ရွှေမျှင်ပိုးကောင်နှင့် ရတနာကို ရယူကြည့်ခြင်း
Vol. 35 Ch. 478
ဟန်လိသည် ချက်ခြင်း မလှုပ်ရှားသေးပေ။ ထိုအစား သူသည် သူ့စိတ်ဝိညာဉ်အာရုံကို သေချာ ဂရုစိုက်၍ ထုတ်လွှတ်ပြီး သူ့ဘေးပတ်ဝန်းကျင်ကို ရှာဖွေသည်။ ကျိနစ်ယင်နှင့် အခြားသူများက သူ့အပေါ် ထောက်လှမ်းနေခြင်း မရှိတာ သေချာသည့်အခါကျမှ သူက ဆက်၍ တုံ့နှေးမနေတော့ဘဲ သူ့လက်ချောင်းကို ရှေ့သို့ ဆန့်ထုတ်၏။ မိုးပြာဓားအလင်းတန်းတစ်ခုသည် သူ့လက်ချောင်းထိပ်မှ ထိုးထွက်သည်။ ဟန်လိသည် ထိုဓားအလင်းကို တည်ငြိမ်စွာ အသုံးပြု၍ ကျောက်သားနံရံပေါ်၌ လက်သီးဆုပ်ခန့် အပေါက်တစ်ခုကို ဖြစ်စေသည်။
ထို့နောက်တွင် သူ့အခြားလက်တစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားသည်။ သူသည် အချိန်က အကန့်အသတ် ရှိမှန်း သိ၏။ ချက်ခြင်း သူ့လက်ကို ထိုအပေါက်ထဲသို့ ထည့်သွင်းသည်။ ထိုအပေါက်ဧရိယာမှာ ကြီးမားလှခြင်း မရှိပေ။ သူ လက်လှမ်းထည့်ပြီးနောက်မှာ အထဲရှိ တစ်စုံတစ်ခုကို ဆုပ်ကိုင်မိသည်။ သူ့ဟန်ပန်မှာ လှုပ်ရှားသွား၏။
ထိုပစ္စည်းသည် ရှည်မြောကွေးကောက်ပြီး နူးညံ့မှု ရှိသည်။ ၎င်းကို နံရံထဲမှ ထုတ်ယူပြီးနောက် ထိုပစ္စည်းမှာ သက်တမ်းရင့် အဝါရောင်စာလိပ်တစ်ခုမှန်း သူ မြင်လိုက်ရသည်။ သူက စာလိပ်ကို ဖွင့်ကြည့်ရန် ဟန်ပြင်စဉ် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ဝတ်ရုံထဲသို့ ၎င်းစာလိပ်ကို အလျင်အမြန် သိမ်းဆည်းသည်။ သူ၏ ခန္ဓာကိုယ်မှာ ဖြတ်ခနဲ လှုပ်ရှားသွားပြီး နံရံအပေါ်ရှိ အပေါက်နှင့် သူကျောက ကပ်သွားသည်။ သူသည် နံရံကို မှီ၍ အနားယူနေသလိုမျိုး ဟန်ဆောင်လိုက်သည်။ ဟန်လိ၏ လှုပ်ရှားမှု ပြီးရုံရှိသေး ကျိနစ်ယင်၏ သုန်မှုန်နေသော အသံကို ကြားရသည်။
“ဟန်လိ…ငါတို့ဆီ မြန်မြန်လာခဲ့။ ငါတို့ အထဲ ဝင်တော့မယ်…”
ထိုစကားကို ကြားပြီးနောက်မှာ ဟန်လိသည် လန့်သွားမိသည်။ သူတို့သည် အချိန်တစ်ခုထိ စောင့်ဆိုင်းနေကြမှာ မဟုတ်လား။ ရုတ်တရက် အဘယ်ကြောင့်များ ထိုသူများက စိတ်ပြောင်းသွားကြသနည်း။ ထိုမိစ္ဆာအိုကြီးသုံးယောက်သည် တစ်ခုခု မူမမှန်တာကို သိရှိသွားတာများလား။
