← Chapters

ရတနာနောက်သို့ လိုက်လံခြင်း

Vol. 35 Ch. 480

ရတနာနောက်သို့ လိုက်လံခြင်း

Vol. 35 Ch. 480

ဟန်လိသည် မျက်နှာပေါ်တွင်မူ မည်သည့်စိတ်ခံစားချက်မျှ မပေါ်ပေ။ ထိုအစား သူသည် အပေါက်နားသို့ ချဉ်းကပ်သွားပြီး အလေးအနက်တစ်ချက် ကြည့်သည်။ ဟန်လိသည် တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်သွား၏။

ထိုအပေါက်သည် သူ စိတ်ကူးထားသကဲ့သို့ နက်ရှိုင်းခြင်း ရှိမနေပေ။ ၎င်းမှာ ပေတစ်ရာလောက်သာ အနက်ရှိ၏။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် မျက်စိစူးလောက်အောင် တောက်ပသော အပြာရောင်မီးတောက်များကို ရှင်းလင်းစွာ မြင်နေရသည်။ ထိုအပြာရောင်မီးတောက်များကြားထဲတွင် အနက်ရောင်အရာဝတ္ထုတစ်ခုကို ခပ်ရေးရေး မြင်ရ၏။ ၎င်းသည် နာမည်ကျော် ကောင်းကင်လေဟာနယ်ဒယ်စောက် ဖြစ်ပုံ ရသည်။

သို့သော် သူသည် အပေါက်ဝထံ လှမ်းကြည့်ချိန်တွင် အရိုးထဲ ထွင်းဖောက်သည့် အအေးဓာတ်က သူ့ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အဖြူရောင်ဦးချိုသင်္ကေတသည်ပင် အအေးဓာတ်အများစုကို တားဆီးပေးနိုင်စွမ်း မရှိတော့ပေ။ သူသည် သည်အနီးအနားမှာ ဆက်နေခဲ့လျှင် အေးခဲသွားမှာ စိုးရိမ်ရလေ၏။

အပေါက်၏ အောက်ခြေ၌ တောက်ပသော အပြာရောင်မီးတောက်များသည် စိတ်ကူး၍ပင် မရနိုင်သော အအေးဓာတ်ကို ထုတ်လွှတ်နေချေသည်။ အပြာရောင်မီးတောက်များကို ခဏ ဆက်ကြည့်ပြီးနောက်မှာ သူ့ခေါင်းထဲ စ၍ ချာချာလည်လာသည်။ ပင့်သက်ရှိုက်လျက် ဟန်လိသည် သူ့အကြည့်ကို အလျင်အမြန် ရှောင်လွှဲကာ သူ့ကိုယ်သူ ပြန်ထိန်းချုပ်ရသည်။

ဟန်လိ၏ဘေးတွင် ရပ်နေသော ကျိနစ်ယင်သည် အပေါက်ဝကို စိုက်ကြည့်လျက် ပြောလာသည်။

“ဘယ်လိုလဲ။ ဒါက ကောင်းကင်အေးခဲမီးတောက်ပဲ။ အေးခဲတာထက်ကို ပိုလွန်တဲ့ မီးတောက်တစ်ခု ဖြစ်တယ်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် မပြောနဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေတောင် ဒါကို မထိဝံ့ဘူး။ ဒီမီးနဲ့ နည်းနည်းလောင်ကျွမ်းသွားတာနဲ့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်တောင် အလွယ်တကူ သန့်စင်ခံရလိုက်မယ်။ ဒီမီးတောက်ဟာ ဒီလောကရဲ့ အပိုင်မဟုတ်လောက်ဘူး။ ရှေးဟောင်းကျင့်ကြံသူတွေက ဒီလိုအရာကို ဘယ်လိုများ ရှာတွေ့ခဲ့လဲ မသိဘူး…”

