ချိလော့တောင်
Vol. 35 Ch. 4.43
"အကြီးအကဲတို့ လေးယောက် အတူတူ တက်ရအောင်.... ဒီကလေးက အကာအကွယ် အခင်းအကျင်းကိုတောင် ဖြတ်ကျော်နိုင်တယ် ဆိုတော့ သူ့မှာ အထူးနည်းလမ်းတွေ ရှိရမယ်။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက သူတော်စင်တစ်ပိုင်းနဲ့ နီးကပ်နေပြီ"
ခေါင်းဆောင်မာ (ခေါ်) ဥက္ကဌကြီးက သတိပေးလေသည်။
လုရွှမ်သည် အဂ္ဂိရတ်ပညာရှင် အဖွဲ့၏ အကာအကွယ် အခင်းအကျင်းအား ဖြတ်ကျော်နိုင်ခဲ့တယ် ဆိုတဲ့အသံကို ကြားလိုက်တာနဲ့ အဆင့်မြင့် အကြီးအကဲ လေးယောက်သည် ချက်ချင်းပင် တည်ကြည်သွားကာ ရှေ့သို့ ခုန်တက်၍ လုရွှမ်ကို နေရာအနှံ့ ဝိုင်းထားလိုက်ကြသည်။
ဒါတင်မကသေးဘဲ လက်အိတ်တစ်ခုစီ ထုတ်ပြီး ဝတ်လိုက်ကြသေး၏။ လက်အိတ်လေးခု ပေါ်လာတဲ့အခါ လုရွှမ်လည်း ချက်ချင်း လေးနက်လာခဲ့သည်။
သေချာတာပေါ့။ သူတို့လေးယောက်က တစ်ချိန်တည်း ဝတ်ဆင်လိုက်တဲ့ လက်အိတ်လေးခုကြားမှာ မမြင်နိုင်တဲ့ စွမ်းအင်ခြေရာတွေ တစ်ခုနဲ့တစ်ခု ရောယှက်နေတယ်လေ။ လုရွှမ်နဲ့ အနီးဆုံး အကြီးအကဲရဲ့ လက်သီးတွေက တောက်ပနေပြီး သူ့ရဲ့ ခွန်အားတွေ အရမ်းတိုးလာသလိုပဲ။
လုရွှမ် မျက်ခုံးပင့်လိုက်သည်။ ဒါက လူလေးယောက်ရဲ့ အားကို လူတစ်ယောက်တည်းဆီ ရောက်အောင် စုစည်းထားလိုက်တာပဲ။
အကြီးအကဲ လေးဦး၏ လုပ်ရပ်ကိုမြင်တော့ အဂ္ဂိရတ်ပညာရှင်အဖွဲ့၏ ဥက္ကဋ္ဌက ရုတ်တရက် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
"အကြီးအကဲစစ်မာ ဘယ်မှာလဲ? အကာအကွယ် အခင်းအကျင်းကို ချက်ချင်းပြင်ဖို့ တစ်ယောက်ယောက်ကို ခေါ်လာခဲ့စမ်း!"
အဂ္ဂိရတ်ပညာရှင် အဖွဲ့သည် ဒေသန္တရ အာဏာရှင်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အမျိုးမျိုးသော အရင်းအမြစ်များ ပြတ်လပ်မှု မရှိခဲ့ပေ။
အဂ္ဂိရတ်ပညာရှင် အဖွဲ့မှ သန့်စင်ထားသော ဆေးလုံး အမျိုးအစား အားလုံးသည် ဒဏ်ရာများကို ကုသပေးနိုင်သည်။ နယ်ပယ်ကို ဖောက်ထွက်နိုင်ခြေကို တိုးလာစေကာ ဝိညာဉ်စွမ်းအင် ပြန်လည် ရရှိစေနိုင်သည့် ဆေးကဲ့သို့ ကျင့်ကြံသူများအတွက် နေ့စဉ်လိုအပ်သော အရာများလည်း ရှိသည်။
အထူးသဖြင့် နယ်ပယ် ထိုးဖောက် ဝင်ရောက်နိုင်ခြေကို တိုးမြင့်ပေးနိုင်သော ဆေးလုံးများသည် မရေမတွက်နိုင်သော ပညာရှင်များကို အဂ္ဂိရတ်ပညာရှင် အဖွဲ့တွင် အလုပ်လုပ်ကိုင်ရန် လုံးလုံးလျားလျား ဆွဲဆောင်ထားနိုင်သည်။
ထို့ကြောင့် အဂ္ဂိရတ်ပညာရှင် အဖွဲ့တွင် အဆင့်မြင့် အရည်အချင်း ရှိသူများ ပြတ်တောက်မှု မရှိပေ။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူလေးယောက်က သူ့ကို တစ်ချိန်တည်း ဝန်းရံထားပြီး စွမ်းအားများ တစ်ပြိုင်နက်တည်း လွှမ်းခြုံထားတာတောင် လုရွှမ်မှာ အနည်းငယ်မျှ မကြောက်ရွံ့ဘဲ သူ့လက်ကို မဆိုင်းမတွပင် ဝေ့ယမ်းလိုက်သည်။
ဗုန်း!
