သူတော်စင်တစ်ပိုင်း4
Vol. 35 Ch. 4.42
ဗုန်း!
သူတော်စင်တစ်ပိုင်းကို ထောင်ချောက် ဆင်နိုင်တဲ့ ထောင်ချောက် အခင်းအကျင်း ဖွဲ့စည်းပုံဟာ ချက်ချင်း ကွဲအက်သွားတဲ့ အသံတွေ ထွက်လာပြီး အဂ္ဂိရတ်ပညာရှင်အဖွဲ့ တစ်ခုလုံးရဲ့ အကာအကွယ် အခင်းအကျင်းမှာ စတင် ပျက်စီးလာ၏။
အခုလေးတင် ရိုက်လိုက်တဲ့ သူ့ရဲ့ရိုက်ချက် ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံမှု ကာလကို ကျော်လွန်သွားပြီ။ ဒါကြောင့် ဒါဟာ သူတော်စင် တစ်ပိုင်းရဲ့ ခွန်အားလို့ ဆိုနိုင်လေပြီ။
သူ့ရဲ့ထိုးနှက်မှုက ကောင်းကင်သို့ ပျံတက်သွားကာ သူ့ကိုပိတ်ထားတဲ့ ယာယီ အကာအကွယ်ပုံစံကို ချိုးဖျက်လိုက်သည်။ ၎င်းသည် အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အကာအကွယ် အခင်းအကျင်းမို့ ဒါကို ဖျက်စီးလိုက်တာက အဖွဲ့အစည်း တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သလိုပင်။
ဥက္ကဌ၏ အကာအကွယ် ခင်းကျင်းမှုမှာ ခဏကြာအောင် တောက်ပနေသော်ငြား ထိုးနှက်မှုကို ခံရပြီးနောက် အလင်းရောင်သည် သာမန်ထက် အနည်းငယ် မှိန်လာခဲ့သည်။
ဒီမြင်ကွင်းကို မြင်တော့ ဒီအကာအကွယ် ပုံစံက နည်းနည်း အားနည်းသွားပြီး သူ့အတွက် ခြိမ်းခြောက်မှု မရှိတော့ကြောင်း လုရွှမ် သိလိုက်သည်။ သူလိုချင်တဲ့ အချိန်တိုင်း ထွက်သွားနိုင်ပြီ။
ဒီလိုဖြစ်လာပြီ ဆိုရင်တော့ အတိုးနည်းနည်းလောက် ထည့်သွင်း ယူလိုက်တာပေါ့။
ဖီးနစ် အတောင်ပံများကို ဖြန့်ကာ လေထဲသို့ ပျံတက်လာခဲ့သည်။
သူ့လက်ချက်ကြောင့် အကာအကွယ်ပုံစံ လုံးဝမှိန်ဖျော့သွားသည်ကို တွေ့လိုက်ရတဲ့အခါ အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ ကျင့်ကြံသူများသည် လုံးဝ ရပ်မနေရဲတော့ဘဲ အရပ်ရပ်သို့ ပြေးထွက်သွားကြသည်။
ဤတိုက်ခိုက်မှုမျိုးနဲ့ဆို လုရွှမ် တစ်ချက် ရိုက်လိုက်တာနဲ့ သေသွားနိုင်ကြောင်း ကောင်းစွာ သိလိုက်ပြီ ဖြစ်သည်။
သူတို့လည်း တကယ်ကို ထိတ်လန့်နေရပါပြီ။
အဆင့်နှစ်ဆင့်သို့ တိုးမြှင့်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးရှိ စွမ်းအားကို အထွတ်အထိပ်သို့ မြှင့်တင်၍ အခင်းအကျင်းကို ထိုးဖောက်သွားခဲ့သည်။ အခု လုရွှမ်ကို ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်သလောက်ပင်။
ထွက်ပြေးသွားတဲ့ လူအုပ်ကို တစ်ချက်သာ ကြည့်လိုက်သည်။ လုရွှမ် သူ့မျက်လုံးတွေကို လှည့်ပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အလယ်မှာ တည်ထားတဲ့ ကိုးထပ်မျှော်စင်ကို စိုက်ကြည့်လိုက်သည်။
ကိုးထပ်မျှော်စင်သည် အဂ္ဂိရတ်အဖွဲ့၏ သင်္ကေတ တစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော အဂ္ဂိရတ်ဆေး ပညာရှင်များကို ဆေးလုံးသန့်စင်သည့်နေရာ ဖြစ်သောကြောင့် အဂ္ဂိရတ်အဖွဲ့၏ အရင်းအမြစ်များစွာကို ဤနေရာတွင် စုစည်းထားကြောင်း သူသိသည်။
