နိုးထခြင်း
Vol. 008 Ch. 726
လက်ထပ်ပွဲကား မြန်ဆန်စွာပင် နီးကပ်လာခဲ့ကာ လက်ထပ်ပွဲကျင်းပရန် တစ်ရက်အလိုကို ရောက်လာခဲ့ပြီ ဖြစ်သည်။ စာအုပ်တောင်ကား တစ်ခါမှ မကြုံစဖူး ထူးကဲစွာ စည်ကား သိုက်မြိုက်နေခဲ့သည်။ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ လောင်လင်းအာ၊ ကုယွန်ချီ၊မူကျိချူနှင့် တခြားလူများကလည်း လာရောက်ကြသည်။ သူတို့က နတ်ဗိမာန် အိမ်တော်တွင် ရီဖူရှင်း၏ လက်ထောက်လုပ်ခဲ့သော စိန့်ယွီကိုပင် ခေါ်ဆောင် လာခဲ့ကြသည်။ ထို့အပြင် ကြယ်မင်းကျောင်းမှ ဝမ်ယွီယိုနှင့် ဝမ်မိသားစုတို့ကလည်း လာရောက်ကြသည်။ ဝမ်မိသားစုအတွက် တစ်ချိန်တစ်ခါက တိုက်ခိုက်ပေးခဲ့သူကား ယခု တော်ဝင်ကျဲနန်းတော်၏ ခေါင်းဆောင်ပင် ဖြစ်နေလေပြီ။ အရာအားလုံးက အိပ်မက်ဆန်လွန်း လှသည်။
“အစ်ကိုဖူရှင်း… သတို့သမီးအရံ မလိုဘူးလားဟင်…” လောင်လင်းအာက ချစ်စဖွယ်မေးသည်။
ရီဖူရှင်းက သူမ၏ခေါင်းကို အသာပုတ်ကာ ပြောသည်.. “မင်းခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲ…”
“ဖူရှင်း…” အသံတစ်သံကို ကြားကြရသည်။ အားလုံး၏ မျက်လုံးများက အသံလာရာကို ကြည့်သည်တွင် သူ၏ဆရာ ထောင်ကျန်းက ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ခြံရံလျက် လှမ်းလာသည်ကို မြင်ရသည်။
“ဆရာ…” ရီဖူရှင်းက ရှေ့ကို တက်သွားကာ နှုတ်ဆက်သည်… “အကြီးအကဲများ…”
“ရီဖူရှင်း… လက်ထပ်ပွဲက မင်းတစ်ယောက်တည်း ကိစ္စမဟုတ်ဘူး ... ထောင်ကျန်းက မင်းနဲ့ ယူချင်းတို့ရဲ့ဆရာပဲ… ဓားမိစ္ဆာက ဝူချင်းရဲ့ဆရာ ဖြစ်ပြီးတော့ ငါက ဟွာဂျီယူရဲ့ ဆရာပဲ… ငါတို့က အသိသက်သေအဖြစ် ဆောင်ရွက်တာကို မင်း မကန့်ကွက်ဘူးမလား…” ထို့ကျန်းက အရွှန်းဖောက်ကာ ပြောသည်။
“ဒါ အရမ်းကောင်းတယ်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြုံးလျက် ပြောသည်… “ဆရာတွေ အကုန်လုံးက အသိသက်သေအဖြစ် ဆောင်ရွက်ရမယ်…”
သူတို့က ခေါင်းညိတ်ရင်းဖြင့် ထောင်ကျန်းက မေးသည်… “ဂျီယူအခြေအနေ ဘယ်လိုလဲ…”
“ဂျီယူက အခုထိ သတိမရသေးဘူး…” ရီဖူရှင်းက တီးတိုးပြောသည်။
“သိပ်မစိုးရိမ်နဲ့… ဖီးနစ်ပြောသလိုဆိုရင် သူမက မကြာခင် သတိရလာလိမ့်မယ်…” ထို့ကျန်းကလည်း သူ့အား နှစ်သိမ့်ပေးသည်။
“မင်း မဆုံးဖြတ်ရသေးဘူးလား..” ဓားမိစ္ဆာက မေးသည်… “မြေရိုင်းပြည်နယ် တစ်ခုလုံးက မင်းအဖြေကို စောင့်နေကြတယ်...”