မြေပြင်ကိုပင် တုန်ရီသွားစေတဲ့ မိုးခြိမ်းသံကဲ့သို့ အသံနက်ကြီးဟာ လက်သီး နှစ်ဖက် ဆုံသောအခါ၌ ထွက်ပေါ်လာ၏။ စွမ်းအင်မုန်တိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့သည်။
မီတာဆယ်ဂဏန်း နက်သော မြေအောက်တွင်းကြီးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက် လုရွှမ် သူ့ပုံသဏ္ဌာန်ကို ရပ်တန့်လိုက်ပြီး စိတ်သက်သာရာ ရသွားသည်။ သူမျှော်လင့်ထားတဲ့အတိုင်း အဆင့်၉ ကျင့်ကြံသူလေးယောက်ရဲ့ ပေါင်းစပ်မှုကို မဖြတ်နိုင်ခဲ့ပေ။
သို့သော် ၎င်းတို့ လေးယောက်အတွက် သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ဖို့ကလည်း မဖြစ်နိုင်ပေ။
"ထပ်လာခဲ့!"
လုရွှမ် ကျယ်လောင်စွာ အော်လိုက်သည်။ ဤတစ်ကြိမ်တွင် ရှေ့သို့ ခြေလှမ်းလှမ်းပြီး နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။
သူဒဏ်ရာမရသွားဘူး။ အဆင့်၉ ကျင့်ကြံသူလေးယောက်ရဲ့ စွမ်းအားကိုလည်း မချိုးဖျက်နိုင်တဲ့အတွက် ဒီလူတွေကိုသုံးပြီး သူ့နယ်ပယ်ကို အရှိန်တင်ထားဖို့ပဲ လိုတော့တယ်။
ဗုန်း!
ဒီတစ်ခါတော့ လုရွှမ် ခြေလှမ်း တစ်ဒါဇင်လောက် နောက်ဆုတ်ပြီး ဆယ်မီတာကျော် အကွာအထိ ပျံသန်းသွားရသော်လည်း အရင်ကလောက် မဟုတ်တော့ချေ။
"ဟာဟား ပျော်စရာကြီးပါလား!"
ပြိုင်ဘက်၏ တိုက်ခိုက်မှုတွင် ဝိညာဉ်ကျောက်တုံးကို စားသုံးပြီး မြှင့်တင်လိုက်တဲ့ ခွန်အားက ပိုမိုတည်ငြိမ်လာတာကို ခံစားလိုက်ရသဖြင့် လုရွှမ် ကျယ်လောင်စွာ ရယ်မောကာ ထပ်မံ တိုးဝင်သွားပြန်သည်။
တတိယမြောက် လက်သီးချက်ဖြင့် ဆယ်မီတာအောက်အထိ ဆုတ်သွားရသည်။
လက်သီးတစ်ချက်ထက် တစ်ချက်က ပိုကောင်းပါ၏။ သုံးချက်ထိုးပြီးနောက် လုရွှမ်ရဲ့နယ်ပယ် ကျွမ်းကျင်မှု အရှိန်က ပိုတည်ငြိမ်တယ်။
၆ချက်မြောက် ထိုးချက်!
ဝုန်း!
လုရွှမ်သည် နေရာတွင် မလှုပ်မယှက် ရပ်နေပြီး ပြိုင်ဘက်၏ ပေါင်းစပ်တိုက်ခိုက်မှုက အားကောင်းသော်လည်း သူ့အပေါ် အနည်းငယ်မျှ သက်ရောက်မှု မရှိတော့ပေ။
သူ့မှာ သူတို့လေးယောက်ကို တွန်းလှန်နိုင်တဲ့ စွမ်းရည် ရှိနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ဒီစွမ်းအားကို အပြည့်အဝ လိုက်လျောညီထွေ ဖြစ်အောင် ယှဉ်ပြိုင်နိုင်သွားတာပင်။
"ပြန်ဆုတ်!"