ဟန်လိသည် ကျိနစ်ယင်၏ စိတ်ဝိညာဉ်အာရုံ သူ့ဘေးဝန်းကျင်မှ ပျောက်ကွယ်သွားသည်နှင့် တစ်ဖက်သို့ ချက်ခြင်း လှည့်ကာ ကျောက်နံရံအပေါ်ရှိ အပေါက်ကို ပြုပြင်သည်။ ထို့နောက် သူသည် ကျောက်ဖျာရှေ့သို့ ပြန်လျှောက်လာခဲ့သည်။
သူ ရောက်လာသည့်အခါ မိစ္ဆာအိုကြီးသုံးယောက်သည် လှေကားများအရှေ့တွင် ရပ်နေလျက် လေးနက်စွာ အပေါ်သို့ မော့ကြည့်နေကြသည်။ သူတို့နောက်တွင် ဝူချောင်နှင့် အရိုးသခင်တို့ကလည်း သူတို့ကို အတုယူ၍ မော့ကြည့်လျက် ရှိသည်။ ဟန်လိသည် သူတို့အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။
ထိုအခါ အထက်၌ အပြာရောင်အလင်းတစ်ခုသည် အပြင်းအထန် တောက်ပလင်းထင်းနေတာကိုသာ သူ မြင်ရသည်။ ၎င်းအပြာရောင်အလင်း လက်ခနဲ တောက်ပသွားတိုင်း ရွှေရောင်အလင်း အမျှင်တန်းများသည် ဝင်းခနဲ ဝင်းခနဲ ဖြစ်ပေါ်သည်။ ခဏအတွင်း ထိုအမျှင်တန်းများသည် လက်မအနည်းငယ် ပို၍ ထူထဲလာ၏။ သို့သော် အဖြူရောင်အလင်း ကာစီးထားသဖြင့် ဟန်လိသည် မည်သည့်ထူးခြားမှုကိုမျှ ခံစားမိနိုင်စွမ်း မရှိနေပေ။
ကျိနစ်ယင်သည် ဟန်လိ ရောက်လာတာ မြင်သည့်အခါ ခေါင်းညိတ်ပြသည်။ သူက မန်ဟုဇီဘက်သို့ လှည့်၍ ပြောလိုက်သည်။
“အစ်ကိုမန်…ကျနော့်ရဲ့ ဂျူနီယာ ရောက်ပါပြီ။ သွားကြစို့။ ဝမ်ထျန်မင်ရဲ့ ရွှေမျှင်ပိုးကောင်က ကောင်းကင်လေဟာနယ်ဒယ်စောက်ကို တကယ်ကြီး လှုပ်ခတ်နိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ ဘယ်လို ဖြစ်နေလဲ ကျုပ် မသိပေမယ့် ကျုပ်တို့ သွားကြည့်တာကတော့ အကောင်းဆုံး ဖြစ်လိမ့်မယ်…”
မန်ဟုဇီသည် လှေကားထစ်များထံ ချဉ်းကပ်သွားပြီး စကားမဆိုဘဲ တုန့်ပြန်သည်။ ကျိနစ်ယင်နှင့် အခြားသူများသည် သူ့နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာသည်။
ဘုန်း။ မန်ဟုဇီက မိစ္ဆာပညာရပ်ကို အသက်သွင်း၍ လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။ အလင်းအရံအတားသည် ပေါက်ကွဲသံ မြည်ဟိန်းကာ ဆယ်မီတာမျှ ကြီးမားသော အပေါက်တစ်ခု ပွင့်ဟသွားသည်။ မန်ဟုဇီက ဦးဆောင်၍ ဝင်လာ၏။ ကျိနစ်ယင်နှင့် ပညာရှိအိုချင်းယီတို့သည် ဟန်လိကို ကြားညှပ်ကာ သူတို့ကြား၌ ထား၍ လျှောက်လာကြသည်။ အရိုးသခင်နှင့် ဝူချောင်တို့ကမူ သူတို့သုံးယောက်နောက်မှ လိုက်ပါလာသည်။
