မျှော်စင်ကိုးထပ်
Vol. 35 Ch. 4.39
သူ့လက်ကို ဆန့်တန်းလျက် အဆင့်၈ ကျင့်ကြံသူရဲ့ လည်ပင်းကို အနောက်မှ ဆုပ်ကိုင်ထားလိုက်သည်။
"လူကြီးမင်း လုရွှမ်... ကျုပ်အသက်ကို ချမ်းသာပေးပါ!"
အခု မြင်ကွင်းက ထိုလူကို အရူးတစ်ယောက်လို ထိတ်လန့်သွားစေခဲ့သည်။ သူ့ရဲ့သူရဲကောင်းဆန်မှုဟာ ဘယ်လိုပဲ ဖြစ်နေပါစေ ဒူးအောက်အထိ ရောက်သွားပြီ ဖြစ်ကာ မြေပြင်ပေါ်မှာ ဒူးထောက် ထိုင်လိုက်တော့သည်။
"မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ငါ့ကို အရင်ပြောပါ လွန်ခဲ့တဲ့ နှစ်လက ဘာဖြစ်သွားတာလဲ? အရိပ်လူသတ်ခန်းမ တစ်ခုလုံး ဘယ်လိုလုပ် ပျက်စီးသွားတာလဲ? ကျန်တဲ့ လူတွေ ဘယ်ရောက်သွားတာလဲ?"
တခြားလူတွေ ရှိနေသေးကြောင်း လုရွှမ် သိသည်။ မော့ကောင်းရွှမ်း ရှိနေသရွေ့တော့ သူတို့ သေမှာမဟုတ်ဘူး။ နောက်ပြီး ဖက်တီးရဲ့ နောက်လိုက်ကလည်း ရှိနေသေးတယ်လေ။
"ကျုပ် ပြောပါ့မယ် ပြောပါ့မယ်!"
ထိုလူမှာ စကားပြော နှေးကွေးလွန်းပါက လက်သီး တစ်ချက်တည်းဖြင့် အရိုက်ခံလိုက်ရမည်ကို စိုးရိမ်သောကြောင့် အထပ်ထပ် အလျင်အမြန် အော်လိုက်သည်။
"လူကြီးမင်း ပေါ်မလာတာ ကြာတော့ အားလုံးက ကျုပ်တို့ လျိုမိသားစုရဲ့ အဆိပ်ကြောင့် သေသွားပြီလို့ ထင်နေကြတာ..."
"မင်းရဲ့ လျိုမိသားစု? စိတ်မပူပါနဲ့ .... လျိုမိသားစုရဲ့ အဖွဲ့ဝင်တိုင်းကို သတ်ပစ်မယ်!"
လုရွှမ် ဂရုမစိုက်ဘဲ အေးစက်စွာ ဆိုလိုက်သည်။
"ဒါက... သူတို့ လျိုမိသားစုပါ.. ကျုပ် မဟုတ်ပါဘူး! ကျုပ်ကဒီအတိုင်း ဘုန်းကြီးပါပဲ...လျိုမိသားစုနဲ့ ဘာမှမဆိုင်ပါဘူး..."
ထိုလူမှာ ထိတ်လန့်တကြားနှင့် စကားပြောင်းလိုက်သည်။
"လျိုမိသားစုက လူကြီးမင်းကို အဆိပ်မိပြီးတော့ သေသွားပြီလို့ ထင်နေကြတာ... ဒါကြောင့် သူတို့က ကျွန်တပ်သားတွေနဲ့အတူ အရိပ်လူသတ်ခန်းမကို တိုက်ခိုက်ခဲ့ကြတာပါ!"
"ပြီးတော့ရော?" လုရွှမ်က မျက်မှောင်ကြုတ်လျက်။
သူသည် ကျွန်စစ်တပ်၏ ထိတ်လန့်တုန်လှုပ်စရာ ကောင်းမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည်။ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက မော့ကောင်းရွှမ်းပင်လျှင် ရင်ဆိုင်ရန် ခက်ခဲပေမည်။
"အဓိပတိနယ်ပယ်က လူ တစ်သိန်းနဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် သောင်းချီတို့က အတူတူ တိုက်ခိုက်ခဲ့ကြတာပါ... အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အခင်းအကျင်းက တစ်ရက်နဲ့တစ်ည တောင့်ခံခဲ့ပြီး ပျက်စီးသွားခဲ့ပါတယ်... ကျုပ်ကြားတာတော့ ဆံပင်ဖြူ အဘိုးအိုနဲ့ ခပ်ဝဝလူက လွဲရင် ကျန်ခဲ့တဲ့ တခြားသူတွေကို လျိုမိသားစုက သတ်ပစ်လိုက်တယ်လို့ ကြားပါတယ်"
ထိုအဆင့်၈ ကျင့်ကြံသူက အလျင်စလို ပြောပြလေသည်။
"သူတို့ ဘယ်ကိုသွားတာလဲ?"
