်ပြီး အဆိပ်၏ သက်ရောက်မှုမှာလည်း ခဏရပ်သွားသလို ခံစားရသည်။