“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေတောင် သန့်စင်ခံရနိုင်တာလား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိ၏အသက်ရှုသံသည်ပင် ပိုအေးစက်သွားသည်။ သို့သော် ခဏအကြာတွင် သူ့အမူအရာသည် ပုံမှန်ပြန်ဖြစ်သွား၏။

၎င်းကသာ ဤသို့ မီးတောက်တစ်ခု မဟုတ်နေခဲ့လျှင် ကောင်းကင်လေဟာနယ်ဒယ်စောက်သည် ရယူခဲ့ခဲ့ရမှာ ကြာမြင့်ခဲ့လောက်ပေပြီ။

“ဒီကောင်းကင်ရေခဲမီးတောက်က ကျုပ်တို့ ကျင့်ကြံသူတွေအပေါ် သေလောက်အောင် ချိန်းချောက်နိုင်ပေမယ့် ၎င်းကို ခုခံနိုင်တဲ့ အရာတချို့တော့ ရှိတယ်။ ဥပမာ ရွှေမျှင်ပိုးကောင်တွေရဲ့ ရွှေရောင်အမျှင်တွေ၊ သွေးကျောက်စိမ်းပင့်ကူတွေရဲ့ ပင့်ကူမျှင်တွေနဲ့ ကျုပ်ရဲ့ မီးမြွေလို သားရဲမျိုးတွေပဲ…”

“အခု မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူကို ထုတ်ယူရတော့မယ်။ ကျုပ် တစ်ချက် ကြည့်ကြည့်မယ်…” ကျိနစ်ယင်သည် ငြင်းဆန်၍ မရသော လေသံဖြင့် အမိန့်ပေးသည်။

မန်ဟုဇီနှင့် ချင်းယီတို့သည် ကျိနစ်ယင်၏နောက်ကနေ ဟန်လိထံသို့ စိုက်ကြည့်နေသည်။ ဟန်လိသည် ဆက်၍ နှေးဖင့်မနေတော့ပေ။ သူက သူ့ခါး၌ ချိတ်ဆွဲထားသော စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ထံ လက်လှမ်းပုတ်သည်။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ ထိုအလင်း ပျောက်ကွယ်သွားချိန်တွင် သွေးကျောက်စိမ်းပင့်ကူ လှစ်ဟပေါ်သည်။ ၎င်းသားရဲသည် ၎င်း၏ရှေ့တွင် သူစိမ်းများကို မြင်သည့်အခါ ၎င်း၏ အစွယ်ကို ထုတ်၍ ရန်လိုသည့်ဟန် ပြသသည်။

မန်ဟုဇီနှင့် အခြားသူများသည် နည်းနည်းလေးမျှ စိတ်မရှိနေပေ။ သူတို့သည် ထိုစိတ်ဝိညာဉ်သားရဲကို ရတနာတစ်ခုနှယ်သာ သဘောထား၍ ကြည့်နေသည်။

မန်ဟုဇီသည် သွေးကျောက်စိမ်းကို တစ်ချက်လှမ်းကြည့်သည်။ သူက အံ့အားသင့်သည့် လေသံဖြင့် ပြော၏။

“အင်း…ဒီသွေးကျောက်စိမ်းက အတော်လေး ကြီးမားတာပဲ။ ဒီကောင်က အဆင့်ငါးကို ချိုးဖျက်တော့မယ့် အဆင့်လေးသားရဲ ဖြစ်ပုံ ရတယ်။ ဒါက ရတနာကို ရနိုင်ဖို့ဟာ အခွင့်ကောင်းတစ်ခုပဲ…”

ကျိနစ်ယင်သည်လည်း သွေးကျောက်စိမ်းကို စိုက်ကြည့်နေပြီး ပြောသည်။

“ဟားဟား…ကျုပ် ဂျူနီယာတပည့်ရဲ့ သွေးကျောက်စိမ်းဟာ အရိုင်းဆန်တဲ့ သားရဲတွေထက် ခွန်အားအရာမှာ အများကြီး ပိုသာတယ်။ ဒါပေမဲ့ ဒီကောင်ဟာ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို အရယူဖို့အတွက် ရွေးချယ်မှုပဲ…”