‘အေးလိုက်တာဟ’
ဟန်လိသည် အလင်းအရံအတားအပြင်ဘက်၌ ကြိုတင်ပြင်ဆင်မှု အနည်းငယ် ပြုလုပ်ထားသော်လည်း သူသည် ပတ်ဝန်းကျင်ရှိ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်သွားမိသည်။ သူက သူ့ခန္ဓာကိုယ်ကို အလင်းအကာအကွယ်တစ်ခုဖြင့် အလျင်အမြန် ခြုံလွှမ်းစေလိုက်သည်။ ထိုအခါကျမျှ အအေးဓာတ်သည် များစွာ လျော့ကျသွားတော့၏။
မန်ဟုဇီသည် ကျန်သည့်သူများကို စောင့်မနေပေ။ သူက အပြာရောင်အလင်းထွေးခြုံနေသော ဗဟိုချက်ထံ ခြေလှမ်းကျဲကြီးများဖြင့် တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
ချင်းယီနှင့် ကျိနစ်ယင်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်မိကာ မချိပြုံးပြုံး၍ သူ့နောက်သို့ အမီလိုက်ရတော့သည်။ သို့သော် ကျိနစ်ယင်သည် မန်ဟုဇီနောက်သို့ မလိုက်ခင် ဟန်လိဘက်သို့ လှည့်ကြည့်ပြီး အမြန်ဆုံး လိုက်လာရန် လှမ်းပြောသည်။
ဟန်လိသည် ကျိနစ်ယင်ကို စိတ်ထဲကနေ အဆက်မပြတ် ဆဲရေးလိုက်မိသည်။ သူသည် သူ့နေရာကိုယ်သူ သိဩ။ သူ့၌ ထွက်ပြေးရန် အတွေးဟူ၍ စိုးစိမျှ ရှိမနေပေ။ သူသည် နောက်၌ နေနေချင်သည်မှာ အစောပိုင်းက သူ ရခဲ့သော စာလိပ်ကို တချက်လောက် ကြည့်ရှုချင်၍သာ။ ၎င်းသည် ခုလက်ရှိ
သို့ရာတွင် ဝူချောင်က ကျိနစ်ယင်ကို တခုခု သတိပေးခဲ့ပုံ ရသည်။ သူက ဟန်လိကို အာရုံစိုက်၍ စိုက်ကြည့်လာခဲ့၏။ ထို့နောက်တွင် အရိုးသခင်သည်လည်း ဟန်လိထံ သံသယဝင်ဟန်ဖြင့် တစ်ချက် လှမ်းကြည့်သည်။ ဟန်လိသည် ခြေလှမ်းမြန်မြန် လှမ်းရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ခြေလှမ်းလေးငါးလှမ်းလောက် လှမ်းလာပြီးနောက်မှာ ဟန်လိ၏ အရှိန်က လျော့ကျသွား၏။ သူက တမင် အရှိန်နှေးလိုက်တာ မဟုတ်ချေ။
သူ၏အလင်းအကာက သူ့ကို အပြာရောင်အလင်းထံမှ အေးခဲမှုကို ကာကွယ်ပေးသော်ငြားလည်း ခြေတစ်လှမ်းတိုင်း၌ အေးစိမ့်မှုက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းဝင်ရောက်လာသည်ဟု ခံစားမိရသည်။ သူက အလျင်အမြန် ပါးစပ်ပိတ်လိုက်ရသည်။ အကြောင်းမှာ အေးခဲမှုက သူ့အမြုတေထိ ပါးစပ်မှ တစ်ဆင့် ဖြတ်သန်းလာမှာကို စိုး၍ပင်။
