ကောင်းကင်ပြာပန်း
Vol. 35 Ch. 479
ကျိနစ်ယင်၏ နတ်ဆိုးအလောင်းကောင်နှင့် ချင်းယီ၏ စိတ်ဝိညာဉ်သားရဲတို့ကို မစေလွှတ်ခင် အံ့အားသင့်ထိတ်လန့်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။
အလင်းအလုံးများထဲရှိ ပိုးကောင်များထဲမှ တစ်ကောင်သည် ရုတ်တရက် တုန်ယင်လာသည်။ ၎င်းကို ဝိုင်းရံထားသော ရွှေရောင်အလင်းသည် မြန်ဆန်စွာ မှိန်ဖျော့သွား၏။ တစ်ချိန်တည်းလိုလိုတွင် ၎င်း၏ ရွှေရောင်အမျှင်တန်းသည် တောက်ခနဲ ပြတ်ထွက်သွားသည်။
“မကောင်းတော့ဘူး…” လမ်းမှန်တာအိုမျ ကျင့်ကြံသူများသည် အလန့်တကြား ထအော်ကြသည်။ သို့သော် သူတို့ မလှုပ်ရှားနိုင်ခင် အခြားသော ရွှေမျှင်ပိုးကောင်များသည်လည်း အလားတူ ဖြစ်ကုန်သည်။ ၎င်းတို့၏ ရွှေရောင်များ မှိန်ဖျော့ကုန်၏။ ရွှေမျှင်များထဲမှ နှစ်ခုသည် ပြတ်တောက်သွားသည်။
ဝမ်ထျန်မင်မှာ စိတ်နှလုံး ချောက်နက်ထဲ ပြုတ်ကျသွားသည့်နှယ် ခံစားလိုက်ရသည်။ သူသည် မိန်းမောစွာ ရပ်နေမိသည်။ သို့သော် ဤသည်မှာ အဆုံးသပ် မဟုတ်သေးပေ။ ၎င်းတို့၏ အဖော်တစ်ဝက်ကျော် ပျက်စီးသွားခြင်းကြောင့် ကျန်သည့် ပိုးကောင်များ ထမ်းရသော ဝန်သည် အလျင်အမြန် ပိုတိုးလာသည်။
၎င်းတို့သည် အပေါက်ထံသို့ အတင်းအကြပ် ဆွဲခေါ်ခြင်း ခံရလေသည်။ ခဏအကြာတွင် လေးလံသော တစ်စုံတစ်ခု ပြုတ်ကျသွားသည့်အသံကို ကြားရလေ၏။ ထို့နောက်တွင် ကျောက်ဖျာသည် ခဏ တုန်ခါသွားသည်။ အပေါက်ထံမှ ထွက်ပေါ်နေသော အပြာရောင်အလင်းသည် ချက်ခြင်း မှိန်ဖျော့သွားပြီး လေထုသည် သိသိသာသာ နွေးထွေးသွားလေ၏။
လမ်းမှန်တာအိုမှ ကျင့်ကြံသူများ၏ မျက်နှာများသည် အလွန်အမင်း ပျက်ယွင်းနေသည်။
လှုပ်ရှားရန် ဟန်ပြင်သော မိစ္ဆာအိုကြီးများ၏ အမူအရာများကမူ ကျေနပ်ပျော်ရွှင်သွားကြသည်။
“ဟားဟား…” မန်ဟုဇီသည် အားပါးတရ ရယ်မောလေ၏။ သူ၏ မုတ်ဆိတ်ဝါများသည်ပင် တလှုပ်လှုပ် ဖြစ်ကုန်သည်။
ထိုအချိန်၌ ကျိနစ်ယင်နှင့် ချင်းယီတို့သည်လည်း လမ်းမှန်တာအိုကျင့်ကြံသူများအပေါ် အားပါးတရ လှောင်ရယ်ကြလေ၏။ ဝမ်ထျန်မင်၏ မျက်နှာကမူ ဖြူရော်နေလေပြီ။
ရတနာကို ရနိုင်ရန် သူသည် များစွာ အားစိုက်ထုတ်ခဲ့ရသည် မဟုတ်လား။ သို့သော် အခုတော့ သူ့ ပြိုင်ဘက် မိစ္ဆာတာအိုမှ ကျင့်ကြံသူများ၏ လှောင်ရယ်တာကို ခံရလေပြီ။ ဤသည်က ဝမ်ထျန်မင်၏ စိတ်နှလုံးကို ဒေါသပုန်ထသွားစေ၏။ သူက သူ့ကိုယ်သူ ဆက်၍ မထိန်းထားတော့ဘဲ မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများထံ အေးစက်လှသည့်ဟန်ပန်ဖြင့် ရုတ်တရက် လှည့်လာသည်။
Zenith Yin’s and Qing Yi’s laughter halted for a moment.