မရေမတွက်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများ၊ မရေမတွက်နိုင်သော ဆေးပြင်းမီးဖိုများ ရှိပြီး တချို့သော ဆေးမီးဖိုများ၏ တန်ဖိုးကို ဝိညာဉ်ကျောက်များဖြင့်ပင် တိုင်းတာ၍ မရနိုင်ပေ။
ကိုးထပ်မျှော်စင်သည် အဂ္ဂိရတ်သမားများ၏ သင်္ကေတ ဖြစ်သည်သာမက အဂ္ဂိရတ်သမားများ၏ ပိုင်ဆိုင်မှု တည်နေရာဖြစ်ပြီး ဝိညာဉ်ရေးရာ မှတ်တိုင်လည်း ဖြစ်သေးသည်။
လုရွှမ်သည် သူ့အောက်ရှိ နေရာတိုင်းတွင် လည်ပတ် ပြေးလွှားနေသော လူအုပ်ကြီးကို လျစ်လျူရှုကာ အတောင်ပံများ ဖြန့်၍ ကိုးထပ်မျှော်စင်ဆီသို့ ပျံသန်းသွားခဲ့သည်။
ပထမ လက်ဝါးချက်က ကိုးထပ်မျှော်စင်ပေါ်သို့ စီးဆင်းသွားပြီး အဆက်မပြတ် ကွဲအက်လာသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အကာအကွယ်အတွက် တာဝန်ရှိတဲ့ အခင်းအကျင်း အစိတ်အပိုင်းသည် အကြွင်းမဲ့အင်အားအောက်တွင် ကွဲအက်လာခဲ့သည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့တစ်ခုလုံးရဲ့ အကာအကွယ် စွမ်းရည်ဟာ အဆင့်များစွာ ကျဆင်းသွားခဲ့ပြီမလို့ သူ့ရဲ့တိုက်ခိုက်မှုကို ရပ်တန့်စေဖို့ လုံးဝ မဖြစ်နိုင်တော့ပါ။
ထို့နောက် ချက်ချင်းပင် လက်ဝါး စွမ်းအင်သည် လျော့မသွားဘဲ မျှော်စင်ပေါ်သို့ ထပ်မံ ထိုးကျသွားသည်။
ဤတစ်ကြိမ်တွင် ကိုးထပ်မျှော်စင်မှ ထွင်းထုထားသည့် မရေမတွက်နိုင်သော အားဖြည့် အခင်းအကျင်း ပုံစံများသည် အကာအကွယ် အခင်းအကျင်းကို ဖြတ်ကျော်ခံလိုက်ရလို့ ခံနိုင်ရည် လျော့ကျလာသည်။
သို့သော် တစ်ချက်တည်းနဲ့ မဖြေရှင်းနိုင်ပါက လက်နှစ်ဖက် ထပ်သုံးရလည်း သိပ်တော့ အရေးမကြီးပါ။ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ့လက်ဝါးစွမ်းအင်ကို ထပ်မံ ပစ်သွင်းလိုက်သည်။
သေးငယ်သော အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာ၏။ အက်ကြောင်းများဟာ လူသားမျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ရာ ကိုးထပ်မျှော်စင်ရှိ အက်ကြောင်းများသည်လည်း ပိုရှည်လာပြီး ပိုကြီးလာသည်။
ဗုန်း!
ကိုးထပ်မျှော်စင် ပြိုကျသွားပြီး ကောင်းကင်တစ်ခုလုံး မီးခိုးမြူများနှင့် ဖုံးလွှမ်းသွားလေသည်။
ကိုးထပ်မျှော်စင်ကို ဖြိုချပြီးတာနဲ့ လုရွှမ်လှည့်၍ အဆင့်အနည်းငယ် မြင့်သည့် အခြားအဆောက်အအုံ ဆီသို့ ပြေးထွက်သွားခဲ့သည်။ အဆောက်အဦက အဆင့်မြင့်လေ အခြေခံကျလေ ဖြစ်သည်။
လျိုမိသားစုနှင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့က သူ့ရဲ့ အရိပ်လူသတ်ခန်းမကို မြေပြင်ပေါ်သို့ ဖြိုခွဲလိုက်သောကြောင့် သူ့ဖက်ကလည်း အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို မြေကြီးထဲ ရောက်တဲ့အထိ ဖြိုခွဲပစ်ရမည်။
ဝုန်း!
ဒီတစ်ကြိမ်မှာတော့ လုရွှမ်ရဲ့ လက်ဝါး တစ်ချက်တည်းနဲ့တင် အထပ်မြင့် အဆောက်အအုံက ပြိုကျသွားခဲ့သည်။ ထိုအဆောက်အအုံသည် ကိုးထပ်မျှော်စင် ကဲ့သို့ အရေးကြီးတဲ့ အရာမဟုတ်ချေ။
သူ့တွင်ရှိသော အားဖြည့် အခင်းအကျင်း အဆင့်သည် သဘာဝကျကျကို များစွာ နိမ့်ကျနေသည်။
"စိတ်ပျက်စရာပဲ!! မင်း သေချင်နေတာပဲ!"