“ဂျီယူနိုးလာတဲ့အထိ ကျွန်တော် စောင့်ချင်တယ်…” ရီဖူရှင်းက ပြန်ဖြေသည်။
“ကောင်းပြီ… အမြန်မလိုဘူး…” ဓားမိစ္ဆာက ခေါင်းညိတ်လျက် ပြောသည်။
“တခြားကိစ္စတွေ သွားလုပ်ဦး… ဒီနေ့ ဧည့်သည်တွေ အတော်များများ ရောက်လာကြမယ် ထင်တယ်…” ဓားမိစ္ဆာက ပြုံးလျက် ပြောသည်။
“လို့လန်… ဆရာနဲ့ နန်းတော်အကြီးအကဲတွေကို နေရာထိုင်ခင်း စီစဉ်ပေးလိုက်ပါဦး…” ရီဖူရှင်းက ပြောသည်။
“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်။
ရီဖူရှင်းက ထိုနေရာမှ ထွက်ခွာသွားကာ ဟွာဖန်းလူရှိနေရာ ခြံဝင်းသို့ ရောက်လာ၏။ ထိုနေရာတွင်ကား နန်ဒူဝမ်ရှမ်း။ ယန်ယီနိုင်ငံ ဧကရာဇ်နှင့် ရီလင်းဇီတို့ ရှိနေကြသည်။ ယိချင်ကလည်း ထိုနေရာတွင်ရှိနေကာ ယိချိန်ချန်နှင့် ယူချင်းတို့အား ဩဝါဒပေးနေသည်။
ရီဝူချင်း၏ မိဘများလည်း ထိုနေရာတွင်ရှိကော အလွန်အမင်း စိတ်ကျေနပ်နေကြဟန် ရသည်။ သူတို့၏သားကို မတွေ့ရသည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီဖြစ်ကာ ယခုမှ တစ်ခါ ပြန်တွေ့ရခြင်းဖြစ်ပြီး သူတို့၏သားကလည်း နောက်တစ်နေ့တွင် လက်ထပ်တော့မည် ဖြစ်သည်။
နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာခြင်းက ရီဖူရှင်းကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ သူမကား အလွန် ချောမောလှပသည်။ သူမက ရီဖူရှင်းကို ကြည့်ကာ မေးသည်… “ဘာလဲ… နင်ငါ့ကို မသိတော့ဘူးလား…”
“ယန်ယီနိုင်ငံရဲ့ နံပါတ် ၁ မိန်းမလှကို မသိဘဲ နေပါ့မလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ရီဖူရှင်း… နင်က ခွေးပဲ… အခု အောင်မြင်သွားတော့ မိတ်ဆွေဟောင်းတွေကို မေ့နေပြီပေါ့ ဟုတ်လား… လက်ထပ်ပွဲကိုတောင် ငါ့ကို မဖိတ်ဘူး…” လင်းယွီယိုက ပြောသည်… “လက်ထပ်ပွဲကို လာဖျက်တယ်ဆိုပြီး ငါ့ကိုတော့ မနှင်ထုတ်ဘူးမလား…”
“ဘယ်လုပ်ရဲပါ့မလဲ… တစ်ယောက်တည်းလား…” ရီဖူရှင်းက မသက်မသာ ခေါင်းယမ်းကာ ပြောသည်။ သူက ဧည့်သည်မျာအား ဖိတ်ကြားရန် အမှန်ပင် စိတ်ကူးမရှိခဲ့ပေ။ သို့သော်လည်း သူ့မိတ်ဆွေများ အားလုံး လာရောက်ခြင်းက သူ့အား ဝမ်းသာ ပျော်ရွှင်မှုကို ခံစားရစေသည်။ ဂျီယူသာ သတိရလာပါက ပိုမို၍ ကောင်းမွန်ပေမည်။
“နင် ဘယ်လိုထင်လဲ…” လင်းယွီယိုက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ပြောသည်… “ငါက ငါ့ကောင်လေးကို ခေါ်လာရမှာလား... ဒါပေမဲ့ နင့်လို မချောရင် ငါမျက်နှာ ပျက်နေရဦးမယ်…”
