မထင်မှတ်ဘဲ တွေ့ရှိမှုတစ်ခု
Vol. 35 Ch. 477
ဟန်လိသည် အစိမ်းရောင်လှံနှစ်လက်ကို သိမ်းဆည်းရန် သွားရောက်နေစဉ် ကျိနစ်ယင်၏ ၎င်းတို့အပေါ် အကြည့်ကို မသိမသာ ခံစားမိသည်။ သို့သော် ကျိနစ်ယင်သည် သူ့အကြည့်ကို ခိုးကြောင်ခိုးဝှက် ပြန်ဖယ်ရှားသွားသည်။ သူ၏ ထိုအပြုအမူသည် အတော်လေး သိုဝှက်လှသော်လည်း ဟန်လိ၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။
ထိုလှံတိုနှစ်လက်သည် ကျိန်းသေပေါက် အဖိုးတန်ပစ္စည်းများ ဖြစ်ပြီး ကျိနစ်ယင်ကိုယ်တိုင် ၎င်းတို့ကို လိုချင်နေသည်။ သို့သော် ခုချိန်တွင်မူ သူသည် ၎င်းတို့ကို အတင်းအကြပ် ရယူလာခြင်း မရှိပေ။ ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ပတ်သက်၍သာ စိတ်နှစ်ထားပုံ ရသည်။ နောက်ပိုင်းကျလျှင်တော့ သူသည် ဟန်လိထံမှ ၎င်းတို့ကို တောင်းဆိုလာနိုင်သည်။
ထိုသို့ တွေးမိပြီး ဟန်လိသည် ခေါင်းငုံ့ကာ ခါးသက်စွာ ပြုံးမိသည်။ ယင်းနောက် သူက ချက်ခြင်း ပြန်ခေါင်းမော့၏။ သူ့အမူအရာသည် ပုံမှန်အတိုင်း အလျင်အမြန် ပြန်ဖြစ်သွားသည်။ ထို့နောက်တွင် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်သည် အတူတကွ လှုပ်ရှားလာကြသည်။ သည်အထပ်ရှိ ရုပ်သေးများနှင့် အတားအဆီးများသည် ကြမ်းလှသော်ငြား မည်သူကမျှ ဖြတ်သန်းနေစဉ်အတွင်း ထိခိုက်ဒဏ်ရာ လုံးဝ မရကြပေ။ သူတို့သည် တတိယထပ်သို့ ဦးတည်နေကြသည်။
နေ့တစ်ဝက်လောက် ကြာမြင့်ပြီးချိန် အတွင်းပိုင်းခန်းမ၏ ငါးထပ်မြောက် တစ်နေရာတွင် လူသုံးယောက်သည် တီးတိုး ဆွေးနွေးနေကြသည်။ သူတို့သည် ဝမ်ထျန်မင်တို့ လမ်းမှန်တာအို ကျင့်ကြံသူများ ဖြစ်သည်။ သူတို့နှင့် ရှေ့မနီးမဝေးတွင် ကျောက်ဖြာကြီးတစ်ခု ရှိနေ၏။ ၎င်းသည် မီတာလေးရာကျော် အကျယ်ရှိပြီး မီတာတစ်ရာလောက်ထိ အမြင့်ရှိသည်။ ၎င်းကို တွေ့နေမြင်နေကျ မီးခိုးရောင်ကျောက်သားဖြင့် ပြုလုပ်ထား၏။ ထိုကျောက်ဖျာ၏ ရှေ့တွင် လှေကားထစ် ရာချီ ရှိပြီး အဖြူရောင်အလင်းအရံအတားတစ်ခုက ခြုံလွှမ်းလို့ထားသည်။