တိုက်ခိုက်မှုကို တာဝန်ခံသော အကြီးအကဲကြီးသည် ဒီမြင်ကွင်းကို မြင်သောအခါ သူ့မျက်နှာက ရုပ်ဆိုးသွားပြီး အော်ပြောကာ လေးလေးနက်နက် မျက်နှာထားဖြင့် ချက်ချင်း နောက်ပြန်ဆုတ်လိုက်သည်။
ခဏလေး အတွင်းမှာပဲ သူ့ရှေ့က လူငယ်က သူတို့နဲ့ တန်းတူဖြစ်နေပြီ။
"ဓားဖွဲ့စည်းမှု!"
အဘိုးအိုက အသံတစ်ခု ထုတ်လွှတ်၍ လက်ကိုဆန့်ကာ လက်အိတ်ကို ဝေ့ယမ်းလိုက်တဲ့အခါ လက်အိတ်သည် ဓားရှည်တစ်လက်အဖြစ် ချက်ချင်းပြောင်းသွားကာ ၎င်းတို့လေးယောက်သည် ဓားရှည်ကြီးကို ဝှေ့ယမ်းကာ လုရွှမ်ဆီသို့ ပြေးဝင်လာကြသည်။
"ငါ့ကို ဓားနဲ့ ကစားမယ်ပေါ့?"
လုရွှမ် သူ့ပါးစပ်ထောင့်ကို ခပ်မိုက်မိုက်လေး ပင့်တင်လိုက်သည်။
အရင်ဘဝတုန်းက အရူးဧကရာဇ် ဆိုတာ သူ့ဓားနဲ့ ကမ္ဘာကိုတောင် တိုက်ခိုက်ခဲ့တာလေ။ နတ်ဆိုးဧကရာဇ် ချုံလူကိုတောင် သူ့ဓားနဲ့ သတ်ပစ်ခဲ့ပါတာ။ ဓားနဲ့ ကစားတယ်လို့ ပြောရရင် သူက ဘိုးဘေးပဲ။
လက်ကောက်ဝတ်ကို လှန်လိုက်တာနဲ့ ဝိညာဉ်နယ်ပယ် ပြီးပြည့်စုံတဲ့ကာလရှိ ဓားတစ်ချောင်းလည်း သူ့လက်ထဲတွင် ပေါ်လာပြီး အလင်း တစ်ချက်ဖြင့် ပွတ်ဆွဲလိုက်ရာ ဓားတစ်စင်း၏ အလင်းတန်းက တည့်တည့် ထိုးဖောက်သွားလေသည်။
"ဘာ?"
သူ့ဓား၏ လေကဲ့သို့ စူးစူးရှရှ ရည်ရွယ်ချက်ကို မြင်သောအခါ အကြီးအကဲ လေးဦး၏ သူအိမ်ငယ်များ ကျဥ်းမြောင်းသွားတော့သည်။ ကျွမ်းကျင်သူတွေ အနေနဲ့ ဓားတစ်ချက် လှုပ်ရှားလိုက်တာနဲ့ ဓားရည်ရွယ်ချက်ကို မြင်ပြီးသားပင်။
လူငယ်လေး လှုပ်ရှားလိုက်တဲ့ ဓားချက်က သူတို့လုံးဝ အနိုင်မယူနိုင်ကြောင်း သိလိုက်ရပြီ။ ဒီလိုဓားသမား မြို့ထောင်ချီမဟာမိတ်မှာ ဘယ်အချိန်တုန်းက ပေါ်လာခဲ့တာလဲ။
အဂ္ဂိရတ်ပညာရှင် အဖွဲ့က သူ့အပေါ် ဘယ်လိုလုပ် ရန်ငြိုးဖွဲ့မိခဲ့တာလဲ?
အကြီးအကဲ လေးယောက်လုံး တစ်ပြိုင်တည်း စိတ်ဓာတ်ကျလာကြတော့သည်။
ထန်း ထန်း!
တုန်လှုပ် ခြောက်ခြားစွာဖြင့် သူတို့လက်များက လုံးဝမရပ်တော့ဘဲ အတူတကွ ဖွဲ့စည်းထားသော ဓားပညာသည် သူတို့ရှေ့ရှိ နေရာကို ပိတ်ဆို့ကာ လုရွှမ်၏ ရှည်လျားသော ဓားရှည်၏ စွမ်းအင်နှင့် ထိမိသွားကာ သာယာသော အသံများ ထွက်လာသည်။
"သူတို့ရဲ့ ကာကွယ်မှုက မဆိုးဘူး.."