"မသိပါဘူး... အရိပ်လူသတ်ခန်းမက လွန်ခဲ့တဲ့ သုံးရက်လောက် ဖောက်ထွင်းခံရတာ... အခုဆိုလည်း သုံးရက်လောက် ကြာသွားပြီ! ဒါပေမဲ့ လျိုမိသားစုရဲ့ ကျွန်စစ်တပ်က သူတို့ကို လိုက်ဖမ်းပြီး သတ်နေတယ်လို့ပဲ ကြားမိပါတယ်... ကျွန်စစ်တပ်ကို ရှာနိုင်ရင် သူတို့ကိုလည်း ရှာတွေ့နိုင်လောက်တယ်..."
"ကောင်းပြီ အခု မင်းသွားတော့!"
လုရွှမ် ထိုသူ့ကို ကန်ထုတ်ပစ်လိုက်သည်။ ထိုလူရဲ့ ဝမ်းဗိုက်ကို ကန်ပစ်လိုက်သလို သူ့ရဲ့ နန်းတော်ပင်လယ်ကိုပါ ဖျက်စီးပစ်လိုက်တာကြောင့် နောက်ထပ် ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
ဤနည်းဖြင့် မြို့ထောင်ချီ မဟာမိတ်အဖွဲ့သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူ တစ်ဦးကို ဆုံးရှုံးခဲ့ပြီး နောက်ထပ် အမှိုက်တစ်ခု ထပ်မံရရှိသွားခဲ့သည်။
သို့သော် ထိုလူသည် မိမိကိုယ်ကို သတ်သေရန် မရွေးချယ်ဘဲ ထိတ်လန့် တုန်လှုပ်စွာဖြင့် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ကျင့်ကြံမှုအခြေခံတွေ ပျောက်သွားရင်တောင် အသက်ရှင်ရတာက အနည်းဆုံးတော့ သေသွားတဲ့ ကောင်ထက် ပိုကောင်းတယ်လေ။
အရိပ်လူသတ်ခန်းမကို သုံးရက်ကြာ ဖျက်ဆီးခဲ့ပြီး လျိုမိသားစု၏ ကျွန်စစ်တပ်က ပြန်မလာသေးသောကြောင့် မော့ကောင်းရွှမ်းနှင့် အခြားသူများ အဆင်ပြေလောက်သည်။
သူ့ရဲ့ ဦးဆောင်မှုနဲ့ဆို သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှာရှိတဲ့ ကျင့်ကြံသူ အုပ်စုရဲ့လက်ကနေ လွတ်မြောက်ဖို့ ပြဿနာ မရှိနိုင်ချေ။
ခဏလောက် စဉ်းစားပြီးနောက် လုရွှမ် လှည့်ပြီး အဂ္ဂိရတ်ဆရာ အသင်းဆီ ပျံသန်းလာခဲ့သည်။ ရောက်တာနဲ့ တစ်ချက် မော့ကြည့်လိုက်ကာ တိုက်ရိုက် ဝင်ချသွားသည်။
ပြင်းထန်တဲ့ တိုက်ခိုက်မှု မဟုတ်သရွေ့တော့ ဒီလို လမ်းလျှောက် ဝင်သွားတာက သူတို့ရဲ့ အကာအကွယ် အခင်းအကျင်းကို မထိမိနိုင်ချေ။
အရှေ့ခန်းမကို ဖြတ်လျှောက်သွားပြီးနောက် ကျယ်ပြောသော မြေပြင်ပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦ များစွာကို တွေ့လိုက်ရသည်။
ထိုအထဲမှ အထပ် ကိုးထပ်ရှိ မျှော်စင်တစ်ခုသည် ဆွဲဆောင်မှု အရှိဆုံး ဖြစ်သည်။ ဤမျှော်စင်သည် အဂ္ဂိရတ်ဆရာအသင်း၏ အရေးကြီးဆုံး နေရာဖြစ်ပြီး ၎င်းသည် အဂ္ဂိရတ်အခန်းများ တည်ရှိရာ နေရာလည်း ဖြစ်သည်။
အလွှာအရေအတွက် များလေ အဂ္ဂိရတ်ဆရာအတွက် လိုအပ်ချက်များ ပိုများလေ ဖြစ်သည်။
"ဒီကဧည့်သည်... ခင်ဗျား ဝင်လို့ မရပါဘူး!"
အဂ္ဂိရတ်ဆရာအသင်း၏ အဖွဲ့ဝင် တစ်ယောက်က သူလာနေတာကို တွေ့တော့ ကမန်းကတန်း ထရပ်ပြီး ဆိုလိုက်သည်။
"ငါက အဂ္ဂိရတ်ဆရာ တစ်ယောက်ပဲ!"