သို့သော် အထူးခြားဆုံးမှာ ထိုအလင်းအရံအတားအတွင်း၌ တည်ရှိနေသော အပြာရောင်အလင်း ဖြာထွက်မှုပင်။ ထိုအလင်းဖြာထွက်မှုသည် ကျောက်ဖျာ၏ ထိပ်ပိုင်းသို့ ရောက်လေ ပိုတောက်ပလာလေပင်။ တောက်ပစူးရှလွန်းလှသဖြင့် လူတစ်ယောက်သည် ၎င်းထံ တိုက်ရိုက်ကြည့်၍ အတွင်း၌ ရှိနေသော အရာကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုကျောက်ဖျာ၏ဘေးတွင် ရေခဲတုံးကြီးတစ်ခု ရှိနေသည်။ ၎င်း၏ ကြည်လင်တောက်ပသော အရောင်နှင့် ဘေးရှိ ကျောက်ဖျာအရောင်တို့ ထိစပ်နေမှုက လှပလို့နေသည်။
ထိုကျောက်ဖျာ၏ ရှေ့တည့်တည့်တွင် ရပ်၍ ဝမ်ထျန်မင်သည် လေးနက်သောအသံဖြင့် ပြောသည်။
“ဘယ်လိုလဲ။ ခင်ဗျားရဲ့ မှော်စွမ်းအားက အားလုံးနီးပါး ပြန်ကောင်းမွန်ပြီလား။ အဲ့လိုဆို ကျုပ်တို့ စကြမယ်။ ကျုပ်တို့က ရုပ်သေးအစောင့်တွေကို သုတ်သင်ဖို့ နတ်ကံကြမ္မာဂိုဏ်းရဲ့ ရိုးရာဖန်တီးခြင်းနဲ့ ရုပ်သေးအစောင့်တွေကို ရှောင်တိမ်းနိုင်ခဲ့ပေမယ့် ကျုပ်တို့မှာ အချိန်များများ မရဘူး။ မန်ဟုဇီရဲ့ ကောင်းကင်တောင့်ခံခြင်းမိစ္ဆာပညာရပ်ဟာ အဲ့ရုပ်သေးတွေကို လွယ်လွယ် ရင်ဆိုင်နိုင်လိမ့်မယ်။ သူ လေးထပ်မြောက်ကို ရောက်လာမှသာ သူ့အတွက် ပိုအားထုတ်ဖို့ လိုမှာ…”
တာအိုရသေ့ ထျန်ဝူဇီသည် ဝမ်ထျန်မင်၏ စကားကို သဘောတူသည်။ သူ၏ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ သူက ပြောလာ၏။
“အစ်ကိုဝမ် ပြောတာ အမှန်ပါပဲ။ ကျုပ်တို့ ဒီရတနာကို အရယူကြရအောင်…”
အသားမည်းမည်းနှင့် လယ်သမားအဘိုးအိုကမူ တိတ်တဆိတ်သာ ခေါင်းညိတ်ပြပြီး အခြား ဘာမှ မပြောပေ။
ဝမ်ထျန်မင်သည် သူ၏ အပြုအမူကို စိတ်ထဲမထားပေ။ ထိုလယ်သမားအိုသည် နှုတ်နည်းလှသော်လည်း သူ၏ ကျောက်စိမ်းအမြုတေပညာရပ်ကမူ အထင်ကြီးဖွယ်ပင်။ ၎င်း၏ ခွန်အားအမှန်သည် ထျန်ဝူဇီထက်ပင် သာလွန်သေးသည်။
ထိုသူသည် လမ်းမှန်တာအိုဘက်မှ ဖြစ်သော်ငြား အချိန်အများစုကို သီးသန့်ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးခဲ့ပြီး အခြားသူများနှင့် ပတ်သက်ခဲပေသည်။
ဝမ်ထျန်မင်သည် ပြုံး၍ ထိုနှစ်ယောက်ကို ဦးဆောင်ကာ အလင်းအရံအတားထံ လျှောက်လှမ်းလာသည်။ လေထဲ၌ သိပ်သည်းလှသော ခရမ်းပြာအခိုးအငွေ့ အမျှင်တန်းတစ်ခုသည် ဖြတ်ခနဲ တောက်ပသွားပြီး အလင်းအရံအတားသည် တန်ပြန်အသံတစ်သံ ထုတ်လွှတ်လာ၏။ လက်ဝေ့ရမ်းပြီး ဝမ်ထျန်မင်က အလင်းအရံအတားအပေါ်၌ သုံးမီတာမျှ အမြင့်ရှိ အပေါက်တစ်ခုကို ပွင့်ဟစေသည်။ သူတို့သုံးယောက်သည် ထိုအပေါက်ကနေ တဆက်တည်း အထဲသို့ ဝင်လာကြ၏။