ကျိနစ်ယင်နှင့် ချင်းယီတို့၏ ရယ်သံမှာ တစ်ဝက်တစ်ပျက် ဖြစ်သွားလေ၏။ ဝမ်ထျန်မင်သည် စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ သူတို့သည် နဂိုထဲက ဆန့်ကျင်ဘက်တွင် ရှိနေပြီး ဖြစ်၍ ထိုသူနှင့် သူတို့ကြား ပိုနက်ရှိုင်းသော အမုန်းတရားတစ်ခုကို အစမပျိုးချင်ကြပေ။ မန်ဟုဇဇီကမူ ဆက်၍ မရယ်တော့သော်လည်း သူက အားနာသည့်ဟန် တစ်စက်မျှ မရှိလေဟန်ဖြင့် ပြန်ကြည့်သည်။
“ဘာလဲ။ ဂိုဏ်းခေါင်းဆောင်ဝမ်က ကျုပ်နဲ့ တိုက်ခိုက်ချင်နေတာလး။ ကောင်းကင်စစ်ထုတ်ခြင်း ပညာရပ်ရဲ့ ကွန်ဖြူးရှပ်အံ့ဖွယ်သုံးပါးကို ကျုပ်အနေနဲ့ တကယ်ပဲ အတွေ့အကြုံ ရချင်မိပါတယ်…”
မန်ဟုဇီထံ အေးတိအေးစက် တစ်ချက် လှမ်းကြည့်ပြီးနောက်မှာ ဝမ်ထျန်မင်သည် တဖြည်းဖြည်း သူ့စိတ်ကိုယ်သူ ပြန်ထိန်းနိုင်သွားသည်။
“သွားကြမယ်…” သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ သူသည် ကျန်သည့် ရွှေပိုးမျှင်ပိုးကောင်များကို လစ်လျူရှုပြီး မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများအား အနှောက်အယှက် ပေးခဲ့သော ရေနဂါးကိုသာ ဆင့်ခေါ်ပြီး ကျောက်ဖျာပေါ်ကနေ ဦးဆောင်၍ ထွက်သွားတော့သည်။
မျက်စိမျက်နှာပျက်လျက် ထျန်ဝူဇီသည် လိပ်ကြီးကို ဆင့်ခေါ်၍ ဝမ်ထျန်မင် နောက်သို့ လိုက်သွားသည်။ လယ်သမားအိုကမူ အေးစက်စက် အကြည့်ရှိနေသော်ငြား သူက ပိုတည်ငြိမ်သောဟန်ပန်ဖြင့် သူတို့နောက်သို့ လိုက်လာသည်။
လမ်းမှန်နှင့် မိစ္ဆာတာအိုဘက်မှ ကျင့်ကြံသူများသည် တစ်ယောက်အနား တစ်ယောက် ဖြတ်သွားချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အလွန်သတိထားကာ ကြည့်ရှုသွားသည်။
အလွန်အမင်း လွှမ်းမိုးသည့်ဟန် ရှိနေသော်ငြား မန်ဟုဇီသည် ကံကောင်းစွာဖြင့် သူတို့ကို ရန်မစခဲ့ပေ။ သူက ဝမ်ထျန်မင်နှင့် အခြားသူများကို တချက်သာ နှာခေါင်းရှုံ့၏။ လမ်းမှန်တာအိုမှ ကျင့်ကြံသူများသည် အလင်းအရံအတားထံမှ ပျောက်ကွယ်သွားကြလေသည်။
ချင်းယီသည် သူတို့၏နောက်ကျောကို ကြည့်၍ ပြောလာသည်။
“ဝင်ပေါက်မှာ မိုးပြာဆူးငှက်ကို ကျုပ် ကွယ်ဝှက်ထားထားတယ်။ လမ်းမှန်တာအိုဘက်က သူတွေ ပြန်လာခဲ့ရင် ကျုပ်တို့ သိရမှာပါ…”