ထိုအခိုက်တွင် ဟန်လိသည် ကျိနစ်ယင်၏ အသံကို ကြားရ၏။
“အဖြူရောင်ဦးချိုသင်္ကေတက အပူဒဏ်ကိုပဲ ကာကွယ်ပေးနိုင်တာ မဟုတ်ဘူး။ အအေးဒဏ်ကိုလည်း ကာကွယ်ပေးနိုင်တယ်။ မင်းက ဘာကို စောင့်နေတာလဲ…”
ဟန်လိသည် ရုတ်တရက် သဘောပေါက်သွားပြီး ၎င်းပစ္စည်းကို အလျင်အမြန် ထုတ်ပြီး သူ့လက်ကောက်ဝတ်တွင် ချိတ်ဆွဲသည်။ ၎င်းဦးချိုသင်္ကေတသည် အဖြူရောင်အလင်း တောက်ပသွားသည်နှင့် ဟန်လိသည် သူ့ဘေးပတ်လည်၌ နွေးထွေးမှုကို ချက်ခြင်း ခံစားရသည်။
အအေးဒဏ်၏ သက်ရောက်မှုကို မခံရတောသည့်အခါ ဟန်လိသည် ရှေ့သို့ အေးဆေးသက်သာစွာ ဆက်လျှောက်လာပြီး သူက အခြားသူများ အအေးဒဏ်ကို မည်သို့ ရင်ဆိုင်သလဲဟု တစ်ချက် ကြည့်ကြည့်သည်။ မန်ဟုဇီနှင့် အခြားစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်များပေါ်၌ အလင်းအရံအတားကို အသုံးပြုထားပြီး အဟန့်အတားမရှိ ရှေ့ဆက်လာသည်။ အရိုးသခင်ကမူ တလက်လက်အနီရောင်ပုတီးစေ့ချိန်းကြိုးတစ်ခုကို ဝတ်ထားပြီး အေးသည့်အရိပ်အယောင် လုံးဝ မပြပေ။
ထို့နောက်တွင် ဟန်လိသည် သူ့အကြည့်ကို အထက်ရှိ စင်မြင်၏ ဗဟိုချက်ထံ လှမ်းကြည့်သည်။ သူက ပလ္လင်ငယ်တစ်ခုကို မြင်သည်။ ထိုပလ္လင်၏ အထက်တွင် ရွှေရောင်အလင်းစက်ဝန်းရှစ်ခု ရှိနေ၏။ ထိုအလင်းများ၏ ဗဟိုချက်တွင် မျက်စိစူးလောက်မည့် အပြာရောင်အလင်းတောက်ပနေသော အပေါက်ကြီးတစ်ခု ရှိနေသည်။
သူက သည်မြင်ကွင်းကို ခပ်မြန်မြန် စူးစမ်းကြည့်နေသည်။ ရွှေရောင်စက်ဝန်းတစ်ခုစီ၌ တစ်မီတာမျှ အရှည်ရှိ ပိုးကောင်တစ်ကောင်စီ ရှိနေသည်။ ထိုပိုးကောင်များသည် အပေါက်ထဲ ထုတ်လွှတ်ထားသော ရွှေရောင်အမျှင်တန်းကို ဆွဲငင်နေကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် အမျှင်တန်းများကို အတင်းအကြပ် ဆွဲယူနေရင်း လှုပ်ခါနေကြသည်။ ထိုသို့ တစ်ကြိမ် လှုပ်ခါသွားတိုင်း အပေါက်ထဲမှ အပြာရောင်အလင်းတန်းသည် တလက်လက် တဖြတ်ဖြတ် ဖြစ်လေ၏။