ခဏအကြာတွင် ဝမ်ထျန်မင်နှင့် အခြားသူများသည် အပြာရောင်အလင်းထဲ၌ ပျောက်ကွယ်သွားကြသည်။ အလင်းအရံအတားအပေါ်ရှိ အပေါက်မှာလည်း ၎င်းဘာသာ ပြန်ကောင်းမွန်သွားပြီး လှေကားထစ်များသည် ထပ်မံ တိတ်ဆိတ်သွားလေ၏။
အချိန်မည်မျှကြာမှန်း မသိပြီးနောက်မှာ မန်ဟုဇီနှင့် ကျိနစ်ယင်တို့သည် အလင်းအရံအတားရှေ့တွင် ပေါ်လာကြသည်။ သို့သော် ဝမ်ထျန်မင်တို့ အုပ်စုသည် ပျောက်ကွယ်သွားနှင့်တာ ကြာခဲ့လေပြီ။
ချင်းယီသည် သူ့ရှေ့ရှိ ကျောက်ဖျာကြီးထံ လှမ်းကြည့်ပြီး တောက်ပသောမျက်လုံးတို့ဖြင့် ပြောလာသည်။
“နောက်ဆုံးတော့ ကျုပ်တို့ ဒီသောက်နေရာကို ရောက်လာခဲ့ကြပြီ။ လေးထပ်မြောက်က ရွှေရောင်အမွှေးရုပ်သေးတွေဟာ အလွန့်ကိုပဲ ကြမ်းကြုတ်ရက်စက်တယ်။ ကျုပ်တို့ရဲ့ အထူးစွမ်းရည်တွေသာ ထုတ်မသုံးခဲ့ရင် အဲ့အထပ်မှာ ဒီထက့်ပိုကြာကြာ ပိတ်မိနေနိုင်တယ်…”
ကျိနစ်ယင်က သုန်မှုန်စွာဖြင့် ပြောလာ၏။
“ဟက်…ဒီရုပ်သေးတွေက အဲ့လောက် မဟုတ်ပါဘူး။ တတိယထပ်မှာ ကျုပ်တို့ ကြုံခဲ့ရတဲ့ အတားအဆီးတွေကသာ ချိုးဖျက်ဖို့ အတော်ခက်ခဲ့ပြီး ကျုပ်တို့အတွက် အချိန်တော်တော် ကုန်သွားခဲ့တာ။ မဟုတ်ရင် ကျုပ်တို့ ဒီနေရာကို ခုထက် စောရောက်တာပေါ့…”
“ရောက်လာပြီးပြီကို မင်းတို့က အကျိုးမရှိတာတွေ ဘာလို့ ပြန်ပြောနေရတာလဲ။ အရင်ဆုံး ဝမ်ထျန်မင်တို့ ရတနာကို ရ၊မရ ကျုပ်တို့ ကြည့်ရမယ်…”
မန်ဟုဇီသည် မျက်မှောင်ကြုတ်၍ စိတ်မရှည်သည့်ဟန်ဖြင့် ပြောလာသည်။
သူ့စကားကြောင့် ကျိနစ်ယင်သည် မကျေမနပ် ဖြစ်သွား၏။ သို့သော် သူက ဘာမှတော့ မတုန့်ပြန်ပေ။
ပညာရှိအိုချင်းယိကမူ တဟားဟားရယ်မောပြီး ပြောသည်။
“စိတ်အေးအေးထားပါ အစ်ကိုမန်၊ အစ်ကိုဝူနဲ့ ကျုပ်ရဲ့ စူးစမ်းတဲ့ ပညာရပ်တွေအရဆို ဝမ်ထျန်မင်တို့အုပ်စဟာ လွန်ခဲ့တဲ့လေးငါးနာရီလောက်ထဲက အပေါ်ကို တက်သွားကြပြီ။ ဒါပေမဲ့ သူတို့က ခုထိ မထွက်ခွာလာသေးဘူး။ အေးခဲနဂါးလှေကားထစ်ရဲ့ ထွက်ပေါက်နဲ့ ဝင်ပေါက်တွေဟာ ဒီလှေကားတွေပဲ ဖြစ်တဲ့အတွက် ဒီမှာပဲ စောင့်နေတာ ကျုပ်တို့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…”