ကျိနစ်ယင်သည် မသတီစရာကောင်းစွာ ပြုံး၏။
“ဒါဆိုရင် ကျုပ်လည်း ဝင်ပေါက်မှာ အလစ်အငိုက်တိုက်ခိုက်နိုင်အောင် ကောင်းကင်ကျယ်ပြန့်အလောင်းကောင်နှစ်ကောင်ကို ထားထားလိုက်မယ်။ သူတို့က အလစ်လာတိုက်ခိုက်ဖို့ ကြိုးစားမယ်ဆိုရင် ဒီအလောင်းကောင်တွေက ဟန့်တားပေးလိုက်မယ်…”
ချင်းယီသည် ဤစကားကို ကြားရပြီးနောက်မှာ သူ့အကြည့်သည် ပို၍ ဗလာကင်းမဲ့လာသည်။ ခဏအကြာတွင် သူက တိတ်ဆိတ်သွား၏။ သည့်နောက်မှာ သူ့အင်္ကျီလက်အိုးသည် တုန်ခါလာပြီး လက်သီးစုပ်အရွယ်ခန့် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ကျိနစ်ယင်ကမူ ကြမ်းပြင်ထံ တစ်စုံတစ်ခုကို လှမ်းပစ်သည်။ ငါးညီနံနှင့်အတူ အနက်ရောင်မီးခိုးငွေ့နှစ်ခုသည် ပျံ့လွင်လာလျက် အရပ်ရှည်ရှည် နတ်ဆိုးအလောင်းကောင်နှစ်ကောင် ပေါ်လာသည်။
“သွား…” ကျိနစ်ယင်သည် ဝင်ပေါက်ထံ အလေးအနက် လက်ညွှန်သည်။ ချက်ခြင်းပင် နတ်ဆိုးအလောင်းကောင်များသည် ဝေဝါးသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းသည် ဟန်လိ၏ စိတ်ကို တုန်ယင်သွားစေ၏။ သူသည် ၎င်းနတ်ဆိုးအလောင်းကောင်များအပေါ် ကြောက်ရွှံ့မှု မခံစားမိဘဲ မနေနိုင် ဖြစ်ရသည်။
ယင်းနောက်တွင် ဟန်လိသည် ပလ္လင်ပေါ်တွင် လှဲလျောင်းနေသော ရွှေမျှင်ပိုးကောင်များထံ အကြည့်ရောက်သွားသည်။ သူသည် ၎င်းတို့ထံ စူးစမ်းချင်စိတ်ဖြင့် လျှောက်လာ၏။ သို့သော် သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးရုံ ရှိသေး ပြန်ရပ်သည်။ တစ်စုံတစ်ဦးက ၎င်းပိုးကောင်များ ရှေ့တွင် ကြိုရောက်နှင့်ပြီး ဖြစ်နေသည်။ ထိုသူမှာ အရိုးသခင် ဖြစ်နေ၍ ဟန်လိသည် အံ့ဩသွားသည်။
မန်ဟုဇီလည်း လှမ်းလာပြီး မေးသည်။
“ဘယ်လိုလဲ။ ဒီရွှေမျှင်ပိုးကောင်တွေကို ရှားပါးထူးခြားတဲ့အင်းဆက်အဖြစ် သတ်မှတ်လို့ရနိုင်လား။ ဒီကောင်တွေရဲ့ ရွှေရောင်အလင်းအရဆို သူတို့ရဲ့ စွမ်းရည်ဟာ အတော်လေး အထင်ကြီးဖို့ ကောင်းလောက်မယ်။ ဝမ်ထျန်မင်က ဒီပိုးကောင်တွေကို ဂရုမစိုက်ဘဲ စွန့်ပစ်ခဲ့တာတော့ ထူးခြားနေတယ်…”
ရွှေမျှင်ပိုးကောင်များကို ခဏ စူးစမ်းကြည့်ပြီးနောက်မှာ အရိုးသခင်သည် တည်ငြိမ်စွာ ပြန်ဖြေသည်။