ဓားရှည်သည် ဆက်လက် တိုက်ခိုက်နေသည်။ လုရွှမ်ရဲ့ ဓားပညာက ထက်မြက်သော်လည်း သူ၏လက်ရှိ ကျင့်ကြံမှုအဆင့်က ကန့်သတ်ထားတာကြောင့် သူ့ယခင်ဘဝက ဂုဏ်အသရေကို မပြသနိုင်ကြောင်း တွေ့ရှိခဲ့သည်။
အဂ္ဂိရတ်ပညာရှင် အဖွဲ့က အကြီးအကဲ လေးယောက်ကတော့ သူတို့ရဲ့ ဓားရေးစွမ်းရည်က သိပ်မကောင်းပေမယ့် ပေါင်းစပ် ဖွဲ့စည်းပုံတွေနဲ့ ပေါင်းစပ်ပြီး ခုခံကာကွယ် ထားနိုင်ကြသည်။
သူတို့ရဲ့ လက်ရှိအင်အားနဲ့ ဖြတ်ကျော်ချင်တယ် ဆိုရင်တော့ ပြိုင်ဘက်ရဲ့ ကြံ့ခိုင်မှုကို ကုန်ဆုံးစေဖို့ တစ်နာရီ သို့မဟုတ် နှစ်နာရီအထိတောင် မအောင်မြင်နိုင်မှာ စိုးရိမ်ရသည်။
"အချိန်ဖြုန်းလို့ မဖြစ်ဘူး... မော့ကောင်းရွှမ်းနဲ့ တခြားသူတွေကို လျိုမိသားစုက လိုက်ရှာနေတယ်... အခု ဘယ်လိုနေလဲ မသိဘူး..."
လုရွှမ် မျက်မှောင်ကြုတ်သွားသည်။
သူ့တွင် ကြီးမားသော နန်းတော်ပင်လယ် သုံးခုရှိပြီး သူ၏ ဝိညာဥ်စွမ်းအင်သည် အဆုံးမရှိပေ။သူ အမှန်တကယ် တိုက်ခိုက်လိုပါက အချိန်ကုန်လိမ့်မည်။ ရန်သူကို အနိုင်မယူမီ အချိန်အနည်းငယ်သာ လိုသော်လည်း အချိန်ဖြုန်းနေရန် မတတ်နိုင်သေးချေ။
အခု မော့ကောင်းရွှမ်းနဲ့ တခြားသူတွေကို လျိုမိသားစုမှ လိုက်လံဖမ်းဆီးနေသည်။ သူတို့ သေလားရှင်လားလည်း မသိရသေးချေ။ သူတို့နဲ့ဆက်ပြီး တိုက်ပွဲဝင်နေရင် သူ့လူတွေပါ ပျောက်ကွယ်သွားမှာ ကြောက်ရသေးသည်။
ဒါ့အပြင် တစ်ဖက်လူက အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ အခင်းအကျင်းကို ပြုပြင်နေပြီ။ အခင်းအကျင်းကြီး ပြန်ပြင်ပြီးသွားရင် ဒီလူကြီးလေးယောက်နဲ့ ပြိုင်တိုက်ဖို့ ပို၍ပင် ခက်ခဲလာမည် ဖြစ်သည်။
"စိတ်မကောင်းပါဘူး ငါလုပ်စရာ ရှိသေးလို့ နောက်နေ့မှ လာလေ့လာတော့မယ်!"
ဓားအလင်း၂ချက် ဆက်တိုက် ထိုးကျလာပြီး ပြင်းထန်သော အင်အားက လူလေးဦး၏ တိုက်ခိုက်မှုကို ဖုံးကွယ်သွားခဲ့သည်။ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးကာ သူ့ခန္ဓာကိုယ်ပေါ်က ဖီးနစ်၏အတောင်များ ဖြန့်ကာ တည့်တည့်ထွက်ပြေးသွားခဲ့သည်။
"ဘယ်ကို ရှောင်ပြေးမလို့လဲ..."