အဂ္ဂိရတ်ပညာရှင်အဖွဲ့ရဲ့ ဥက္ကဌ ပြန်ပေါ်လာခဲ့သည်။ သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း မျိုးစုံကို ထားခဲ့ရာ အဆောက်အအုံ သည်းခြေအိတ်လေး ပြိုကျသွားတာကို ကြည့်ပြီး အလွန်အမင်း ဒေါသထွက်လာတော့သည်။
အဆောက်အအုံထဲတွင် ပေါက်ကွဲစေတတ်သော ဆေးလုံး သို့မဟုတ် မီးဖိုများ မရှိလို့ ပုံမှန်အားဖြင့် အားကောင်းတဲ့ အားဖြည့် အခင်းအကျင်းတွေ ထားဖို့ မလိုအပ်ပေ။ အခုတော့ ၎င်းဟာ လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်စီးခံလိုက်ရပြီ။
ဥက္ကဌကြီးမှာ နှလုံးသွေးတစ်လုတ်ပင် ထိုးအန်မိလေ၏။
အဂ္ဂိရတ်ဆေးနဲ့ ဆေးပင်တွေ ဒီအတိုင်း ဖျက်စီးခံလိုက်ရတာလား? ဒါ အဂ္ဂိရတ်ပညာရှင် တစ်ဖွဲ့လုံးရဲ့ အရင်းအမြစ်တွေ ပြုတ်လုနီးပါး ဖြစ်နေပြီကွ!
"သေလိုက်တော့!"
ဥက္ကဌ ထွက်လာတာကို မြင်တော့ လုရွှမ်က အေးစက်စွာ အော်ပြီး တည့်တည့် ပြေးဝင်သွားလေသည်။
သူပျံသန်းလာတာကို မြင်တော့ အဖြူရောင်ဝတ်ရုံနဲ့ ဥက္ကဌကြီးသည် ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူပြီး ခက်ခက်ခဲခဲ ဖိချလိုက်သည်။
ကျောက်စိမ်းပြား ကွဲအက်သွားကာ ရုတ်တရက် ထူးဆန်းသော စွမ်းအင် အတက်အကျများ ပျံ့နှံ့သွားခဲ့သည်။ လုရွှမ်လည်း မျက်မှောင်ကြုတ်သွား၏။
သူဟာ ဒီစွမ်းအင် အတက်အကျနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ အခင်းအကျင်းကို အသက်သွင်းလိုက်တာနဲ့ တခြားနေရာက လူတွေကို ရောက်လာအောင် ခေါ်ယူနိုင်တဲ့ ရှေးဟောင်းအခင်းအကျင်း ဖြစ်သည်။
ထိုအခိုက်တွင် ဥက္ကဌရဲ့ ပတ်ပတ်လည် နေရာဟာ ခဏတာ တုန်ခါသွားပြီး ပုံရိပ်လေးခုသည် ခပ်ဝါးဝါးကနေ တခဏချင်း ရှင်းလင်းသွားကာ ဆံပင်ဖြူဖြူနဲ့ အဘိုးကြီး လေးယောက် ပေါ်လာခဲ့သည်။
အံ့ဩစရာမှာ ၎င်းတို့အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလအထိ ရောက်ရှိနေကြခြင်းပင်။
"ခေါင်းဆောင်မာ...(ဥက္ကဌကြီး)"
"လောင်မာ"
"ဘာဖြစ်တာလဲ? ဘာလို့ ကျုပ်တို့ကို ဆင့်ခေါ်လိုက်တာလဲ?"
လူကြီးတွေက ပေါ်လာတာနဲ့ စတင်မေးမြန်းတော့သည်။
"အကြီးအကဲတို့ လေးယောက်... ဒီနေရာမှာ ကြီးကြီးမားမား ဖြစ်သွားပြီ ခင်ဗျားတို့ ကြည့်လိုက်!"
ခေါင်းဆောင်မာ သို့မဟုတ် ဥက္ကဌမာသည် နာကျင်စွာဖြင့် လက်ညှိုးထိုး ညွှန်ပြလိုက်သည်။ လက်ကိုဆန့်တန်းရာ အရာကို အဆင့်၉ ကျင့်ကြံသူ လေးဦးတို့ လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်နှာများ ချက်ချင်း ဆိုသလိုပင် ရုပ်ဆိုးသွားတော့သည်။
"ဘယ်သူလဲ?"
"ဘယ်သူလဲ! အဂ္ဂိရတ်ဆရာ အသင်းကို ပြဿနာ ရှာရဲတယ်ပေါ့ ဟုတ်လား!"