“မင်းပြောတာ မှန်တယ်…” ရီဖူရှင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်… “ငါက ခြွင်းချက် မရှိတဲ့လူဆိုတော့ မင်းခေါ်လာတဲ့ ကောင်လေးကလည်း ငါ့ကို ယှဉ်ဖို့ အခွင့်အရေး မရှိလောက်ဘူး…”
“…” လင်းယွီ ပြောစရာ စကားမဲ့သွားသည်။
“ကိုယ့်အိမ်လို သဘောထားပါ… ငါ ဂျီယူကို သွားကြည့်လိုက်ဦးမယ်…” ရီဖူရှင်းက ပြုံးလျက်ပြောကာ ထွက်လာသည်။ လင်းယွီယိုက သူ့အား ဒေါသတကြီး ကြည့်ပြီးမှ ဧကရာဇ်ရီကို မေးသည်… “အရှင်မင်းကြီး… ရီဖူရှင်းရဲ့ တန်ခိုးအဆင့်က ဘယ်လောက်အထိ ရောက်နေပြီလဲ…”
“ငါမသိဘူး…” ဧကရာဇ်ရီက ပခုံးတွန့်သည်။
ရီဖူရှင်းက ဟွာဂျီယူ၏ အခန်းထဲကို ရောက်လာသည်။ နန်ဒူဝမ်ယန်ကား ထိုနေရာတွင် ရှိနေသည်။
“ဆရာကတော်… ကျွန်တော့်ကို ခွင့်ပြုပါဦး…” ရီဖူရှင်း တီးတိုးပြောသည်။
“ကောင်းပြီ…” နန်ဒူဝမ်ယန်က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ ရီဖူရှင်းက ဘေးတွင် ထိုင်ကာ ဟွာဂျီယူ၏လက်ကို ဆွဲကိုင်လိုက်သည်။ အပြင်ဘက်တွင် စည်ကား သိုက်မြိုက် နေသော်လည်း အခန်းထဲတွင်ကား တိတ်ဆိတ်ပေသည်။
“ဂျီယူ… ငါတို့ မနက်ဖြန် လက်ထပ်ကြတော့မယ် … မင်းက ငါ့ကို ပွေ့ခေါ် သွားစေချင်လို့လား…” ရီဖူရှင်းက တီးတိုးပြောသည်။
“မင်းက အိပ်နေတာ တော်တော်ကြာပြီ… ငါတို့ မနက်ဖြန် လက်ထပ်ကြတော့မယ်… နောက်ပိုင်း မင်း အိပ်ချင်တယ်ဆိုရင် ငါမင်းနဲ့အတူ နေ့တိုင်း အိပ်ပေးမယ်လေ…”
ဟွာဂျီယူကား အိပ်ရာထဲတွင် လဲလျောင်းနေဆဲ ဖြစ်သော်လည်း သူမ၏မျက်တောင်များက အနည်းငယ် လှုပ်ခတ်လာသည်။
ရီဖူရှင်းက သူမ၏လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက်ပြောသည်… “အကယ်လို့ မနက်ဖြန် မင်းမနိုးလာခဲ့ရင် ငါ့ကို အနိုင်စားတယ် မပြောနဲ့နော်…”
ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ဆယ်နှစ်တောင် ကျော်လာခဲ့ပြီ… အချိန်ကုန်တာ မြန်လိုက်တာ… မနက်ဖြန် မင်းက ငါ့မိန်းမ ဖြစ်တော့မယ်… ငါမင်းကို ညှာမှာ မဟုတ်ဘူးနော်…”
“နင် လုပ်ရဲလား…”
တိုးညင်းသော အသံတစ်သံကို ကြားရသည်။ ရီဖူရှင်း စိတ်လှုပ်ရှား သွားသည်။ သူက ခေါင်းမော့ကာ ဟွာဂျီယူ၏ မျက်လုံးများကို ကြည့်သည်။ သူမ၏မျက်လုံးများက ပွင့်နေပြီဖြစ်ကာ မျက်လုံးထောင့်စွန်းတွင် မျက်ရည်စ အနည်းငယ်ကိုလည်း မြင်ရသည်။ သို့သော်လည်း သူမကား အလွန်လှပစွာ ပြုံးနေ၏။