ထိုပလ္လင်၏ဘေးတွင် လူရိပ်သုံးရိပ် ရှိနေသည်။ သူတို့သည် ဝမ်ထျန်မင်တို့ လမ်းမှန်တာအိုကျင့်ကြံသူများပင်။ သူတို့သည် မန်ဟုဇီနှင့် အခြားသူများ ရောက်လာကြပြီး ကောင်းကောင်း သိကြသည်။ သို့သော် သူတို့က မန်ဟုဇီတို့ကို လုံးဝ လစ်လျူရှုထားသည်။ သူတို့ရှေ့ရှိ ရွှေရောင်အလင်းအပေါ်တွင်သာ အာရုံအပြည့် စိုက်ထားကြပြီး စိတ်ဖိစီးနေသည့်ဟန်များ ရှိနေသည်။
ထိုမြင်ကွင်းကို တွေ့သည့်အခါ မန်ဟုဇီ၏ မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ဖြတ်သန်းသွားသည်။ သူသည် စကားတစ်ခွန်းမှမဆိုဘဲ သူ့လက်ကို ပင့်မြှောက်၍ လမ်းမှန်တာအိုကျင့်ကြံသူများကို ရွှေရောာင်အလင်းတန်းနှစ်ခုဖြင့် စေလွှတ်တိုက်ခိုက်သည်။
“ရေခဲနဂါး…”
“တစ္ဆေလိပ်…”
ဝမ်ထျန်မင်နှင့် ထျန်ဝူဇီတို့သည် တိုက်ခိုက်မှု တိုးဝင်လာသော နေရာထံ အေးတိအေးစက် လှမ်းကြည့်ပြီး ထိုသို့ အော်ဟစ်လိုက်သည်။ သူတို့၏ အော်သံနှင့်အတူ မိုးပြာနှင့် အပြာရောင်အလင်းတန်းနှစ်ခုသည် တိုးဝင်လာသော ရွှေရောင်အလင်းတို့ကို ကြားဖြတ်လေသည်။
“ပြန်လာခဲ့…” မန်ဟုဇီသည် သူတို့၏ အလျင်အမြန် တုန့်ပြန်မှုကြောင့် မင်သက်သွားပြီး သူ့လက်ကို ဝေ့ယမ်းကာ ရွှေရောင်အလင်းတန်းနှစ်ခုကို ပြန်ဆင့်ခေါ်သည်။ ၎င်းတို့က သူ့လက်ထဲသို့ ရွှေရောင်ဓားတိုနှစ်လက်အဖြစ် ကျရောက်လာ၏။
မိုးပြာနှင့် အပြာရောင်အလင်းတို့သည် နောက်မှ မလိုက်လာကြဘဲ ထိုအစား နေရာတွင်သာ လည်ပတ်နေ၏။ ၎င်းတို့၏ အစစ်အမှန်အသွင်အပြင်လည်း ပေါ်လာသည်။ အလင်းတစ်ခုမှာ ဆယ်မီတာမျှ အရှည်ရှိ အဖြူရောင်ရေနဂါးတစ်ကောင် ဖြစ်ပြီး ကျန်အလင်းတစ်ခုကမူ အံ့ဖွယ်ဆန်လှသည့် ကြည်လင်နေသော လိပ်တစ်ကောင်ပင်။ မန်ဟုဇီသည် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီးနောက်မှာ သူသည် အံ့အားသင့်သွားသည်။
“အရူးသခင်မရဲ့ ရေခဲနဂါးနဲ့ ထျန်ယွမ်ဇီရဲ့ တစ္ဆေလိပ်”
ချင်းယီသည် အလန့်တကြားဖြင့် ထိုသို့ ထပြောသည်။
“ဝမ်ထျန်မင်တို့ အုပ်စုက ခုလောက်ထိ မောက်မာနေတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဟိုလူအိုကြီးနှစ်ယောက်က သူတို့ရဲ့ ဒီသားရဲတွေကို ငှားယမ်းခဲ့တာပဲကို။ ကျုပ် သိသလောက်ဆို အဲ့လူအိုကြီးတွေဟာ သူတို့နားမှာပဲ ထားလေ့ရှိတာပဲ။ ဒီသားရဲတွေက ဝမ်ထျန်မင်တို့ဆီ ဘယ်လိုများ ရောက်သွားရတာလဲ…”