“သူတို့က ကောင်းကင်ပြာပန်းကို အသုံးပြုပြီး ဒီပိုးကောင်တွေရဲ့ စွမ်းရည်ကို အတင်းအကြပ် မြှင့်တင်ခဲ့ကြတာ။ ဒါမှသာ သူတို့အတွက် ကောင်းကင်ဒယ်စောက်ကို ရနိုင်မယ့် အခွင့်အရေးဟာ ပိုရှိလာနိုင်မှာလေ။ ဒါပေမဲ့ ဒီပန်းကို စုပ်ယူပြီးရင် ရွှေမျှင်ပိုးကောင်တွေဟာ လုံးဝ ကြေမွသွားလိမ့်မယ်…”
“ရွှေမျှင်ပိုးကောင်တွေက ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရနိုင်လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ ဒီကောင်းကင်ပြာပန်းကို အသုံးပြုခဲ့တာကတော့…ဟားဟား…ဝမ်ထျန်မင်ကတော့ အကျိုးအမြတ်ရအောင် လုပ်ဖို့ ကြိုးစားရင်း မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ခဲ့ရပြီ…”
မန်ဟုဇီသည် အရိုးသခင်၏ စကားများကို ရယ်မောဟားတိုက်၍ တုန့်ပြန်လေ၏။
ကျိနစ်ယင်သည် လက်နှစ်ဖက်နောက်ပစ်လျက် လျှောက်လာပြီး ပြောသည်။
“ကောင်းကင်ပြာပန်းလား။ ဝမ်ထျန်မင်က အဲ့ပန်းကို တကယ်ကြီး ရှာနိုင်ခဲ့လိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ အရင်တုန်းက အဲ့နည်းလမ်းကို အသုံးပြုဖို့ ကျုပ် စဉ်းစားမိခဲ့သေးတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ရှာခဲ့တာတောင်မှ အဲ့ပန်းကို ရှာနိုင်စွမ်း မရှိခဲ့ဘူး။ အစ်ကိုမန်ရဲ့ ဂျူနီယာဟာ ဒီပန်းကို သိနေမှတော့ သူက ကျော်ကြားတဲ့သူပဲ ဖြစ်ရမယ်။ ဒီဂျူနီယာရဲ့ နာမည်ကို ကျုပ် ကြားဖူးချင်တောင် ကြားဖူးနေနိုင်တယ်…”
သူသည် ထိုသို့ ပြောလာရင်း အရိုးသခင်၏ မျက်နှာကို စိုက်ကြည့်လာသည်။
အရိုးသခင်သည် ပြုံး၍ ပြောလိုက်သည်။
“ကျုပ်အမည်က လူသိထင်ရှား မဟုတ်ရပါဘူး။ ကျုပ်က အချိန်အများစုကို စာအုပ်စာပေ ဖတ်ရှုနေခဲ့တဲ့ တစ်စုံတစ်ဦးပါပဲ။ စီနီယာဝူက နောက်နေပါပြီ…”
“အဲ့လိုလား…” ကျိနစ်ယင်သည် မထူးခြားနားဟန်ဖြင့် ပြောသည်။ သူသည် သံသယဝင်ရတာ ပင်ပန်းလွန်း၍လား သို့မဟုတ် မန်ဟုဇီ အပြစ်တင်မည်ကို ကြောက်၍လားတော့ မသိရဘဲ မေးခွန်းများ ဆက်မမေးနေတော့ပေ။ သူ့အကြည့်က အပေါက်ထံ ကျရောက်သွားသည်။ ထိုအပေါက်ထံမှ အပြာရောင်အလင်းက သူ့မျက်နှာကို လာ၍ ရောင်ပြန်ဟပ်သည်။