သူထွက်သွားတော့မှာကို မြင်လိုက်ရတော့ အကြီးအကဲ လေးယောက်က သူ့နောက်ကို အလျင်အမြန် လိုက်ဖို့ ပြင်ကြသည်။ ကံမကောင်းစွာနဲ့ လူငယ်လေးသည် သူ့အတောင်ပံများကို အလင်းစီးကြောင်း တစ်ခုလို လင်းထိန်သွားကာ မျက်စိမှိတ် အတွင်း ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
အဆင့်၇ နယ်ပယ်နဲ့ အံဝင်ခွင်ကျ ဖြစ်သွားသော ရုပ်ခန္ဓာနှင့် ပေါင်းစပ်၍ လုရွှမ်၏ ဖီးနစ်အတောင်ပံများကို အသုံးပြုခြင်း အပေါ် အရှိန်သည် ယခုအခါ ပိုမိုမြန်ဆန်လာခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလရှိ ကျင်ကြံသူတို့သည် အထူးလှုပ်ရှားမှု နည်းလမ်းကို မလေ့ကျင့်ဘဲ သို့မဟုတ် ပျံသန်းနိုင်သော မှော်လက်နက် တစ်ခုခု မရှိပါက ဤအမြန်နှုန်းကို လုံးဝ လိုက်မမီနိုင်ပေ။
မြို့ထောင်ချီ မဟာမိတ်၏ အထက်ကောင်းကင်တွင် ပျံသန်းရင်း အဂ္ဂိရတ်ပညာရှင် အဖွဲ့က ဘယ်သူမှ သူ့နောက်ကို မလိုက်နိုင်သည်ကို မြင်လိုက်ရတော့မှ လုရွှမ် ဆင်းသက်ကာ ယွမ်စံအိမ်ကြီး ရှိရာသို့ ဦးတည်လာခဲ့သည်။
အစောင့်အကြပ်က သူ့ကိုတွေ့တော့ လေးလေးနက်နက် နှုတ်ဆက်ပြီး ဝင်ခွင့်ပြုလိုက်၏။ မကြာခင်မှာပဲ ယန်လိထန်းက သူ့ကို နှုတ်ဆက်ဖို့ ရောက်လာခဲ့သည်။
"အစ်ကိုလု... မင်းဘာလို့ ဒီလောက်မြန်မြန်နဲ့ ပြန်လာတာလဲ"
လုရွှမ် ပေါ်လာတာကို မြင်တော့ ယန်လိထန်းလည်း အနည်းငယ် ထူးဆန်းသွားသလို ခံစားလိုက်ရ၏။
"ငါ အခုလေးတင် အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို သွားခဲ့တယ်... သူတို့မှာ သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉က မကောင်းဆိုးဝါး လေးကောင်ရှိမယ်လို့ မမျှော်လင့်ထားဘူး....အဲဒီ လူလေးယောက်ရဲ့ ပေါင်းစပ် ဓားဖွဲ့စည်းပုံက အားမသေးဘူး!"
လုရွှမ်က ဆို၏။
"အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ဒဏ္ဍာရီထဲက အကြီးအကဲကြီး လေးယောက်!"
ယန်လိထန်းက လုံးဝကို မယုံကြည်တဲ့ အကြည့်နဲ့ ပြန်ကြည့်လာခဲ့သည်။
"သူတို့ရဲ့ဇာစ်မြစ်ကို သိလား?"
လုရွှမ် တစ်ချက် မေးကြည့်လိုက်သည်။
"အဂ္ဂိရတ်ဆရာ အသင်းက အဆင့်မြင့် အကြီးအကဲလေးယောက်က မြို့ထောင်ချီမဟာမိတ်က အဖွဲ့ကို ကာကွယ်ဖို့ သူတော်စင်တစ်ပိုင်းကို ထိုးဖောက်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ကြတယ်လို့ ပြောကြတယ်... သူတို့ရဲ့ လက်ကျန်ဘဝကို အဖွဲ့ကို ကာကွယ်သွားကြမှာတဲ့လေ... မြို့ထောင်ချီမဟာမိတ်မှာ သူတို့ နောက်ဆုံးအကြိမ် ပေါ်လာခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၁၈၀ လောက်က ဖြစ်မယ်"
ယန်လိထန်းက ရှင်းပြလေ၏။
"သူတော်စင်တစ်ပိုင်း ဝင်ရောက်ခွင့်ကို ဖြတ်တောက်ခဲ့ပြီး အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလဆိုပေမယ့် သူတော်စင်တစ်ပိုင်းနဲ့ အနီးဆုံး ဖြစ်နေပြီ.... သူတို့ရဲ့ တိုက်ခိုက်မှုက သူတော်စင်တစ်ပိုင်းကို လုံးဝ ဖမ်းချုပ်ထားနိုင်တယ်လို့ ပြောကြတယ်"
ယန်လိထန်းက ဆက်လက် ရှင်းပြသည်။
"လတ်စသတ်တော့ အဲ့လိုကိုး!"