သည်ရတနာကို ရရန်မှာ မမက်နိုင်သည့် အိပ်မက်တစ်ခု မဟုတ်တော့သည့် ဖြစ်၍ ချင်းယီသည် ကျေနပ်အားရစွာ ပြောလာသည်။

“အစ်ကိုဝူ ပြောသလိုပါပဲ။ ဒီပင့်ကူဟာ အဆင့်နှစ်ရွှေမျှင်ပိုးကောင်တွေထက် အများကြီး ပိုမြင့်တယ်။ ဒီပင့်ကူတစ်ကောင်တည်းနဲ့တောင် အောင်မြင်နိုင်ခြေဟာ သူတို့ရဲ့ ရွှေမျှင်ပိုးကောင်တွေထက် အများကြီး သာတယ်…”

ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမှ မရှိတော့တာ မြင်သည့်အခါ ကျိနစ်ယင်သည် အမိန့်ပေးလာသည်။

“ကျုပ်တို့ အခု စကြတာပေါ့။ အချိန်ဆွဲနေမယ်ဆို မထင်ထားတာတွေ ဖြစ်လာနိုင်တယ်။ ဟန်လိ…မင်းရဲ့ ပင့်ကူကို ကောင်းကင်လေဟာနယ်ဒယ်စောက်ရဲ့ ပတ်ပတ်လည်မှာ ပိုက်ကွန်တစ်ခု ထွေးထုတ်ခိုင်းပြီး အဲ့တာကို ဆွဲယူခိုင်းလိုက်။ တချိန်တည်းမှာ ကျုပ်က မင်းရဲ့ သွေးကျောက်စိမ်းပင့်ကူကို ကျုပ်ရဲ့ မီးမြွေနှစ်ကောင်နဲ့ အကူအညီပေးမယ်…”

“ကောင်းပါပြီ…” ဟန်လိသည် စိတ်မပါသော်လည်း သဘောတူရန်သာ တတ်နိုင်သည်။

ကျိနစ်ယင်က ဝူချောင်နှင့် အရိုးသခင်တို့ကို တစ်ချက်လှမ်းကြည့်ပြီး အမိန့်ပေးသည်။

“မင်းတို့နှစ်ယောက်က ပလ္လင်ရဲ့အောက်မှာ သွားစောင့်နေ။ ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ အပေါက်ထဲကနေ ထွက်လာပြီး မျက်နှာပြင်နဲ့ ပိုနီးလာမယ်ဆို ကောင်းကင်ရေခဲမီးရဲ့ စိတ်ဆန္ဒဟာလည်း အလားတူ မြင့်တက်လာလိမ့်မယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒါကို ခံနိုင်မှာ မဟုတ်ဘူး။ ဟန်လိကို ကာကွယ်ပေးဖို့ကိုတော့ အစ်ကိုချင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ…”

ထို့နောက်တွင် သူက ချင်းယီဘက်သို့ လှည့်ပြီး ပြုံးပြသည်။ အဘိုးအိုချင်းယီက တဟားဟား ရယ်မော၍ သဘောတူ၏။

“ပြောတာ ကောင်းတယ်။ ကောင်းကင်လေဟာနယ်ဒယ်စောက်ရဲ့ ကောင်းကင်ဖာထေးခြင်းဆေးလုံးကို ရဖို့ ကျုပ်က မိတ်ဆွေလေးဟန်ကို ဘာအကြောင်းကြောင့်မှ အထိခိုက်ခံမှာ မဟုတ်ပါဘူး…”