ရီဖူရှင်းကလည်း ပြုံးလိုက်သည်။ သူက ဟွာဂျီယူ၏ လက်ကို နမ်းရှုပ်ကာ ညင်သာစွာ ပြောသည်… “လုပ်ရမလား မလုပ်ရဲလား ကြည့်ကြမယ်လေ…”
ရီဖူရှင်း၏ လက်ထပ်ပွဲနေ့က နောက်ဆုံးတွင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ယနေ့တွင် စာအုပ်တောင်၏ လှေကားထစ်များက လူများဖြင့် ပြည့်နှက်နေသည်။ အရှေ့မြေရိုင်း ဒေသတစ်ခုလုံးမှ လူများအားလုံး လက်ထပ်ပွဲကို တက်ရောက် လာသလားဟုပင် ထင်မှတ်ရသည်။ ဓားသခင်ကလည်း လက်ထပ်ပွဲ တက်ရောက်သူများအား တားဆီးခြင်း မရှိသည့်အပြင် အားလုံးကို ကောင်းမွန်စွာ ကြိုဆိုဧည့်ခံပေသည်။
ယနေ့ လက်ထပ်ပွဲကား ရီဖူရှင်းနှင့် ဟွာဂျီယူ၊ ယူချင်းနှင့် ယိချိန်ချန်၊ ရီဝူချင်းနှင့် လျိုချန်းယွီတို့၏ လက်ထပ်ပွဲ ဖြစ်သည်။
“ချင်ပြည်ထောင်က အရှေ့မြေရိုင်းဒေသကို အုပ်စိုးဖို့ ကြိုးစားတုန်းက အခြေအနေတွေကို ပြန်တွေးကြည့်မိတယ်… အိမ်ရှေ့စံဘွဲ့တော်ကို အပ်နှင်း… ကော့တေးကို တန်ခိုးရှင်တွေ စေလွှတ်ပြီး တိုက်ခိုက်ချိန် ရီဖူရှင်းက ဘယ်လို လှုပ်ခတ်အောင် လုပ်ခဲ့တာတွေ… ကော့တေးတပည့်တွေ ဖြစ်တဲ့ ဂူတုံးလျိုနဲ့ ကျူးကော့မင်းယွီတို့က ဘယ်လို သူတို့ရဲ့ စွမ်းရည်တွေကို ပြခဲ့တာတွေ… နောက်ဆုံး ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်က သမိုင်းတွေထဲ ဝင်ရောက် ပျောက်ကွယ် သွားကြတာပဲ… အခု ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့ကလည်း ဓားသခင်လိုပဲ ရှီအဆင့်ကို ရောက်နေကြပြီ… ရီဖူရှင်းကလည်း လက်ထပ်တော့မယ်… အားလုံးက အိပ်မက်လိုပဲ…”
“အသစ်က အဟောင်းကို အစားထိုးမှာပဲ… အရင်တုန်းကတော့ နိုဘယ်တွေက တကယ့်ကို အဆင့်အတန်းမြင့်တယ်… ဒါပေမဲ့ အခု ရီဝူချင်း ပြန်လာခဲ့အချိန်မှာ လျိုနိုင်ငံက ပထမတန်းစား နိုဘယ်တွေကို ဓားတစ်ချက်တည်းနဲ့ ဖြတ်တောက်ခဲ့တာတွေ ပြန်တွေးကြည့်ရင် ဒါက ဘာကို ဆိုလိုတာလဲ… ဒီသတို့သားတွေက ရှီအဆင့်နီးပါး ရောက်နေကြပြီ ဆိုတာ သေချာတယ်…”
“အမှန်ပဲ…” အသစ်က အဟောင်းကို အစားထိုးကြမည် ဖြစ်သည်။ ယခု ဒဏ္ဍာရီတစ်ခုက သမိုင်းတစ်ခုကို စတင်ရေးထွင်းနေပြီ ဖြစ်သည်… “သူတို့က မကြာခင်မှာလည်း မြေရိုင်းပြည်နယ်မှာ နေရာတစ်နေရာ အခိုင်အမာ ရလာတော့မယ်လို့ ယူဆရတာပဲ…”