ကျိနစ်ယင်သည် ပင့်သက်ရှိုက်၍ ပြောလာသည်။ သူ့အသွင်မှာလည်း မကျေမနပ် ဖြစ်နေ၏။
မန်ဟုဇီသည် အလေးအနက်ဟန်ဖြင့် ပြန်ဖြေလာသည်။
“ဟား…အငှားခံရတဲ့သူတွေကို ကြည့်လိုက်လေ။ ဝမ်ထျန်မင်ဆိုလည်း အဲ့အရူးသခင်မရဲ့ တူအရင်း။ ထျန်ဝူဇီနဲ့ ထျန်ယွမ်ဇီတို့ကလည်း တဆရာတည်း တပည့်တွေလေ။ ဒါ့ကြောင့် ဒီသားရဲနှစ်ကောင်ကို သူတို့ဆီ ငှားပေးလိုက်တာ ဘာမှ ထူးခြားမနေပါဘူး…”
ချင်းယီသည် အဖြူရောင်ရေနဂါးနှင့် လိပ်ကြီးတို့ကို ပူပန်ဟန်ဖြင့် လှမ်းကြည့်ရင်း ပြောသည်။
“ဒါက ပြဿနာ ရှိနိုင်တယ်။ ဒီသားရဲနှစ်ကောင်က အားနည်းမနေဘူး။ ကျုပ်တို့သုံးယောက် အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင်တောင် အချိန်ခဏအတွင်း ဒီသားရဲနှစ်ကောင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး…”
မန်ဟုဇီသည် ဆိုးယုတ်စွာ ပြုံး၍ ပြောလာသည်။
“ချင်းယီ၊ ကျိနစ်ယင်…မင်းတို့ရဲ့ ဆူးငှက်နဲ့ ကောင်းကင်ကျယ်ပြန့်အလောင်းကောင်တို့ကို အသုံးပြုပြီး အဲ့သားရဲနှစ်ကောင်ကို အနှောက်အယှက် ပေးလို့ ရတယ်မလား။ ဒီသားရဲနှစ်ကောင်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ပေမယ့် ကျုပ်တို့ လှုပ်ရှားမယ်ဆို ခဏလောက်ဖြစ်ဖြစ်တော့ ဒီနှစ်ကောင်ကို ထိန်းထားနိုင်မှာပေါ့။ ကျုပ်တို့က ဝမ်ထျန်မင်နဲ့ အခြားသူတွေကို အနိုင်ရဖို့ မလိုဘူး။ ရွှေမျှင်ပိုးကောင်တွေထဲက တစ်ကောင်ကို သတ်နိုင်ရင်ပဲ အဆင်ပြေပြီ…”
ထိုစကားကို ကြားသည့်အခါ ကျိနစ်ယင်နှင့် ချင်းယီတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြောင်သား လှမ်းကြည့်ကြသည်။ သူတို့သည် တွေဝေနေပုံ ပေါ်သည်။
“စိတ်မပူပါနဲ့။ ကျုပ်လည်း ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲကို တိုက်ခိုက်ဖို့ စေလွှတ်မှာပါ။ ကျုပ်တို့ သုံးယောက်ရဲ့ စိတ်ဝိညာဉ်သားရဲတွေနဲ့ဆို အဲ့သားရဲနှစ်ကောင်ကို ခဏတော့ ထိန်းထားနိုင်မှာပဲ…”
မန်ဟုဇီသည် ကျိနစ်ယင်တို့ထံသို့ တချက် လှမ်းကြည့်သည်။ သူ့ပုံစံ၌ အထင်သေးဟန် မသိမသာ ဖြစ်ပေါ်သွားသည်။
သူ ထိုသို့ ပြောမှ ချင်းယီနှင့် ကျိနစ်ယင်တို့၏ အမူအရာများသည် စိတ်အေးသက်သာရာ ရသွားပုံ ပေါ်ပြီး သူတို့က သဘောတူကြသည်။