ဝူချောင်နှင့် အရိုးသခင်တို့သည် ပလ္လင်ထံမှ ဆင်းလာပြီး ခြေလှမ်းလေးငါးလှမ်း နောက်ဆုတ်သည်။ ထိုမိစ္ဆာအိုကြီးများအကြည့်က သူ့ထံသို့ ကျရောက်နေတာ မြင်သည့်အခါ ဟန်လိသည် စိတ်ထဲ၌ သက်ပြင်းချ၍ သွေးကျောက်စိမ်းပင့်ကူကို အမိန့်ပေးသည်။ ၎င်းသည် အပေါက်ထံ ပင့်ကူအမျှင်အိမ်တစ်ခုကို ချက်ခြင်း စေလွှတ်လိုက်သည်။

ခုချိန်၌ ဟန်လိသည် ရတနာကို ရသည့်အခါ၌ ကျိနစ်ယင်သည် သူ့ကို ချက်ခြင်းကြီး ဖြတ်တောက်ပစ်သည့်အထိ အရှက်မကင်းမဲ့စေရန်သာ မျှော်လင့်ရုံ ရှိတော့သည်။ သို့မှသာ သူသည် အရိုးသခင်နှင့် ပူးပေါင်း၍ အခြေအနေကို အလှည့်အပြောင်းလုပ်နိုင်ရန် မျှော်လင့်နိုင်လိမ့်မည် ဖြစ်သည်။

အကြောင်းမှာ ဟန်လိသည် သူ့အခြေအနေမှာ ရတနာကို ရယူနိုင်သည် ဖြစ်စေ၊ မရယူနိုင်သည် ဖြစ်စေ မပြောင်းလဲတာ သိနေသောကြောင့်ပင်။

ဟန်လိသည် မည်သို့တန်ပြန်ရမလဲ စိတ်ထဲ၌ ကြံဆနေစဉ် ကျိနစ်ယင်က ဟန်လိနှင့် ဆန့်ကျင်ဘက်ရှိ အပေါက်ရှေ့သို့ ရောက်လာသည်။ သူက သူ့ဝတ်ရုံထဲမှ ပိန်းပိန်းနက်မှောင်သော စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်တစ်ခုကို ထုတ်ယူ၍ အထက်အောက် လှန်လိုက်သည်။ အနီရောင်လင်းလက်သွားခြင်းနှင့်အတူ ဆယ့်ငါးမီတာလောက် ရှည်လျားသော နီရဲရဲမြေကြီးနှစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ပေါ်လာသည်။

ထိုမြွေနှစ်ကောင်၏ ဦးခေါင်းများ၌ အဆောင်သင်္ကေတများ ပါသည့် အံ့ချီးဖွယ်အသွင်ပုံစံတစ်ခုကို ခပ်နှိပ်ထားလေသည်။ ၎င်းတို့၏ မျက်လုံးတို့ကား နီရဲတောက်ပလျက် ရှိ၏။ ကျိနစ်ယင်၏ မီးမြွေနှစ်ကောင်ကို အပြင်သို့ ထုတ်ယူပြီးသည်နှင့် သူသည် ထိုမြွေနှစ်ကောင်ထံ အနက်ရောင်ဆေးလုံးနှစ်လုံး ပစ်သွင်းလိုက်သည်။ မြွေနှစ်ကောင်သည် ဆေးလုံးများကို ပါးစပ်ဖြင့် ချက်ခြင်း ဖမ်းယူပြီး မြိုချပစ်သည်။

“သွား…” ကျိနစ်ယင်သည် အပေါက်ဝထံ လက်ညွှန်လိုက်သည်။

မီးမြွေနှစ်ကောင်သည် အပေါက်ဝထံ ဖြည်းဖြည်းချင်း တွားသွား၍ ဝင်ရောက်သွားကြ၏။

ကျိနစ်ယင်သည် ဤသည်ကို မြင်သည့်အခါ သူသည် သူ့လက်နှစ်ဖက်ကို အလေးအနက် ပူးထိပြီး ထူးခြားသော မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထိုအခါ အံ့အားသင့်ဖွယ် ကောင်းလှသော မြင်ကွင်းတစ်ခုကို တွေ့ရလေတော့၏။ မီးမြွေ၏ အနီရောင်ကြေးခွံများသည် မန္တာန်ထုတ်ဖော်နေစဉ်အတွင်း အနက်ရောင် စွန်းထင်းကုန်၏။ ၎င်းမြွေနှစ်ကောင်က ကျိနစ်ယင်၏ အမိန့်အတိုင်း စတင် လိုက်နာကြသည်။