တောင်ပေါ်တွင် သတို့သား သုံးယောက်နှင့် ပတ်သက်သော စကားဝိုင်းက နေရာတိုင်းတွင် ရှိသည်။ ဧည့်သည်များအား လစန္ဒာတောင်ကုန်းမှ မိန်းကလေးများက ဧည့်ခံကြရာ အရာခပ်သိမ်းက ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးများ ဖြစ်နေကြသည်။
တောင်ပေါ်ရှိ လက်ထပ်ပွဲ အခမ်းအနားတွင် ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့၏ မိသားစုဝင်များ၊ ဆရာများနှင့် စီနီယာများ အားလုံးက စုဖွဲ့ကာ ထိုင်နေကြသည်။
ဟွာဖန်းလူ၏ မျက်နှာက ပြုံးရွှင်နေသည်။ မည်သို့ဆိုစေ သည်နေ့ကား သူ့အတွက် ဆယ်စုနှစ် တစ်ခုအတွင်း အပျော်ဆုံးနေ့လည်း ဖြစ်သည်။ သူကား နန်ဒူဝမ်ယန်နှင့် ချစ်ခင် စုံမက်ခဲ့ကြသော်လည်း အတင်း ခွဲခွာခံခဲ့ရသည်။ သူက ချင်းကျူမြို့ဒွန်ဟိုင် ကျောင်းတော်၌ တစ်ယောက်တည်း နေခဲ့ရမှ သူတပည့်အဖြစ် လက်ခံခဲ့သော တစ်စုံတစ်ယောက်က သူ့ဘဝအား ပြောင်းလဲစေခဲ့သည်။ သူဆုံးရှုံးခဲ့သော သက်စောင့်ဝိညာဉ်နှင့် စွမ်းအားများ ပြန်လည်ရရှိခဲ့ရုံမက နန်ဒူဝမ်ယန်နှင့်လည်း ပြန်လည် ပေါင်းစည်းနိုင်ခဲ့သည်။ အရာအားလုံးက အိပ်မက်ဆန်လွန်း လှသည်။ သူ့သားလို တပည့်လို သဘောထားရသော သူက ယခု သူ့သမီးနှင့် လက်ထပ်တော့မည် ဖြစ်သည်။ သူကား ယခင်က ဤသို့ မပျော်ရွှင်ခဲ့ဖူးသည့် အလားပင် ပျော်ရွှင်ရသည်။ သူနှင့် နန်ဒူဝမ်ယန်တို့က အချင်းချင်း ကြည့်ကာ ပြုံးလျက်လက်ကို တင်းတင်း ဆုပ်ကိုင် ထားကြသည်။
“ဖန်းလူ … ဝမ်ယန်… မင်းတို့ အခု စိတ်ချရသွားပြီ မလား…” နန်ဒူဝမ်ရှမ်းက ပြုံးလျက် ပြောသည်။
“ညီမက အမြဲတမ်း စိတ်ချခဲ့တာပါ…” နန်ဒူဝမ်ယန်က ပြုံးလျက် ပြောသည်။
“ကျုပ်က ဒီကောင်လေးကို တကယ် စိတ်ချဖို့တော့ မလွယ်ဘူး…” ဟွာဖန်းလူက ရယ်မောလျက် ပြောသည်။
“ကု့ချင်းမိစ္ဆာနဲ့ အနုပညာ သူတော်စင်တို့ရဲ့ တပည့်နှစ်ယောက်က လျိုနန်းတော်မှာ တိုက်ခိုက်ခဲ့ကြတုန်းက ဟွာဖန်းလူမှာ တပည့်ကောင်း တစ်ယောက်က ရခဲ့တယ်ဆိုတာ ငါသိလိုက်တယ်…” နန်ဒူဝမ်ရှမ်းက အတိတ်ကို သတိရဟန်ဖြင့် ပြောသည်။
“ဟုတ်တယ်…” ဟွာဖန်းလူက ခေါင်းညိတ်သည်… “သူက ကျုပ်နဲ့ ရုပ်ရည်ရော အချင်းရော ရှစ်ဆယ်ရာနှုန်းလောက် တူတယ်…” ဟွာဖန်းလူက ဂုဏ်ယူစွာ ပြောသည်။ သူ့အား ရီဖူရှင်းက ကျောပိုးလျက် ဒွန်ဟိုင်မြို့သို့ ရောက်လာချိန်အား ဟွာဖန်းလူက သတိရမိသည်။ ထိုစဉ်က သူတို့နှစ်ယောက်ကား အလွန် သနားစဖွယ် ကောင်းလှသည်။