လုရွှမ် ခေါင်းညိတ်ပြပြီး သူ့ရှေ့က စံအိမ်သခင်ကို ကြည့်လိုက်သည်။
"စကားမစပ် အစ်ကိုယန်... တစ်ခုမေးပါရစေ မော့ကောင်းရွှမ်းနဲ့ တခြားသူတွေကို လိုက်ဖမ်းနေတဲ့ လူတစ်စု အခု ဘယ်ရောက်နေလဲ သိလား?"
လျိုမိသားစုရဲ့ ကျွန်စစ်တပ်က ပြန်မလာသေးတဲ့အတွက် မော့ကောင်းရွှမ်း နဲ့ တခြားသူတွေကို ရှာဖွေနေဆဲ ဖြစ်ကြောင်း သက်သေပြနေတာမို့ အခုအချိန်မှာ သူတို့ အဆင်ပြေနေလောက်သေးသည်။
“ကျွန်တော်လည်း သိပ်မသေချာဘူး။”
ယန်လိထန်းဟာ မော့ကောင်းရွှမ် ဘယ်ကို သွားတယ်ဆိုတာ သေချာပေါက် သိနိုင်စရာ မရှိပါဘူး။
"ဒါပေမဲ့ လျိုမိသားစုရဲ့ စစ်တပ်က ဘယ်မှာလဲဆိုတာတော့ သိတယ်"
"ဘယ်မှာလဲ?"
လျိုမိသားစု၏ ကျွန်စစ်တပ်သည် မော့ကောင်းရွှမ်း နှင့် အခြားသူများကို ရှာဖွေနေဆဲ ဖြစ်သောကြောင့် ၎င်းတို့သည် ထိုနေရာ အနီးတွင် ရှိနေရမည် ဖြစ်သည်။
"အနောက်ဖက်ကို တည့်တည့် သွားပါ... လျိုမိသားစုရဲ့ ကျွန်စစ်တပ်က ချိလော့တောင်ထဲ ဝင်သွားပြီလို့ ကြားတယ်... အစ်ကိုလုရဲ့ သူငယ်ချင်းတွေကိုလည်း အဲဒီမှာ ရှာတွေ့နိုင်လောက်တယ်"
ယန်လိထန်းက ပြော၏။
"ကောင်းပြီ... ကျေးဇူးတင်ပါတယ် အစ်ကိုယန်... သူတို့ကို ရှာတွေ့ရင် ကျေးဇူးဆပ်ဖို့ ပြန်လာခဲ့ပါ့မယ်!"
ဒီသတင်းကို ကြားတော့ လုရွှမ် ချက်ချင်း လှည့်ထွက်လာခဲ့၏။ ယန်လိထန်းက သူ့ကို မတားပါဘူး။ သူပြောနိုင်တာက သူ့ရှေ့က ကောင်လေးနဲ့ တကယ်ခင်မင်ချင်ပေမယ့် သူ့ရာထူးက ခွင့်မပြုထားဘူးလေ။
မြို့ပေါင်းတစ်ထောင်ရှိ မဟာမိတ် အဖွဲ့တွင် အကောင်းဆုံး စွမ်းအား အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ယန်လိထန်းသည် ဤကာလအတွင်း ကြားနေနေရမည် ဖြစ်ပြီး မည်သည့်ဘက်ကိုမှ မျက်နှာသာပေးလို့ မရပေ။
လုရွှမ်ကို ယွမ်စံအိမ် တံခါးဝကနေ ဝင်လာခိုင်းပြီး လျိုမိသားစုရဲ့ ကျွန်စစ်တပ် ဘယ်မှာရှိတယ် ဆိုတာကို ပြောလိုက်တာကတင် လျိုမိသားစုနဲ့ အဂ္ဂိရတ်ပညာရှင် အဖွဲ့ကို သူအပြစ်ပြုမိသွားပြီလေ။
လုရွှမ်သည် ယွမ်စံအိမ်ကြီး တံခါးဝမှ ထွက်ခွာပြီးနောက် ဖီးနစ်၏ အတောင်ပံများကို ထပ်မံဖြန့်ကာ ကောင်းကင်ပေါ်သို့ ချက်ချင်း ခုန်တက်၍ အနောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။