ဟန်လိသည် ဘေးကနေ ထိုမြင်ကွင်းကို မထူးခြားနားဟန်ဖြင့်သာ ကြည့်နေသည်။ သို့သော် သူ့စိတ်ထဲတွင်မူ အရိုးသခင်၏ စိတ်ရှည်သည်းခံနိုင်မှုအပေါ် ချီးကျူးမိနေသည်။ မိစ္ဆာအိုကြီးအရိုးသခင်သည် စိတ်နေစရိုက်ကိုလည်း သူ အတော်လေး ရှိန်သွားမိသည်။ ထိုသူသည် သူ့ ရန်သူတော်ကြီးကို စီနီယာဟု တည်တည်ငြိမ်ငြိမ် ခေါ်ဝေါ်သုံးစွဲနိုင်ခဲ့သည် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ ဤနေရာ၌ ဝူချောင်ကလွဲ၍ မည်သူကမျှ အရူးများ၊ငတုံးများ မဟုတ်ကြပေ။ သူတို့တစ်ယောက်ချင်းစီသည် ပါးလှပ်လှသော မြေခွေးအိုကြီးများသာ။ နှစ်ပေါင်းရာချီမက အသက်ရှင်ပြီးခဲ့ကြသူများပင်။
ဟန်လိသည် ထိုသို့ သုန်မှုန်စွာဖြင့် တွေးနေစဉ် သူက ချင်းယီ၏အသံကို ကြားရသည်။
“ဒီပိုးမျှင်ပိုးကောင်တွေဟာ အသုံးမဝင်မှတော့ ဒီကောင်တွေကို ရှင်းထုတ်ပစ်လိုက်မယ်။ ဒါမှ ကျုပ်တို့ မျက်စိစပါးမွေးမဆူးတော့မှာ…”
ထိုသို့ ပြောပြီးနောက် ချင်းယီသည် သူ့အရေပြားများတွန့်နေသော လက်ဝါးဖြင့် ရိုက်ထုတ်သည်။ ထိုအခါ သူ့လက်၌ မိုးပြာအလင်းလုံးတစ်ခု ပေါ်လာသည်။
ဟန်လိက ပိုးကောင်သုံးကောင်ထံ ဝေ့ကြည့်လိုက်ပြီး သူ့စိတ်ထဲ လှုပ်ခတ်သွားသည်။ သူက အဘိုးအိုချင်ယီကို အလျင်အမြန် လှမ်းပြောသည်။
“ခဏလေးပါ…စီနီယာ။ ဂျူနီယာက ဒီပိုးမျှင်ပိုးကောင်တွေကို စိတ်ဝင်စားလို့ပါ။ ကျေးဇူးပြုပြီး ကျနော့်ကို ဒီပိုးကောင်တွေ ပေးပါလား…”
အဘိုးအိုချင်းယီ၏မျက်နှာထက်တွင် အံ့အားသင့်ဟန်ကော၊ သံသယဝင်ဟန်ကော ဖြစ်ပေါ်သွားသည်။ ထို့နောက်တွင် ဟန်လိသည် ပြုံး၍ ပြောလာသည်။
“ကျနော်က ထူးခြားတဲ့ အင်းဆက်တွေကို စိတ်ဝင်စားတတ်လို့ပါ။ ဒီပိုးကောင်တွေက အသက်ရှင်သေးတယ်ဆိုတော့ ကျနော်က သူတို့ကို အချိန်တစ်ခုပေးပြီး လေ့လာကြည့်ချင်လို့ပါ။ စီနီယာ ခွင့်ပြုပေးမယ်လို့ ကျနော် မျှော်လင့်မိပါတယ်…”
ဟန်လိ၏ စကားကို ချင်းယီသည် ချက်ခြင်း မတုန့်ပြန်ပေ။ ထိုအစား သူက ဟန်လိကို စူးစမ်းနေသေးသည်။ ဟန်လိ၏စိတ်ထဲ လှုပ်ခတ်သွား၏။ သူသည် ချင်းယီ၏ ရည်ရွယ်ချက်ကို မသိဘဲ ရှိနေသည်။ ချင်းယီက ခေါင်းယမ်း၍ ပြောလာသည်။