လုရွှမ် သူ့အမည်ကို အဂ္ဂိရတ်ပညာရှင် တစ်ယောက်အဖြစ် ထုတ်ဖော် ပြောဆိုလိုက်ပါသည်။ ထိုအချိန်က သူသည် အဂ္ဂိရတ်ပညာရှင်အဆင့် စာမေးပွဲကိုလည်း အောင်မြင်ခဲ့ဖူးသည်လေ။
"ဒါပေမဲ့... ခင်ဗျား ဝင်လို့ မရသေးပါဘူး"
အဂ္ဂိရတ်ပညာရှင် အဖွဲ့ဝင်ရဲ့ လေသံက တော်တော် သက်သာသွားသလို ရှိသော်လည်း သူ့လမ်းကို ပိတ်ဆို့နေဆဲ ဖြစ်သည်။
"သွားစမ်း!"
လုရွှမ်ရဲ့ အမူအရာက မှောင်သွားသည်။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့ရာ အဖွဲ့ဝင်လေးကို ထိတ်လန့်သွားစေသည်။
လုရွှမ် သူ၏အတောင်ပံများကို ဖြန့်ကာ ကိုးထပ်မျှော်စင်ဆီသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။ ဖီးနစ် အတောင်ပံများ၏ အရှိန်ဖြင့် သူ၏ခွန်အားအားလုံးကို အာရုံစိုက်ကာ ကိုးထပ်မျှော်စင်ကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။
ဝုန်း!
သို့သော် သူ၏အမြန်နှုန်းသည် မြန်လွန်းသော်ငြား သူ၏ စွမ်းအားတချို့သည် ကိုးထပ်မျှော်စင်၏ အကာအကွယ် အခင်းအကျင်း အပေါ် သက်ရောက်နေဆဲပင်။
ကိုးထပ်မျှော်စင်သည် ကြိမ်ဖန်များစွာ ပြင်းထန်စွာ လှုပ်ခါပြီးနောက် ငြိမ်သက်သွားခဲ့သည်။ အကာအကွယ် အခင်းအကျင်း အပြင် မရေမတွက်နိုင်သော အဆင့်မြင့် အားဖြည့် အခင်းအကျင်းများကို မျှော်စင်ပေါ်တွင် ထွင်းထုထားတာ တွေ့ရလေ၏။
အဂ္ဂိရတ်ပညာရှင်၏ အဂ္ဂိရတ်အခန်းများကို ဤနေရာတွင် စုစည်းထားသည်။ အဂ္ဂိရတ် သန့်စင်နေစဉ်အတွင်း မီးဖိုကြီး ပေါက်ကွဲမည်မှာ မလွဲမသွေ ဖြစ်သည်။ တချို့သော အဆင့်မြင့် မီးဖိုများ ပေါက်ကွဲသွားတဲ့ အသံကလည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉နဲ့ သိပ်မကွာချေ။
ထို့ကြောင့် ကိုးထပ်မျှော်စင်၏ အားဖြည့်ဖွဲ့စည်းမှုသည် အလွန်အဆင့်မြင့်ပြီး လုရွှမ်၏ ထိုးနှက်မှုကို လုံးလုံးလျားလျား တားဆီးနိုင်သည်။
"ဘယ်သူလဲ!"
"မျက်စိ ကန်းနေတာလား!"
တုန်ခါမှုကို ခံစားလိုက်ရသဖြင့် ကိုးထပ်မျှော်စင်တွင် အဂ္ဂိရတ်ပညာကို သန့်စင်နေသော အဂ္ဂိရတ်ဆေးဆရာ အများအပြားသည် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်ကာ ပြေးထွက်လာကြသည်။
အနောက်မှာ အတောင်တွေ ဖြန့်ထားပြီး လေထဲမှာ ပျံဝဲနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ သူတို့ရဲ့ စကားလုံးတွေဟာ လည်ချောင်းထဲမှာ တစ်ဆို့သွားကြသည်။
"လုရွှမ်!"
"သူ...မသေသေးဘူး!"
"ဒီကောင် ဒီမှာ ဘာလာလုပ်နေတာလဲ?"
အဂ္ဂိရတ်ပညာရှင် တော်တော်များများက တစ်ယောက်ပြီး တစ်ယောက် စတင် ဆွေးနွေးကြလေသည်။
မကြာခင်မှာပဲ လူတစ်စုက ပြေးလာသည်။ သူတို့ထဲက တစ်ယောက်ဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလမှ ကျင့်ကြံသူ ဖြစ်၏။
"လုရွှမ်... မင်းက ငါတို့ရဲ့ အဂ္ဂိရတ်အဖွဲ့ကို ပြဿနာရှာဖို့ လာရဲသေးတယ်ပေါ့!!"