“ဒီလမ်းတစ်ခုတည်း ရှိတာလား။ အမှန်ပဲလား။ ကျုပ်တို့က သူတို့ကို ဉာဏ်တုံးပြီး စောင့်နေမယ်ဆို အဲ့ကောင်တွေက အခြားလမ်းကနေ လစ်မသွးနိုင်ဘူးလား…”
မန်ဟုဇီသည် ထိုအဘိုးအိုထံ မယုံကြည်သည့်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်သည်။
ထိုအဘိုးအိုသည် သူ့မုတ်ဆိတ်ကို ပွတ်သပ်ပြီး ပြန်ပြောသည်။
“ဟားဟား…ဒါက မေးနေဖို့ကို မလိုပါဘူး။ ဒီအလင်းအရံအတားဟာ ရှေးဟောင်းအချိန်တွေထဲက ကျော်ကြားခဲ့တာလေ။ ဒါကို ကောင်းကင်ကြယ်မြီးအတားအဆီးလို့လည်း သိကြတယ်။ ဒီလှေကားထစ်တွေကလွဲလို့ လွယ်လင့်တကူ ဖွင့်လို့ရတဲ့ အခြား ထွက်ပေါက်လုံးဝ မရှိနေဘူး…”
မန်ဟုဇီသည် ခေါင်းညိတ်ပြသည်။ “ကောင်းပြီ…ကျုပ်တို့ အဲ့လိုပဲ လုပ်ကြတာပေါ့…”
ထို့နောက်တွင် သူက လှေကားထစ်များနားတွင် တင်ပလ္လင်ခွေချိတ်ထိုင်ပြီး စတင်ကျင့်ကြံနေသည်။ ကျိနစ်ယင်နှင့် ချင်းယီတို့သည် တစ်ယောက်နားတစ်ယောက်တိုးကာ တီးတိုးဆွေးနွေးမှု စတင်သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ မချိပြုံးပြုံးမိသည်။ သို့သော် သူ့မျက်နှာထက်တွင်မူ မည်သည့်အမူအရာမျှ မပေါ်နေပေ။
ထိုတာအိုကျင့်ကြံသူများ၏ အပြုအမူများသည် မှန်ပေသည်။ သို့သော် ဝမ်ထျန်မင်ကိုယ်တိုင်သည် ပါးနပ်လှသူ ဖြစ်နိုင်၏။ ဖြစ်နိုင်သည်မှာ သူသည် သူတို့ကို အပြင်ဘက်မှာ တစ်လျှောက်လုံး စောင့်နေချင်သည့်ပုံပင်။
ထိုအတွေးဖြင့် ဟန်လိသည် ဘေးပတ်ပတ်လည်သို့ ကြည့်၏။ အရိုးသခင်တစ်ယောက်သည် ကျောက်ဖျာနှင့် အနီးတွင် ထိုင်နေတာကို တွေ့သည်။ သူသည် တစ်ခုခုကို စဉ်းစားနေသည့်ဟန်ဖြင့် အဖြူရောင်အလင်းအရံအတားကို ကြည့်နေ၏။
ဟန်လိ၏ အမူအရာသည် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ ဤသည်မှာ နောက်ထပ် ဆွေးနွေးရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ သို့သော် ခဏအကြာတွင် သူ့၌ အခြားအတွေး ရှိလာသည်။ ထိုမိစ္ဆာအိုကြီးသည် သူနှင့် မန်ဟုဇီတို့ကြား၌ ဆက်ဆံရေးတစ်ခု ရှိနှင့်ထား၏။ သည့်အတွက် သူ့တန်ဖိုးမှာ အများကြီး လျော့ကျနေလောက်ပြီ။ ထိုသူသည် ကျိနစ်ယင်ကဲ့သို့ပင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရရန် သူ၏သွေးကျောက်စိမ်းကို အသုံးပြုပြီးနောက်မှာ သူ့ကို ဖယ်ရှားပစ်မည့် အတွေးများ ရှိနေနိုင်လောက်သည်။