“ဟူး…ဒီအဘိုးအိုကလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲလေ။ အမြုတေဖွဲ့စည်းခြင်း လေလွင့်ကျင့်ကြံသူတွေဟာ ဂိုဏ်းကြီးတွေက သူတွေနဲ့ စာရင် မယှဉ်နိုင်ကြတာ ကျုပ် သိပါတယ်။ သူတို့က ရင်းမြစ်တွေကို အများကြီး ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်ပါ့မလဲ။ ကောင်းပြီလေ…ကောင်လေးဟန်က ဒီအမှိုက်တွေကို လိုချင်တယ်ဆိုမှတော့ ယူပါ…”
သူက နားလည်မှု လွဲသွားတာ ထင်ရှားသည်။
ဟန်လိက သည်အခွင့်အရေးကို အရယူကာ ရှက်ရွှံ့သည့်ဟန်ဖြင့် ထပ်တလဲလဲ ကျေးဇူးတင်သည်။ ယင်းနောက် သူသည် စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်အလွတ်တစ်လုံးကို ထုတ်ယူ၍ ရွှေမျှင်ပိုးကောင်များကို ၎င်းထဲသို့ ထည့်သိမ်းသည်။
ဝမ်ထျန်မင်က သည်သားရဲများကို စွန့်ပစ်ခဲ့ချိန်၌ တစ်ခါတည်း ၎င်းတို့ပေါ်မှ သူ့အမှတ်အသားကို ဖယ်ရှားပစ်ခဲ့ပုံ ရသည်။ သို့ဖြစ်၍ ထိုပိုးကောင်များသည် ဟန်လိ၏ သိုလှောင်အိတ်ထဲသို့ အဆီးအတားမရှိဘဲ ဝင်ရောက်သွားသည်။
အပေါ်ဘက်မှ အပေါက်ဝထံ တပ်မက်သော အကြည့်ဖြင့် ခဏ စိုက်ကြည့်နေပြီးနောက်မှာ နောက်မလှည့်ဘဲ ကျိနစ်ယင်က လှမ်းပြောလာသည်။
“ဟန်လိ…အဓိပ္ပာယ်မရှိတာတွေလုပ်ပြီး မင်း အချိန်ကို ဖြုန်းမနေနဲ့တော့။ မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူတွေကို မြန်မြန် ထုတ်ချေ။ ဒီစိတ်ဝိညာဉ်သားရဲတွေက ဘယ်အဆင့်ရှိလဲ ကျုပ် ကြည့်ချင်တယ်။ အချိန်ကျလာခဲ့ရင် ကျုပ်ရဲ့ မီးတောက်မြွေနဲ့လည်း ကူညီထောက်ပံ့ပေးမှာပါ။ ကျုပ်တို့ တချိတည်းနဲ့ အောင်မြင်ရမယ်…”
ဟန်လိသည် စိတ်ထဲ၌ မျက်မှောင်ကြုတ်၍ ရှေ့သို့ လျှောက်လာသည်။
ပညာရှိချင်းယီနှင့် မန်ဟုဇီတို့သည် ကျိနစ်ယင်၏ စကားကို ကြားသည့်နောက်မှာ ဟန်လိထံ တစ်ချက်လှမ်းကြည့်လာသည်။
“စိတ်ချနေပါ။ မင်းက ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အရယူပေးနိုင်မယ်ဆို မင်းရဲ့ ဆရာက မင်းကို မမျှမတ မဆက်ဆံပါဘူး…’
ကျိနစ်ယင်သည် တစ်ဖက်သို့ လှည့်ပြီး ဟန်လိကို ကြင်နာသည့်မျက်နှာပေးဖြင့် ပြောလာသည်။ သူသည် ဟန်လိ အကောင်းဆုံး ကြိုးစားမပေးမှာကို ကြောက်လန့်နေသည့်အလား။
သို့သော် ဟန်လိသည် ထိုစကားများကို ကြားသည့်အခါ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားမိလေ၏။