"သေရမယ်!"
သူတို့သည် ဒီနေရာကို အမြဲပြောင်းရွှေ့ နေထိုင်နေကြတာ မဟုတ်သော်လည်း ငယ်စဉ်ကတည်းက အဂ္ဂိရတ်ပညာရှင် အဖွဲ့တွင် ကြီးပြင်းလာခဲ့ကြပြီး ဒီနေရာက အပင်နဲ့ သစ်ရွက်တိုင်းကို အလွန်ချစ်ခင်ကြသည်။
ကိုးထပ်မျှော်စင်နှင့် သိုလှောင်အဆောက်အအုံသည် သူတို့အတွက် အမှတ်တရကောင်း များစွာကို သိမ်းဆည်းထားခဲ့ဖူးသည်။ ဤအဆောက်အအုံ နှစ်ခုလုံး ပျက်စီးသွားသောအခါတွင် တုန်လှုပ် ခြောက်ခြားမှုနဲ့အတူ ဒေါသပါ ထွက်လာခဲ့ရသည်။
ပိုပြင်းထန်တဲ့ ဒေါသနဲ့ အသက်ကြီးသူ တစ်ယောက်က ခုန်ပြီး လုရွှမ်ကို ဝင်တိုက်တော့သည်။
"သတိထား!"
ခေါင်းဆောင်မာလည်း ကမန်းကတန်း သတိပေးလိုက်သည်။ တစ်ဖက်က လက်သီး တစ်ချက်တည်းဖြင့် အကာအကွယ် ဖွဲ့စည်းမှုကို ဖြတ်ကျော်နိုင်သူ တစ်ဦးဖြစ်၏။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူ ဖြစ်နေလည်း သတိထားရလိမ့်မည်။
"လာတာကောင်းတယ်!"
လုရွှမ် မျက်ခုံးတစ်ချက် ပင့်၍ လက်သီးချက်ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။
လက်သီးချက်သည် တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသော်လည်း တစ်ဖက်ရှိ အဆင့်၉ ပြီးပြည့်စုံသော ကာလက လူကတော့ တော်တော်လေး ခုခံအား ကောင်းနေတာကို တွေ့လိုက်ရသည်။
ဗုန်း!
ပေါက်ကွဲသံနှင့်အတူ လက်သီးနှစ်ခု တိုက်မိသွားစဥ် လုရွှမ်ပင် ခဏတာ အံ့သြသွားခဲ့သည်။ အဂ္ဂိရတ်ပညာ အသင်းကြီး၏ အဆင့်မြင့် အကြီးအကဲသည် လျိုမိသားစု၏ ဘိုးဘေးထက် များစွာပို၍ အားကောင်းနေ၏။
အဆင့်၉ နယ်ပယ်ကို ဖြတ်ကျော်ပြီး သူတော်စင် တစ်ပိုင်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှသည်။ ထို့ကြောင့် အဆင့်၉ ပြီးပြည့်စုံသော ကာလတွင် လေ့ကျင့်သူ အများအပြား ရှိသလိုပဲ တိုက်ခိုက်ရေး စွမ်းအားကလည်း အလွန်ကွဲပြားကြသည်။
လူတော်တော်များများက သူတို့မသေမချင်း သူတော်စင် တစ်ပိုင်း နယ်ပယ်ထဲကို ခြေမချနိုင်တဲ့အတွက် အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉တွင် ရပ်တန့်နေတတ်ပြီး တူညီတဲ့ နယ်ပယ်မှာတောင် တကယ့်တိုက်ပွဲရဲ့ ထိရောက်မှုဟာ ကွဲပြားတတ်သေး၏။
လျိုမိသားစု ဘိုးဘေးတောင် သူ့ရှေ့က အဂ္ဂိရတ်ပညာအသင်းရဲ့ ဒီအကြီးအကဲ တွေ့ဆုံပါက ထွက်ပြေးရန်မှတပါး ရွေးချယ်စရာ မရှိနိုင်ပေ။
သို့သော် လုရွှမ်သည် နဂါးနှလုံးသားအစစ်နှင့် ပေါင်းစပ်ပြီးနောက် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အလွန်တိုးတက်လာခဲ့သည်။ ပေါင်းစပ်ပြီးနောက် တတိယ နန်းတော်ပင်လယ်ပေါ်လာပြီး သူ၏နယ်ပယ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သို့ ရောက်ရှိသွားခဲ့ပြီ။
နှစ်ယောက်သား အချင်းချင်း ထိုးမိကြရာတွင် လုရွှမ် မလှုပ်မယှက်ပင်။ ထိုးနှက်မှုကြောင့် အထွဋ်အမြတ် အကြီးအကဲကြီးကသာ နောက်ပြန်ဆုတ်သွားကာ သူ့မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့၏။