အကယ်၍ သူသာ အရိုးသခင်ကို အရင် စပြီး အချိတ်အဆက် ပြုလျှင် ထိုသူက သူ့၌ သံသယများ ရှိနေတာကို မြင်သွားနိုင်လောက်သည်။ ထိုအခြေအနေဆို ရလဒ်က ပို၍ ဆိုးသွားဖို့သာ ရှိလိမ့်မည်။
သူ့လွတ်မြောက်ဖို့အတွက် သူ့အပေါ်တွင်သာ မှီခိုရမည်ပုံ ရှိသည်။ စိတ်ထဲတွင် ထိုသို့ တွေးပြီး ဟန်လိသည် အရိုးသခင်ကို အလိုလို အေးတိအေးစက် လှမ်းကြည့်မိသည်။ အရိုးသခင်သည် တစ်စုံတစ်ခုကို ခံစားမိပုံပေါ်ကာ ဟန်လိထံ ခေါင်းလှည့်၍ လှမ်းကြည့်လာသည်။ ဟန်လိသည် စိတ်ထဲကနေ သူ့ကိုယ်သူ ကျိန်ဆဲလိုက်ပြီး သူ့ပုံမှန်အမူအရာအတိုင်း ချက်ခြင်း ပြန်ဖြစ်၏။ ထို့နောက်တွင်မူ သူသည် မည်သို့မျှ မဖြစ်လေသည့်အလား လမ်းလျှောက်သည်။
အရိုးသခင်သည် ဟန်လိကို နောက်မှ စိုက်၍ ကြည့်နေရင်း သူ့မျက်နှာထက်တွင် သံသယဝင်ဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ထိုစဉ် ဟန်လိသည် ကျောက်ဖျာကို ပျင်းရိပျင်းတွဲဟန်ဖြင့် လှည့်ပတ် လျှောက်နေသည်။
ကျိနစ်ယင်နှင့် အခြားသူများသည် ဤငါးထပ်မြောက်၌ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းကျင့်ကြံသူတစ်ယောက်က ထွက်ပြေးဖို့ မဖြစ်နိုင်သည်ဖြစ်၍ သူ့အပေါ် သံသယများ ရှိမနေပေ။ သည့်အတွက် ဟန်လိသည် သူ့စိတ်ကြိုက် သွားလာနိုင်သည့်အခါ စိတ်သက်သာရာ ရမိသည်။
ခဏအကြာတွင် ဟန်လိသည် ကျောက်ဖျာအနောက်ဘက်ခြမ်းသို့ ရောက်လာ၏။ ထိုနေရာတွင် လှေကားထစ်များကို ဖုံးလွှမ်းထားသည့် အလင်းအရံအတားနှင့် ကျောက်တံတိုင်းတစ်ခု ရှိနေသည်။
ထိုနံရံပေါ်၌ ရှေးဟောင်းအဆောင်အမှတ်အသားများနှင့်အတူ ရှေးအချိန်တည်းက ထူးခြားသော သားရဲအချို့ကို ရေးထွင်းထားသည်။ ၎င်းမှာ သိသာလှခြင်းတော့ ရှိမနေပေ။
အတွင်းခန်းမထဲ၌ သည်နံရံများစွာကို တွေ့မြင်ခဲ့ပြီး ၎င်းတို့အပေါ်၌ နက်နဲသော အတားအဆီးများ ရှိမနေတာကိုလည်း သူ တွေ့ရှိခဲ့သည်။ သို့သော် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည်ပင် ထိုနံရံများကို ဖျက်စီးနိုင်မည့် နည်းလမ်း မရှိနေပေ။