ဖောင်း၊ဖောင်း။ မီးမြွေနှစ်ကောင်၏ အမြှီးများသည် အပေါက်ဝ အနီးအနားရှိ မြေပြင်ထက်သို့ ကြမ်းတမ်းစွာ ရိုက်ချပြီး တစ်မီတာမျှ နက်သော အက်ကြောင်းတစ်ခု ဖြစ်သွားစေသည်။ ထို့နောက်တွင် ၎င်းမြွေနှစ်ကောင်၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်သည် အပေါက်ထဲသို့ ပြုန်ကျသွားလျက် အရိုးမရှိသည့်နှယ် ဆန့်ထွက်ကြသည်။ ၎င်းတို့၏ အမြှီးများကမူ မြေပြင်နှင့် ခိုင်မာစွာ တွယ်ကပ်ထား၏။ ၎င်းမြွေများသည် အနီအနက်ကြိုးနှစ်ချောင်းအဖြစ်သို့ ပြောင်းသွားသည့်အလား။ ထိုအခိုက်တွင် ဟန်လိသည် အံ့အားတသင့် ဖြစ်နေလေ၏။ ကျိနစ်ယင်သည် သည်အခြေအနေအပေါ် ကျေနပ်အားရပုံ ပေါ်ပြီး သူ့လက်နှစ်ဖက်ကို တီးသည်။ သူက အလျင်အမြန် ဟန်လိထံ လှမ်းအော်သည်။

“အဆင်သင့်ဖြစ်ပြီ။ ဒီမြွေနှစ်ကောင်က ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ကိုက်လိမ့်မယ်။ မင်းရဲ့ ပင့်ကူမျှင်တွေကို မြန်မြန် ဆွဲငင်တော့။ ဒီမြွေနှစ်ကောင်က ငါ့ရဲ့ ဆေးလုံးတွေ စားထားတယ် ဆိုပေမဲ့ ဒီကောင်တွေဟာ ရေခဲမီးတောက်တွေကို အချိန်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါတို့ တချိတည်းနဲ့ အောင်မြင်မှ ဖြစ်မယ်…”

ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်မိ၏။

သူ့စိတ်ထဲကနေလည်း အထွန့်တက်နေမိသည်။

“ဒီရတနာကို အောင်အောင်မြင်မြင် ရသွားခဲ့ရင် ငါ့အသက်က ဆုံးရှုံးဖို့ ဖြစ်နိုင်ခြေ များနေပြီ။ အခု ငါ့အနေနဲ့ကတော့ ဒီရတနာကို ပိုလို့တောင် မရစေချင်ဘူး…”

သို့သော် သူသည် သူ၏ သွေးကျောက်စိမ်းပင့်ကူများကို ဒယ်စောက်အား အတင်းအကြပ် ဆွဲယူခိုင်းလိုက်ရတုန်းပင်။ အကြောင်းကား မန်ဟုဇီနှင့် ချင်ယီတို့သည် သားကောင်ကို ချောင်းနေသော ကျားများကဲ့သို့ သူ့ကို ကြည့်နေကြသောကြောင့်ပင်။ သူသည် တမင် ထိန်ချန်၍ အားစိုက်မထုတ်ခဲ့လျှင် ထိုမြေခွေးအိုကြီးနှစ်ယောက် သိရှိသွားမှာ သေချာသည်။