“မင်းက တကယ်ပဲ ငရဲကောင်ပဲ…” နန်ဒူဝမ်ရှမ်းက ရယ်မောလိုက်သည်။ ဟွာဖန်းလူကား အမှန်ပင် ရုပ်ချောပေသည်။ ထို့ကြောင့်ပင် နန်ဒူဝမ်ယန်က သဘောကျခဲ့ ခြင်းလည်း ဖြစ်ပေမည်။
“ဆရာကြီး … ဒီည သောက်မှ ရမယ်…” နန်ဒူဝမ်ယန်က ဘေးတွင် ထိုင်နေသော ယိချန်အား ပြောသည်။
“ငါ သောက်မယ်…” ယိချန်ကလည်း ခေါင်းညိတ်သည်။
“အဘိုးကြီးက ဒီနေ့ ပျော်နေပုံရတယ်…” ဟွာဖန်းလူက ရယ်မောလိုက်သည်။
“ငါ့ဆရာကို မူးအောင် မတိုက်နဲ့…” ဘေးတွင် ရပ်နေသော တန်လန်က ဟွာဖန်းလူအား ဒေါသတကြီး ပြောသည်။
“ဒါ အဆင်ပြေတယ်... ကျုပ်တို့လည်း ရှိတာပဲ…” ဧကရာဇ်ရီနှင့် ရီဝူချင်း၏ အဖေတို့ကလည်း ပြုံးလျက် ပြောသည်။
သူတို့အပြင် ထောင်ကျန်း၊ ဓားမိစ္ဆာနှင့် ထို့ကျန်းတို့ကလည်း စားပွဲတစ်ခုတည်းတွင် ထိုင်နေကြသည်။ သူတို့ရှေ့မှ အုပ်စု၏ စကားများကို နားထောင်ရုံမျှဖြင့် သူတို့အား ပြုံးရွှင်စေသည်။ သည်ကဲ့သို့သော ဘဝသည်သာ တကယ့်ပျော်ရွှင်မှု၏ အနှစ်သာရ မဟုတ်ပါလား။ သည်အရာများက သူတို့ နှစ်ပေါင်းများစွာ ကြာအောင် ပျောက်ဆုံးနေသော လူသားဆန်မှုလည်း ဖြစ်သည်။
ရီဖူရှင်းက မည်သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်း လာရသည်ကို သူတို့ နားလည်လာသလို ရီဖူရှင်း၏ အမူအကျင့် စိတ်နေစိတ်ထား ကလည်း ထိုပတ်ဝန်းကျင်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြောင်း သတိထားမိကြသည်။
ထိုအခိုက်တွင် ကောင်းကင်တွင် ရာသီဥတု အပြောင်းအလဲ ဖြစ်သည့်အလား ရောင်စဉ် ရောင်ဝါများ ထွန်းလင်း လာသည်။
“ဘာဖြစ်တာလဲ…” စာအုပ်တောင်မှ လူများအားလုံးက လေထုတုန်ခါမှုများကို ခံစားရကာ ကောင်းကင်ကို မော့ကြည့်ကြသည်။ ကောင်းကင်ထက်တွင် ရွှေနဂါးကြီး တစ်ကောင်က ရထားလုံးကြီး တစ်လုံးကို ဆွဲလာကာ ရထားလုံးပေးတွင် စွမ်းအားမြင့် တန်ခိုးရှင်များအား မြင်ကြသည်။ သူတို့အားလုံးက အဖိုးထိုက်တန်သော ရတနာဝတ်စုံများကို ဝတ်ဆင်ထားကြကာ ပုံမှန်မဟုတ်သော ကိုယ်ရောင်ကိုယ်ဝါများအား ထုတ်လွှတ်ကြသည်။
“ဒီကောင်…” ထောင်ကျန်း၊ ဓားမိစ္ဆာနှင့် တခြားလူများက ဧည့်သည်များကို ကြည့်ကာ ပြုံးမိကြသည်။
“မြေရိုင်းပြည်နယ် အာခီမီမြို့က လက်ထပ်ပွဲကို တက်ရောက် ဂုဏ်ပြုပါတယ်…” ထိုနေရာ တစ်ခုလုံးကို တုန်ခါသွားစေသော အသံလှိုင်းတစ်ခုက ရိုက်ခတ်သွားသည်။ ရထားလုံး၏ ရှေ့ဆုံးတွင် ထိုင်နေသူကား အာခီမီမြို့စားယူစီ ဖြစ်သည်။
***