သည့်အတွက်ကြောင့် ဟန်လိသည် ထိုနံရံတို့သည် အတွင်းပိုင်းခန်းမများ၏ အပြင်ဘက်ထံ ဦးတည်မှန်း သိသော်လည်း သူ့အဖို့ လုံးဝ ကူရယ်ကယ်ရာမဲ့ရလေ၏။ ဟန်လိသည် သည်အတွင်းပိုင်းခန်းမများကို ထွင်းဖောက်၍ မရနိုင်အောင် ပြုလုပ်ခဲ့သော ရှေးဟောင်းကျင့်ကြံသူများကို စိတ်ထဲကနေ ကျိန်ဆဲမိလိုက်ပြီး ကျောက်နံရံအပေါ် အားဖြင့် ရိုက်ချမိ၏။ ထိုရိုက်ချက်ကြောင့် ခပ်အုပ်အုပ် မြည်သံတစ်သံ ထွက်ပေါ်သွားသည်။
သူက ခြေလှမ်းလေးလှမ်းခန့် လျှောက်လာပြီးနောက်မှာ ရုတ်တရက် ရပ်လိုက်၏။ ထို့နောက်တွင် သူသည် တစ်ဖက်သို့ မယုံကြည်နိုင်ဟန်ဖြင့် ဖြည်းဖြည်းချင်း ပြန်လှည့်သည်။
ထိုအသံကို ကြားရသူသည် ပုံမှန်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့လျှင် ၎င်းအသံကို အရေးမစိုက်ဘဲ ထွက်ခွာသွားလိမ့်မည်သာ ဖြစ်သည်။ သို့သော် ဟန်လိကမူ ကျန်းဟူ(သိုင်းလောက)၏ ဂိုဏ်းတစ်ခုမှ လာခဲ့သူတစ်ယောက် ဖြစ်၏။ အရင်တုန်းက သူသည် လျှို့ဝှက်ခန်းများ၏ စက်ယန္တရားများနှင့် ပတ်သက်ပြီး အနည်းအကျဉ်း လေ့လာကြည့်ခဲ့ဖူးသည်။
အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့သော အသံအရ ၎င်းကျောက်သားမှာ အခေါင်းပေါက်တစ်ခု ရှိမှန်း သူ ပြောလိုက်နိုင်၏။ ဟန်လိသည် သူ့ကိုယ်သူ မယုံကြည်နိုင် ဖြစ်နေမိ၏။
တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ သူသည် နံရံနားသို့ ဖြတ်ခနဲ ရောက်သွား၏။ သူ့လက်နှစ်ချောင်းးကို ၎င်းထံ ဆန့်ထုတ်ပြီး သူ အစောပိုင်းတုန်းက လက်ဖြင့် ရိုက်ခဲ့သော နံရံကို တောက်ကြည့်သည်။ ထိုနံရံအပေါ် သုံးကြိမ်မြောက် တောက်ကြည့်ပြီးသည့်အခါ ဟန်လိစိတ်ထဲ ဂနာမငြိမ် ဖြစ်လာတော့သည်။ သူ့အကြည့်က နံရံပေါ်တွင် ထွင်းထားသော တောင်ပံနတ်ဆိုးသားရဲတစ်ကောင်၏ နီရဲရဲမျက်လုံးများထံသို့ ရောက်သွားသည်။
ဟန်လိသည် ထိုသားရဲပုံကို တစ်ချက်မျှသာ ကြည့်ပြီး နံရံပေါ်သို့ ထပ်မံ၍ ထိကြည့်တောက်ကြည့်ပြန်သည်။ သူသည် ထိုကျောက်သားနံရံ၌ အမှန်တကယ် အခေါင်းပေါက်တစ်ခု ရှိနေပြီး အတွင်း၌ တစ်စုံတစ်ခု ပါဝင်နေမှန်းကို ဝမ်းသာအားရ သိသွား၏။