ဟန်လိ၏ အမိန့်ပေးမှုအောက်၌ အဖြူရောင်ပင့်ကူမျှင်များသည် တင်းရင်းလာ၏။ သွေးကျောက်စိမ်းပင့်ကူများသည် ဖြည်းဖြည်းချင်း နောက်သို့ ပြန်စရွှေ့လာ၏။ တစ်ချိန်တည်းမှ အနီအနက်ကြိုးများသည်လည်း တွန့်ခေါက်လာပြီး ဆွဲငင်ကြသည်။

တဝုန်းဝုန်းအသံများနှင့်အတူ ကျောက်ဖျာသည် စတင်၍ လှုပ်ခတ်လာ၏။ အပေါက်ဝထံမှ အပြာရောင်အလင်းသည် ဟန်လိကို မျက်စိစူးသည့်အထိ လင်းလက် တောက်ပလာသည်။ သူ့အကြည့်ကို မဖြစ်မနေ ရှောင်လွှဲရလေသည်။ သွေးကျောက်စိမ်းပင့်ကူကမူ ၎င်းအလင်းကို လစ်လျူရှုလျက် ခွန်အားရှိသမျှ ဒယ်စောက်ကို ဆွဲငင်ယူနေသည်။

ထိုသည်ကို မြင်သည့်အခါ ချင်ယီသည် တစ်ကိုယ်တည်း စိတ်ပူပန်စွာ ခပ်တိုးတိုး ရေရွတ်သည်။

“ကောင်းတယ်…ကောင်းကင်လေဟာနယ်ဒယ်စောက်ဟာ လှုပ်ခါရမ်းနေပြီ…”

ကောင်းကင်လေဟာနယ်ဒယ်စောက်သည် အလွန်အမင်း လေးလံတာ သိသာလှ၏။ သွေးကျောက်စိမ်းပင့်ကူနှင့် မီးမြွေနှစ်ကောင်တို့က ခွန်ပြည့်အားပြည့် ထုတ်သုံးနေခဲ့သည်တိုင် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ထပ်တလဲလဲသာ လှုပ်ခါရမ်းရုံ တတ်နိုင်လေ၏။ ကြည့်ရတာ ၎င်းက ကြွတက်လာမည့်ပုံ မရသေးပေ။

ကျိနစ်ယင်သည် နည်းနည်းလေးမျှ စိတ်မရှည်ဟန် မပြပေ။ ထိုအစား သူက တီးတိုးရေရွတ်ပြီး မီးမြွေနှစ်ကောင်၏ ခန္ဓာကိုယ်များထဲ ဝင်ရောက်သော အနက်ရောင်အခိုးအငွေ့တန်းနှစ်ခုကို မောဟိုက်စွာ ဆွဲယူလေ၏။ ထို့နောက်တွင် သူသည် မန်ဟုဇီဘက်သို့ လှည့်ပြီး အလျင်အမြန် ပြော၏။

“အစ်ကိုမန်…သွေးပင့်ကူအပေါ် ဒေါသပုန်ထခြင်းပညာရပ် အသုံးပြုပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခ ပေးရမယ်။ ကျုပ်ရဲ့ ဂျူနီယာတပည့်က ဒီပညာရပ်ကို အသုံးပြုဖို့ လုံလောက်တဲ့ မှော်စွမ်းအား မရှိဘူးလေ…”

“ငါ လုပ်လိုက်မယ်…” မန်ဟုဇီသည် အံ့အားသင့်ဟန်မရှိဘဲ တုန့်ပြန်သည်။ ကြည့်ရတာ သူက သည့်အပေါ် မျှော်လင့်ထားပြီး ဖြစ်ပုံရသည်။ သူသည် သွေးကျောက်စိမ်းပင့်ကူကို စိုက်ကြည့်၍ အလျင်အမြန် တီးတိုးရေရွတ်သည်။ ထို့နောက်တွင် သူက ပါးစပ်ဟသည်။ သူ့ပါးစပ်အတွင်း၌ အနီရောင်အလင်း လှစ်ဟပေါ်၏။

All Chapters