"ပြဿနာ?? ဟုတ်တယ် ငါဒီကို ပြဿနာလာရှာတာ!"
လုရွှမ်လည်း သူ့မျက်ခုံးတွေကို ပင့်တင်လိုက်သည်။
"ဒါဆို သွားသေလိုက်တော့!"
အော်ဟစ်လိုက်တဲ့ လူဟာ လျိုမိသားစုကို ခရမ်းရောင် အဆိပ်ငွေ့ ဆေးလုံး ပေးခဲ့တဲ့ ဒုဥက္ကဌချန်ပဲ ဖြစ်လေသည်။
တစ်ဖက်လူနဲ့ အဓိပ္ပာယ် မရှိတဲ့ စကားတွေကို ပြောဆိုနေဖို့ ပျင်းလွန်းသဖြင့် လုရွှမ် လှောင်ပြုံးတစ်ပွင့်နှင့် အတူ အတောင်များ လျင်မြန်စွာ ခတ်လျက် ဒုဥက္ကဌချန်ဆီသို့ ပျံသန်းလာခဲ့သည်။
ဖီးနစ်၏ အတောင်များသည် မထင်မှတ်နိုင်လောက်အောင် မြန်ဆန်လွန်းသဖြင့် ဒုဥက္ကဌချန် အရှေ့တွင် ချက်ချင်းဆိုသလို ပေါ်လာသည်။ ဒုဥက္ကဌချန် မတုံ့ပြန်မီတွင် သူ့မျက်လုံးများ ရှေ့တွင် လက်ဝါးတစ်ဖက် ပေါ်လာတာကို တွေ့လိုက်ရသည်။
ဗုန်း!
ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်သော ကြီးမားသော စွမ်းအားကြောင့် ဒုဥက္ကဌချန်မှာ တောင်ကြီးတစ်လုံးမှ လာရောက် ထိမှန်သွားသလို ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားပြီး သူနဲ့အတူ အဆောက်အဦးကြီးတစ်ခု ပြိုကျကာ သွေးများပါ ထွက်ကျလာသည်။
တစ်ချက် လှုပ်လိုက်ရုံဖြင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။
"မင်း...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဒုဥက္ကဌချန် ထိတ်လန့်တကြား ထရန် ရုန်းကန်လိုက်သည်။ အခုအချိန်ထိ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ကလေးတစ်ယောက်က ဒီလောက် ပြင်းထန်တဲ့ စွမ်းအားတွေ ရှိနေတာကို မယုံနိုင်သေးပါ။
"မသေသေးဘူးလား?"
ထိုလူသည် ထရပ်ဖို့ ခွန်အား ရှိနေသေးတာကို မြင်လိုက်ရသဖြင့် လုရွှမ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
သူ့ရဲ့ လက်ရှိခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက လူကို တစ်ချက်ထိုးရုံဖြင့် သတ်ပစ်နိုင်ပြီ။ သို့သော် ဤဒုဥက္ကဌချန်သည် မတ်တတ်ရပ်ကာ စကား ပြောနိုင်ဆဲပင်။ သူ့ခန္ဓာကိုယ်ပေါ်၌ အကာအကွယ် မှော်လက်နက်တစ်ခု ရှိနေသည်မှာ ထင်ရှားလှသည်။
တစ်ချက်တည်းနဲ့ မသေနိုင်ရင်တော့ နောက်တစ်ကြိမ် ထပ်ထိုးရမှာပေါ့။ လုရွှမ် အေးစက်စွာ နှာမှုတ်ထုတ်၍ ဒုဥက္ကဌချန်ဆီ ထပ်မံ ပြေးချလာခဲ့သည်။
"ဒုဥက္ကဌချန်!"
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတော်တော်များများမှာ ချွေးအေးတွေပါ ထွက်ကျလာကုန်သည်။
လက်သီးတစ်ချက်နဲ့တောင် ဒဏ်ရာ အပြင်းအထန်ရကာ သွေးအန်နေရပြီ။ ဒုတိယတစ်ချက် ဆိုရင် ဒုဥက္ကဌချန်ရဲ့ အသက်မှာ အန္တရာယ်ထဲ ကျရောက်နေပြီ ဖြစ်သည်။
"ကောင်လေး... ဒီနေရာက မင်းရိုင်းစိုင်းလို့ ရတဲ့ နေရာမဟုတ်ဘူး!"
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ တစ်ဦးသည် ကောင်းကင်ယံမှ ချဉ်းကပ်လာရင်း လုရွှမ်အား လက်ညှိုးတစ်ချောင်းဖြင့် ထိုးညွှန်နေတာကို တွေ့လိုက်ရသည်။